Monday, January 20, 2014

ဦးဦးစိုးပြောတဲ့ ပုံပြင်များ အဆက်

အဆိပ်သင့်ဘဝ
အမှတ်စဉ်(၁၂)
---------------------------
တစ်ခါက ရွာတစ်ရွာမှာ ကိုစံငြိမ်းဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူ့မှာ ညီအစ်ကို လေးယောက်ရှိတယ်။ သူကတော့ အကြီးဆုံးပေါ့။ သူ့ညီလေး မီးတွင်းကထွက်ပြီး မကြာ ခင်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မိဘနှစ်ပါးလုံးဟာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် သွားကြတယ်။ ဒီတော့ အစ်ကိုကြီးတော့ အဖရာ-ဆိုသလို သူဟာ ညီငယ်တွေအားလုံးအ တွက် အဖေတစ်ယောက်လို ရုန်းကန်နေခဲ့ရတယ်။

ညီတွေအားလုံးကလည်း သူပြောရင် အားလုံးအဆင်ပြေတယ်။ နားထောင်ကြ တယ်။ ရိုသေလေးစားကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ချစ်ချင်ခင်ခင် ကြင် ကြင်နာနာရှိခဲ့ကြတယ်။ စုစည်းတယ်။ ညီညွတ်တယ်။ အားလုံး ဘာကိစ္စမဆို အများနဲ့ဆိုင် တဲ့ လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် ပါဝင်ဖို့ဆိုရင် ခေါင်းချင်းဆိုင်ပြီးတော့ ဆောင်ရွက်လေ့ရှိတယ်၊ ဒါပေမယ့် ညီအငယ်ဆုံးလေးကတော့ အရမ်းကို ငယ်သေးတော့ ဘာမှမသိသေးဘူးပေါ့။

ဒီလိုနဲ့ နေလာလိုက်တာ တစ်ရွာတည်းမှာနေတဲ့ မပုမနဲ့ သမီးရည်းစားဖြစ်သွား တယ်။ ကျန်တဲ့ကိစ္စတွေမှာ တိုင်တိုင်ပင်ပင်ဖြစ်ပေမယ့် ကိုစံငြိမ်းဟာ ဒီကိစ္စမှာတော့ သူ့ညီ တွေနဲ့ မတိုင်ပင်ခဲ့ဘူး။ ဒါပေမယ့် ညီတွေကတော့ သမီးရည်းစားဖြစ်နေတယ်ဆိုတာကို တော့ အနည်းငယ်ရိပ်မိကြတယ်။ ဒါပေမယ့် အစ်ကိုကြီးကလည်း ဘာမှမပြောတော့ ဘာသိ ဘာသာနေခဲ့ကြတယ်။

“အစ်ကိုစံ၊ ရှင်နဲ့ ကျွန်မနဲ့ သမီးရည်းစား သက်တမ်းက သုံးနှစ်ကျော် လေးနှစ်ထဲ ရောက်တော့မယ်၊ ရှင်မိဘတွေ ရှိစဉ်ကတည်းက ကျွန်မတို့ လက်ထပ်ဖြစ်ခဲ့ရင် ဘာမှမဖြစ် ဘူး၊ ရှင်တော့မသိဘူး၊ ကျွန်မတို့ ချစ်သူဘ၀ကို ကျွန်မအသိတွေက သိနေပြီ၊ ဒါကြောင့် ဒီနှစ်ဆောင်းတွင်းရောက်ရင်တော့ ကျွန်မတို့ အိမ်ထောင်ပြုကြရင် ကောင်းမယ်ထင်တယ်”

ကိုစံငြိမ်းဟာ ဘာမှ မတုန်မလှုပ်ပါဘူး၊ စကားလုံး ဆွံ့အနေခဲ့တယ်။ အတွေးတွေ ချဲ့နေခဲ့တာကြောင့် မပုမပြောနေတဲ့ စကားတွေကိုလည်း မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ မပုမလည်း ဘာမှ ပြန်မပြောတဲ့ ကိုစံငြိမ်းကို စကားဆက်ပြီး မပြော လိုတာကြောင့် ထပြန်သွားခဲ့တယ်။

လအနည်းငယ်ကြာတော့ မပုမ လင်နောက်လိုက်သွားပြီဆိုတဲ့ သတင်းစကားကို ကိုစံငြိမ်းကြားလိုက်ရတယ်။ အဲဒီနေ့ကတည်းက စပြီး ကိုစံငြိမ်လည်း ကြက်သေသေသွား လိုက်တာ၊ ဘာမှကို မသိတော့သူ၊ နားမလည်တော့သူ တစ်ယောက်လိုဖြစ်သွားပြီး နောက် ဆုံး ရူးသွားတဲ့အထိ အဆင့်ဆင့် ဖြစ်သွားခဲ့တော့တယ်။

အဲဒီလိုဖြစ်သွားကတည်းက ကိုစံငြိမ်းတစ်ယောက် အရင်လို အိမ်မှာ ဦးစီးလုပ်ကိုင် သူတစ်ယောက်ဘ၀ကနေ ဘာမှမလုပ်တော့တဲ့ သူတစ်ယောက်ဖြစ်သွားခဲ့တယ်။ အချိန်ရှိ
တိုင်း အရွာအနောက်ဘက်မှာရှိတဲ့ မန်းကျီးပင်အောက်က ဇရပ်အိုလေးထဲမှာပဲ ထိုင်နေခဲ့ တော့တယ်။ ညီဖြစ်သူတွေကလည်း ဘာမှမပြောလိုကြပါဘူး၊ အစ်ကိုကြီးအဖြစ်ကို တွေးပြီး စိတ်မကောင်းတော့ ဖြစ်နေခဲ့ကြတယ်။

          ဒီလိုနဲ့နေလာလိုက်တာ သူဟာညနေ စားချိန်မှာ သူ့အတွက် ချန်ထားတဲ့ ထမင်း လေးတွေကို လာလာစားရင်းကနေ၊ နောက်ဆုံး ပန်ကန်ပြားလေးတစ်ချပ်ကိုပဲ ယူသွားပြီး ထမင်းကိုတောင် ဇရပ်ထဲမှာပဲ စားတော့တယ်။ ညအိပ်ချိန်တွေမှာလည်း ပြန်မလာတော့ ဘူး။ အဲဒီဇရပ်လေးထဲမှာ နေနေခဲ့တော့တယ်။

          တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ်ဆိုပေမယ့် ညီတွေကတော့ သူတို့အပေါ်မှာ မေတ္တာထားပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကိုစံငြိမ်း ဒီလိုဖြစ် သွားတာကို စိတ်မကောင်းရုံကလွဲပြီးတော့ ဘာမှလည်းမပြောတော့ဘူး၊ အပြစ်လည်း မတင်ခဲ့ကြပါဘူး။ သူကတော့ ညနေစောင်းရင် ပန်ကမ်းပြားလေးဆွဲထွက်လာပြီ အိမ်ရှေ့ ထမင်းလာလာတောင်းတဲ့ သူတောင်းစားအဖြစ်တော့ ရွေ့လျောသွားခဲ့တယ်။

          “အစ်ကိုလေး၊ ညနေ ညနေ ထမင်းလာလာတောင်းနေတဲ့ အရူးကြီးက  ဘယ်က လဲဟင်၊ သူက အိမ် မရှိဘူးလား၊ နေ့တိုင်းလာလာနေခဲ့တယ်နော်” ညီအငယ်ဆုံးလေးက စူးစမ်းတတ်တဲ့အရွယ်ဆိုတော့ ဟိုမေး ဒီမေးနဲ့ တစ်ရက်မှာတော့ အဲဒီမေးခွန်းကို အစ်ကိုအငယ်ဆုံးကို မေးလိုက်တယ်။ တစ်နေ့တော့ ညီလေး သိလာမှာပါဆိုတဲ့ အတွေးနဲ့ “ငါလည်း သိဘူးကွ” ဆိုတဲ့ အဖြေလောက်ကိုပဲ စကားပြန်ပေးရင်း အဲဒီမေးခွန်းရဲ့ အဖြေ ကို အဆုံးသတ်ခဲ့လိုက်တယ်။

          တစ်ရက်တော့ ညီအငယ်ဆုံးကလေးဟာ တစ်ယောက်တည်း ရွာအပြင်ဘက်ထွက် ခဲ့လိုက်တယ်။ အဲဒီမှာ ညီလေးဆိုတဲ့ အသိနဲ့ အစ်ကိုကြီးဟာ အဝေးကနေ လှမ်းမြင်လိုက် တော့ အနီးအနားရောက်တော့ မနေနိုင်လို့ အောက်ကိုဆင်းပြီးတော့ ညီအငယ်ဆုံးလေးဆီ ပြေးခဲ့လိုက်တယ်။ “ညီလေးဆိုတဲ့”ခေါ်သံနဲ့အတူ ပြေးဆင်းလာတဲ့ အရူးတစ်ယောက်ကို ကလေးငယ်က ကြောက်ကြောက်လန့်လန့်နဲ့ နောက်လှည့်ပြီး အားကုန်ပြန်ပြေးတယ်။ အဲဒီ အချိန်မှာ နှာဖားကြိုးပြတ်ပြီး လွတ်ပြေးလာတဲ့ နွားတစ်ကောင်က ကလေးငယ်ကို ၀င်တိုက်လိုက်တယ်။ ကလေးငယ်ကလည်း ပြေးလာ၊ နွားကလည်း အရှိန်ကောင်းကောင်း နဲ့ ပြေးလာဆိုတော့ ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်လွန်းပြီး သေဆုံးသွားခဲ့တယ်။
          အဲဒီနေ့က စပြီးတော့ အိမ်မှာကျန်ခဲ့တဲ့ ညီဖြစ်သူတွေက အစ်ကို့ကို အတော်လေး နာကျည်းသွားခဲ့တယ်။ သတ်ချင်စိတ်အထိတောင် ဒေါသထွက်ခဲ့တယ်။ ဒါပေမယ့် နောက် ဆုံး ဘာမှတော့ မလုပ်လိုက်ပါဘူး။ သို့သော် ညီအငယ်ဆုံးလေး သေသွားတဲ့နေ့ကစပြီး အိပ်ချိန်အပ အချိန်တော်တော်များများကို အစ်ကိုကြီးလုပ်သူဟာ သူ့ညီအငယ်ဆုံးလေးရဲ့ မြေပုံဘေးမှာ နေပူ မိုးမရွာမရှောင် သွားသွားထိုင်နေခဲ့တော့တယ်။

          (( ကဲ သားသားမီးမီးတို့ အဖြစ်အပျက်လေးက ဒါပါပဲ၊ ဒီ အကြောင်းအရာနဲ့ ပတ် သက်ပြီးတော့ သားသားမီးမီးတို့ကို မေးခွန်းလေးတွေ မေးမယ်။ အခု မဖြေပါနဲ့၊ သားသား မီးမီးတို့ ပါလာတဲ့ ဗလာစာအုပ်လေးထဲမှာပဲ တေးမှတ်သွားပါ၊ နောက်နေ့ကြမှ အဖြေကို တစ်ယောက်ချင်းဆီး၊ ကိုယ့်အမြင်အတိုင်း ဖတ်ကြားပြရပါမယ်။
          ၁။ ကိုစံငြိမ်းအနေနဲ့ ဘာကိစ္စဖြစ်ဖြစ် ညီအစ်ကိုတစ်တွေ တိုင်ပင်လေ့ရှိပေမယ့် ဘာကြောင့် သူ့ချစ်သူနဲ့ အိမ်ထောင်ပြုဖို့ကိစ္စမှာ မတိုင်ပင်ရတာလဲ။
၂။  အဲဒီကိစ္စအပေါ်မှာ တိုင်ပင်သင့်သလား၊ မတိုင်ပင်သင့်ဘူးလား။
၃။ သူ့ချစ်သူက အိမ်ထောင်ပြုဖို့ပြောတဲ့ အချိန် ဘာကြောင့် ဘာမှပြန်မပြော တာလဲ။
၎။ ချစ်သူတစ်ယောက်အတွက် ဒီလောက်ဘ၀ကို ထိုးကျွေးပစ်တာဟာ တန် သလား၊ ဘာကြောင့်လဲ။
၅။ ထမင်းလာတောင်းတဲ့လူကို မေးတော့ ဘာကြောင့် ညီအငယ်ဆုံးလေးကို အဖြစ်မှန် မပြောပြတာလဲ။ ပြောသင့်၊ မပြောသင့်။
၆။ ညီအငယ်ဆုံးလေး အစ်ကိုကြီးကြောင့် သေသွားတော့ ကျန်တဲ့ညီတွေက အစ် ကိုကြီးတွေက သတ်ချင်စိတ်ပေါက်သွားတယ်။ ဘာကြောင့် မသတ်ပစ်တာလဲ။
          ၇။ အစ်ကိုကြီးရဲ့ အနာဂတ်။
၈။ တကယ်ကော ရူးသလား။ ကဲ သားသားမီးမီးတို့ အဲဒီမေးခွန်းလေးတွေကို အိမ်မှာစဉ်းစားပြီးတော့ ဖြေခဲ့ကြပါ။ ဒီနေ့တော့ ဒီလောက်ပဲပေါ့ကွယ်။ ))  

