Wednesday, October 22, 2008

လျှောက်ရမယ့်လမ်း (သို့မဟုတ်) လွတ်မြောက်ရာလမ်း

(နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဘ၀မှ လွတ်မြောက်လာသူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။ ၃-၄-၂၀၀၇ နေ့က ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ‘၀င့်ထည်’ ကလောင်အမည်ဖြင့် ရေးသားခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)

မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြသူတွေ လတ်တလောရွှေ့ရမယ့် နိုင်ငံရေးရွှေ့ကွက်ကတော့ လုံးဝကို အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထားပါပဲ။ အာဏာလက်မလွှတ်ချင်တဲ့ နအဖစစ်အုပ်စု ရွှေ့မယ့်ရွှေ့ကွက် ကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ။ သူတို့လုပ်မှာက ၂၀၀၇ ခုနှစ်အတွင်းမှာ အမျိုးသားညီလာခံကို အပြီး သတ်မယ်။ ပြီးရင် သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတုအယောင် ဆန္ဒခံယူပွဲပြုလုပ်ပြီး အတင်းအဓမ္မ အတည်ပြုဖို့ကြိုးစားမယ် (အခုတော့ အတည်ပြုပြီးသွားပြီလို့ တဘက်သတ် ဆိုနေပါတယ်)။ အတည်ပြုပြီးတာနဲ့ ၂၀၀၈ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပြီး စစ်ဗိုလ်တမတ်သား အော်တိုမစ်တစ်ပါဝင်မယ့် ပါလီမန်ကို ဖွဲ့စည်းဖို့ကြိုးစားမှာပါ။ ဒါဟာ နအဖရွှေ့မယ့် ရွှေ့ကွက်ပါ။ အဲဒီရွှေ့ကွက် ဟာ ပြုတ်ကျကွယ်လွန်သွားပြီဖြစ်တဲ့ အင်ဒိုနီးရှား စစ်အာဏာရှင်ကြီး ဆူဟာတို စိတ်ကူးယဉ်ခဲ့တဲ့ ရွှေ့ကွက်ပါ။ ဆူဟာတို စိတ်ကူးသာယဉ်လိုက်ရပြီး ရွှေ့ခွင့်မရလိုက်တဲ့ ရွှေ့ကွက်ကို နအဖစစ်အုပ်စုက သူတို့အတွက် ကယ် ပေါက် (ဂယ်ဗောက်) အနေနဲ့ ရွှေ့လို့ရလေမလားဆိုပြီး အတုခိုးပြင်ဆင်ထားတာပါ။

ဒါပေမယ့် နအဖအနေနဲ့ကလည်း အဲဒီရွှေ့ကွက်ကို ရွှေ့ဖို့ပြင်ဆင်ထားတယ်ဆိုရုံပါပဲ။ လေသံပစ်ထားတယ်ဆို ပေမယ့် တကယ်ရွှေ့ချင်မှလည်းရွှေ့ဦးမှာပါ။ သေချာတာတခုကတော့ သူတို့အပေါ် ဖိအားကြီးကြီးမားမား ထပ် မကျရောက်ဘဲ အခုအတိုင်း မျက်နှာပြောင်တိုက်ပြီး ဆက်နေလို့ရဦးမယ်ဆိုရင် ကုတ်ကတ်ပြီး နေနေဦးမှာပါပဲ။ ပြည်တွင်းပြည်ပဖိအားတွေအရ ဘယ်နည်းနဲ့မှ ဆက်နေလို့မရတော့ဘဲ ရွှေ့ကိုရွှေ့မှ ဖြစ်တော့မယ်ဆိုတဲ့ အ ခြေအနေကိုဆိုက်လာမှ အဲဒီအကွက်ကို သူတို့ရွှေ့မှာပါ (အခုတော့ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိပ်ကွပ်မိလို့ ဖိအားပေါင်းစုံကျရောက် ပြီး အဆိုပါရွှေ့ကွက်ကို ဒရောသောပါး ရွှေ့ဖို့ ပြင်ဆင်နေပါပြီ)။

