Saturday, December 19, 2009

နိုးထလာပြီးနောက်၊ တစ်ယောက်မကျန်…



တစ်နေကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန်တစ်ရက် ၊ နီးခဲ့ပြီ
စောစောထ မျက်နှာသစ်၊ သွားတိုက်၊ အိပ်ယာသိမ်း
ပြီးနောက်၊ ကပြောင်းကပြန် အတွေးနဲ့ မနက်ခင်းလေကို အားပါတရ ရှူလိုက်ပါ
လောကကြီးရဲ့ တဒင်္ဂမှာ၊ လူသားတစ်ယောက်ရဲ့ မူဝါဒတွေ၊ အထာတွေ၊ သိုးပုတ်နေခဲ့တယ်
ဆက်သွယ်မှုဧရိယာ အပြင်ပက အသံလှိုင်းတွေက နားနဲ့မဆန့်၊ မင်္ဂလာရှိပါစ၊ ကမ္ဘာမြေ
ထုတ်ပြန်ချက်အသစ်မှာ၊ မမျှတတဲ့ လူ့ဘ၀တန်ဖိုးအသေတွေနဲ့၊ ပန္နက်ချ၊ တူးဆွ၊ ရှင်းမရ
အထားအသို မမှန်တဲ့ ၀ါကျတစ်ကြောင်းလို၊ ပျင်းရိဖွယ် လူ့အဖြစ်မှတ်တမ်း၊ အသုံးမကျ၊ ရှုံးရ
ပြေးလိုက်ပါ၊ ပန်းတိုင်တစ်ခုရဲ့ ခပ်မှိန်မှိန် တန်ဖိုးမဲ့ အရာတစ်ခုတော့ တွေ့လိမ့်မယ်
ဟုတ်တယ်၊ စိတ္တဇလူရမ်းကားတစ်ယောက်ရဲ့ ကြွေးကြော်သံထဲကနေ ရုန်းထဖို့ လိုတယ်
ပုံရိပ်၊ ရုပ်လုံးမကြွ၊ ခေါင်းမာလာယုံသက်သက်၊ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်လို၊ ရှုပ်ထွေး လိမ်ပွ
ဒီကောင့်အကြောင်းတော့ မပြောတာပဲကောင်မယ်၊ နားထင်သွေးရောက်ပြီး၊ သီအိုရီတွေကို ခေါင်းပုံဖြတ်တယ်၊ ပြီးတော့ ပါရဂူရဲ့ သိဒ္ဓတ္ထဆန်ဆန် ပုံပြင်တွေနဲ့ တတ်ယောင်ကားနဲ့ ဖောက်တယ်
ပြေးလိုက်ပါ၊ နိုးထပြီးတာနဲ့ တပြိုင်နက်၊ ထပြေးဖို့ မမေ့ပါနဲ့၊ တစ်ယောက်မကျန်ပေါ့
ယုတ္တိဆိုတာ တန်မှ၊ တန်မှ ယုတ္တိရှိမယ်၊ လူတိုင်းလူတိုင်း ရေကောင်းရေသန့် သောက်နိုင်ပါရဲ့လား
လေကို ၀လင်စွာ ရှူသွင်းနိုင်ပါရဲ့လား၊ ထမင်းနပ်မှန်အောင် စားသုံးနိုင်ပါရဲ့လား၊ သစ္စာရှိပါ ကမ္ဘာမြေ
လမ်းဖောက်တယ်၊ ခြေလက်အင်္ဂါမစုံဘဲနဲ့၊ ဒီလမ်းခရီး မတွင်ကျယ်နိုင်ပါ၊ သိပါစ၊ အသင်လူသား
ရောမပြည်ကြီး၊ အိပ်ယာနိုးဖို့လိုသလို၊ စစ်ငွေ့တွေ ရိပ်သိမ်းဖို့ နျူကလီးယားလက်နက်ကို ချလိုက်
ပြီးတော့၊ တစ်ယောက်မကျန်၊ အိပ်ယာစောစောထ၊ လေသန့်ရှူ၊ ရေ၀၀သောက်၊ ပြီးနောက်
ခင်များလည်းခင်များအတိုင်း၊ ကိုယ့်လမ်းကို လျှောက်ရင်း လက်ဆွဲနုတ်ဆက်၊ ပွေ့ဖက်
ကလေးငိုသံတွေ တိတ်ပါ၊ ညရောက်ရင် နှစ်ခြိုက်စွာအိပ်ပါ၊ တံဆိပ်ကပ်တာတွေ ရှောင်ပါ
ခြေတစ်လှမ်း သာတယ်ဆိုတာ၊ ဘယ်ခြေကစလှမ်း၊ ညာခြေကစလှမ်းတာလား၊ စိစစ်ပါ
ဒီလိုဆိုရင်..
တစ်ယောက်မကျန်၊ နိုးထလာပြီးနောက်၊ ကိုယ့်လမ်းကို လျှောက်လို့ရပြီပေါ့။
မောင်မင်းစိုး

ယဉ်ကျေးမှုသည် မည်သူမျှ တားဆီး၍မရပါ၊ သို့သော်........