မောင်မင်းစိုး


ဆွံ့အသွားတဲ့ ကလေး
အမှတ်စဉ်(၁၃)
----------------------------
          တစ်ခါက အဘိုးအိုနဲ့ မြေးလေးရှိတယ်။ သားအချစ် မြေးအနှစ်ဆိုတဲ့အတိုင်းပေါ့ အဘိုးဟာ မြေးလေးကို အရမ်းချစ်ရှာတယ်။ ဘယ်ကိုပဲသွားသွား သွားလေတိုင်းလိုလို မြေး ကလေးကို ခေါ်သွားလေ့ရှိတယ်။ ကလေးဟာ စူးစမ်းနေတဲ့အရွယ်ဆိုတော့ သူမသိတာမှန် သမျှကို အဘိုးဖြစ်သူကို မေးလေ့ရှိတယ်။ သူတို့နေတဲ့အရပ်ကတော့ မြို့ကြီးရဲ့ အနီးအနား က တောမဆန် မြို့မကျ မြို့အစွန်က ရပ်ကွက်လေးထဲမှာ နေထိုင်ကြတယ်။
          တစ်ရက်တော့ လိုင်းကားစီးပြီးတော့ အဘိုးအိုဟာ မြို့ထဲကို ထွက်လာခဲ့တယ်။ ခါ တိုင်းလိုပါပဲ မြေးကလေးကို ချီပိုးပြီးတော့ ကားဂိတ်သွား၊ အဲဒီကနေ မြို့ထဲသွားမယ့် လိုင်း ကားပေါ်တက်စီးခဲ့ကြတယ်။ တစ်နေရာရောက်တော့ လိုင်းကားဟာ ရပ်နေခဲ့တယ်။ ဒီတော့ မြေးကလေးက ဘာဖြစ်လို့ ရပ်တာလဲဆိုတာ သိချင်တာပေါ့။
          “ အဘိုး ကားက မသွားဘဲ ဘာဖြစ်လို့ ရပ်နေတာလဲ”
           အော် ဒါလား၊ ဟိုးရှေးမှာ မီးပွိုင့်ရှိတယ်လေ၊ တွေ့လား၊ အဲဒီ မီးပွိုင့်က မီးလေး တွေ မြင်လား၊ မီးအနီဖြစ်နေလို့ ရပ်နေခဲ့တာပေါ့” အဘိုးလည်း မြေးကလေးကို မီးပွိုင့်ကို ထိုးပြရင်း ပြန်ဖြေခဲ့လိုက်တယ်။
          ဒီလိုနဲ့ သွားမယ့်နေရာရောက်တော့ လိုင်းကားပေါ်က ဆင်းခဲ့ကြတယ်။ ဆင်းပြီး မကြာခင်မှာပဲ လမ်းပေါ်မှာ ကားတွေ စီတန်းရပ်နေတာကို ကလေးငယ်က မြင်တော့ မေး တာပေါ့။
          “ အဘိုး၊ ဒီကားတွေကလည်း မီးနီ ပြလို့ ရပ်နေခဲ့တာလား”
          “ မဟုတ်ဘူး၊ ငါ့မြေးရဲ့ ဒီကားတွေက လုပ်စရာကိစ္စတွေရှိတော့ အနီးအနား ခဏ ရပ်တာ” မြေးကလေးရဲ့ စိတ်ထဲမှာတော့ ခုနက အဘိုးပြောတော့ မီးနီပြမှ ရပ်ရတယ် ပြောသေး၊ ခုကျ ဘာမီးနီမှလည်း မပြဘဲနဲ့ ကိစ္စရှိလို့ ရပ်နေပြန်ပြီ၊ အော် ကိစ္စရှိရင် ရပ်ရပါ လားဆိုတာ အတွေး၊ အသိ တစ်ခုတိုးတဲ့ ပုံစံနဲ့ ဘာမှ မမေးတော့ဘဲ နေခဲ့လိုက်တယ်။
          အဲဒီလိုပဲ ကြော်ငြာဆိုင်းဘုတ်တွေမှာ လူရုပ်တွေ တွေ့တော့လည်း မေးတာပေါ့။ ဘာဖြစ်လို့ ဒီလူတွေက နေပူကျဲတဲကြီးထဲမှာ အပေါ်တက်ပြီး ရပ်နေရတာလဲဆိုတဲ့ မေးခွန်း ပါပဲ။ ဒါကိုလည်း အဘိုးက အကျိုးအကြောင်း ပြန်လည်ပြီးတော့ ဖြေလိုက်ရတယ်။ အဲဒီလို ရပ်နေရင်လည်း ငွေရတယ်ဆိုတာမျိုးကို အဘိုးက ပြောတော့ မြေးကလေးရဲ့ စိတ်ထဲမှာ ဘာမှမလုပ်ဘဲ ဒီလို နေပူထဲမှာ ရပ်နေရင်လည်း ငွေရတယ်ဆိုတာ သိလိုက်၊ တေးမှတ် ထားလိုက်တယ်။
          ဒီလိုနဲ့ ကုန်တိုက်တစ်ခုပေါ်တက်သွားတော့ ကော်ပတ်ရုပ်ကြီးတွေနဲ့ အမျိုးသမီး၊ အမျိုးသားပုံတွေ အ၀တ်အစားတွေ ၀တ်ပေးပြီးတော့ လက်ညှိုးညွှန်ပြနေပြီး မတုန်မလှုပ် ရပ်နေတာကိုလည်း မြေးကလေးတွေ့တော့ အဘိုးကို မေးလိုက်ပြန်တယ်။ အဘိုးလည်း မြေးကလေးမေးတိုင်းတွေကို တစ်ခုမကျန် ဖြေနေခဲ့ရတယ်။ ဒီလိုနဲ့ ကလေးဟာ တစ်ခုပြီး တစ်ခု မေးမြန်းနေခဲ့လိုက်တာပေါ့။
          ကုန်တိုက်ပေါ်ကနေ ထွက်ခဲ့ပြီးတော့ ချိန်းထားတဲ့ သူငယ်ချင်းရှိတဲ့ ဆိုင်ကိုထွက် သွားခဲ့တယ်။ မြေးကလေးကို ထားခဲ့လို့လည်းမရတော့ ဆိုင်ထဲကို မြေးကလေးကလည့်း ပါသွားခဲ့တာပေါ့၊ ဒီတော့ အသင့်စောင့်နေတဲ့ အဘိုးဖြစ်သူရဲ့ သူငယ်ချင်းဟာ ထိုင်နေတဲ့ ၀ိုင်းကနေ လှမ်းခေါ်လိုက်တယ်။ ဒါကြောင့် အဘိုးလည်း မြေးကလေးနဲ့အတူ အဲဒီဝိုင်းကို သွားခဲ့တယ်။
          ခဏနေတော့ ဖန်ခွက်ကြီးကြီးနှစ်လုံး လာချသွားတယ်။ နောက် အဲဒီခွက်တွေထဲကို စည်ဘီယာတွေ လာထည့်သွားတယ်။ ကလေးငယ်အတွက်ကတော့ ကုန်တိုက်ပေါ်က ၀ယ်လာခဲ့တဲ့ အချိုရည်ဗူးပါတော့ ဘာမှမမှာတော့ပါဘူး။ ဒီတော့ ကလေးငယ်ဟာ အသေ အချာကြည့်နေခဲ့တယ်။ ဖန်ခွက်ထဲမှာ အမြှပ်တစီစီထနေတဲ့ အရေတွေကို သူ့အရမ်း သောက်ချင်နေခဲ့တယ်။
          “ဘိုးဘိုး၊ သားသားလည်း အဲဒီအချိုရည်တွေ သောက်ချင်တယ်”
          “ ဒါက အချိုရည်မဟုတ်ဘူးကွ၊ လူကြီးတွေပဲ သောက်လို့ရတာ၊ ကလေးတွေ သောက်လို့မရဘူး၊ ဒါကြောင့် သားလက်ထဲ အအေးလေးကိုပဲ သောက်နော်”
          “ သားသား သောက်ချင်တယ်၊ ဒါကြီးကို သောက်ချင်တော့ဖူး”ဆိုပြီး မြေးဖြစ်သူက သူ့လက်ထဲမှာရှိတဲ့ အချိုရည်ပုလင်းကို လွှင့်ပစ်လိုက်တယ်။ အဘိုးဖြစ်သူလည်း စိတ် ပေါက်ပေါက်နဲ့ မြေးဖြစ်သူကို ဆူပူကြိမ်းမောင်းပြီးတော့ ထရိုက်ပစ်လိုက်တယ်။
          “ မင်းက တစ်လမ်းလုံးလည်း အေးအေးဆေးဆေးကို မနေရဘူး၊ ဟိုဟာစပ်စု၊ ဒီဟာစပ်စုနဲ့၊ ဟိုဟာမေး၊ ဒီဟာမေးနဲ့ အမေးအမြန်းကလည်း ထူးလိုက်တာ ပြောမနေနဲ့ ခုလည်း ဘာမှမဆိုင်ပါဘူးဆိုတာကို စပ်စပ်စုစုနဲ့ သောက်ချင်ပြန်တယ်” မြေးဖြစ်သူကို ခပ် ဆတ်ဆတ် နှစ်ချက်သုံးချက်လောက် ထရိုက်ပစ်လိုက်တယ်။
          ဒီလိုနဲ့ မြေးဖြစ်သူလည်း တစ်လမ်းလုံး တိတ်ဆိတ်ပြီး လိုက်လာခဲ့တယ်။ လမ်းမှာ တွေ့တာတွေထဲက သူသိချင်တာတွေကိုလည်း သိချင်ပေမယ့် ဘာတစ်ခုမှ မမေးတော့ ဘူး၊ အိမ်ပြန်ရောက်တော့လည်း ငူတူတူကြီး ထိုင်နေခဲ့တယ်။ သူ့အမေက ရိပ်မိလို့ မေးကြည့်တော့မှ အဘိုးလည်း ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြလိုက်ရတယ်။ ဒါတွေသိ တော့ အမေလုပ်သူလည်း သားစိတ်ဆိုးနေတာဖြစ်မယ်ဆိုတာသိတော့ ဟိုလိုချော့ ဒီလို ချော့နဲ့ လုပ်ခဲ့ပေမယ့် အဲဒီနေ့က စပြီးတော့ အဲဒီကလေးငယ်ဟာ စကားတစ်ခွန်းမှ မပြော တော့ဘဲ ဆွံ့ အသူတစ်ယောက်လို့ ဖြစ်သွားခဲ့တော့တယ်။  
          (( သားသား မီးမီးတို့ ဒီအကြောင်းအရာလေး နားထောင်လိုက်ရတော့ ပထမက တော့ သားသားမီးမီးတို့ မျက်နှာလေးတွေ ကြည့်ရတာ ကြည်ကြည်နူးနူး၊ ရွှန်ရွှန်လဲ့လဲ့နဲ့ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ကလေးကို ရိုက်တော့ ကိုယ့်ကိုယ်အရိုက်ခံလိုက်ရသလို၊ သားသား မီးမီးတို့ အမူအရာတွေ ညှိုးသွားတာ ဦးဦးစိုး သတိထားမိလိုက်တယ်။
          ဦးဦးစိုး ပြောချင်တာကတော့ လူ့ဘ၀ဆိုတာ အဲဒီလိုပဲ ပျော်ကြလိုက်၊ စိတ်ဆင်းစ ရာတွေနဲ့ ဆုံလိုက်ကြပေါ့၊ ဥပမာ-သားသားမီးမီးတို့ ကိုယ်လိုချင်တာလေးကို အိမ်က၀ယ် ပေးရင် ပျော်ကြတယ်၊ မရရင် စိတ်ဆင်းရဲကြတယ် မဟုတ်လား၊ အဲဒါကို လောကဓံလို့ ခေါ်တယ်။ အဲဒီလို လောကဓံဆိုတာနဲ့ တွေ့ကြုံလာရင် စိတ်ကိုတင်းတင်းကျပ်ကျပ် မထားဘဲနဲ့ အသာအသာ မောင်းထုတ်ပစ်နိုင်ရမယ်။ 
          ခုနက ကလေးကိုတော့ ဦးဦးစိုးကတော့ အပြစ်မမြင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးဆိုတာ ဒီလိုပဲ သူတို့ သိချင်တာကို မေးကြမယ်၊ လိုချင်တာကို တောင်းကြမယ်။ ဒါကိုလူကြီးတွေက စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းပေးနိုင်ရမှာပေါ့။
နောက်တစ်ခုက ကလေးတွေကို ချစ်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ် လောက်ပဲချစ်ချစ် ကလေးနဲ့မဆိုင်တဲ့ အရက်ဆိုင်လိုနေရာမျိုးတွေကို ခေါ်မသွားသင့်ဘူး။ ဒါကတော့ လူကြီးတွေ သတိထားရမယ့်အချက်ပါပဲ။
          နောက် သတိထားရမယ့်အချက်ကတော့ သားသားမီးမီးတို့ကလည်း ကိုယ်နဲ့မဆိုင်တဲ့ အလုပ်မျိုးဆို လူကြီးတွေ စိတ်ဆင်းရဲအောင် မလုပ်ရဘူး။ အဲဒီလို လုပ်ရင် လူကြီးတွေ အပြစ်ပေးတတ်ကြတယ်။ အဲဒီလို အပြစ်ပေးရင်လည်း ငါ့ကိုကောင်း အောင် သွန်သင်တာပဲဆိုတာမျိုးအထိ တွေးပြီးတော့ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံနိုင်ရမယ်။ ခုနက ကလေးကိုတော့ ဦးဦးစိုးက အပြစ်မမြင်ဘူးဆိုတာ ပြောခဲ့ပြီးပြီနော်။ ဒါပေမယ့် သားသား မီးမီးတို့ သင်္ခန်းစာအနေနဲ့ ယူရမှာကတော့ ကိုယ်နဲ့မဆိုင်ရင် လူကြီးတွေကို စိတ်ဆင်းရဲ အောင်တော့ သွားမလုပ်ပါနဲ့လို့ ဦးဦးစိုး မှာချင်ပါတယ်။
တကယ်တော့ မြေးဖြစ်သူဟာ သူ့အနေနဲ့ သိချင်တာတွေ မေးရင် အခုလိုပဲ ရိုက်ခံ ရမယ်ဆိုတဲ့ အသိကြီးက ခေါင်းထဲဝင်သွားပြီးတော့ ဘာမှမပြောချင်၊ မမေးချင်ဘဲ ဖြစ်သွား တာ။ ဦးဦးစိုးလည်း စိတ်မကောင်းပါဘူး။
အမှန်က ကလေးဆိုတာမျိုးက စူးစမ်းချင်တယ်၊ မေးချင်တယ်၊ သိချင်တယ်။ လိုချင်တယ်။ အဲဒါ ကလေးတွေရဲ့ သဘာဝပဲ။ ဦးဦးစိုးကိုတော့ သားသားမီးမီးတို့ သိချင် တာရှိရင် မေးမြန်းပါ။ ဦးဦးစိုးလည်း တတ်နိုင်သမျှ ဖြေပေးပါ့မယ်။
အဘိုးဖြစ်သူက  တကယ်တော့ မြေးကလေးကို  အရမ်းချစ်ရှာပါတယ်။  ဒါပေမယ့်
သူ့အနေနဲ့ မခေါ်သင့်တဲ့ နေရာမျိုး ခေါ်သွားမိတာ အပြစ်လုပ်လိုက်မိတာပါပဲ။ ဦးဦးစိုးလည်း အဲဒီကလေးလေးကို စကားတွေ ပြန်ပြောစေချင်တယ်။
ကလေးဆိုတာမျိုးက နာကျည်းချက်တွေဖြစ်ဖြစ်၊ ကောင်းတာတွေဖြစ်ဖြစ် ငယ်ငယ် က ရိုက်သွင်းခံရရင် ဒီလိုပဲ အရိုးစွဲတဲ့အထိ အမှတ်အသားဖြစ်သွားပြီး စိတ်ခံစားမှုတွေ ဖြစ်သွားတတ်ကြတယ်။ ဒါကြောင့် ကလေးငယ်ကို ဘယ်တော့မှ နာကျင်မှုတွေ၊ နာကျည်း မှုတွေကို မပေးမိအောင် လူကြီးတွေက သတိထားရမယ်။
 သားသားမီးမီးတို့လည်း တစ်နေ့လူကြီးတွေ ဖြစ်လာကြမယ်မဟုတ်လား၊ အဲဒီ အချိန်ရောက်ရင် ဦးဦးစိုးပြောတာတွေကို သတိတရရှိပြီး လိုက်နာစေချင်တယ်။ ကဲ ဒီနေ့တော့ ဒါပါပဲ။ ))
မောင်မင်းစိုး