ဒါဟာလည်း တိုင်းပြည်ကို ကောင်းအောင်လုပ်ချင် လို့ မဟုတ်ပါဘူး။ (ကောင်းအောင်လုပ်ဖို့လည်း သူတို့မှာ အ စွမ်းအစမရှိတာကို (၁၈) နှစ်ကျော်ကြာအုပ်ချုပ်ခဲ့ တဲ့ ရလဒ်ကိုကြည့်ရင် ရှင်းနေပါပြီ။ တိုင်းပြည်ဟာ အပေါစား မိတ်ကပ်တွေလိမ်းကျံထားတဲ့ ပြည့်တန်ဆာမတယောက်လို မျက်နှာမှာတော့မိတ်ကပ်နဲ့ ခန္ဓာကိုယ်မှာ ရောဂါဗ ရပွနဲ့ဆိုသလို ဖြစ်ခဲ့ရပါပြီ။) မတတ်သာလို့ အာဏာရာနှုန်းပြည့် အုပ်စီးထားတာကို လက်လွှတ်ရရင် တမတ် သားလောက်နဲ့ဆက်နေပြီး နိုင်ငံရေးမှာ အချိန်မရွေး ၀င်ရှုပ်လို့ရအောင် ပြင်ဆင်ထားတဲ့ အနေအထားပါပဲ။ ဒါမှ လည်း သူတို့စစ်အုပ်စု လက်ဝါးကြီးအုပ်ထားပြီးဖြစ်တဲ့ အကျိုးစီးပွားတွေကို ထိပါးလာရင် ချက်ချင်းအာဏာပြန် သိမ်းဖို့ လွယ်ကူမှာကိုး။

သူတို့ရှေ့က ပြုတ်ကျသွားတဲ့ အာဏာရှင်တွေဟာလည်း သူတို့လိုပဲ အာဏာမြဲဖို့ စိတ်ကူးယဉ်ကြိုးပမ်းရင်း၊ ပိုပို ပြီး ဖိနှိပ်ရက်စက်ရင်း ခွေးပြေးဝက်ပြေး ပြေးခဲ့ကြရတာပါပဲ။ ဒါပေမယ့် အဆိုပါရွှေ့ကွက်ကို နအဖက ပြင်ဆင် ထားတာကိုကြည့်ရင် တွေးစရာနှစ်မျိုးရှိနိုင်ပါတယ်။

ပထမတွေးဆချက် ။ ။ နအဖစစ်ခေါင်းဆောင်တွေဟာ ရှေ့ကပြုတ်ကျခဲ့တဲ့ အာဏာရှင်တွေရဲ့ ဇာတ်သိမ်း မလှပမှုတွေကို နမူနာမယူသေးဘူးဆိုတာ ထင်ရှားပါတယ်။ စစ်တန်းလျားကို အသာတကြည် ပြန်ချင်ပုံမပေါ် သေးတာ သေချာတယ်။

ဒုတိယတွေးဆချက် ။ ။ နအဖစစ်ခေါင်းဆောင်တွေအနေနဲ့ အာဏာကျားမြီးကိုဆွဲထားရင်း မဖြစ်တော့လို့ လက်လွှတ်ရရင် ရှေ့ကအာဏာရှင်တွေလို ငါတို့လည်း သေချာပေါက် ကျားကိုက်ခံရတော့မှာပဲလို့ တွေး ကြောက်ပြီး (ဆူဟာတို၊ ဆလိုဗိုဒန် မီလိုဆီဗစ်နဲ့ ဆဒမ်ဟူစိန်တို့ရဲ့ နမူနာတွေကလည်း ပူပူနွေးနွေးပဲ ရှိသေး တော့ အကြောက်လွန်မယ်ဆိုလည်း လွန်စရာပဲ) ကျားမြီးကို ဆွဲနိုင်သလောက် ဆက်ဆွဲထားဖို့ ပြင်ဆင်တာ ဖြစ်နိုင်ပါတယ်။

ဒုတိယတွေးဆချက်အတိုင်း အထက်က ရွှေ့ကွက်ကိုရွှေ့ဖို့ ပြင်ဆင်တာဆိုရင်တော့ နအဖစစ်ခေါင်းဆောင် တွေဘက်ကို အကြံပြုချင်တာရှိပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ အကြံအိုက်နေပုံပေါ်လို့ စေတနာအရင်းခံ နဲ့ အကြံပြုခြင်းပါ။ ခင်ဗျားတို့ကို အမှန်တကယ် ကျားမကိုက်စေချင်တဲ့ စေတနာနဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျားပြန်ကိုက်မှာ ကြောက်လို့ ကျားအမြီးကို ဆက်ဆွဲထားလည်း ဖြစ်မြဲအစဉ်အလာအရ အချိန်ကြာလာရင် လက်အံသေလာမှာပဲ။ လက်အံသေလာရင် မလွှတ်ချင်လည်း ကျားမြီးက သူ့အလိုလို လွတ်ထွက်လာတော့မှာ ပဲ။ အဲ .. ကျားမြီးလွတ်သွားတာနဲ့ ကျားကိုက်ခံရမှာ သေချာပေါက်ပဲ။