ယဉ်ကျေးမှုသည် တစ်ပြည်တစ်ပြည်အတွက် အရေးပါသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတိုင်းသည် မိမိ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စည်းမျဉ်းဥပဒေသများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့သော တိုင်းပြည် ကို နိုင်ငံတိုင်းလိုလိုက ချီးမွမ်းထောပနာကြသည်။ ဂုဏ်ယူဖွယ်အဖြစ် အသိအမှတ်ပြုကြသည်။ မြန်မာတို့ရဲ့ မရိုးနိုင်တဲ့ ရွှင်ပြပြ၊ ချစ်စရာကောင်းသော အပြုံးကို ကမ္ဘာကအသိမှတ်ပြုကြသည်။ ထို့အတူ ကိုယ်နေဟန် ကြော့ကြော့နှင့် ရိုးရာ လုံခြည်များဖြင့် တင့်လှပေဟန် အသွင်အပြင်ကိုလည်း အသိမှတ်ပြုကြသည်။ ထို့အတွက် ကမ္ဘာကြီးရဲ့ စွဲမက်စရာကောင်း သော အနေအထိုင်၊ အပြုအမူများဖြင့် တည်ဆောက်ထားသော တိုင်းပြည်တစ်ခု၏ ယဉ်ကျေးမှုကို အမျိုးသားရေး တာဝန်အဖြစ် လူတိုင်းလိုက်နာ၊ ကျင့်ကြံ၊ ထိန်းသိမ်းကြမည်ဆိုလျှင် မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာက ဆက်လက်ပြီး အတုယူဖွယ် အဖြစ် အသိမှတ်ပြုကြမည်ပင်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များသည် ဗုဒ္ဓတရားတော်များမှ ဆင်းသက်လာ ခြင်းဖြစ်သည်။ ဘာသာတရား၏ အဆုံးအမများဖြင့် တည်ဆောက်ထားခြင်းဖြစ်သော ယဉ်ကျေးမှုများကြောင့်သာ အခုထိ ကမ္ဘာကြီးရဲ့ အသိအမှတ်ပြုခြင်းကို ခံနေရဆဲပင်ဖြစ်သည်။ လောကပါလတရား နှစ်ပါးဖြစ်တဲ့ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားနှစ် ပါးကို လက်ကိုင်ထားပြီး ရှေးမြန်မာအစဉ်အဆက် စောင့်ထိန်း၊ ကျင့်သုံး၊ လိုက်နာခဲ့ကြသောကြောင့်ဟု ဆိုလျှင်မှားမည် မဟုတ်ပေ။ ဟိရီ၊ သြတ္တပ္ပဟူသည် အရှက်၊အကြောက်ဖြစ်သည်။ မကောင်းမှု အကုသိုလ်ပြုရမည်ကို ရှက်ခြင်းကြောက် ခြင်းပင်ဖြစ်သည်။ ထိုတရားနှစ်ပါးသည် လောကကြီးကို အစဉ်သဖြင့်စောင့်ရှောက်နေသော တရားနှစ်ပါးပင်ဖြစ်သည်။ ထိုအတူ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းနေခြင်း၏ ပင်မတရားဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ အရှက်၊ အကြောက်ဆိုတဲ့ တရားနှစ်ပါးဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းကြမည်ဆိုလျှင် ကမ္ဘာ့သမိုင်းမှာ ဆက်လက်ပြီး ယဉ်ကျေးမှုများဖြင့် ကောင်းမွန်စွာ ချီတက်နိုင်မည့်အခြေအနေအဖြစ် တည်ရှိနေပေ လိမ့်မည်။
အထက်ကဆိုခဲ့သလို ယဉ်ကျေးမှုသည် တားဆီးလို့တော့ ရမည်မထင်၊ သို့သော် တားဆီးသည်တော့မဟုတ်၊ မေ့လျော့နေပြီး ထင်ရာစိုင်းကာ အတားအဆီးမရှိ ခရားရေလွှတ်သလို ယိုကျလာမည့် ပျက်စီးတော့မည့်အခြေအနေကို ဝိုင်းဝန်းထိန်းသိမ်းကြမည်ဆိုလျှင် အားကောင်းသော စရိုက်လက္ခဏာများဖြင့် ဆက်လက်ရပ်တည်ကြမည်ဆိုလျှင် အတိုင်းမသိ ဝမ်းသာစရာပင်ဖြစ်သည်။ အနောက်ယဉ်ကျေးမှုများ ကူးစက်လာမှ လူမျိုးရေးတင့်တယ်လာ မည်ဆိုလျှင်တော့ ထိုအယူ အဆကို ကန့်ကွက်တားဆီးကြရမည်ဖြစ်သည်။ ယဉ်ကျေးမှုလောက် ကူးစက်ပြန့်နှံ့ကာ ဝတ်စားတတ်ကာမျှဖြင့်တော့ တိုးတက်မှုဟု ဆိုလျှင် ထိုအဆိုကို ငြင်းပယ်ကြရမည်ဖြစ်သည်။ ဖက်ရှင်ဆိုသည့်စကား လုံးသည် တော်တော်လေးတွင် တွင်ကျယ်ကျယ်ဖြစ်လာသည်။ ကောင်းပါသည်။ သို့သော် သရုပ်ပျက်ဝတ်စားဆင် ယဉ်မှုကိုတော့ တားမြစ်သင့်သည်။ တော်တော်လေးလည်း ပေါများလာသည်။ သရုပ်ပျက်သလား၊ မပျက်သလားတော့ သူတို့အနေနဲ့ သိမြင်လိမ့်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုတော် သူကြိုက်လို့ သူဝတ်တာပဲမဟုတ်လား။ ဆိုတော့ သူကြိုက်လို့သူဝတ်လိုက်သော ပြည်သူ့အချစ် တော်များ၏ ဖက်ရှင်များသည် တစတစကူးစက်လာနေရာ၊ ဘောင်ဘီ တိုတို၊ စကတ်တိုတို၊ ဟိုပေါ်ဒီပေါ်မှသည် ပုရိသများ ကို သွားရည်ယိုကျသည်အထိ ကူးစက်လာနေသော ဖက်ရှင်မျိုး၊ ဒီဇိုင်းမျိုး၊ ဝတ်စားဆင်ယင်မှုမျိုးကိုတော့ အလိုမရှိပါ။ ဒီတော့ စောဒကတက်လာလိမ့်မည်။ ''မင်းအလိုမရှိတော့ ဘာဖြစ်သလဲ''ပေါ့။ ဟုတ်ပါလိမ့်မည်။ ဘာမှမဖြစ်ပါ၊ သို့သော် သရုပ်ပျက်ဝတ်စားဆင်ယင်မှုသည် ဗုဒ္ဓတရားတော်ဖြင့် တည်ဆောက်ထားသော မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် များ တစတစ တိမ်ကောပပျောက်လာနေခဲ့သည်။ တိုင်းပြည်တစ်ခု၏ ရိုးရာယဉ်ကျေးမှုသည် တိုင်းပြည်တစ်ခု၏ အဓိက ပင်ပစီးမျောလာရာ သုံးမကုန်၊ ဖြုန်းမကုန်နိုင် သည့် ရေကန်ကြီးဖြစ်သည်။ အဆိုပါရေကန်ကြီးအား နောက်ကျုအောင် ဖျက်လိုဖျက်ဆီး လုပ်မည့်သူကို များသော အားဖြင့် လူသားများက လက်ခံနိုင်ကြလိမ့်မည်မဟုတ်ပေ။