        မခေါ်လိုက်ရတဲ့ အမေံ
အမှတ်စဉ်(၁၄)
-----------------------------

တစ်ခါက ရွာတစ်ရွာ မိသားစုလေးတစ်ခု ရှိတယ်။ မိဘနဲ့ သားသမီးတွေဟာ တိုင်တိုင်ပင်ပင် ရှိပြီး စည်းလုံး ညီညွတ်မှုရှိကြတယ်။ အချမ်းသာကြီး မဟုတ်ပေမယ့် မိသားစုအတွက်တော့ ပြည့်စုံလုံလောက်တဲ့ အနေအထားရှိပါတယ်။ အထူးသဖြင့်တော့ ဒီ မိသားစုကို အမေဖြစ်သူက ဦးဆောင်နေခဲ့တယ်ပေါ့။ အရာရာဟာ အမေပြီးရင်ပြီးတာပါပဲ။ ဒီတော့ အမေကို သားသမီးတွေက အရမ်းချစ်ကြတယ်။

ဖခင်ဖြစ်သူကတော့ မသောက်မစားဆိုပေမယ့် အေးအေးဆေးဆေး ရှိလှတယ်။ ခေတ်စကားနဲ့ပြောရင်တော့ သိပ်ပြီး လူတောမတိုးချင်ဘူး။ ဒါပေမယ့် လူမှုရေးတွေမှာ တော့ ဖခင်ဖြစ်သူဟာ ဘယ်တော့မှ လက်မတွန့်ဘူး။ စေတနာ သဒ္ဓါတရားအရမ်းပဲ ကောင်းလွန်းတယ်လို့ ဆိုရမှာပေါ့။

သို့သော်လည်းပဲ ဒီလိုချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ရှိသွားတဲ့ မိသားစုလေးဟာ တစ်ကွဲတပြားဖြစ်သွားခဲ့တယ်။ ကံကြမ္မာကိုပဲ အပြစ်ပုံချရမလားတော့ မသိဘူးပေါ့။ မိခင် ဖြစ်သူဟာ နောက်ထပ်အိမ်ထောင်ပြုသွားတယ်။ ဒီတော့ သားသမီးတွေဟာ ဖခင်ဖြစ်သူနဲ့ ကျန်နေရစ်ခဲ့တယ်။ ဆိုးတာကတော့ လသားသမီးလေးကို ထားခဲ့ခြင်းပဲ။  ဒီကလေးရဲ့ အနာဂတ်ဟာ ကျန်တဲ့သားသမီးတွေအပေါ်မှာ မူတည်နေခဲ့တယ်။ ဒီတော့ အမဖြစ်သူဟာ ငယ်ငယ်ရွယ်ရွယ်ဆိုပေမယ့် ကျောင်းစာတစ်ဖက်နဲ့ ညီမဖြစ်သူလေးကို ထိန်းကျောင်း ရတာပေါ့။

မိမိအတွက်စိတ်ထဲ ကသိကအောက်မဖြစ်ပေမယ့် ညီမလေးကို ထားသွားခဲ့လေ တော့ ကျန်တဲ့သားသမီးတွေဟာ အမေလုပ်သူကို အမုန်းကြီးမုန်းသွားခဲ့တယ်။ အထူးသ ဖြင့်တော့ အမဖြစ်သူက အမုန်းဆုံးလို့ဆိုရမှာပေါ့်။ မိခင်ဖြစ်သူဟာလည်း တကယ်တမ်း ကတော့ သားသမီးတွေအပေါ် ချစ်စိတ်ကတော့ မကုန်ပါဘူး။ ဒါကြောင့် တစ်ခါတခါတော့ အဖေလုပ်သူမသိအောင် သားသမီးတွေကို ထောက်ပံ့လေ့ရှိပါတယ်။

သို့သော်လည်းပဲ အခြားသူတွေအနေနဲ့ ဘာမှခေါင်းထဲမထားပေမယ့် အစ်မ လုပ်သူကတော့ မိခင်ဖြစ်သူကို အမေလို့ သတ်မှတ်ရမှာကို ရှက်ကြောက်စိတ်တွေနဲ့ နာကျည်းမိသူပေါ့။ ကျောင်းမှာ မိဘနာမည် စာရင်းပေးတာတောင် အမေလုပ်သူကို မလွှဲသာလို့တာ ထည့်ရတာ အမေနေရာမှာကို မဖော်ပြချင်ဘူးပေါ့။

ဒီလို အဖေလုပ်သူနဲ့ အဘိုးအဘွားတွေရဲ့ ကူညီစောင့်ရှောက်မှုနဲ့ သူတို့ရဲ့ မိသားစု လေးဟာ စိုစိုပြေပြေရှိလာခဲ့တယ်။ တင့်တောင့်တင့်တယ်ဖြစ်လာခဲ့တယ်။ ပြည့်စုံတဲ့ အနေ အထားတစ်ခုကို ဖန်တီးတည်ဆောက်နိုင်ခဲ့တယ်။ ဘွဲ့တွေအသီးသီးရတဲ့အထိ ပညာတွေ ကိုလည်း သင်ယူနိုင်ခဲ့တယ်။

အမေလုပ်သူကလည်း တစ်မြို့ထဲမှာနေတော့ မကြာခဏဆိုသလို တွေ့ခဲ့ကြပါ တယ်။ ဒါပေမယ့် သမီးအကြီးဖြစ်သူကတော့ အမေကို လှမ်းမြင်လိုက်ရတယ်ဆိုရင် အဝေး ကနေပဲ မတွေ့အောင် ရှောင်ကွင်းပြီးတော့ ထွက်သွားတတ်တယ်။ တစ်ခါတလေ မမျှော် လင့်ဘဲ ထိပ်တိုက်တွေ့ရတဲ့အခါမျိုးမှာတော့ အမေလုပ်သူက နှုတ်ဆက်စကားဆိုပေမယ့် သူမအနေနဲ့ ဘာမှပြန်လည်ပြီးတော့ ပြောဆိုမနေဘဲ ခပ်တည်တည်ပဲ လှည့်ထွက်သွား တတ်တယ်ပေါ့။

ဒီလိုနဲ့ သားသမီးတွေဟာလည်း ကိုယ်ပိုင်အသိ၊ အတွေး ဆင်ခြင်ဥာဏ်တွေရှိခဲ့ တာကြောင့် လုပ်ငန်းတစ်ခုမှာ ဦးစီးပြီးတော့ ကိုယ်ပိုင်လုပ်ငန်းတွေကို အောင်အောင်မြင် မြင် ဦးဆောင်ဦးရွက်ဖြစ်လာခဲ့တယ်။ စာလည်းဖတ်ကြတော့ အသိဥာဏ်တွေလည်း မြင့် မြင့်လာခဲ့ကြတယ်။

တစ်နေ့ “မိဘဂုဏ်ရည်”ဆိုတဲ့ စာအုပ်လေးတစ်အုပ်ကို မမျှော်လင့်ဘဲ ဖတ်လိုက်ရ တယ်ဆိုရင်ပဲ အမေကို အရမ်းမုန်းတီးနေတဲ့ သမီးအကြီးဟာ -
“ အင်း၊ အမေဟာ အမေပဲ၊ အမေဟာ အမေပဲ လေ”

အဲဒီလိုစိတ်ထဲမှာ ရေရွတ်ရင်း အမေဖြစ်သူကို ပြန်လည်ပြီးတော့ သူဘာကြီးဖြစ်နေ ဖြစ်နေ ငါ့အမေပဲဆိုတဲ့ အတွေး၊ အသိရလိုက်တာကြောင့် မိခင်ဖြစ်သူကို ဒီတစ်ခါတွေ့ရင် တော့ အမေလို့ အားရပါးရ ခေါ်ဖို့ စိတ်ထဲ တေးမှတ်ထားလိုက်တယ်။
တစ်နေ့ အမေဖြစ်သူနဲ့ ဈေးမှာ ကြုံလိုက်ပါတယ်။ ခါတိုင်းလိုတော့ မာမာတင်း တင်းမရှိတော့ဘူးဆိုတာ သူမကိုသူမ သိလိုက်တယ်။ ဒါပေမယ့် သူ ခေါ်ချင်လှတဲ့ အမေ ဆိုတဲ့ အသံကိုတော့ စိတ်ထဲမှာ ခေါ်လိုက်ပေမယ့် နှုတ်ထဲကနေ ထွက်ပေါ်မလာခဲ့သေးပါ ဘူး။ အမေဖြစ်သူက ပြုံးပြတော့ သူမလည်း ပြုံးပြလိုက်တယ်။ ဒါကတော့ အမေ့အပေါ် စတင်ပြီးတော့ သူမရဲ့ ပြောင်းလဲလာတဲ့ အပြုအမူပေါ့။

ဒီလိုပဲ နောက်ထပ်လည်း အမေလုပ်သူနဲ့ မကြာခဏဆိုသလို ဆုံပါတယ်။ ဒါပေ မယ့် ခုထိတော့ သူမ ခေါ်ချင်တဲ့ အမေဆိုတဲ့ အသံမျိုးကိုတော့ နှုတ်ကနေထွက်ပြီး မခေါ် နိုင်သေးပါဘူး။ တစ်ခါတလေ “သမီးလေး ဘယ်သွားမလို့လဲ”ဆိုတဲ့ အမေရဲ့ နှုတ်ဆက်သံ မှာ စိတ်မျောပါသွားပေမယ့် သူမကိုယ်တိုင်ကတော့ အရမ်းခေါ်ချင်တဲ့ အမေဆိုတဲ့အ အသံကို ထွက်မလာခဲ့သေးပါဘူး။

တစ်ရက် အမေဖြစ်သူ မကျန်းမာဘူးဆိုတာ သိလိုက်တယ်။ အိမ်ကိုသွားမေးရင် ကောင်းမယ်ဆိုပြီး သူမကိုသူမ အရဲစွန့်ပြီးတော့ ထွက်သွားခဲ့တယ်။ အမေဖြစ်သူရဲ့ အိမ်ကို ရောက်တော့ ဆူဆူညံညံဖြစ်နေတာ၊ တစ်ချို့ ငိုနေတဲ့အသံကို ကြားလိုက်ရတော့ အမေ တစ်ခုခု ဖြစ်သွားပြီလားဆိုတဲ့ စိုးစိတ်က ရင်ထဲရောက်လာပြီး တစ်ကိုယ်လုံး တောင့်တောင့် ကြီးဖြစ်သွားခဲ့တယ်။ အိမ်ရောက်တော့ သူမထင်ထားတဲ့အတိုင်းပါပဲ အမေလုပ်သူ ဆုံးပါး သွားခဲ့ပါပြီ။ သူမခေါ်ချင်လှတဲ့ “အမေ”ဆိုတဲ့ အသံကို အော်ခေါ်လိုက်ရင်း သူမလည်း ချုံးပွဲ ချ ငိုကျွေးပစ်လိုက်ပါတယ်။

((ကဲ သားသားမီးမီးတို့ ဒီအကြောင်းအရာလေးကတော့ စိတ်ထဲမှာ စူးနစ်စွာ ခံစား ရမယ့် အကြောင်းအရာလေးလို့ ဦးဦးစိုး ထင်ပါတယ်။ သားသားမီးမီးတို့ထဲမှာလည်း ဒီလိုပဲ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘအသိုင်းဝိုင်းထဲက သားသားမီးမီးတွေ ပါရင်တော့ ဦးဦး စိုး တောင်းပန်ပါတယ်။

အမေဟာ အမေပါပဲ။ သူဘာဖြစ်နေဖြစ်နေ သားသားမီးမီးတို့ကို အသက်နဲ့ရင်းပြီး မွေးလာခဲ့ရတာပါ။ အကြောင်းမတိုက်ဆိုင်လို့ ဘ၀ပေးကံကြမ္မာအရ အခုလို အိမ်ထောင် ရေး ပြိုကွဲသွားပေမယ့် အမေကတော့ သားသားမီးမီးတို့ကို ချစ်နေမှာပါပဲ။
ဒါပေမယ့် အထူးသတိထားရမှာကတော့ တကယ်တမ်း မိဘတွေက သားသားမီးမီး တို့ကို အရမ်းချစ်တယ်ဆိုရင်တော့ ကိုယ်ပိုင်အတွေးနဲ့ စိတ်ခံစားမှု၊ အတ္တတစ်ခုကိုပဲ ရှေ့ တန်းမတင်ဘဲ ရရှိထားတဲ့ ဘ၀လေးကို သားတွေ သမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း သွားဖို့တော့ လိုအပ်တယ်ပေါ့။

ခုနက အစ်မလုပ်သူကို ဦးဦးစိုးကတော့ အပြစ်မတင်ပါဘူး၊ ဒါပေမယ့် သူမဟာ အသိရတာ ကြာနေပေမယ့် မျှော်လင့်ထားတဲ့အတိုင်း သက်ရှိထင်ရှား ရှိစဉ်မှာတော့ အမေ လို့ ခေါ်ချင်ပေမယ့် ခေါ်ခွင့်မရလိုက်ရရှာဘူး။

          သားသားမီးမီးတို့လည်း တစ်နေ့ဒီလိုနေရာတွေ ရောက်လာကြမှာ၊ အဲဒီအချိန်ကျ ရင် ဒီလိုမဖြစ်ရအောင်တော့ စောင့်ထိန်းစေချင်တယ်။ ကလေးတွေကိုလည်း ဒဏ်ရာမပေး စေချင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘ၀ပေးကံကြမ္မာကြောင့် တစ်ခုခုဖြစ်သွားရင်တောင် အမေဟာ အမေပါပဲ၊ အဲဒီလိုပဲ အဖေဟာ အဖေပါပဲဆိုတဲ့ အသိလေးတော့ ရှိစေချင် ပါတယ်။ ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ။))
မောင်မင်းစိုး