ခင်ဗျားတို့ရှေ့က ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ အာဏာရှင်တွေလည်း လက်အံမသေခင် ကျားကို ၀ိုင်းထိန်း ပေးဖို့ အကူအညီတောင်းရကောင်းမှန်းမသိဘဲ လက်အံသေတဲ့အထိ ကျားမြီးကို ဆက်ဆွဲထားလို့ ကျားကိုက် ခံခဲ့ကြရတာပါ။ အဲဒါကြောင့် နအဖစစ်ခေါင်းဆောင်တွေအနေနဲ့ ကျားမြီးဆက်ဆွဲ ဖို့မကြိုစားဘဲ လက်အံမသေ ခင် ကျားကို ၀ိုင်းထိန်းပေးမယ့်လူတွေကို အကူအညီတောင်းပါလို့ စေတနာနဲ့ အကြံပြုချင်ပါတယ်။ လက်အံ သေတော့မှာကို ကြိုမြင်နေရလို့ ပြောနေတာပါ။ “ခင်ဗျားပြောတာတော့ ဟုတ်ပါပြီ၊ ဘယ်သူတွေက ကျားကို ၀ိုင်းထိန်းပေးမှာလဲ၊ ခပ်မြန်မြန်ပြောစမ်းပါဗျ” ဆိုရင်တော့ အချိန်သိပ်မရှိတော့တဲ့အတွက် အမြန်ဆုံးပဲ ပြောပါ တော့မယ်ခင်ဗျား။ ဟုတ်ကဲ့ … ခင်ဗျားတို့ စစ်ခေါင်းဆောင်တသိုက်ကို ကျားမကိုက်အောင် ၀ိုင်းထိန်းပေးမယ့် သူတွေကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များပဲ ဖြစ်ပါတယ်ခင်ဗျား။ သူတို့တတွေကို ယုံယုံကြည်ကြည်နဲ့ အကူအညီတောင်းစေချင် ပါတယ်။ ခင်ဗျားတို့ကို အမှန်တကယ် ကယ်တင်နိုင်မှာ သူတို့ပဲရှိပါတယ်။ ကျားကို သူတို့ ၀ိုင်းထိန်းပေးကြပါ လိမ့်မယ်။ သူတို့တတွေနဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး ၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တွေကို ပြည်သူ့လွှတ်တော်ခေါ်ပေးလိုက်ရင် ခင်ဗျားတို့အနေနဲ့ ကျားကိုက်ပြီးသေမယ့် အန္တရာယ်က အမှန်တ ကယ် ကင်းဝေးမှာဖြစ်ပါကြောင်း အချိန်မီ အကြံပြုလိုက်ရပါတယ် ခင်ဗျား။ နို့မဟုတ်ရင် မတွေးရဲစရာပါဘဲ။

ပထမအချက်ကြောင့် နအဖက အထက်က ရွှေ့ကွက်ကို ရွှေ့ဖို့ပြင်ဆင်ထားတယ်ဆိုရင်တော့ ပြည်သူလူထုကြီး နဲ့ အတိုက်အခံအင်အားစုတွေဘက်ကို အကြံပြုရပါတော့မယ်။ ကျနော်တို့အပါအ၀င် ပြည်သူလူထုဆိုတဲ့ ကျား ကြီးကို ရှေ့ဆက်သွားလို့မရ၊ ဘာမှလည်းလုပ်လို့မရဘဲ တပိန်ပိန်တလိန်လိန်ဖြစ်အောင် (၁၈) နှစ်ကျော်ကြာ အမြီးဆွဲထားတဲ့ ကျားမြီးဆွဲသူ နအဖကို ခပ်မြန်မြန်လက်အံသေပြီး ပြုတ်ကျအောင်လုပ်နိုင်မယ့် နည်းလမ်းတခု မကြာသေးမီက ထွက်ပေါ်လာပါပြီ။ အဲဒီလမ်းညွှန်ကောင်းကို ပေးသူကတော့ နအဖစစ်အုပ်စုက အကြောက် လွန်ပြီး သူတို့ရဲ့ အကျဉ်းထောင်ထဲမှာ (၁၈) နှစ်ကျော်ကြာ ထိန်းသိမ်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ တတ်သိပညာရှင် သတင်းစာဆရာကြီး ဦးဝင်းတင်ပဲဖြစ်ပါတယ်။ ဆရာဦးဝင်းတင် ထောင်ထဲကပေးလိုက်တဲ့ လမ်းညွှန်ကောင်းဟာ ဒီမိုကရေစီရရှိရေး (နအဖပြုတ်ကျရေး) အတွက် ကျနော်တို့ အားလုံး အခိုင်အမာဆုပ်ကိုင် လျှောက်လှမ်းရမယ့်မူပါ။ တနည်းအားဖြင့် ကျနော်တို့ မြန်မာပြည်သူပြည်သား အားလုံး အမှန်တကယ် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းညွှန်ပါ။

