Saturday, June 27, 2009

တစ်ရှော့ခ်ပြီး နောက်တစ်ရှော့ခ်



တစ်ရှော့ခ်ပြီး နောက်တစ်ရှော့ခ်
တစ်ယောက်ကလည်းမလျော့ဘူး တစ်ယောက်ကလည်းမလျော့တော့
တစ်ရှော့ခ်ပြီး နောက်တစ်ရှော့ခ်
မြို့ပြသမင်လိုက်ခန်းမှာ မွှေးမွှေးပေးရုံ အဆင်ပြေသွားမှာမဟုတ်တော့
တစ်ရှော့ခ်ပြီး နောက်တစ်ရှော့ခ်
09…၀ူး ၀ါး ဗြူးဗြဲဆိုပြီး
ရှော့ခ်တွေက အဆက်မပြတ် ၀င်လိုက်၊ထွက်လိုက်၊ညှိလိုက်
အဆင်ပြေသလိုပဲ ရှော့ခ်တွေကို လျော့ပေါ့ပြီး စဉ်းစားရတယ်။

ဒေသခံတွေက ရှော့ခ်တွေကိုကြောက်တယ်
ကာလလူသားတွေလည်းအတူတူပဲ
တစ်ယောက်တစ်ရှော့ခ် စုပြီးရင်တော့
ရှော့ခ်တွေက လျော့လို့မရအောင်
တစ်ရှော့ခ်ပြီးနောက်တစ်ရှော့ခ်

တီတီတာတာ ကိစ္စတွေလည်းရှော့ခ်ပဲ
ကပ္ပလီပင်လယ်ပြင်နဲ့ ကန္တာရလှိုင်းတွေကလည်းရှော့ခ်ပဲ
မွန်းလွဲပိုင်းမှာ ဦးထုပ်မဆောင်တာလည်းရှော့ခ်ပဲ
စာရေးသူကိုယ်တိုင်မှာလည်း ရှော့ခ်ရှိတယ်

ကိုယ့်ဘ၀ကို နားမလည်တဲ့ရှော့ခ်တွေကြောင့်
ပေးထားတဲ့အမေးနဲ့အဖြေကလည်းရှော့ခ်ကိုက်တယ်
ရှော့ခ်တွေက ဘောင်းဘီရှည်ဝတ်တယ်၊မီနီစကပ်နဲ့
ဖြောင့်လိုက်၊ကောက်လိုက်၊ဖက်လိုက်၊နမ်းလိုက်
အတိုးနဲ့အရင်းနဲ့ပေါင်းပြီး
ရှော့ခ်မဖြစ်အောင်နေထိုင်ချင်လည်း ရှော့ခ်တွေရှော့ခ်တွေနဲ့

ကိုယ်ချိတ်မိတဲ့ လင့်ကအွန်လိုင်းပေါ်မှာ မကျန်ခဲ့တော့
@g.mail.comနဲ့www.ကလည်းရှော့ခ်ရှိတယ်
ခေါင်းဖြူစွယ်ကျိုးနဲ့ ငယ်ချစ်ဦးကို လုံရာခြုံရာမှာချိန်းတွေ့တာလည်း ရှော့ခ်ရှိတယ်
ငါ့သမီးလေးအမြင်ကျယ်ဖို့ မြို့လွှတ်လိုက်ရတာလည်း ရှော့ခ်ရှိတယ်
ကျွတ်ကျွတ်အိတ်သုံးစွဲမှုကလည်း ရှော့ခ်ရှိတယ်
One kiss Two kiss ကနေVirus တွေဖြစ်ကုန်တာကလည်း ရှော့ခ်ရှိတယ်
အောင်မြင်နေတဲ့ အစ်ကိုကြီးနား ကပ်မိတာလည်း ရှော့ခ်ရှိတယ်
မလုပ်နဲ့ မထိနဲ့ မသွားနဲ့ မပြောနဲ့ ရှော့ခ်ရှိတယ်
ချစ်ရင်းကြိုက်ရင်းနဲ့ သုံးလခံ ခြောက်လခံ ဆေးတွေသုံးမိတာ ရှော့ခ်ရှိတယ်

အဆုံးဆိုတာ ဘာမှန်မသိသေးတဲ့ ရှော့ခ်ကလည်းတစ်မျိုး
ရှော့ခ်တွေများလာတာနဲ့ အမျှ ရှော့ခ်တွေက ရှော့ခ်တွေကိုရှောင်ရင်းနဲ့
ကျွန်တော်တို့တစ်တွေလည်း ရှော့ခ်တွေကိုယ်စီကိုင်ရင်း
ရှော့ခ်တွေကြားထဲ တိုးရင်းရှောင်ရင်း
တစ်ရှော့ပြီး တစ်ရှော့ခ်
ဘယ်လိုငြင်းရမှာလဲ။ ။