လူတစ်ယောက်ရဲ့ တန်ဖိုး
အမှတ်စဉ်(၁၅)
-------------------------------
တစ်ခါက မြို့နဲ့အတော်ကလေး လှမ်းတဲ့နေရာလေးမှာ စာရေးဆရာဆိုသူ တစ် ယောက်ရှိတယ်။ အဲဒီ ကျေးရွာမှာတော့ ဘွဲ့ရ ပညာတတ်ဆိုရမှာပေါ့။ ဒါပေမယ့်သူ့ကို ဘွဲ့ရပညာတတ်ဆိုပေမယ့် ဘာအလုပ်မှ လုပ်တဲ့လူမဟုတ်ဘူးလို့ ထင်နေခဲ့တယ်။ သူ စာစောင်တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ စာတွေ ဘာတွေရေးနေတယ်ဆိုတာလဲ ဘယ် သူမှ မသိဘူး။ သူကလည်း ဘယ်သူ့မှ မသိအောင်ကို သိုသိုသိပ်သိပ် နေခဲ့ပါတယ်။
သူဟာ တစ်ခါတလေ တစ်ယောက်တည်း မြို့ပေါ်ကို တက်သွားတယ်။ ရေးထားတဲ့ စာမူတွေကို ပို့ပြီး၊ သူ့ဆီရောက်နေခဲ့တဲ့ စာမူခလေးတွေကို တစ်ခါတည်း ထုတ်ယူခဲ့တယ်။ စာတိုက်မှာရှိတဲ့ ၀န်ထမ်းတွေကလည်း သူနဲ့အရမ်းရင်းနှီး နေတော့ ဒီလိုပဲ ရောက်လာ တိုင်းသော စာမူခလေးတွေ၊ စာအုပ် ဂျာနယ်လေးတွေကို တစ်စုတစည်းဆိုသလို သိမ်းပေးထားခဲ့တယ်။ ဒီလောက် နှစ်ရှည်လများ ကြာတဲ့တိုင်အောင် ရွာကလူတွေကတော့ သူဘာမှမလုပ်ူလို့ဘဲ သိနေခဲ့တယ်။
သူ့ရွာကမသိပေမယ့် အခြားသူတွေကတော့ သူ့ကလောင်ကို ကောင်းကောင်းသိ ကြတယ်။ အထူးသဖြင့် နိုင်ငံရေးဆောင်းပါးတွေနဲ့ သူ့ကိုသတိထားပြီး သိနေခဲ့တယ်။ ဥပ ဒေနဲ့ ကျောင်းပြီးထားသူဖြစ်နေတော့ ဥပဒေရေးရာမှာလည်း နှံ့နှံ့စပ်စပ်ရှိတယ်။ သူ့ရွာက တော့ သူဘွဲ့ရသူတစ်ယောက်ဆိုတာပဲ သိကြတယ်။  ဘာဘွဲ့တွေ၊ ညာဘွဲ့တွေဆိုတာ ကိုတော့ သိလည်း မသိဘူး။ စိတ်လည်းဝင်စား ဟန်မတူပါဘူး။  နောက်သူကလောင်ဝှက် နဲ့ ရေးတဲ့ ရုပ်ရှင်ဝေဖန်ရေးတွေကလည်း အခြားသူနဲ့မတူဘူး၊ စာဖတ်ပရိသတ်ကတော့ သူ့ရဲ့ ရုပ်ရှင်ဝေဖန်ရေးတွေကိုလည်း စောင့်ဖတ်တယ်။ ဒါပေမယ့် နိုင်ငံရေးဆောင်းပါးတွေ ကို ရေးတဲ့ တစ်ယောက်ဆိုတာတော့ မသိဘူး။
အမှန်က သူ့အနေနဲ့ ကျေးရွာလူကြီးတစ်ယောက် ဖြစ်သင့်ပေမယ့်၊ ဘွဲ့တာရတာ လူတောတိုးရဲတဲ့လူမဟုတ်ဘူးဆိုပြီး၊ ကျေးရွာလူကြီးအဖြစ်လည်း မခန့်အပ်ကြပါဘူး။ သူကလည်း အဲဒီလို လုပ်ရတာမျိုးလည်း မလိုချင်ဘူး။ တကယ့်ကို သာမန်လူတစ်ယောက် လိုပဲ နေထိုင်ရတာမျိုးကိုပဲ ကြိုက်နှစ်သက်တယ်။
သူ့အတွက်အဖော်ကတော့ စာအုပ်စာတမ်းတွေပါပဲ။ နောက် ဘာသာရေး အသိ တွေလိုချင်ရင်တော့ ရွာဦးကျောင်းဆရာတော်ထံကို သွားပြီးမေးလေ့ရှိတယ်။ ဒါပေမယ့် သူ ကတော့ ဆရာတော့်ကိုတောင် သူဘာလုပ်နေတာဆိုတာမျိုး တစ်ခါမှ ပြောမပြထားသူပါပဲ။ အင်း သူကဒီလိုနေရတာ ကျေနပ်ပေမယ့် ကျေးရွာမှာရှိတဲ့ လူတွေကတော့ လက်ကြော တင်းတဲ့သူမဟုတ်၊ ဘာမှ ဟုတ်တိပတ်တိမလုပ်တဲ့ လူပိုကြီးလို့ပဲ မြင်နေခဲ့ကြတယ်။ သူ့ကို ဘွဲ့ရ ပညာတတ်လို့ သိပေမယ့် နည်းနည်းမှ အထင်ကြီးလေးစားမှုဆိုတာမျိုး မရှိဘူး။
သူ့အစ်မဖြစ်သူရယ်၊ အစ်မဖြစ်သူရဲ့ သမီးလေးရယ်နဲ့ အတူနေတာပေါ့။ အစ်မဖြစ် သူကတော့ စာအုပ်တွေထုတ်ထုတ်လာတာ၊ တကုတ်ကုတ်နဲ့ စာထိုင်ရေးနေတာမျိုးကိုပဲ သိတယ်။ အဲဒီလို စာစောင်တွေထဲမှာ ဘာစာတွေရေးတယ်ဆိုတာမျိုး၊ ဘယ်လို ကလောင်နဲ့ ရေးတယ်ဆိုတာမျိုးကို နည်းနည်းမှ စပ်စပ်စုစုပုံစံနဲ့ကို တစ်ခါတလေမှကို မမေးမိဘူး။ ဒါပေမယ့် သူ့မောင်ဖြစ်တဲ့ စာရေးသူကိုတော့ ဘာမှအပြစ်တင်တာမျိုး၊ ဝေဖန်တာမျိုးလည်း မရှိဘူး၊ သူလိုချင်တဲ့ ဗလာစာအုပ်လေးတွေ၊ ဘောပင်လေးတွေ ၀ယ်ခိုင်းတာမှအပ သူ့အတွက် ဘာမှထူးထူးခြားခြား ၀ယ်ခိုင်းတာမျိုးလည်း မရှိဘူး။ အ၀တ်အစားတောင် များများစားစားရှိတာ မဟုတ်ဘူး။ ဒါပေမယ့် အစ်မဖြစ်သူကတော့ သတိရရင်တော့ ၀ယ်ပေးလေ့ရှိပါတယ်။
အိမ်မှာကလည်း ဈေးရောင်းတော့ အဆင်ပြေပါတယ်။ တူမလေးကလည်း သူ့အ လုပ်နဲ့သူ၊ သူကလည်း ဘာမှ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းမရှိပါဘူး။ သူ့အမေလို သူ့ဦးလေး တစ်ယောက် စာရေးတယ်ဆိုတာလောက်ပဲ သိတယ်။ အခြားလည်း ဘာမှ စိတ်ဝင်စားဟန် မပြပါဘူး။ ဒီလိုပဲ နေနေခဲ့ကြတယ်။
တစ်နေ့ သူ့အိမ်ကို မြို့သားနှစ်ယောက် ဆိုင်ကယ်ငှားပြီး ရောက်လာခဲ့တယ်။ မြို့ ကလာတဲ့ လူဆိုတော့လည်း ရွာကလူတွေကတော့ ဘာရယ်တော့မဟုတ်ဘူး ၀ိုင်းဝန်းပြီး တော့ စပ်စုကြတာပေါ့။ ဒါပေမယ့် စာရေးဆရာကိုတော့ ဘယ်သူ့မှလည်း သိပ်ပြီးအရေး မလုပ်သလို၊ ဘာစကားကိုမှလည်းသွားပြီး မေးမြန်းကြတာတော့ မလုပ်ပါဘူး။ သူကလည်း အိမ်ကလူတွေတောင် ဘာလာလုပ်တယ်ဆိုတာမျိုး ပြောမပြပါဘူး။ အစ်မဖြစ်သူကတော့ ဧည့်သည်ဆိုတော့ ဧည့်သည်ဝတ္တရားအတိုင်း ရေနွေးကြမ်းလေး ဘာလေးချတာ လောက် ပဲ၊ သူတို့ ဘာပြောတယ်။ ဘာလုပ်တယ်ဆိုတာကိုတော့ မေးမြန်းမနေပါဘူး။
အဲဒီနေ့ကတော့ သိန်းဂဏန်းလောက်ရှိတဲ့ ငွေတွေကို အစ်မဖြစ်သူကို ပေးလိုက်ပါ တယ်။ အစ်မဖြစ်သူကလည်း ဘာမှမေးမြန်းမနေပါဘူး၊ သူပေးလိုက်တဲ့ ငွေတွေကို အသာ အယူပြီးတော့ သိမ်းထားလိုက်ပါတယ်။ ဆိုတော့ သူတို့ရဲ့ လူနေမှုစနစ်ဟာ အဲဒီလိုကို တိတ်ဆိတ်မှု ရှိလှပါတယ်။ စာရေးဆရာအနေနဲ့ အထူးသဖြင့် နောက်ထပ်ကြိုက်နှစ် သက်ပြီးတော့ အဖော်အဖြစ်ကတော့ ဆေးပြင်းလိပ်သောက်ခြင်းပါပဲ။ သူနေတဲ့နေရာမှာဆို ဆေးပြင်းလိပ် အနံ့က တော်တော်ပြင်းပြင်းပျပျရှိတော့ ကျန်တဲ့လူတွေကလည်း သွားပြီး နေရာရှင်းတာတို့၊ ဘာတို့ ဘာမှမလုပ်ပါဘူး။ သူကလည်း အဲဒီလို ရှင်းတာမျိုးကို ကြိုက်လည်းမကြိုက်ပါဘူး။
အဲဒီလိုနဲ့ တစ်ရက်မှာတော့ ဆေးပြင်းလိပ်ဒဏ်ကို ခံလိုက်ရတယ် ထင်တယ်။ အမောဖောက်တယ်။ ဒါပေမယ့် သူ့ကိုလည်း ကျန်တဲ့လူတွေက ခါတိုင်းလို စပ်စုတာမျိုး မရှိတော့ သူဘာဖြစ်နေတယ်ဆိုတာ မသိလိုက်ဘူး။ ညနေရောက်တော့ ထမင်းတစ်နေ့လုံး တစ်ခါမှလာမစားတာကို သိတော့ အစ်မဖြစ်သူက သွားကြည့်လိုက်တယ်၊ ဒါပေမယ့် သူအသက်မရှိတော့ပါဘူး။
          သူသေပြီး မကြာခင်မှာပဲ၊ ဟိုတစ်ခါလာဖူးတဲ့ မြို့သားတွေ ပြန်ရောက်လာပါတယ်။ သူ့ကို မေးတောူ့မရှိတော့ဘူးဆိုတာ အစ်မလုပ်သူ ပြောပြလိုက်တယ်။ သူတို့ကလည်း လာရင်းကိစ္စကို ပြောပြတယ်။ အမှန်ကတော့ ကျန်တဲ့လူတွေလည်း သူတို့လုပ်ခဲ့တဲ့ အနေ အထားကို စာရေးသူ ပြောပြထားမယ်ထင်ထားခဲ့တာပေါ့။ ဒါပေမယ့် တကယ့်ကို ဘာမှ မသိကြဘူးဆိုတာသိတော့မှ အကျိုးအကြောင်း စုံလင်အောင်ပြောပြလိုက်တယ်။
          ဖိတ်စာနှစ်စောင်နဲ့အတူ ဧည့်ခံပွဲတစ်ခု တက်ရောက်ဖို့ကိုလည်း အစ်မဖြစ်သူကို ပေးထားခဲ့ပါတယ်။ အဲဒါကတော့ အကယ်ဒမီရလို့ ဂုဏ်ပြုပူဇော်ပွဲပါပဲ။ သူရေးထားတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းဖြစ်တဲ့ ဇာတ်ကားကြီး အကယ်ဒမီရ၊ အမျိုးသမီးဇာတ်ဆောင်ဆု လည်းရဆိုတော့ ထုတ်လုပ်သူက ဂုဏ်ပြုပွဲကြီးလုပ်ပေးတာပေါ့၊ အစ်မဖြစ်သူလည်း အဲဒီပွဲ ရောက်မှပဲ သိလိုက်ရတယ်။ သူကတော့ တက်မသွားခဲ့ဘူး၊ ရှိရင်လည်း တက်ပါ့မလား တော့ မပြောတတ်ပါဘူး။
          ((ကဲ သားသားမီးမီးတို့ ဒီနေ့ ပုံပြင်ကတော့ သားသားမီးမီးတို့အတွက် အနည်းငယ် လေးသွားမယ့် အကြောင်းအရာများ ဖြစ်နေမလားလို့ ဦးဦးစိုးထင်ပါတယ်။ ဒါပေမယ့် ဦးဦး စိုးက အတွေးပေးချင်တာကြောင့်ရယ် အနည်းငယ်လေးတဲ့ အကြောင်းအရာလေးကို ပြောပြလိုက်ခြင်းဖြစ်ပါတယ်။  
          အထူးသဖြင့် သူ့ဘ၀ရဲ့ နေထိုင်ဖြတ်သန်းမှုအကြောင်းကိုပဲ ပြောဆိုစေချင်ပါတယ်။ ဥပမာ-လူ့ဘ၀ရောက်တာ တန်သလား၊ မတန်ဘူးလား၊ ရွာသားတွေရဲ့ သူ့အပေါ်အမြင်၊ လျှို့ဝှက်ချက်ရဲ့ အနေအထား၊ မိသားစုနှင့် ရွာသားတွေရဲ့ ဆက်ဆံရေး၊ လူသားအကျိုးပြု၊ ထိုက်တန်တဲ့ တန်ဖိုးလားဆိုတဲ့အကြောင်းအရာစတာတွေကို ကိုယ်မြင်သလို အဖြေ ပေးစေချင်တယ်။ ကိုယ့်အမြင်ကိုပဲ ချပြတာမျိုးဆိုတော့ ကိုယ်တွေးထားတဲ့ အတွေး၊ အသိ၊ ရလိုက်တဲ့သင်္ခန်းစာကိုပဲ ပြောပြရမှာဆိုတော့ မှန်တယ်၊ မှားတယ်ဆိုတာ အရေးမကြီးဘဲ ချပြရဲသတ္တိလေးကိုပဲ ဦးဦးစိုး လိုချင်ပါတယ်။ ဒါကြောင့် နောက်နေ့ရောက်ရင် တစ်ယောက် ချင်းဆီ ချပြရမယ်။ ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ))
မောင်မင်းစိုး