ရုပ်ရှင်မင်းသားကြီး ကိုကျော်ဟိန်းတို့ စန်းထစဉ်အချိန်က သရုပ်ပျက် ဝတ်စားဆင်ယင်မှုဖြင့် ပြည်သူလူထုကို အသုံးတော်ခံရာ၊ ပြည်သူလူထု၏ ဆဲဆို၊ ကြိမ်းမောင်းသံများ ပွဲခင်းတစ်ခုလုံး ပျံ့နှံ့ခဲ့ဖူးသည့် သာဓကတစ်ခုကို ဖတ်မိ ဖူးသည်။ အိုးဝေဂျာနယ်ထဲဖြစ်သည်။ ထိုစဉ်က ပျဉ်မနား နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ကျော်ဟိန်းတို့ တောက်ပနေသည့် အခါဖြစ်သည်။ ထိုပွဲမှာ ကျော်ဟိန်းကြီးရဲ့ ဝတ်စားဆင်ယင်မှုကြောင့် ''ကျော်ဟိန်းအလိုမရှိ''မရှိဆိုသည့် အသံသည် ပွဲကြည့်လာသူ ပရိသတ်များ၏ အော်ဟစ်ဆဲဆိုကြသည်အထိ ဖြစ်ခဲ့သည့် သာဓကတစ်ခုရှိခဲ့ဖူးလေသည်။ ယခုလည်း ထိုကဲ့သို့ ပရိသတ်ကို ထီမထင်သည့် သဘောဖြင့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ တိုးတိုးလာနေခဲ့သည်။ ရင့်နာစရာ ဖြစ်နေကြရသည်။ လူရွှင်တော်တစ်ယောက် ပြက်သလို ဒီလို ဟိုပေါ်ဒီပေါ် ဝတ်စားဆင်ယင်တာ မင်းကမကြိုက်ဘူး လားဆိုတော့ ဟီး ကြိုက်တာပေါ့တဲ့။ ဟုတ်ပါလိမ့်မည်၊ ပုရိသများ၏ ယိုသူမရှက်၊ မြင်သူရှက် ဝတ်စားဆင်ယင်မှုမျိုး ကိုတော့ ကြိုက်ကြပါလိမ့်မည်။ ဒါကို အပြစ်ဆိုစရာမလို၊ ယိုသူမရှက်သောကြောင့်ပင် မဟုတ်ပါလော။
ကာမရာဂကို ထကြွစေသော အဆိုပါအမူအရာများဖြင့် ပုရိသများအား ဆွဲဆောင်မှုသည်၊ နှစ်ဦးနှစ်ဖက်ကို အကုသိုလ်ဖြစ်စေသည်ဟု ဆိုလိုက်လျှင် လွန်သည်ဟုဆိုကောင်းဆိုပေလိမ့်မည်။ သို့သော် ထိုအဆိုကိုသည်ကား ဗုဒ္ဓရဲ့ ယဉ်ကျေးမှု၊ အဘိဓမ္မာတရားသဘောအရ ကြည့်မြင်ဆိုလျှင် သက်ရောက်မှုနှစ်ခုစလုံးသည်၊ အကုသိုလ်တဏှာ ရာဂလောဘ စိတ်များ ယိုစီးစေမှုဟု ဆိုရမည်ပင်ဖြစ်သည်။ သို့အတွက် အဆိုပါ ဝတ်စားဆင်ယင်မှုမျိုးကို ရှောင်ရှားစေလိုသည်။ အဓိကအားဖြင့် ပြည်သူ့အချစ်တော်ဆိုသည့် ဂုဏ်ပုဒ်ကို ထမ်းဆောင်နေသည့် အနုပညာသမားများအနေဖြင့် အထူးသဖြင့် လိုက်နာသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထုသည်၊ သူတို့ဘာတွေလုပ်နေသည်၊ ဘာတွေဝတ်စားနေသည်ကို အမြဲတန်းစောင့်ကြည့်လျှက် အတုယူနေကြသော ကြောင့်ပင်ဖြစ်သည်။
နောက်တစ်ယောက်အကြောင်းကို ပြောပြရမည်ဆိုလျှင် လေဘာတီမမြရင်ဆိုလျှင် ထိုခေတ်ထိုအခါက လူရွှင်တော်တွေကအစ မနောက်ပြောင်ရဲသလို၊ နောက်ပြောင်မှုကိုလည်းမကြိုက်ခဲ့သော အငြိမ့်မင်းသမီး မမြရင်ဖြစ် သည်။ သူနဲ့အမှန်တကယ် အသံရော၊ ရုပ်ရော၊ အမူအရာရော ကောင်းပြီး၊ သရုပ်ဆောင်များ ခေတ်ပြိုင်အဖြစ် ပေါ်ခဲ့ဖူးသည်။ ထိုသူများက ဥသြဘသောင်း၊ ဥက္ကလာ-မအေးကြည်၊ ယုဝတီ-မြသောင်း၊ ဥသြမယ်တင်စသဖြင့် အသံကောင်း၊ ရုပ်ချော တဲ့ မင်းသမီးတွေ၊ အဆိုတော်တွေ ခေတ်ပြိုင်ပေါ်ခဲ့ဖူးသည်။ သို့သော် ထိုထဲတွင် လေဘာတီမမြရင်သည် သူတို့ထက် ထူးကဲစွာ ကျော်ကြားခဲ့သည်။ '' သြော်..မြရင်၊ မြရင် ချစ်ကြပေသရှင်၊ ပြေတခွင်'' ဆိုသည့် အသံတွေဟာ အခုထိ လူထုရဲ့ အသည်းစွဲဖြစ်ပြီး နုတ်ဖျားမှာ ဆိုနေကြဆဲပင်ဖြစ်သည်။ ဒါဟာ သူ့ရဲ့အများနဲ့ မတူတဲ့ အချက်ကြောင့်ပင်ဖြစ်သည်။
သူမဟာ အသံမှာလည်း တမူထူးခြားလို့ '' အသံမင်းသမီး''လို့ပင် ခေါ်ရလောက်အောင်ပင် ကောင်းခဲ့သည်။ ထိုအတူ အကလည်းကောင်းသည်။ ရုပ်ကလည်း အများထက်မသာသော်ငြား ချစ်စရာအမူအရာဖြစ်သည်။ အများထက်သာ သည်ကား အခြားမဟုတ်၊ သူမဟာ မကလက်သလို၊ လျှပ်ပေါ်လော်လီတဲ့ အပြုအမူမျိုးအလျင်းမရှိ၊ နောက် မိန်းမတို့ ဣနြေ္ဒရွှေပေးလို့မရဆိုသလို ဣနြေ္ဒရရနေထိုင်ခြင်းပင်ဖြစ်သည်။ သူမဟာ ပုရိသတွေကို သရုပ်ပျက်တဲ့ အဝတ်အစား၊ အပြုအမူ၊ အပြောအဆို လုံးဝမလုပ်၊ ဒါမျိုးတွေကို ကြိုက်လည်းမကြိုက်၊ မြန်မာဆန်ဆန် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ ဝတ်စားဆင်ယင် ထုံးဖွဲမှုဖြင့် သေဝပ်သပ်ရပ်လှတဲ့ စရိုက်လက္ခဏာကြောင့်ပင်ဖြစ်သည်။ ဒါတွေကို အတု ယူကြရမည်ဖြစ်သည်။ လေဘာတီမမြရင်ရဲ့ အငြိမ့်ကို သမီးဖြစ် သူဟာ ဖခင်နဲ့ အတူကြည့်နိုင်သည်။ ညစ်ညမ်းတဲ့ ပြက်လုံး လုံးဝမပါ၊ လူရွှင်တော်တွေအနေနဲ့လည်း သူ့ကို လေးစားတော့ မပြက်ရဲကြ၊ ပြက်လျှင်လည်း စိုးစဉ်းမျှလက်မခံ၊ ဟိုတလော လေးက ကြည့်လိုက်ရတဲ့ ပြည်သူချစ်တဲ့ မင်းသမီးတွေရဲ့ စကားနပန်းမျိုးထဲက ပြက်လုံးတွေကို လေဘာတီကြီးသာ ကြားလျှင် မည်သို့ဖြစ်လိမ့်မည်မသိ။ သူငယ်ချင်းတစ်ယောက်ပြောသလို '' ကိုယ့်လူရေ.. ဟိုတုန်းကတော့ မိန်းမတို့ဣနြေ္ဒ ရွှေပေးလို့မရပေမယ့်၊ အခုတော့ ရွှေတောင်မဟုတ်ဘူး၊ ငွေလောက်ပေးရင်တောင် ရနေပြီကွ'' ဆိုသလို ဖြစ်နေပြီးလား တော့ မပြောတတ်။
အချုပ်အားဖြင့် ဆိုရသော် မြန်မာဆန်ဆန် ဟန်ပန်အမူအရာနဲ့ သန့်ရှင်းသပ်ရပ် ကြော့မော့လှပစွာ ဝတ်စားဆင် ယင်မှုများဖြင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းကြမည်ဆိုလျှင် ကမ္ဘာမှာ မြန်မာတို့ရဲ့ မရိုးနိုင်တဲ့ အသွင်အပြင်၊ အမူအရာများဖြင့် ဆက်လက်တောက်ပနေလိမ့်မည်ဖြစ်သည်။ သို့အတွက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆက်လက်တာဝန်သိစိတ်နဲ့ ထိန်းသိမ်းကြမည်ဆိုလျှင် ဘယ်လောက်တောင် ကောင်းမလဲဆိုတာ စဉ်းစားကြည့်ပြီး ပြုပြင်ကြမည်ဆိုလျှင် အလွန်ကောင်းသော တာဝန်တစ်ရပ်ဖြစ်နေလိမ့်ဦးသာ၊ အထက်က ပြောခဲ့သလို ယဉ်ကျေးမှုကို ဘယ်သူမျှ တားဆီး၍မရသော်လည်း၊ တာဝန်သိစိတ်နဲ့ ပြောပြခြင်းသက်သက်သာ ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာလိုစိတ်ဖြင့် ပြောဆိုခြင်းမျိုးမဟုတ်ပေ။
မောင်းမင်းစိုး(ရွှေနံ့သာ)