နွေဦးကို

Sunday, June 21, 2009

ရွာကလေးရဲ့လာရာနှင့်လားရာ



အချိန်တော်တော်ကြာညောင်းခဲ့ပေမယ့် ရွာကလေးရဲ့လာရာကို ခြေရာကောက် ကြည့်မိသည်။ ပုဏ္ဏဖြူများ လာရောက်ချိန်မှာ လွင်ထီးခေါင်ဖြစ်နေသော ထိုအရပ်ဒေသကို မြက်ရိုင်းများဖြင့် ဖုံးအုပ်နေခဲ့သည်။ ထန်းတောများ ပတ်ခြာလည်ဝန်းရံခနေသော နေရာ ဒေသဖြစ် သည့်အားလျော်စွာ တောင်ကပြုလေးဖြစ်သည့်အလျောက် တောင်မြောက်လေးပါး ရေဝိုင်းနေလျက် အင်းများကို အမှီပြုလိုက်သည့် ထိုနေရာဒေသလေးကို ပုဏ္ဏဖြူတို့ တွေ့ရှိ လိုက်သည်။ ထိုအချိန်ကား ၁၉၂၇-ခု၊ ကောဇာသက္ကရာဇ်ကြည့်သော် ၁၂၈၈-ခုနှစ်မှာ ဖြစ်သည်။ မြေပိုင်၊လယ်ပိုင်ဖြစ်သည့် ဦးညိုဂိုင်းဆိုသူမှ ပုဏ္ဏဖြူတို့လာရောက်ချိန်မှာ နေရာ ဒေသရွေးခြယ်စေလျက် တည်ထောင်ပေးခဲ့သည်။ ရွာနာမည်ကား ထန်းတောများ ဝန်းရံခနေ သောကြောင့် ထန်းတောကုန်းရွာဟု အမည်တွင်စေခဲ့သည်။

ထိုမှတဆင့် လူတို့၏အမည်နာမများ ပြုပြင်ပြောင်းလဲမှုအရ နံ့သာကုန်းရွာဟု အခုထိတိုင် တွင်ရစ်နေခဲ့လေသည်။ ထိုရွာလေးသည် အရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက် သော် အင်းများဖြင့်ကာရံလျက် ရေများခြံရံနေခဲ့သည်။ အမြောက်ကို မျှော်ကြည့်လိုက်တော့ သင်းဝန်ချောင်းဟုခေါ်သော ချောင်းငယ်လေးသည်လည်း ရွာကို ကွေ့ပတ်လျက် စီးဆင်းနေ ခဲ့လေသည်။ တောင်ယွန်းယွန်းမှာတော့ ကျေးရွာရှိလူထု မှီခိုအားထားနေရသော ယမားချောင်း ကြီး စီးဆင်းနေခဲ့လေသည်။ အနောက်တည့်တည့် စီးဆင်းနေသော ချောင်း၊မြောင်းသည်ကား စည်းချိုရိုးချောင်းဟု အမည်တွင်ခဲ့သော်လည်း ယခုသော်ကား အဆိုပါချောင်သည်ကား တိန် ကောသွားခဲ့လေပြီ။ ထိုကဲ့သို့ ဘေးဝဲယာ ချောင်းမြောင်းများ ပတ်လည်စီးဆင်းနေသော ထိုတောင်ကပြူလေးကို မြင်လိုက်သည့်နှင့် ပုဏ္ဏဖြူတို့ရင်မှာ အေးမြလျက် အောင်မြင်မှုသရဖူ ကို ဆောင်စေမည့် ထိုအရပ်ဒေသကို အောင်မြေဟု သတ်မှတ်လျက် မြေနေရာကို ရက်မြတ် ရာဇာဖြစ်စေမည့်ရက်များ၊ အချိန်များကို သတ်မှတ်ပေးလျက် ပဏ္ဏပ်ရိုက်စေကာ ရွာကလေး ကို တည်စေခဲ့လေသည်။

ထိုရွာကလေးကို စတင်တည်ထောင်သူ ဦးညိုဂိုင်းမှပင် သာသနာကိုဖွံ့ဖြိုးတိုးတက် မှုရှိစေရန်။ အစွမ်းအစရှိသော ရဟန်းတစ်ပါးကို ပင့်စေလျက် ၁၉၃၈-၁၂၉၉ခုနှစ်မှာ ကျောင်း နေရာနှင့် ထေရာဝါသကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ပြီး သာသနာတော်ကို ချီးမြှောက်သောအားဖြင့် စတင်တည်ထောင်ပြီး ရွာကလေး၏ အလှကို ပိုမိုစေခဲ့လေသည်။