မမြင်ရတဲ့ အပြောင်းအလဲ
အမှတ်စဉ်(၁၆)
-------------------------------
တစ်ခါက သူတော်စင်တစ်ပါးနဲ့ တပည့်ဖြစ်သူတို့ ခရီးတစ်ခုကို အတူထွက်ခဲ့ကြ တယ်။ တစ်ရွာဝင်တစ်ရွာထွက်ပေါ့။ အမှန်ကတော့ သူ့ကျောင်းသင်္ခန်းမှာ နေတာကြာတော့ အနည်းငယ် ငြီးငွေ့တဲ့အတွက် စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်းဖြစ်ပါတယ်။ တပည့် လုပ်သူကတော့ ဆရာ့အတွက် ဝေယျာဝစ္စလုပ်ပေးဖို့ အတူလိုက်ပါသွားတာပေါ့။
ဒီလိုနဲ့ ခရီးတွေ တစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ် သွားနေလိုက်တာ။ ရွာလေးတွေလည်း တော်တော်များများကျော်ဖြတ်လာခဲ့ကြပြီ။ ဒါပေမယ့် သူတို့ကတော့ ခရီးသွားရတာကိုနှစ်ခြိုက်တဲ့အတွက်ကြောင့်ရယ်၊ ဒေသန္တရဗဟုသုတလည်း ရတယ်ဆိုပြီး ဆက်လက်ပြီး ထွက်ခွာလျက်ပါပဲ။ တစ်နေရာရောက်တော့ မမျှော်လင့်ပဲ အပမ်းဖြေစခန်း ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်သွားခဲ့တယ်။
အပမ်းဖြေစခန်းကလည်း တကယ့်ကို ထည်ထည်ဝါ၀ါပါပဲ၊ ကမ်းခြေတလျောက်မှာ လည်း လူတွေဟိုတစ်စု ဒီတစ်စုနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားသူနဲ့ သောက်စားနေကြတာ နဲ့ များစွာကို တွေ့မြင်လိုက်ပါတယ်။ ဒီမြင်ကွင်းကို တပည့်လုပ်သူကတော့ အတော်လေး သဘောကျနေပေမယ့် ဆရာလုပ်သူကတော့ စိတ်ထဲမှာ တစ်မျိုးကြီးခံစားနေရတယ်။
“ဟိုမှာကြည့်စမ်းပါဦး၊ အ၀တ်အစားတောင် ပါသလားမသိဘူး၊ တစ်ယောက်နဲ့ တစ် ယောက် ပျော်မြူးနေလိုက်ကြတာ၊ ယိုသူမယှက် မြင်သူယှက်ဆိုသလို သူ့တို့အစား ငါတော့ မျက်နှာပူတယ်၊ ယဉ်ကျေးမှုဆိုတာ တားဆီးလို့မရပါဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အဲဒီလောက်ကြီး ဖြစ်ပျက်နေတာမျိုးကတော့ သိပ်မဟန်ဘူးနဲ့တူတယ်” ဆရာ လုပ်သူဟာ သမီးရည်စားအတွဲရဲ့ လွန်လွန်ကျူးကျူး ပျော်မြူးနေဟန် ကို လက်ညှိုးညွှန်ပြ ရင်း တပည့်ဖြစ်သူကို စကားဆိုလိုက်ပါတယ်။
“ဟုတ် ဆရာကြီး၊ ကျွန်တော်မျိုးကတော့ သူတို့ကို အပြစ်မမြင်ပါဘူး၊ ကိုယ်တိုင်ပဲ အပြစ်မြင်မိပါတယ်၊ တကယ်တော့ ဒီနေရာက ဆရာကြီးတို့ ကျွန်တော်တို့လာရမယ့်နေရာ မဟုတ်ဘူး၊ အပမ်းဖြေလိုက်သူ၊ အပျော်အပါးလိုက်စားသူတွေအတွက် သီးသန့်နေရာလို ဖြစ်နေတယ်။ ဒါကြောင့် သူတို့အပြစ်မဟုတ်ပါဘူး ဆရာ” လို့ တပည့်က ပြန်ပြောလိုက် တယ်။ ဒီတော့ ဆရာကြီးလည်း တပည့်လုပ်သူကို ဘာမှ ပြန်ပြောမနေနဲ့တော့ဘဲ ကဲအဲဒါ ဆို ငါတို့ ခရီးဆက်ထွက်မယ်။ ဒီတစ်ခါခရီးမှာတော့ အေးအေးလူလူတစ်နေရာတည်းမှာ အတော်ကြာကြာ နေထိုင်ကြမယ်ဆိုပြီး ခရီးဆက်ထွက်ခဲ့ကြတယ်။
ဒီလိုနဲ့ ဆရာလုပ်သူဟာ အင်မတန်တောနက်တဲ့ထဲထိ သွားပြီးတော့ ကျောက်ဂူ ကောင်းကောင်းတွေ့တာနဲ့ အဲဒီနေရာမှာပဲ နေထိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ တကယ့်ကို အေးမြပြီး တိတ်ဆိတ်တဲ့နေရာပဲပေါ့။ ဒါပေမယ့် တပည့်လုပ်သူက ဒီလို လူသူ မနီး နှစ်ယောက်တည်း အထီးတည်းနေနေရတာကို သိပ်ပြီးဘ၀င်မကျဘူး။ ဒါကြောင့် ဆရာဖြစ်သူကို ခရီးဆက်သွားဖို့ အရိပ်အမြွက်လေးတွေ ပြောနေခဲ့တယ်။ ဒါပေမယ့် ဆရာ ဖြစ်သူကတော့ ဒီနေရာဟာ ငါတို့အတွက် အသင့်တော်ဆုံးဆိုတဲ့ စကားနဲ့ပဲ ဘယ်မှမသွား ခဲ့တော့ဘူးပေါ့။
တစ်ရက်တော့ တပည့်လုပ်သူဟာ ဆရာလုပ်သူ မသိအောင် အသာအယာ နောက် ပြန်လှည့်လာခဲ့တယ်။ အဲဒီနေကစပြီး နှစ်ပေါင်းဆယ်စုနှစ်ချီအောင် သူတို့နှစ်ဦးဟာ လမ်းခွဲ လိုက်တာ တစ်ယောက်ကိုတစ်ယောက် မတွေ့ခဲ့ကြတော့ဘူး။
သူတော်စင် သီတင်းသုံးတဲ့နေရာ မီးလောင်ကြောင်း ကြားသိကြတယ်။ နောက်ပြီး မီးဒဏ်ခံလိုက်ရတာကြောင့် သူတော်စင်လည်း ဒဏ်ရာပြင်းထန်ကြောင်း သတင်းတစ်ပုဒ် ပြန့်နှံ့လာခဲ့တယ်။ ရွာနဲ့လည်း သိပ်မဝေးတော့ အဲဒီနေရာကို ရွာသားတွေကိုယ်စီသွားခဲ့ကြ တယ်။
“ဟာ ဘယ်လိုဖြစ်တာလဲ၊ ဒီလူကို ငါသိနေသလိုပဲဆိုပြီး မီးလောင်ဒဏ်အပြင်း အထန် ခံစားနေရတဲ့ သူတော်စင်အနီးအနားကို ရွာသားတစ်ယောက်က တိုးကပ်သွားခဲ့ တယ်။ ဟုတ်ပါတယ်၊ ငါ့ကို တောထဲမှာ ပစ်ထားခဲ့တဲ့ တပည့်လုပ်သူပါပဲ” တဲ့။
“ငါ့တပည့်”ဆိုတဲ့ အသံကို သူတော်စင်ကြီးက ကြားလိုက်တယ်ဆိုရင်ပဲ မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တယ်။ ဟုတ်ပါတယ်၊ သူ့အနီးအနားမှာ မတ်တပ်ရပ်နေတဲ့ ဒကာ ကြီးဟာ တစ်ချိန်က သူ့ဆရာဖြစ်တဲ့ သူတော်စင်ကြီးပါပဲ။
အဲဒီလိုနဲ့ သူတော်စင်ဟာ ဒကာကြီးကို ပြုံးပြုံးလေး  ကြည့်လိုက်ပြီး၊ သူသိတယ် ဆိုတဲ့အမူအရာလေး ပြလိုက်ပြီးတော့ အဲဒီနေရာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
((ကဲ သားသားမီးမီးတို့ ဒီပုံပြင်လေး ကြားလိုက်ရတော့ စိတ်ထဲမှာတစ်ခုခုပြောချင် နေမယ်ဆိုတာ ဦးဦးစိုး သိပါတယ်။ အဲဒီလိုပဲ လူ့ဘ၀ဆိုတာ မျှော်လင့်သလို ဖြစ်မလာတာ တွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ကိုယ့်ဝန်းကျင်လေးမှာ ဖြစ်သလိုမဟုတ်တောင် တကယ့်ကို အနှစ်သာရရှိရှိ နေထိုင်သွားဖို့တော့ လိုအပ်ပါလိမ့်မယ်။
ဒီထဲမှာ ယဉ်ကျေးမှုဆိုတာတွေကို သားသားမီးမီးတို့လည်း ကြားလိုက်ရတယ်မ ဟုတ်လား။ အခုဆို ဦးဦးစိုးတို့ တောရွာတွေအထိ ဒီယဉ်ကျေးမှုတွေကတော့ တစ်စတစ ဆိုသလို ကူးစက်လာနေခဲ့တယ်ဆိုတာ သားသားမီးမီးတို့လည်း မြင်တယ်မဟုတ်လား။ ဒါပေမယ့် ယိုမယှက် မြင်သူယှက်ဆိုသလို ကိုယ့်ကိုယ်ကို အရမ်းကြီးဟော့ဟော့ရမ်းရမ်း နေထိုင်ပြီး၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ ပုံစံနဲ့ဆိုရင်တော့ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်သွားနိုင် တယ်။ ဒါကြောင့် သတိထား ဆင်ခြင်ပြီး နေထိုင်ပါ။ ကိုယ့်ယဉ်ကျေးမှုဆိုတာကိုလည်း တန် ဖိုးထား လေးစားတတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
နောက် ကိုယ့်နေရာမှာကိုယ်နေပေါ့ဆိုတဲ့ ဆုံးမစကားတွေ ကြားဖူးတယ်မဟုတ် လား။ ဒါကတော့ စဉ်းစားပြီး ကိုယ်နဲ့ ဆိုင်သလား၊ ပတ်သက်သလား၊ ဘာအကျိုးရှိမလဲဆို တာမျိုးတွေ စဉ်းစားပြီးတော့ နေထိုင်တတ်ရမယ်။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုပ်ဆိုတာ သားသားမီးမီးတို့ ကြားဖူးတယ်မဟုတ်လား။
လူတွေနဲ့အတူရောယှက်ပြီး မနေသင့်ဘူးဆိုတာမျိုးတော့ ဦးဦးစိုးက သိပ်သဘော မကျဘူး။ ကိုယ့်အတွက် သူ့အတွက် သင့်တော်လျောက်ပတ်တဲ့ နေရာဖြစ်နေမယ်ဆိုရင် တော့ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့်နေရာမျိုးမှာ နေထိုင်တာကတော့ ပိုပြီးတန်ဖိုးရှိတယ်လို့ ထင်ပါတယ်။
နောက်တစ်ချက်ကတော့ ဘ၀တွေဟာ ရှေးမှာဘာဖြစ်မယ်ဆိုတာ မမြင်နိုင်ဘူး၊ ဒီတော့ ကိုယ်ရောက်တဲ့နေရာလေးမှာတော့ ကျေကျေနပ်နပ် နှစ်နှစ်ခြိုက်ခြိုက် လက်ခံနိုင် တဲ့အနေအထားထိ ဘယ်လိုဘ၀မျိုးရောက်နေရောက်နေ နေထိုင်တတ်ရမယ်၊ ပြုမူတတ်ရ မယ်၊ ပြောဆိုတတ်ရမယ်ဆိုတာကို ပြောချင်ပါတယ်။ ကဲ ဒီနေ့တော့ ဒါပါပဲကွယ်”
မောင်မင်းစိုး