ရွှေဆံပင်တံတားလမ်းဖြစ်ပေါ်လာခြင်းအကြောင်း

ဆရာတော်များ ယခုကဲ့သို့ လမ်းမှာပဲ ဆွမ်းဘုဉ်းပေးကြရသည်


ယနေ့ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ရွာပေါင်း(၆ဝ)ကျော် လူဦးရေ (၅)သောင်းကျော် မှီခိုပြီး အလောင်းတော်ကဿပဘုရားဖူးသွားရာ ပင်မလမ်းဖြစ်သော လယ်ငေါက်- ချင်ပြစ် ရွှေဆံပင်တံတားလမ်းအတွက် ရန်ကုန်မြို့ စေတနာရှင်များရဲ့ ပထမအကြိမ် ရွှေဆံပင်လှူဒါန်းပွဲကို ရောက်လာကြတဲ့ ဆွေတော်မျိုးတော်အပေါင်းတို့ ကိုယ်ရောစိတ်ပါချမ်းသာကြပါစေလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်သပါတယ်။

ဦးဇဉ်းအနေနဲ့ အားလုံးစိတ်ဝင်းစားနေကြတဲ့ ရွှေဆံပင်တံတားလမ်းဖြစ်ပေါ်လာပုံကို သဒ္ဓါ,စေတနာပွားများ နိုင်ကြဖို့ အကျဉ်းမျှပြောကြားပေးသွားမှာဖြစ်ပါတယ်။တကယ်တော့ ရွှေဆံပင်တံတားလမ်းဆိုတဲ့အမည်ဟာ မမျှော် လင့်တဲ့ဖြစ်ရပ်လေးကနေ မထင်မှတ်ဘဲ ဖြစ်ပေါ်လာခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ရွှေဆံပင်အကြောင်း ပြောရရင် ဒီလမ်းကြီးစတင်လုပ်ခဲ့ပုံကနေ ပြောမှပြည့်စုံပါလိမ့်မယ်။

