သက်ပြင်းချတော့ မီးခိုးတလျောက် ဥသြဆွဲသံ
အမေဟာ ပန်းမပန်တော့ဘူး
စီးကျနေတဲ့ စိတ်စီးကြောင်းထဲ မောပန်းနေခဲ့တယ်
ခွန်အားရှိတဲ့ လက်တစ်စုံနဲ့ ကောင်းကင်ကြီးကို ကာလို့
မီးလျှံကြားက ထိုးထွက်လာတဲ့ ကြာတစ်ပွင့်ပေါ့။
နံရံပေါ် ကြက်ခြေခတ်ထားတဲ့ အပိုင်းအစ
ရင်ဘတ်ထဲ ဗလောင်ဆူနေတဲ့ ကြေကွဲခြင်း မိုးတိမ်
ရင်နှစ်လွှာဟာ ကမ္ဘာကြီးကို ချိုမြိန်စေခဲ့တယ်
မြို့လည်ခေါင် လူတွေ ခြေရှုပ်လို့ အချက်ပြမီးက တအားလင်းတယ်
ဘဝဟာ လှိုင်းစီးတဲ့ စင်ရောက်ငှက်ရဲ့ စိတ် ဝိညာဏ်
ကြမ်းပိုးများတဲ့ အိပ်ရာမှာလည်း အိပ်တတ်ခဲ့ပါပြီ။
ဝီကီလိခ်ကွန်ယက်က ဖြာထွက်လာတဲ့ အတွေးစက
ကမ္ဘာကြီးရဲ့ သေရေး ရှင်ရေး
နှင်းတွေ တအားသည်းတယ်။ မုန်တိုင်းတွေ တအားကျတယ်။
ကပ်သုံးပါးဟာ ကပ်ကပ်ပြီး ကိုက်နေတော့
ကလိယုဂဆိုတဲ့ ဆုပ်ကပ်ခေတ်ကြီးထဲ
မိုးတွေကလည်း တအားသည်းတယ်။
ကမ္ဘာမြေ
ငြိမ်းချမ်းပါစေ။
မောင်မင်းစိုး(ရွှေနံ့သာ)