သူငယ်ချင်း
အမှတ်စဉ်(၁၇)
---------------------------------

တစ်ခါက သူငယ်ချင်းနှစ်ယောက်ရှိတယ်။ အရမ်းကို  ချစ်ချစ်ခင်ခင် ရှိလှတဲ့သူတွေ
ပေါ့။ ဘယ်နေရာသွားသွား၊ ဘာလုပ်လုပ် အတူတူသွား၊ အတူတူလုပ်ပေါ့။ တစ်ယောက်က အရပ် ဖြူဖြူ၊ နောက်တစ်ယောက်က တိုတိုမည်းမည်း။ ဒါကြောင့် သူတို့နာမည်ကိုလည်း မောင်ရှည်နဲ့ မောင်ပုလို့ ခေါ်ကြတယ်။  
          သူတို့က ဘယ်လိုကိစ္စမျိုးတွေကိုပဲဖြစ်ဖြစ် တစ်ယောက်ကသွားမယ် လုပ်မယ်ဆို ရင် နောက်တစ်ယောက်က နောက်လိုက်ဖို့ ၀န်မလေးဘူး။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီလို လူမှုရေးကိစ္စဖြစ်တဲ့ သာရေး၊ နာရေးတွေမှာလည်း အတူတကွ လက်တွဲပြီးတော့ ဆောင်ရွက်တတ်တယ်။ သူတို့ရဲ့ အတူတကွ လက်တွဲမှု၊ သူငယ်ချင်းပီ သမှုတွေကို အခြားသူတွေကပါ အတုယူချင်စရာကောင်းလောက်အောင်ကို ချစ်ခင်ကြတာ ပေါ့။
          တစ်နေ့တော့ ခါတိုင်းလိုပဲ မောင်ရှည်က သူသွားချင်တဲ့နေရာကို လိုက်ခဲ့ဖို့မောင်ပု ကိုခေါ်တယ်။ မောင်ပုက အဲဒီနေရာတော့ မလိုက်ချင်ဘူးဆိုတာနဲ့ တစ်ယောက်နဲ့ တစ် ယောက် ခွန်းကြီးခွန်းငယ်ဖြစ်သွားခဲ့တယ်။
          “မင်းက သူငယ်ချင်း အချင်းချင်း သစ္စာဖောက်တာပေါ့၊ မင်းအနေနဲ့ အရင်တုန်းက  ဘယ်နေရာသွားသွား၊ ဘာလုပ်လုပ် မင်းခေါ်တိုင်း ငါလိုက်ခဲ့တယ်၊ ခု ငါခေါ်တာကို မင်းမ လိုက်ဘူးဆိုတော့ မင်းက သူငယ်ချင်းမပီသဘူး၊ တော်ပြီ မင်းလိုကောင်နဲ့ ငါရှေ့ဆက်ပြီး လက်မတွဲတော့ဘူး မင်းလဲ မင်းလမ်းလျှောက်၊ ငါလဲ ငါလမ်းလျှောက်မယ်၊ ဒီနေ့ကစပြီး ငါ တို့ လက်တွဲဖြုတ်မယ်” အဲဒီလို မောင်ရှည်က မောင်ပုကို ပြောလိုက်တယ်။
          “မဟုတ်ဘူး၊ သူငယ်ချင်း မင်းပြောသလို ငါတို့ ဘယ်နေရာသွားသွား၊ ဘာလုပ်လုပ် အတူတူပဲဆိုတာ ငါလက်ခံတယ်။ မင်းခေါ်တာကို ငါလိုက်တယ်။ ငါခေါ်တာကို မင်းလိုက် တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အတူရှိခဲ့တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် မင့် အခုသွား မယ့်နေရာကိုတော့ ငါမလိုက်နိုင်ဘူး၊ အဲဒီနေရာမှတစ်ပါး ကြိုက်တဲ့နေရာသွား ငါလိုက်ပါ့ မယ်၊ အဲဒီနေရာကိုတော့ ငါမလိုက်ပါရစေနဲ့” လို့ မောင်ပုကလည်း တောင်းတောင်းပန်ပန်နဲ့ ပြန်ပြောပါတယ်။
          “ဟေ့ကောင်၊ မင်းကို ငါပြောပြီးပြီ မင်းနဲ့ငါနဲ့ ဒီနေ့ကစပြီး လမ်းခွဲလိုက်ပြီ၊ မင်းလိုက် ချင်နေ၊ မလိုက်ချင်လိုက်၊ ငါကတော့ သွားမယ်၊ အဲဒီနေရာကို သွားဖို့ဆုံးဖြတ်ပြီးပြီဆိုတော့ အဲဒီကိုပဲ သွားမယ်၊ ဒါကြောင့် မင်းမလိုက်ချင်လည်း ပြန်တော့၊ နောက်ပြီး ငါ့ကိုလည်း ဘယ်တော့မှ သူငယ်ချင်းလို့ မသတ်မှတ်နဲ့တော့”
          အဲဒီလိုနဲ့ မောင်ပုလည်း ဖြစ်ချင်ရာဖြစ်၊ အတူတကွ လက်တွဲခဲ့ပြီးမှ သူငယ်ချင်းအ ဖြစ်ကိုတော့ အဆုံးမခံနိုင်ဘူးဆိုပြီး၊ “ အင်းလေ၊ ငါလိုက်ခဲ့ပါမယ်” ဆိုပြီး မောင်ရှည့်နောက် ကို လိုက်သွားခဲ့တယ်။
          သူတို့သွားခဲ့တဲ့ နေရာကတော့ ငွေရှိရင် တော်တော်များများ လုပ်ချင်တာ လုပ်လို့ရ နိုင်တဲ့ နေရာလေးပါပဲ။ အဲဒီနေရာမှာ လောင်းကစားတွေက သိန်းချီပြီးတော့ လောင်းကစား တာတွေရှိသလို၊ အခြား အပျော်ကြူးချင်တဲ့ သူတွေအတွက်လည်း ငွေရှိရင်တော့ ကြိုက်တာရွေးလို့ရတဲ့ နေရာ၊ နောက်ဆုံး ဘိန်းခြောက်တောင် ရနိုင်တဲ့နေရာလေးပေါ့။ သိပ်မသိကြပေမယ့် သူတို့အနေနဲ့ အဲဒီနေရာကို သိနေခဲ့တာတော့ ကြာပါပြီ။ လူငယ်ပီပီ စပ်စုရင်း သိနေခဲ့တဲ့ နေရာလေးပေါ့။
 အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် သူတို့အားလုံး ရဲဖမ်းခြင်းကို ခံလိုက်ရတယ်။ သတင်းအရ လာဖမ်းသွားတဲ့ ရဲတွေနဲ့အတူ လက်ထိပ်ကိုယ်စီနဲ့ အတူပါသွားခဲ့တာပေါ့။ ဒီလိုနဲ့ အချုပ်ခန်းထဲ ရောက်တော့ မောင်ရှည်က သူမှားကြောင်း တောင်းပန်ပါတယ်။
“အေးကွာ၊ မင်းမှားတယ် မဟုတ်ပါဘူး၊ ငါတို့ကံပဲပေါ့၊ ဘယ်တတ်နိုင်မလဲ၊ ငါတို့ လုပ်ထားခဲ့တဲ့ ပြစ်မှုတစ်ခုပဲလေ၊ ငါတို့အနေနဲ့ မလာသင့်တဲ့နေရာကို လာခဲ့မိလို့ အခုလို ဖြစ်ရတာ။ ဒါပေမယ့် ဘာမှ တွေးပြီး ပူမနေပါနဲ့၊ ပြန်လွတ်တဲ့နေ့ကစပြီး ဒီသင်္ခန်းစာကို ယူပြီးတော့ နောက်ဆိုရှောင်ရှားသင့်တာ ရှောင်လို့ရပြီပေါ့၊ ဘယ်တော့မှ ငါတို့ရဲ့ချစ်ခြင်း ကို ခွဲမသွားပါနဲ့လို့ ငါတောင်းဆိုပါတယ် သူငယ်ချင်း” ဆိုပြီး မောင်ပုအနေနဲ့ မောင်ရှည်ကို ဖြေသိမ့်တဲ့စကားတွေ ဖောင်ဖွဲ့ပြီး ပြောလိုက်ပါတယ်။
((ကဲသားသားမီးမီးတို့ ဒီပုံပြင်းအနေနဲ့ ဘာကိုဆိုလိုတယ်ဆိုတာ သားသားမီးမီးတို့ လည်း သိလောက်ပါပြီ၊ သားသားမီးမီးတို့လည်း မောင်ရှည်နဲ့ မောင်ပုတို့လည်း တကယ့်ကို ချမ်းသာဆင်းရဲ အတူတကွ လက်တွဲပြီးတော့ သူငယ်ချင်းအချင်းချင်း စောင့်ရှောက်ကြဖို့၊ ကူညီကြဖို့၊ ရိုင်းပင်းကြဖို့၊ ဖြေရှင်းကြဖို့ ဦးဦးစိုး မှာကြားချင်ပါတယ်၊
တစ်ခုတော့ ရှိတယ်။ ဒီထဲမှာတော့ လူပေါင်းမှားသွားတယ်ဆိုတဲ့ အသိမျိုးပေးချင် တယ်လို့ သားသားမီးမီင်္းတို့ ထင်ကောင်းထင်နေမလားဘဲ၊ တကယ်တော့ သူငယ်ချင်းဆို တာ အဲဒီလို အမှားမျိုးဆိုတာကို တစ်ယောက်ယောက်က လုပ်ချင်ရင် ကြိုတင်သိထားရင် တားမြစ်ဖို့တော့ လိုပါတယ်။
အဲဒီလို တားမြစ်တဲ့အခါမှာ မောင်ရှည်လို သဘောမထားပါနဲ့၊ သူကတော့ သူငယ် ချင်းအဖြစ်ကနေ ရပ်စဲတဲ့အထိ ပထမကတော့ နာသွားတယ်လေ။ အဲဒါကြောင့် တဒင်္ဂ ဘာမှမဟုတ်တဲ့ဖြစ်စဉ်လေးတစ်ခုတည်းနဲ့တော့ သူငယ်ချင်းဆိုတဲ့ အသိုက်အ၀န်းလေးကို ဖျက်ဆီးမပစ်ဖို့ပေါ့။
အမှားဆိုတာကတော့ လူတိုင်းမကင်းနိုင်ကြပါဘူး၊ အသေးနဲ့အကြီးပဲ ကွာတယ်။ သူသူငါငါကတော့ အမှားတစ်ခုမဟုတ် တစ်ခုတော့ရှိနေပါလိမ့်မယ်။ အဲဒီလို အမှားကို တော့ အမှားမှန်းသိဖို့ အရေးကြီးပါတယ်။ နောက်ပြီး သိတဲ့အတိုင်း အမှန်လမ်းကြောင်းပေါ် ကို ပြန်လည်ပြီးတော့ အတူတကွ ရဲရဲတင်းတင်း ဖြတ်လျှောက်ရဲဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် လူငယ်တွေဆိုတာ အပျော်အပါးတော့ ရှိကြတယ်။ ဒါပေမယ့် ဒါကို တော့ မလုပ်နဲ့ မသွားနဲ့လို့ အတင်းအကျပ်တော့ မပိတ်ပင်လိုပါဘူး၊ သို့သော်လည်း အခုလို အန္တရာယ်မျိုးတွေနဲ့ ဆီးကြိုနေမယ့် နေရာမျိုးတွေ၊ လုပ်ဆောင်ချက်မျိုးတွေကိုတော့ သား သားမီးမီးတို့ အသိတရားရှိရှိ၊ သတိတရားရှိရှိနဲ့ ဆင်ဆင်ခြင်ခြင် ရှိဖို့ကိုတော့ ဦးဦးစိုး မှာချင်ပါတယ်၊ ကဲ ဒီနေ့တော့ ဒီလောက်ပါကွယ်))
မောင်မင်းစိုး

လူငယ်တစ်ယောက်ရဲ့ဆုံးဖြတ်ချက်
အမှတ်စဉ်(၁၈)
-----------------------------------

တစ်ခါက လူပေါင်းများစွာ တင်ဆောင်လာတဲ့ သင်္ဘောကြီးတစ်စီး မိုးမမြင်၊ လေမ မြင်နဲ့ ပင်လယ်ထဲကို ထွက်ခွာလာခဲ့တယ်။ အဲဒီသင်္ဘောကြီးမှာ အဲဒီတုန်းက အရေးကြီးဆုံး လို့ဆိုရမယ့် သံလိုက်အိမ်မြောင်ကို လူငယ်တစ်ယောက်ဆောင်းထားတဲ့ ဦးထုပ်မှာ တပ် ဆင်ထားလိုက်တယ်။ လမ်းပြမြေပုံလို့ဆိုရမှာပေါ့။ ဒီတော့ သင်္ဘောတစ်စီးလုံးဟာ အဲဒီလူ ငယ်ရဲ့ လက်ထဲမှာရှိနေခဲ့တယ်လို့ ဆိုရမှာပေါ့။
ဒီလိုနဲ့ ခုတ်မောင်းနေလိုက်တာ မိုးဝင်ခါစဆိုတော့ မိုးကလေးတွေကလည်း နည်း နည်းဆိုသလို ရွာသွန်းနေခဲ့တယ်ပေါ့။ မိုးစက်တွေနဲ့ ဘေးဝဲယာမြင်ကွင်းကတော့ မပီဝိုး တ၀ါးပေါ့။ ဒီတော့ လူငယ်ရဲ့ဦးထုပ်ထဲရှိတဲ့ သံလိုက်အိမ်မြောင်ကိုပဲ ကြည့်ပြီးတော့ ကပ္ပတိန်ဟာ သင်္ဘောကို လိုရာခရီးကို မောင်းနှင်နေခဲ့တယ်။
အဲဒီလိုနဲ့တစ်နေရာရောက်တော့ သင်္ဘောနဲ့ မလှမ်းမကန်းမှာ မိုးစက်ပွင့်လေးထဲ လှေတစ်စီးဟာ မမျှော်လင့်ဘဲ လှော်ခတ်နေတာကို အဲဒီလူငယ်လှမ်းမြင်လိုက်တယ်။ ဒီလိုနဲ့ တဖြည်းဖြည်းဆိုသလို သင်္ဘောနဲ့ လှေကလေးဟာ အတော်ကလေး နီးကပ်လာခဲ့ ပါတယ်။ မြင်ရတဲ့ မြင်ကွင်းဟာ လူငယ်လေးအတွက်တော့ သိပ်ပြီးတော့ ထူးဆန်းနေခဲ့ပါ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလှေကလေးကို လှော်ခတ်လာနေတဲ့ လူကိုအသေအ ချာမြင်လိုက်ရလို့ပါပဲ။ ဟုတ်ပါတယ် အဲဒီလှေကလေးကို အဘွားအိုတစ်ဦးတည်း လှော် ခတ်လာနေခဲ့တာဖြစ်ပါတယ်။
အဘွားအိုဟာ ဘာမှလည်း ဆောင်းစရာမပါခဲ့ဘူး။ မိုးရေတွေနဲ့ စိုရွဲနေခဲ့ပြီ၊ သူမ ဘယ်လောက်အထိ၊ ဘယ်နေရာအထိ ဆက်ပြီးခရီးသွားနေဦးမယ်မသိဘူး။ အဲဒီမြင်ကွင်း ဟာ အခြားလူတွေအတွက် သိပ်ပြီးအရေးမကြီးပေမယ့် လူငယ်အတွက်တော့ အရမ်းကိုပဲ အရေးကြီးနေခဲ့တယ်။ နောက်ဆုံး  သူတစ်ယောက်တည်း ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
“ဟေ့ကောင်၊ မင်းဘယ်လို လုပ်တာလဲ၊ ဒါက ငါတို့အားလုံးအတွက် အသက်တမျှ အရေးကြီးတဲ့ ပစ္စည်းလေကွာ၊ အခု မင်းက အဲဒီပစ္စည်းကို လှေပေါ်လှမ်းပစ်ပေးလိုက်တယ် ဆိုတော့ ဒါဟာ မင်းစောင့်ထိမ်းရမယ့် ကျင့်ဝတ်ကို ဖောက်ဖျက်ပစ်လိုက်တာပဲ၊ ဒီတော့ ငါတို့အားလုံးလည်း ဘာမှဝေခွဲလို့မရတော့ဘူး၊ အခု ငါတို့အားလုံးရဲ့ အသက်ဟာ သံလိုက် အိမ်မြောင်နဲ့ မသက်ဆိုင်တော့ဘူး၊ ကံကြမ္မာနဲ့ပဲ သက်ဆိုင်နေခဲ့တော့တယ်၊ အဲဒီတော့ ငါတို့ ဘုတ်အဖွဲ့ တိုင်ပင်ရမယ်၊ မင်းလည်း မင်းအပြစ် မင်းကံပဲပေါ့”
“ဟုတ်ကဲ့ပါ၊ ကျွန်တော် ခင်ဗျားတို့ ပေးတဲ့ အပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူ ပါ့မယ်၊ ကျွန်တော်ဆောင်းနေခဲ့တဲ့ ဦးထုပ်ဟာ သံလိုက်အိမ်မြောင်တပ်ဆင်ထားခဲ့တဲ့အ တွက် ဒီသင်္ဘောမှာ အရေးပါတယ်ဆိုတာ ကျွန်တော်မငြင်းပါဘူး၊ အခု ခင်ဗျားတို့ပြောသ လိုပါပဲ၊ အားလုံးကတော့ ကံကြမ္မာကိုပဲ ယုံကြည်ရတော့မယ်၊ အခု မိုးသက်လေပြင်းနဲ့အတူ မုန်တိုင်းလည်း အနည်းငယ်တော့ တိုက်ခတ်လာပါပြီ၊ ဒီတော့ အားလုံးဘာဖြစ်မလဲဆိုတာ ကို တွေးပြီးတစ်ခုခုဖြစ်သွားရင်တော့ ကျွန်တော် တော်တော်လေးကို စိတ်ကောင်းနိုင်မှာလဲ မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော် ဒီလိုလုပ်လိုက်တာ ဘာမှမစဉ်းစားပဲ လုပ်လိုက်တာမျိုးတော့ မဟုတ်ပါဘူး၊ ကျွန်တော်စဉ်းစားပြီးမှ လုပ်သင့်တယ် ထင်လို့ လုပ်လိုက်မိတာပါ၊ လော လောဆယ် ကျွန်တော်တို့ဟာ အမိုးအကာတွေအောက်မှာ အေးအေးလူလူ နေခဲ့ကြရ တယ်။ ဒါပေမယ့် ခုနက အဘွားအိုမှာတော့ မိုးထဲရေထဲ ဘာမှလည်း ဆောင်းစရာမပါရှာ ဘူး၊ သူက လောလောလတ်လတ် ဆင်းရဲဒုက္ခခံစားနေရတယ်၊ ဒါကြောင့် သူ့အသက်မ ဟုတ်တောင်မှ တဒင်္ဂအတွက်ပဲဖြစ်ဖြစ် ကူညီရမယ်လို့ ကျွန်တော်ထင်လို့ တွေးတွေးဆဆ နဲ့ ပစ်ပေးလိုက်တာပါ၊ ဒါကြောင့် ခင်ဗျားတို့ ပေးတဲ့ အပြစ်ကို ကျွန်တော် ကျေကျေနပ်နပ် ကြီး ခံယူပါမယ်” လို့ လူငယ်က ပြန်ပြောလိုက်တယ်။
ဒါကြောင့် သင်္ဘောပေါ်မှာပါလာတဲ့ ဘုတ်အဖွဲ့က အဲဒီလူငယ်ကို အရေးယူဖို့ အစည်းအဝေးထိုင်ပါတယ်။ နောက်ဆုံး သင်္ဘောပေါ်မှာ ပါလာတဲ့ လူတွေဆီကနေ မဲဆန္ဒ ကောက်ယူပါမယ်။ အဲဒါကတော့ ဒီလို အရေးကြီးတဲ့ ပစ္စည်းကိုပေါ့ပေါ့ဆဆ လုပ်မိတဲ့အ တွက် လူသားတွေရဲ့ အသက်ကို စတေးလိုက်ခြင်းတဲ့အတွက် သူ့ကို အရင်ဆုံး သင်္ဘော ပေါ်ကနေ တွန်းချပစ်ခဲ့ဖို့ မဲဆန္ဒရှင်များရဲ့ ဆုံးဖြတ်ချက်အရ သဘောထားထုတ်ပြန်လိုက်ပါ တယ်။