တကယ်တော့ ဦးဇဉ်းအနေနဲ့ ဒီလမ်းကြီးကို စတင်ဆောင်ရွက်နေတာ (၃)နှစ်နီးနီးရှိခဲ့ပါပြီ၊ စိတ်ကူး ထည့်ခဲ့ တာကတော့ (၁ဝ)နှစ်နီးနီးရှိခဲ့ပါပြီ၊ ဘာကြောင့်စိတ်ကူးခဲ့သလဲဆိုရင် လွန်ခဲ့တဲ့(၁ဝ)နှစ်လောက်က ဦးဇဉ်းတို့ရဲ့ ဇာတိရွာရှိတဲ့ ဒီဒေသကို ကိစ္စတစ်ခုနဲ့ကြရောက်ခဲ့ပြီး အပြန်မှာ ဦးဇဉ်းစီးတဲ့လိုင်းကားနဲ့အတူ အသက်(၂ဝ) လောက်ပဲရှိသေးတဲ့ ဗိုက်နာနေတဲ့မိန်းကလေးလူနာတစ်ယောက် ဆေးရုံတက်ဖို့ ပါလာခဲ့ပါတယ်၊ ဆေးရုံနဲ့(၁ဝ)မိုင် ကျော်လောက်ပဲဝေးပေမယ့် လမ်းကမကောင်းလို့ (၃)နာရီလောက်မောင်းတာတောင် ဆေးရုံကိုမရာက်သေးပါဘူး၊ ဒါပေမဲ့ လူနာမိန်းကလေးရဲ့အခြေအနေ ကိုကြည့်လိုက်တဲ့အခါမှာ အသက်မရှိရှာတော့ဘူး။ ဦးဇဉ်းရဲ့မျက်စိရှေ့မှာ မသေသင့်ဘဲသေသွားခဲ့ရပြီး ဆေးရုံကို အချိန်မှီမရောက်နိုင်ခဲ့တာဟာ လမ်းမကောင်းလို့ဘဲလို့တွက်ပြီး၊ ငါဆောင်ရွက် နိုင်ခဲ့ရင် ဒီလမ်းကြီးပြင်နိုင်အောင် ကြိုးစားမယ်လို့စိတ်ကူးခဲ့ပါတယ်။ ဒီအဖြစ်အပျက်မျိုးတွေ ဒီလမ်းပေါ်မှာ မကြာခဏ ဖြစ်နေတယ်ဆိုတာလည်း သိနေရပါတယ်။

ဦးဇဉ်း မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်မှာ တိပိဋကစာကျက်သီတင်းသုံးနေတဲ့အချိန်မှာ ဆရာသမား များဖြစ်တဲ့ မင်းကွန်းတိပိဋကဆရာတော်များဟာ စစ်ကိုင်းနဲ့မင်းကွန်းလမ်းကို ကတ္တရာလမ်းအဖြစ်ဖောက်လုပ်ကြလို့ ဘုရားဖူးတွေ ဒေသခံတွေ အဆင်ပြေချမ်းသာကြတာ တွေ့မြင်ပြီးတော့လည်း ဒီလမ်းကြီးကို ပြင်ချင်စိတ် တွေဖြစ်ခဲ့ပါတယ်။

ဒါနဲ့ တိပိဋကစာကို ဆက်မလုပ်နိုင်တာအတူတူ အကျိုးရှိတာလုပ်မယ်ဆိုပြီးဒီလမ်းကြီးကို ပြင်ဖို့ဆုံးဖြတ်လိုက်ပြီး (၂ဝဝ၆ခု၁၂)လပိုင်းမှာ ဆရာတော်ကြီးများရဲ့ သြဝါဒခံပြီး ပတ်ဝန်းကျင်ကျေးရွာ ပေါင်း(၆ဝ) ကျော်မှဆရာတော်များ၊ သက်ဆိုင်ရာ မ.ယ.က၊ ရ.ယ.ကများဖိတ်ပြီး ပုလဲမြို့နယ် ရွာနောင်ရွာမှာ အစည်းအဝေး စခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာပဲ ကျေးရွာဆရာတော် (၈ဝ)ကျော်တို့က တစ်ပါး(၅)သောင်းကျပ်စီ လှူမယ်ဆိုပြီး အားပေးကြတဲ့အတွက် ဒီလမ်းကြီးရဲ့ ပထမဦးဆုံးအလှူရှင်တွေဟာ ဆရာတော်များဖြစ်ခဲ့ပါတယ်။

ဦးဇဉ်းလည်းရွာပေါင်း(၆ဝ)ကျော်ကို လှည့်လည်ပြီး စည်းရုံးလိုက်တဲ့အခါ ပထမတော့ အတော်မလွယ် ကူခဲ့ပါဘူး။ လမ်းကြီးကောင်းချင်ပေမယ့် သိန်းရာထောင်ချီပြီး ကုန်ကျမယ့်ကိစ္စဆိုတော့ အားလုံးကဝန်လေး နေကြ ပါတယ်။ မဖြစ်နိုင်ဘူးလို့လည်း ထင်နေကြပါတယ်။

ဒါ့ကြောင့် ဦးဇဉ်းစိတ်ကူးနဲ့ အားလုံးလှူနိုင်မယ့် ပုံစံတစ်ခု အစီစဉ်ဆွဲခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ပြီး စားဝတ်နေရေး အခက်ခဲရှိလျှင် မလှူကြပါနဲ့၊ ဒါပေမယ့် အိမ်တိုင်းအိမ်တိုင်းမှာ နေ့စဉ်အလေအလွင့် ရှိတာလေးတွေ ရှိပါတယ်။ ဥပမာ ကွမ်းယာဖိုးလေးတွေ၊ မုန့်ဖိုးလေးတွေ ချွေတာပေးကြပါ။ တစ်ရာတတ်နိုင်သူကတစ်ရာ ငါးဆယ်တတ်နိုင် သူကငါးဆယ် ချွေတာပါ။ အနည်းဆုံး နှစ်ဆယ်လောက် မုန့်တစ်ခု,အကြော်တစ်ခုဖိုး ချွေတာနိုင်ရင်လည်း မနည်းပါဘူး။ ဒီလမ်းကြီးအတွက် နေ့စဉ်ချွေတာကြပါလို့ စည်းရုံးလိုက်ပါတယ်။