ဆရာဦးဝင်းတင်ပေးတဲ့ လမ်းညွှန်ကတော့ “စု လွှတ် တွေ့ (ခေါ်) နိုး သုံး နိုး၊ ရံ သုံး ရံ” ပါတဲ့။ စု လွှတ် တွေ့ (ခေါ်) ဆိုတာက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရမယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေရှိရမယ်။ တွေ့ဆုံဆွေးနွေးရေး ရှိရ မယ်။ ပြည်သူ့ လွှတ်တော်ခေါ်ပေးရမယ်။

နိုး သုံး နိုး ဆိုတာက အခု နအဖရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပါလီမန်ထဲမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်းပါဝင်ရမယ် ဆိုတာကို ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံးက လက်မခံဘူး (နိုး)။ ချော့မြူရေးဝါဒကို လက်မခံဘူး။ ချော့မြူရေးဝါဒဆိုတာက ပြေလည်ရာပြေလည်ကြောင်း သိုသိုသိပ်သိပ် နဲ့ လိုက်လျောမှု အနည်းငယ်နဲ့ ဟိုလူ့တမျိုး ဒီလူ့တမျိုး ညှိနှိုင်းတာကို လက်မခံဘူး (နိုး)။ နောက်ဆုံးနိုးက တော့ ဆရာဦးဝင်းတင်အနေနဲ့ ဘယ်တော့မှာ ခေါင်းမညွှတ်ဘူး (နိုး)။

ရံ သုံး ရံ ဆိုတာက အခုအချိန်ဟာ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အနုနည်းရော၊ အ ကြမ်းနည်းရော နည်းမျိုးစုံနဲ့ ဖွင့်တိုက်နေချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အားလုံးအနေနဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၀ိုင်းရံနေရမှာဖြစ်ပါတယ်။ နောက်တခုအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးဝိုင်းရံရပါမယ်။ နောက်ဆုံးတခုအနေနဲ့ကတော့ ပြည်သူ့လွှတ်တော်ခေါ်ယူ ရေးကို ၀ိုင်းရံကြရပါမယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။

ကျနော့်တဦးတည်း အနေနဲ့ကတော့ ဆရာဦးဝင်းတင်ချပေးတဲ့ လမ်းညွှန်ကို ရာနှုန်းပြည့် ထောက်ခံပါတယ်။ နည်းနည်းဖြည့်စွက်ချင်တာတခုပဲ ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ ၀ိုင်းရံနေကြရမှာဖြစ်ပါတယ်ဆိုတဲ့ အချက်ကိုပါ။ ကျနော့်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀ိုင်းရံရ မယ်ဆိုတာကို လက်ခံပေမယ့် လက်ရှိအပြင်မှာဦးဆောင်နေတဲ့ ဦးအောင်ရွှေ၊ ဦးလွင်တို့ မျိုးချစ်ရဲဘော် ဟောင်းတွေရဲ့ ဦးဆောင်မှုနေရာကို နိုင်ငံရေးအရ ထက်ထက်မြက်မြက်နဲ့ ပါးပါးနပ်နပ်ရှိပြီး လူထုတိုက်ပွဲလည်း ခေါ်ရဲမယ့် ခေါင်းဆောင်တွေနဲ့ အမြန်ဆုံးအစားထိုးနိုင်ရင် အကောင်းဆုံးဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါမှ လည်း ၀န်းရံရတာ အဓိပ္ပာယ်ပိုရှိပြီး တိုက်ပွဲလည်း ရှေ့ကိုဆက်ရွေ့မယ်လို့ ထင်မြင်မိကြောင်းပြောကြားရင်း ဒီ မိုကရေစီ အစစ်အမှန်ရရှိရေးအတွက် ဆရာဦးဝင်းတင်လိုင်းချပေးတဲ့ လွတ်မြောက်ရာလမ်းကို တညီတညွတ် တည်း လိုက်ပါလျှောက်လှမ်းကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။

ဒေါက်တာလွဏ်းဆွေ