သင်္ဘောကြီးကတော့ ဆက်လက်ရွက်လွင့်ထွက်ခါနေဆဲပါပဲ၊ ဒါပေမယ့် နာရီအ နည်းငယ်အကြာလောက်မှာတော့ မိုးလေးတွေလည်း ရပ်သွား၊ လေပြင်းတိုက်ခတ်မှုက လည်း ငြိမ်စပြု၊ မုန်းတိုင်ဆင်လာတာလဲ အလိုလိုပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဆုံးဖြတ်ချက်ကိုတော့ ဘယ်သူကမှ မကန့်ကွက်သေးပါဘူး၊ အားလုံးက ဆုံးဖြတ် ချက် တူညီစွာ ချထားခဲ့ပါတယ်။ မကြာပါဘူး သူတို့သွားရမယ့် ခရီးစဉ်ဟာလည်း ချောချော မောမော ပြီးဆုံးသွားခဲ့ပါတယ်။

“ဒါပေမယ့် လူငယ်လေးကိုတော့  . . . . .”

(ကဲကဲ သားသားမီးမီးတို့ရေ ဒီပုံပြင်လေးကို ဘယ်လိုတွေးဖြစ်ကြလဲတော့ မသိပါ ဘူး၊ ဒီပုံပြင်လေးကတော့ ဦးဦးစိုး တစ်ခါတုန်းက မက်ခဲ့တဲ့ အိပ်မက်လေးပါပဲ။ ဒါပေမယ့် ဒီပုံပြင်လေးဟာ ဆင်ခြင်ဖို့ အတုယူဖို့ တော်တော်ကောင်းတယ်။ သားသားမီးမီးတို့အနေနဲ့ အဲဒီလို လူငယ်နေရာမှာဆိုရင် ဘယ်လိုသဘောထားမလဲ၊ သို့မဟုတ်ရင် ဘုတ်အဖွဲ့ထဲက လူတစ်ယောက်ဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ၊ ဒါမှမဟုတ် သင်္ဘောပေါ်မှာ ပါသွားတဲ့ ခရီး သည်ဆိုရင်ရော မဲပေးခွင့်ရှိတဲ့အတွက် ဘယ်လိုမဲကို ပေးမလဲ။
ဦးဦးစိုးရဲ့ ပုံပြင်ထဲမှာတော့ လူငယ်လေးကို ရေထဲ ပစ်ချလိုက်သလား၊ မပြစ်ချ လိုက်ဘူးလားဆိုတာ ဦးဦးစိုးလည်း မသိလိုက်ဘူး။ အဲဒီချိန်မှာ အိပ်ယာက နိုးသွားလိုက် တော့ ဘယ်လိုဆုံးဖြတ်လိုက်သလဲ မပြောတတ်ဘူး၊ တကယ်ပဲ သူတို့ဆုံးဖြတ်ချက်အတိုင်း ရေထဲပစ်ချ လိုက်သလား၊ သို့မဟုတ်ရင် မပစ်ချဘူးလား မသိလိုက်ဘူး။ သားသားမီးမီးတို့ ဘယ်လို ဆုံးဖြတ်စေချင်လဲဆိုတာ ဦးဦးစိုး သိချင်တယ်။ ဒါပေမယ့် အကြောင်းပြချက်တော့ ခိုင်လုံရမယ်ပေါ့။
တစ်ယောက်နဲ့ အများကို စဉ်းစားမလား?
လက်ရှိအခြေအနေကို စဉ်းစားမလား?
ယုံကြည်မှုကို အလွဲသုံးစားလုပ်တာကို စဉ်းစားမလား? ကဲ ဒီနေ့တော့ ဒီလောက်ပါ ပဲကွယ်))
မောင်မင်းစိုး


သဲလွန်စ
အမှတ်စဉ်(၁၉)
--------------------------

တစ်ခါက သူတော်စင်ဆိုသူတစ်ယောက်ဟာ အထီးကျန်မှုရဲ့ သင်္ကေတတွေကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့ နောက်ဆုံး ဒီအထီးကျန်မှုကိုပဲ ထွက်ပေါက်တစ်ခုအဖြစ် တည်ဆောက်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ လူတွေနဲ့ နေရတာအဆင်မပြေဘူးလို့ သူအမြဲတန်းတွေးမိပြီး အခန်းအောင်းနေခဲ့တာများတယ်။ တပည့်လုပ်သူတွေကလည်း သူ့ကို ကြောက်ရွံ့ကြရတော့ ဘာမှလည်း မပြောရဲကြဘူး။ သူကတော့ နောက်ဆုံး စားဖို့ သောက်ဖို့ကိုတောင် အခန်းထဲထိ သွားပို့ရတဲ့ အခြေအနေအထိ အခန်းအောင်းပြီးတော့ နေထိုင်ခဲ့တယ်။  

ဒီတော့ ဧည့်သည်တွေက သူ့ကို တွေ့ဆုံဖို့ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် လာခဲ့ပေမယ့်  အပြင်ကို ထွက်မတွေ့တော့ နောက်ဆုံး ဘယ်သူမှ မလာခဲ့ချင်တော့ဘူး။ သူ့အထင်ကတော့ လူတွေနဲ့ စကားပြောနေရရင် စကားဆိုတာ ပြောတာများရင် ဒီစကားထဲကနေပဲ မကောင်းမှုတွေအဖြစ် စကားထဲက ဇာတိပြဆိုတာမျိုးကို မဖြစ်စေ ချင်ဘူး။ ဒါကြောင့် သူ့အနေနဲ့ လူတွေနဲ့ဆက်ဆံမှုက ဘာအဓိပ္ပာယ်မှ မရှိဘူးတော့ဘူး လို့ သူတွေးထင်မိသွားတယ်။  သူတို့လာတွေ့ကြတာကလည်း များသောအားဖြင့် ဆုတောင်း ပေးဖို့နဲ့ အဆောင်လက်ဖွဲ့လိုချင်လို့ လာတဲ့သူတွေကများပါတယ်။့ ဒီအလုပ်တွေကို သူ့အနေနဲ့ ဆက်ပြီးတော့ မလုပ်ချင်တော့ဘူးဆိုပြီး လူတွေနဲ့ဆက်ဆံရမှာကို စိတ်ကုန် လာခဲ့တယ်။

ဒါကြောင့် တစ်ညမှာတော့ အခြားတပည့်တွေမသိအောင် တိတ်တဆိတ် အပြင်ကို ထွက်ခွာသွားဖို့ အသာအယာထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ မထင်မှတ်ဘဲ ကလေးငိုသံ ကြားလိုက်ရတယ်။ ဒီတော့ အဆောင်ထဲ အသာအယာ ပြန်ဝင်သွားပြီးတော့ မသိမသာနေ ခဲ့လိုက်တယ်။ ဒါပေမယ့် ညကြီးမင်းကြီး ကလေးငိုသံ ကြားရတယ်ဆိုတာကိုက အထူးအ ဆန်းဖြစ်နေခဲ့တယ်။ ဒီကလေးအကြောင်းကို သူစဉ်းစားတယ်။ အဖြေမတွေ့လိုက်ဘူး။ ဒါပေမယ့် ခရီးစဉ်ကိုတော့ မသိမသာ ပြန်ပြီးတော့ ရုပ်သိမ်းထားလိုက်တယ်။ မထွက် ဖြစ်သေးဘူးပေါ့။

ဟိုအရင်တုန်းကတော့ သူ့ဆီမှာ လူတွေဆိုတာ မိုးလင်းကနေ မိုးချုပ် စဲတယ်ကို မရှိဘူး။ တစ်ယောက်ချင်းလာတဲ့လူနဲ့၊ အဖွဲ့လိုက်လာတဲ့လူနဲ့ပေါ့။ သူနေတဲ့ မြေအောက် ခန်းလေးဟာ အရမ်းတိတ်ဆိတ်ပြီးတော့ အလှအပမျိုးစုံနဲ့ ခြယ်သပြင်ဆင်ထားခဲ့တယ်။ ရောက်လာတဲ့လူတွေဟာ တစ်ခေါက်လောက် ရောက်ပြီးရင် နောက်တစ်ခေါက် ပြန်လာ ချင်အောင်ကို အလှအပတွေကလည်း ဆွဲဆောင်မှု အရမ်းအားကောင်းနေခဲ့တယ်။

ဒါပေမယ့် သူ့ကို ယုံကြည်အားကိုးကြတဲ့ လူတွေကတော့ အခုအထိ ယုံကြည်မြဲပါ ပဲ။ သူထွက်မတွေ့တော့  မလာချင်ဘူးဆိုပေမယ့် ဘယ်နေ့များ ပြန်ပြီးတော့ တွေ့ခွင့်ပေး မလဲဆိုတာ သိလိုဇောနဲ့ အသာအယာ လေ့လာတဲ့သူတွေအနေနဲ့လည်း ဆက်ပြီးရှိနေခဲ့ တယ်။ ဒါပေမယ့် သူကတော့ ဘယ်သူ့ကိုမှ မတွေ့ခဲ့တော့ပါဘူး။ အစားအသောက်ပို့တဲ့ တပည့်ဖြစ်သူမှတစ်ပါး အခြားဘယ်သူ့ကိုမှ သူနေတဲ့ မြေအောက်ခန်းကို လာခွင့်မပြုတော့ ပါဘူး။

သူ့အစီအစဉ်ကတော့ အဆင်ပြေမယ်ဆိုရင် မသိမသာ အဲ့ဒီနေရာကနေ ထွက် သွားဖို့ကိုပဲ စဉ်းစားနေခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူ့အကြံအစီဟာ မအောင် မြင်ပါဘူး။ ဒါကြောင့် ဘယ်ကိုမှ မသွားဘူးဆိုပြီး တံခါးပိတ်ဝါဒနဲ့ မြေအောက်ခန်းမှာပဲ နေနေခဲ့တော့တယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ အဲဒီသူတော်စင်ဆိုသူဟာ အခန်းထဲမှာ သေဆုံးနေ တာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် သူ့ကိုအားကိုးတကြီးနဲ့ စောင့်ဆိုင်းနေခဲ့ကြတဲ့ လူတွေကတော့ စိတ်မကောင်းဖြစ်ပြီး ငိုကျွေးကြတယ်။ ထူးခြားတာက အဲဒီနေ့က မီးတွင်းထွက်စ အရမ်းနုနယ်လွန်းတဲ့ ကလေးလေးကို ပွေ့ပိုက်ပြီးတော့ မိန်းကလေးတစ် ယောက် ရောက်လာခဲ့တယ်။ သူ့အနေနဲ့လည်း နောက်ဆုံးအချိန်မို့ လာရောက်ပြီးတော့ ကြည့်ရှုလိုက်တဲ့ သဘောပါ။ ထူးခြားတာက အဲဒီမိန်းကလေးဟာ ဘေးရွာနီးနားက မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ဘယ်ကနေဘယ်လို ရောက်လာဆယ်ဆိုတာကိုလည်း  ဘယ်သူကမှ သူမကို မသိကြဘူး။ ဒါပေမယ့် သူတော်စင်ဆိုသူရဲ့ ဈာပနအတွက် အရေးကြီးတော့ အခြားကိစ္စတွေက သေးသေးဖွဲဖွဲတွေလို့ သဘောထားခဲ့ကြတယ်။

အားလုံးလူတွေစုဝေးပြီးတော့ အဲဒီသူတော်စင်ဆိုသူကြီးရဲ့ ဈာပနကို ခမ်းခမ်းနား နား ကျင်းပကြဖို့ စည်းဝေးခဲ့တယ်။ နောက်ပြီး အားလုံးသဘောတူပြီးတော့ သူ့နေရာကို လည်း နေရာစုံအောငိ ရှာဖွေကြတယ်။ ငွေကြေးမြောက်များစွာ တွေ့ရတာ မဆန်းပေမယ့် ဒိုင်းယာရီတစ်အုပ်ကတော့ တော်တော်လေးကို ထူးဆန်းနေခဲ့တယ်။ သူရေးထားခဲ့တဲ့ ဒိုင် ယာရီထဲမှာတော့ မကွယ်မ၀ှက် စိတ်ခံစားမှုတွေ၊ လုပ်ဆောင်ခဲ့တာတွေကို တေးမှတ်ထား ခဲ့တယ်။ ဒီတော့ ခုနက မီးတွင်းထဲက ကလေးမလေးရဲ့ ကလေးအဖေနဲ့ ဘယ်ကထွက် လာတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း တွေ့လိုက်တော့တယ်။