ရွှေဆံပင်တံတား တည်ဆောက်မည့် ချောက်ရိုးနေရာ

တစ်နှစ်ကြာတဲ့အခါမှာ တစ်ရာစုသူက (၃၆၅ဝဝ)ကျပ်၊ အနည်းဆုံး(၂ဝိ)စုသူက (၇၂ဝဝ)ကျပ်လောက်လှူနိုင်ပြီး၊ တစ်နှစ်ပြည့်တဲ့အခါမှာ (၁ဝဝ)စု (၅ဝ)စု ငွေလေးတွေက ဘယ်သူမှ မပင်ပန်းဘဲနဲ့ သိန်း(၃ဝဝ)ကျော် (၄ဝဝ)နီးပါး စုဆောင်းနိုင်ခဲ့ပါတယ်၊။

(၂ဝဝ၇)ခုနှစ်ကုန်ခါနီးမှာ စစ်ကိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးကိုဖိတ်ပြီး အကူအညီတောင်းတဲ့အခါ တိုင်းမှူးက ဝမ်းသာစွာနဲ့ လိုအပ်တဲ့စက်ယန္တယားတွေ ကူညီပေးလို့ အချိန်တိုအတွင်းမှာ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ တိုင်းမှူးက အခါအားလျော်စွာ လိုအပ်သလို ပံ့ပိုးပြီး ဆက်သွယ်ရေးအဆင်ပြေဖို့ ဖုံးတစ်လုံးလဲ ကူညီထားပါတယ်။

(၂ဝဝ၇၊ ဝ၈)နှစ်နှစ်လုံး တစ်ဖက်ကလမ်းတံတားတွေလုပ်ရင်း တစ်ဖက်ကလည်း ဦးဇဉ်းနည်းနဲ့ လှည့်လည် စည်းရုံးခဲ့တာ (၂)နှစ်အတွင်း သိန်း(၈)ရာကျော်အထိ ရရှိခဲ့ပါတယ်။

(၂ဝဝ၉)ခုနှစ်ရောက်တဲ့အခါမှာ တစ်ကမ္ဘာလုံးစီးပွားရေးကြပ်တည်းကြတာ ဒီနယ်မြေမှာလည်း ကြပ်တည်း ကြတော့ ဦးဇဉ်းတို့အနေနဲ့ အလှူခံဖို့ဝန်လေးနေပါတယ်၊ လမ်းကလည်း တစ်ဝက် တစ်ပျက်ပဲပြီးသေးတော့ ကျန်တဲ့အပိုင်း နည်းနည်းပြီးပြီးဆိုပြီး၊ ဦးဇဉ်းတို့ကိုယ်တိုင်လည်း စိတ်တူကိုယ်တူ ကိုရင်, ဦးဇဉ်း(၁ဝ)ပါး၊ စေတနာဝန်း ထမ်းကျောင်းသား (၁၅)ယောက်နဲ့ လမ်းပေါ်မှာတဲထိုးနေပြီး လုပ်ကိုင်ကြတယ်။ ဦးဇဉ်းတွေတောင် လုပ်ကြသေး တာဆိုပြီး ပတ်ဝန်းကျင်ရွာတွေက ဒကာ/ဒကာမတွေကလည်း မနေကြပါဘူး။ ဝိုင်းဝန်းပြီး လုပ်အားဒါနတွေပေးကြတာ ကုသိုလ်ရလွန်းလို့ ပျော်လွန်းလို့ဆိုပြီး မိုင်(၃ဝ)လောက်ဝေးတဲ့ရွာတွေကအထိ လုပ်အားဒါနတွေ လာရောက်လုပ် ဆောင်ကြပါတယ်၊။






လုပ်အားဒါန ပြုသူများကလည်း ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင်


ပြီးခဲ့တဲ့ (၁၃၇ဝ)ခု တပို့တွဲလပြည့်နေ့က ထူးထူးခြားခြား လုပ်အားဒါနအဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့ပါတယ်။ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာကပါ။ ဦးဇဉ်းတို့အနေနဲ့ တာဝန်ကြီးမှာစိုးလို့ လူ(၁ဝဝ)လောက်ပဲ လာကြပါလို့ ကန့်သတ်ထားတဲ့ကြားက တားလို့မရဘဲ လိုက်လာကြတာ လူပေါင်း(၄ဝဝ)ကျော်သွားပါတယ်။ အဲ့ဒီအထဲမှာ ကိုစံဖဲဆိုတဲ့လူတစ်ယောက်က ကျန်းမာရေးမကောင်းဘဲလိုက်လာခဲ့ပါတယ်။ မသေခင် ကုသိုလ်ရဖို့ အရေးကြီးတယ်။ သေလျှင်သေပါစေဆိုပြီး စေတနာထက်သန်စွာနဲ့ ပျော်ပျော်ပဲလိုက်လာခဲ့ပါတယ်။ နေ့လည်(၁၁)နာရီလောက်မှာ ရွာတစ်ရွာကလာလှူတဲ့မုန့်တွေကို သူကိုယ်တိုင်လိုက်ဝေရင်း အပျော်လွန်ပြီး အသက်ရှုရပ်သွားပါတယ်။ ဦးဇဉ်းတို့လည်း ဘာမှမတတ်နိုင်လိုက်ဘူး။ (၁၅)မိနစ်အတွင်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိဘ, ဆွေမျိုး,မိတ်ဆွေတွေ အားလုံးကတော့ အများအကျိုးအတွက် ဆောက်ရွက်ရင်း မြတ်သောသေခြင်းနဲ့သေရတာ ဇီဝိတဒါနအသက်လှူရတာဆိုပြီး ကျေကျေနပ်နပ်ဂုဏ်ယူခဲ့ကြပါတယ်။ လမ်းဆရာတော်တွေကိုယ်တိုင် ကိုစံဖဲ ရက်လည်တဲ့နေ့မှာတစ်ကြိမ်၊ (၁၅)ရက်မြောက်မှာ တစ်ကြိမ်၊ ကိုစံဖဲကို ဂုဏ်ပြုပွဲကျင်းပြီး အမျှဝေတိုင် တည်ခဲ့ကြပါတယ်၊ ''ကိုစံဖဲရေ၊ ဒို့ရဲ့ ကိုသိုလ်အမျှ ဝေမှု့ကို လိုအပ်နေတဲ့ ဘဝမျိုးမှာ ရောက်နေရင်လည်း သာဓုခေါ်ပါ၊ တို့လမ်းကြီးအောင်မြင်ဘို့ရာ ခက်ခဲနေပါတယ်။ ကူညီစောင့်ရှောက်နိုင်တဲ့ဘဝမျိုးမှာ ရောက်နေရင်လဲ စွမ်းနိုင်သလို ကူညီပေးပါလို့ တိုင်တည်ခဲ့ကြပါတယ်'' အမျှဝေတိုင်တည်ပြီး လမ်းပြုပြင်ရေး တဲကျောင်းစခန်းကို ပြန်လာခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ပုထိုးသာရွာသူလေး မမျိုးအေးဆိုတဲ့ မိန်းကလေးတစ်ယောက်က လှူချင်စိတ်ပေါ်လာလို့ဆိုပြီး သူဆံပင်လေးဖြတ်ရောင်းကာ လမ်းအတွက်ဆိုပြီး လာရောက်လှူဒါန်းခဲ့ပါတယ်။ ဒီမိန်းက လေး လှူတာမြင်ပြီး နောက်နေ့မှာပဲ ပုထိုးသာရွာကအမျိုးသမီး (၄ဝ)ကျော်က တစ်ပြိုင်တည်း ဆံပင်တွေဖြတ်လာပြီး အလှူခံပေးဖို့ တောင်းဆိုလာကြပါတယ်။ တစ်ခြားရွာတွေက အမျိုးသမီးတွေလည်း လှူချင်နေကြတဲ့အကြောင်း လျှောက်ထားကြတော့ ဦးဇင်းအနေနဲ့ စဉ်းစားပေးရပါတော့တယ်။ ဆံပင်တွေ လမ်းတံတားအတွက်လှူတာဟာ ဒါနဥပပါရမီမြောက်လို့ ဘုရားချီးမွမ်းတဲ့ ကုသိုလ်လဲဖြစ်တယ်။ ဒေသနဲ့ တိုင်းပြည်အတွက် အကျိုးသက်ရောက်မှုလည်း ရှိတယ်။ ဘယ်သူ့ပေါ်မှလည်း နစ်နာထိခိုက်မှု မရှိဘူးလို့ သုံးသပ်ပြီး ဆံပင်နဲ့အနည်းဆုံး တံတားတစ်စင်းလောက် ပြီးရမယ်လို့ ယုံကြည်ပြီး ''ရွှေဆံပင်တံတား'' တည်ဆောက်မယ်လို့ ကြေငြာလိုက်ပါတယ်။ ရွှေဆံပင်တံတားလို့ ကြားရတဲ့အခါ ပါရမီဓာတ်ခံရှိတဲ့ အမျိုးသမီးတိုင်း လှူချင်စိတ်ပေါက်ပြီး လှူကြတာ ပုလဲ, ယင်းမာပင်, မုံရွာ, ချောင်းဦး, မန္တလေး, မိတ္ထီလာ စတဲ့မြို့တွေပါ ဆက်တိုက်ပဲ လှူကြတာ အံသြစရာအထိ တွေ့မြင်ခဲ့ကြရပါတယ်။ မုံရွာမှာ ပိဿာချိန် (၁၅ဝ)၊ မိတ္ထီလာမြို့ ပိဿာချိန် (၁၅ဝ)လောက်ရပြီး မန္တလေးမြို့မှာ ပရိယတ္တိသာသနာ့တက္ကသိုလ်က အရှင်ဝါယမာနန္ဒထံမှ အချိန် (၁ဝဝ)ကျော်ရရှိပြီး၊ အထူးသဖြင့် မန္တလေးမြို့၊ မြောက်ပြင် နဂါးပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် စာချဆရာတော်များ၊ နဂါးကျောင်းတိုက်မှ ဝေယျာဝစ္စအဖွဲ့များ တစ်လခွဲလောက် ကိုယ့်အလုပ်တွေ ဘေးဖယ်ပြီး အကျိုးဆောင်ပေးကြတာ လူငါးသောင်းကျော်မှ ဆံပင်ပိဿာချိန် (၁၁ဝဝ)ကျော် ရရှိခဲ့ပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော ဆံပင်လှူရတဲ့ ပီတိဟာ အလှူရှင် ကိုယ်တိုင်မှ အသိဆုံးဖြစ်မှာပါ။ တစ်ချို့ဆိုရင် ကြက်သီးမွေးညှင်းထတာတွေ ဝမ်းသာမျက်ရည်ကျတာတွေတောင် တွေ့ရှိခဲ့ရပါတယ်။

ကိုစံဖဲအနေနဲ့ ဒီလမ်းကြီးပြီးအောင် စောင့်ရှောက်သလား၊ မစောင့်ရှောက်ဘူးလားတော့ အတိအကျ မပြောနိုင်ပါဘူး။ ကိုစံဖဲတောင် အသက်စွန့်လှူသေးတယ်။ တို့အနေ့နဲ့ ဆံပင်လောက်လှူရတာ ကျေနပ်ပါတယ်၊ လှူသင့်ပါတယ် ဆိုပြီး အိပ်ပျော်နေတဲ့ ပါရမီရှင်တွေရဲ့ သဒ္ဓါ စေတနာ နှလုံးသားကို နှိုးဆွပေးလိုက်တာကတော့ အမှန်ပါပဲ။

အသက်များစွာကယ်တင်ရင်း ဇီဝိတဒါန ရွှေဆံပင်လှူကြတဲ့ ပါရမီရှင်တွေကို ကျေးဇူးတင်သလို၊ ပါရမီရှင်တွေ လှူနိုင်အောင် ကူညီပေးကြတဲ့ ဆရာတော်တွေ၊ ကိုယ်တတ်တဲ့ ပညာနဲ့ ကိုယ်အား၊ ဥာဏ်အား ကူညီပေးနေကြတဲ့ ဝေယျာဝစ္စ အကျိုးဆောင်တွေ အခြေနေမှန်ကို စေတနာရှင်တွေသိခွင့်ရအောင် တင်ပြပေးကြတဲ့၊ သတင်းနဲ့ စာနယ်ဇင်း အဖွဲ့တွေအားလုံးကိုလဲ နယ်သူ၊နယ်သားအားလုံးရဲ့ ကိုယ်စား အထူးဘဲ ကျေးဇူးတင်ပါတယ်။