ဒါကြောင့် သူ့ဈာပနကို အရင်ကစီစဉ်ထားတဲ့အတိုင်း မလုပ်တော့ဘဲ၊ ညဘက်မှာ ပဲ မသိမသာ လေးငါးခြောက်ယောက်လောက်က ဦးဆောင်ပြီး ချလိုက်တော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်မယ်ဆိုရင်လည်း ဒီအ ဖြစ်အပျက်တွေ သိပြီးတော့ ဘယ်သူကမှ သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့တော့မှာ မဟုတ် ဘူးဆိုတာ သိလိုက်ကြတယ်။ အဲဒါကြောင့် ဒီအတိုင်းပဲ မြေကျင်းတူးပြီး မြှပ်နှံ့လိုက်တယ်။

ဒိုင်ယာရီစာအုပ်ရဲ့ အဖွင့်စာမျက်နှာမှာတော့-

“မသူတော်ကြီးရဲ့ ဆာလောင်မှုမှတ်တမ်း” တဲ့။ အဲဒီဒိုင်ယာရီစာအုပ်ကြီးကိုလည်း သူ့နဲ့အတူ မြေမြှပ်ပစ်လိုက်ကြတယ်တဲ့။
မောင်မင်းစိုး


 
အဆုံးသတ်
အမှတ်စဉ်(၂၀)
-----------------------

တစ်ခါက ရွာတစ်ရွာမှာ အဘိုးကြီးတစ်ယောက် ရှိတယ်။ တစ်ယောက်တည်းနေခဲ့ ပေမယ့် သူ့အိမ်ကတော့ နေ့စဉ်လိုလို ကလေးတွေနဲ့ စည်ကားနေခဲ့တယ်။ တစ်ရွာလုံးက လည်း အဘိုးကြီးကို ချစ်ကြတယ်။ အသက်အရွယ်ကလည်း ရနေတော့ နောက်ပိုင်းအဘိုး ကြီးစားဖို့ အိမ်တိုင်းလိုလိုက အလှည့်ကျအနေနဲ့ တစ်ရက်ကိုတစ်အိမ် နံနက်စာ၊ နေ့လည် ပို့ပေးကြတယ်။ ညစာအတွက်တော့ အမြဲတမ်းလိုလို ဥပုသ်စောင့်တော့ သူ့အတွက်မလို ဘူးပေါ့။ အစောပိုင်းကတော့ မတ်တပ်ရပ်တံမြက်စည်းတွေ ထန်းလျှော်လေးတွေနဲ့ သပ် သပ်ရပ်ရပ် ကျစ်ထိုးပြီးတော့ သူ့ဘ၀တစ်လျောက်လုံး ရပ်တည်ခဲ့တယ်။

အိမ်တိုင်းကလည်း သူ့ကိုပဲ အားပေးတော့ အဲဒီပညာရပ်လေးတစ်ခုနဲ့ သူ့ဝမ်းစာ အတွက် ဖူလုံခဲ့တယ်ပေါ့။ ဒီလိုနဲ့ အသက်အရွယ် ကြီးရင့်လာပြီဆိုတော့ ရွာထဲကသူ့ကို အေးအေးလူလူနေဖို့ အားလုံးတိုင်ပင်ပြီးတော့ တစ်အိမ်တစ်ရက်အနေနဲ့ ထမင်းအတွက် ၀ိုင်းပြီး တာဝန်ယူကျသလို၊ အခြားလိုအပ်တဲ့ ပစ္စည်းလေးတွေကိုလည်း ၀ယ်ပေးကြလေ့ ရှိတယ်။ ဒါကတော့ အဲဒီရွာကလေးရဲ့ တစ်နိုင်တစ်ပိုင် ဘိုးဘွားရိပ်သာလေးလို့ ဆိုရမှာပေါ့၊ ဒါပေမယ့် အဘိုးကြီးဟာ သူဒီအတိုင်းတော့ မနေချင်ဘူးဆိုပြီး သူလုပ်နိုင်တာလေးတွေကို စဉ်းစားကြည့်တယ်။

ရှေ့မှီ နောက်မှီလည်းဖြစ်တော့ ပါးစပ်ရာဇ၀င်တွေ၊ သမိုင်းတွေလည်း တော်တော် လေး ကြားဖူးထားတော့ ကျွမ်းကျင်ပိုင်နိုင်တယ်ပေါ့၊ ဒါကြောင့် သူ့အနေနဲ့ ဒီလေးတွေကို ပညာဒါနဖြစ်အောင်ဆိုပြီး ဖြန့်ဝေလိုတဲ့အနေနဲ့ ကလေးတွေကို စာသင်ဖို့ဆုံးဖြတ်လိုက်ပါ တယ်။ ဒါပေမယ့် နောက်တော့ ပင်ပမ်းနေမှာစိုးတာကြောင့် တစ်နေ့တစ်ပုဒ်လောက် ပုံပြင် လေးတွေကို ကလေးတွေကို ပြောပြောနေခဲ့တယ်။

ကလေးတွေကို အထိန်းသဘောလည်းရတော့ သူ့ကျောင်းလေးဟာ မိဘတွေက လှိုက်လှိုက်လှဲလှဲနဲ့ မသွားသွားအောင် ကလေးတွေကို မုန့်ကျွေးပြီးတော့ အဘိုးကြီးရဲ့ အိမ် ကျောင်းလေးကို သွားစေကြတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်သုပ်လောက်ခွဲပြီးတော့ နှစ် ကြိမ်လောက် ပုံပြင်လေးတွေအဖြစ် တစ်နေ့တစ်ပုဒ် ပြောပြောနေခဲ့တယ်။

ထူးခြားတာက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲ စေနိုင်တဲ့ အတွေးနဲ့ အပြောတွေကတော့ အားရစကာကောင်းလောက်အောင် အောင်မြင်တယ်လို့ အခြားမိဘတွေက ယုံကြည်သလို၊ အဘိုးကြီးလည်း သူ့ကိုယ်သူ ယုံကြည်သူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ဒါကတော့ သူ့အနေနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ညဘက် ရောက်ရင်တော့ အခြားအိမ်မှ အသက်ခပ်ကြီးကြီး လူကြီး လေးငါးယောက်လာပြီး အဘိုး ကြီးကို အဖော်လုပ်ကြပါတယ်။ နောက်ပြီး လူကြီးအချင်းချင်းဆိုတော့ တရားသဘော၊ ရပ် ရေး ရွာရေး၊ သာရေး၊ နာရေးစတဲ့ အကြောင်းအရာလေးတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်။

အဘိုးကြီးရဲ့ သွန်သင်မှုအရမ်းအားကောင်းတာကြောင့် ကလေးတွေက သူတို့ ကိုယ်သူတို့ ယုံကြည်မှုရှိတယ်။ သတ္တိရှိတယ်။ ဥပမာ-ကလေးတစ်ယောက်ကို သူတို့ရဲ့ ဘ၀ဆိုတာမျိုးကို ပုံပြင်အဖြစ် ပြောခိုင်းလိုက်တယ်ဆိုရင် ကလေးတိုင်းဟာ ထပြီးတော့ သူတို့ရဲ့ အိမ်တွင်းရေး အခြေအနေမျိုးတွေကို ပုံပြင်သဖွယ် တန်ဆာဆင်ပြီးတော့ ပြောပြ ခဲ့တယ်။ နောက်ပြီးတော့မှ အဘိုးကြီးနဲ့တကွ အားလုံးနားထောင်ကြတဲ့ ကလေးတွေအနေ နဲ့ ၀ိုင်းဝန်းပြီးတော့ အဲဒီအကြောင်းအရာကို ဆွေးနွေးလေ့ရှိကြတယ်။

ဒီလိုနဲ့ ကလေးတိုင်းဟာ နားထောင်သူအဖြစ်ကနေ ပုံပြောသူအဖြစ်ကို မသိမသာ ရောက်မှန်းမသိ ရောက်နေကြတယ်။ ကိုယ့်အလှည့်ကျလို့ ပုံပြောရမယ်ဆိုရင်ကို ကလေး တွေဟာ အလိုလို ကျေနပ်လာတယ်။ ပျော်ရွှင်လာခဲ့တယ်။ နောက် အဘိုးကြီးရဲ့အိမ် ကျောင်းလေးမှာတော့ ကလေးတွေကို ကြိုက်သလောက် ကစားခွင့်ပေးထားတယ်။ တစ်ခါ လေမှာဆို ထိုင်ရက်ကြီးနဲ့ အဘိုးကြီးဟာ သူကိုယ်တိုင်တောင် ဒိုင်အဖြစ် ပါဝင်ပြီးတော့ ပူး ပေါင်းဆောင်ရွက်ပေးလေ့ရှိတယ်။ တစ်ယောက်တည်းဆိုပေမယ့် အဘိုးကြီးရဲ့ ခြံဝန်းကြီး ဟာ တော်တော်လေးကျယ်တယ်။ သစ်ပန်းမျိုးစုံနဲ့ဆိုတော့ အရိပ်ရသစ်ပင်တွေကြောင့် အိမ်ကျောင်းတစ်ဝန်းလုံးဟာ အေးမြနေခဲ့တယ်။ အထူးသဖြင့်တော့ မိဘတွေနဲ့ ကလေး တွေကတော့ အဘိုးကြီးရဲ့မေတ္တာရိပ်က ပိုပြီးအေးမြတယ်လို့ ထင်ခဲ့ကြတယ်။

အဲဒီလို ဆော့ကစားပေမယ့် ဘယ်တော့မှ တစ်ယောက်ကိုတစ်ယောက် နာကျင် အောင်လုပ်တာမျိုး ဘယ်သူကမှ မလုပ်ဘူး။ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဆဲတာဆိုတာမျိုးလည်း မရှိကြဘူး။ ဒါကတော့ အဘိုးကြီးရဲ့ သွန်သင်မှုကြောင့်လည်း  ဖြစ်ပါတယ်။ ပိုပြီးထူးခြားချက်တစ်ခုကတော့ အားလုံးစုပေါင်းပြီးတော့ နှစ်ဖွဲ့လုံးဟာ အဘိုး ကြီးရဲ့ အိမ်အောက်က ကြမ်းပြင်ပေါ်မှာ တညီတညာတည်း စုပေါင်း ၀တ်ပြုကြတယ်။ ဆုတောင်းကြတယ်။ မေတ္တာပို့သကြရတယ်။ အဲဒါတွေပြီးရင်တော့ အဘိုးကြီးအနေနဲ့ နေ့စဉ်လုပ်နေကြဖြစ်တဲ့ ပုံပြင်လေးတွေကို တစ်နေ့တစ်ပုဒ်အဖြစ် ပြောပြလေ့ရှိတယ်။ အားလုံးဆိုရင်တော့ အချိန်ဟာ အနည်းဆုံးတော့ တစ်နာရီအထက်မှာပဲ ရှိတယ်။

ပြောပြီးတဲ့ ပုံပြင်လေးတွေကို နှစ်ဖက်ခွဲပြီးတော့ အပြန်ပြန် အလှန်လှန် ဆွေးနွေး တာတို့၊ တစ်ယောက်ရဲ့ အသိကို မတ်တပ်ရပ်ပြီး ချပြရတာမျိုးတို့ အတွေးစတွေ ဖြန့်တွေး တတ်ဖို့ အဘိုးကြီးက သင်ပြပေးလေ့ရှိတယ်။

တစ်ရက်မှာတော့ အဘိုးကြီးဟာ သူပြောနေကျအတိုင်း ပုံပြင်လေးတစ်ပုဒ်ကို တန် ဆာဆင်ပြီး ပြောပြနေခဲ့လိုက်တယ်။ ပုံပြင်ကတော့ စိတ်စွမ်းအားကို တန်ဆာဆင်ပြီး ပြော ပြခြင်း ဖြစ်ပါတယ်။ စိတ်ဟာ အရေးကြီးဆုံးဖြစ်တဲ့အကြောင်း၊ အရာရာကို စိတ်ကသာ ခြယ်လှယ်နေတဲ့အကြောင်း၊ မကောင်းတာလဲ ဒီစိတ်၊ ကောင်းတာလုပ်တာလဲ ဒီစိတ်၊ အဲဒီ စိတ်ကလေးတစ်လုံးကိုပဲ နိုင်အောင် စောင့်ထိမ်းပြီး ကောင်းတဲ့ဘ၀ရပ်တည်ချက်တစ်ခုကို ဦးဆောင်သွားဖို့ စတာတွေကို အမျိုးမျိုးအဖုံဖုံ ရှုထောင့်ပေါင်းစုံက တန်ဆာဆင်ပြီးတော့ ပြောပြနေလေ့ရှိတယ်။ နောက်ပြီးတော့ ပုံပြင်ကို ပိုပြီးအသက်ဝင်စေဖို့ စိတ်ဆိုတာ နောက်ဆုံး ကိုယ့်ကိုယ်ကို သေသူအဖြစ်သတ်မှတ်ရင်တောင် သေသွားနိုင်တဲ့အကြောင်း ပြောဆိုပြီးတော့ စိတ်တန်ခိုး၊ အစွမ်းသတ္တိကို ပြောလိုတဲ့အတွက် သူ့ရဲ့ပုံပြင်လေးထဲမှာ ဇာတ်ကောင်ဟာ နောက်ဆုံးသေသွားတဲ့အကြောင်း ပြောဆိုနေစဉ်မှာပဲ-

အဖိုးကြီးလည်း ပက်လက်ကုလားထိုင်ပေါ်ကနေ နောက်ကိုအသာအယာ လဲကျပြီး တော့ သေဆုံးသွားခဲ့တယ်။
မောင်မင်းစိုး

(မှတ်ချက်)  မိမိအနေဖြင့် တစ်နေ့တစ်ပုဒ်လိုလို စိတ်ကူးထဲရှိတာလေးများကို ပုံပြင် အဖြစ်ဖန်တီးပြီးတော့ ကလေးငယ်များအတွက် သင်္ခန်းစာအဖြစ် ပေးလိုတဲ့ ဆန္ဒကြောင့် ပြောလာခဲ့တာ ယခု သတ်မှတ်ထားတဲ့ အပုဒ်(၂၀)ပြည့်ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ပုံပြော ခြင်းကို နားပါတော့မယ်။ ဖတ်ရှုအားပေးခဲ့ကြသည့် ပရိသတ်အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ပါသည်)