ဒီလမ်းပိုင်းမှာ အရှည်(၁၅)မိုင်နဲ့ တံတား(၁၇)စင်းပါဝင်ပါတယ်။ ဝမ်းသာစရာပြောချင်တာက အခုကျောက်လမ်း ဆယ်မိုင်နဲ့ တံတား(၁ဝ)စင်း ပြီးခဲ့ပါပြီ။ အဲ့ဒီလောက်ပြီးတာလေးတောင်မှ အခုနှစ်မိုးတွင်းကာလမှာ အရေးပေါ်လူနာ (၁၃)ယောက်ကို ဦးဇင်းတို့ ကိုယ်တိုင် လမ်းသုံးကားများနဲ့ အချိန်မှီ ဆေးရုံပို့ပြီး အသက်ကယ် တင်နိုင်ခဲ့ပါတယ်။ ဒါလဲ ရွှေဆံပင်းတံတားလမ်း ကုသိုလ်ရှင်များရဲ့ ကျေးဇူးတွေပါပဲ။


လုပ်အားဒါန ပြုသူများကလည်း ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင်

လှူဒါန်းသူတွေကလည်း တဖွဲဖွဲ


နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ၊ ဆံပင်အလှူရှင်နဲ့ ပတ်သက်လို့ နောက် ဆုံးသတင်းထူးပါပဲ။ ပြီးခဲ့တဲ့ ၁၂.၁၁.၂ဝဝ၉ နေ့က မုံရွာအထက် မင်းကင်းမြို့အနီး ချင်းတွင်းမြစ်ထဲမှာ မြစ်ရေယာဉ်တစ်စင်း တိမ်းမှောက်ပြီး လူ(၇ဝ)လောက် သေဆုံးခဲ့ပါတယ်။ အဲဒီစက်လှေပေါ်မှာ ခရီးသည်အမျိုးသမီး တစ်ယောက်ဟာ ရေနစ်လို့ အော်ကြ၊ မြုပ်ကြတာတွေကြည့်ပြီး ''ငါလည်း ရေမကူတတ်ဘူး၊ သေရတော့မယ်၊ ငါ့မှာ အားကိုးစရာဘာများရှိသလဲလို့၊ စဉ်းစားလိုက်တာ မကြားသေးခင်က မုံရွာမြို့ ရွှေဒေါင်းယာဉ် သင်္ကန်းတိုက်မှာ ရွှေဆံပင်လမ်းတံတားအတွက် ဆံပင်လှူခဲ့တယ်၊ ငါသေရပေမဲ့ င့ါဆံပင်လေးကတော့ ခက်ခဲပင်ပန်းစွာ သွားလာကြရတဲ့လူတွေအတွက် လမ်းတံတားကုသိုလ်ပြုခဲ့ရပြီလို့'' တွေးမြင်ရင်း ဝမ်းသာသွားပါတယ်။ အဲ့ဒီအချိန်မှာ မမျှော်လင့်ဘဲ ကွမ်းခြင်းတောင်းတစ်လုံးပေါ်လာပြီး ဖက်တွယ်လိုက်ပါသွားရင်း အသက်ရှင်လာခဲ့ရပါတယ်။ ဆံပင်နဲ့ လမ်းတံတား ကုသိုလ်ပြုရတဲ့ အကျိုးဆိုပြီး ဝမ်းသာနေရှာပါတယ်။ ဒါကြောင့် ရွှေဆံပင်တံတားလမ်းအတွက် လှူတဲ့သူတွေပဲဖြစ်ဖြစ်၊ မိမိတတ်စွမ်းရာကုသိုလ်လုပ်အားဒါနနဲ့ဖြစ်ဖြစ် ပါဝင်စေချင်ပါတယ်။ ဒီကုသိုလ်တွေကြောင့် ဘဝခရီးလမ်း၊ သံသရာ ခရီးလမ်း၊ နိဗ္ဗာန်ခရီးလမ်းမှာ ဖြောင့်ဖြူးသာယာပြီး ပန်းခင်းသောလမ်း လျှောက်လှမ်းရသလို မဂ်လမ်း၊ ဖိုလ်လမ်း၊ နိဗ္ဗာန်လမ်း ဖြောင့်ဖြူးသာယာစွာ သွားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။

(ရွှေဆံပင်တံတားလမ်းနှင့် ပတ်သက်၍ အသေးစိပ်သိရှိလိုပါက မည်သူမဆို လွတ်လပ်ပွင်လင်းစွာ စုံစမ်း နိုင်ပါကြောင်းနှင့် ဆရာတော်တို့နှင့် အတူ လက်တွဲပြီး ဆောင်ရွက်လိုပါကလည်း မည်သူကိုမဆို ကြိုဆိုဖိတ် ခေါ်ပါကြောင်း အသိပေးကြေငြာအပ်ပါတယ်။)

အရှင်ဝေပုလ္လ (အကျိုးတော်ဆောင်)

လမ်းပြုပြင်ထိန်းသိမ်းရေးဆရာတော်များအဖွဲ့

ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်

မုံရွာခရိုင် / ဖုံး- ဝ၉၆၄၅ဝ၆၅၄

မှတ်ချက်။ ။ ၅-၁၂-၂ဝဝ၉ရက်နေ့တွင်၊ လမ်းတံတားပြုပြင်ထိန်းသိမ်းရေး(အကျိုးတော်ဆောင်)ဆရာတော် အရှင်ဝေပုလ္လမှ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်အတွင်း၊ ပထမအကြိမ် ကျင်းပပြု လုပ်အပ်သော၊ စုပေါင်းရေစက်ချ အခန်းအနား တွင် ပြောကြားခဲ့သော၊ စကားရပ်များဖြစ်ပါသည်။