ထိုကျောင်းတော်လေးမှာ တစ်ပါးတည်း စတင်တည်ထောင်လျက် သီးတင်းသုံး သော ဆရာတော်ကား ဦးပဏ္ဍိတဟု အမည်ရလေသည်။ ဆရာတော်သည် ရိုးရိုးအေးအေး နေတတ်သည့်အားလျော်စွာ တစ်ပည့်ရဟန်း သာမဏေများကို မထားဘဲတရားဘာဝနာကို အားထုတ်ရင်း နေထိုင်ခဲ့လေသည်။ သို့အတွက် ထိုဆရာတော်၏ လက်ထက်တော်မှာ တပည့် ရဟန်း သာမဏေတစ်ပါးမှ မကျန်ရစ်ခဲ့ပေ။ ဒုတိယ သီးတင်းသုံးခဲ့သော ဆရာတော်သည် ကား ယခုလက်ရှိ သီးတင်းသုံးနေသော ဆရာတော်ဘုရားကြီး၏ နောင်တော်အရင်းဖြစ်သော ဆရာတော် ဦးဇောတိကမထေရ် ဖြစ်သည်။ ထိုဆရာတော်ကြီး၏ လက်ထက်တော်မှာကား တပည့်ရဟန်းနှစ်ပါး ကျန်ရစ်ခဲ့လေသည်။ ထိုနှစ်ပါးအနက် တစ်ပါးကား လူဝတ်ပြောင်းသွား ခဲ့ပြီး တစ်ပါးတည်းသာ ဆက်လက်ကျန်ရှိခဲ့လေသည်။ ထိုဆရာတော်သည်ကား လက်ရှိ သီးတင်းသုံးနေသော ဆရာတော်ဘုရားကြီး ဦးပညာဓမ္မဖြစ်သည်။

ဆရာတော်သည် ရဟန်းနှစ်ဝါသာရှိသေးပြီး စာဝါများ ဆည်းပူးလေ့လာနေရမည့် အချိန်ဖြစ်သည်။ သို့သော်လည်း မိမိအကျိုးကို မငဲ့ကွက်ဘဲ ကျေးရွာသို့ ပြန်လည်ကြွရောက် လာခဲ့ပြီး နောင်တော်ကြီး၏ ကျောင်းတော်ကြီးကို လက်ခံစေလျက် ရပ်ရွာကို ချီးမြှောက်သော အားဖြင့် ငယ်ရွယ်စဉ်အချိန်ကစတင်ကာ ယခုလက်ရှိအခြေအနေထိ သာသနာ့တာဝန်ကို ထမ်းဆောင်လျက် ရှိနေဆဲပင်။

ထိုဆရာတော်ဘုရားကြီးလက်ထက်တော်မှာကား တပည့်များရွာနှင့် မလိုက်အောင်ပင် များပြားနေခဲ့လေသည်။ အရေအတွက်သာ များပြားနေခဲ့ ခြင်းမျိုးမဟုတ်ဘဲ အရည်အချင်းအရလည်း များပြားနေသော သာသနာ့မျိုးစေ့များကို စိုက် ပျိုးနေဆဲ၊ စိုက်ပျိုးစေခဲ့ပြီး သာသနာ့ပန်းဥယျာဉ်ကြီးသည် ကမ္ဘာမြေနှံအောင် ရှာဖွေသော်လည်း တွေ့လိမ့်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ရွာကလေးသည် ယခုမှ အိမ်ခြေ(၁၆ဝ) ကျော်လောက်သာ ရှိသော်လည်း တပည့်ရဟန်းသာမဏေများသည်ကား (၆ဝ)ကျော်မျှပင် ရှိနေခဲ့လေသည်။
ထိုကဲ့သို့ အရေအတွက်များပြားနေခဲ့သော်လည်း အရည်အချင်းကို ပြန်လည်ဆန်း စစ်ကြည့်လိုက်တော့ ကျမ်းပြီးသံဃာတော်များ ဆယ့်ငါးပါးလောက်ရှိနေခဲ့ပြီး။ ပိဋကတ်သုံး ပုံကို နုတ်ငုံဆောင်လျက်ရှိသော ရဟန်းသံဃာတော်များထဲမှာ နှစ်ပုံသုံးပါးနှင့် နှစ်ပုံခွဲအောင် ရဟန်းများ၊သာသနာလင်္ကာရဘွဲ့ရ သာမဏေကျော်ရဟန်းများ စသည့်ဖြင့် အရည်အချင်း ရှိသော ရဟန်းတော်များသည်လည်း ထိုဆရာတော်ဘုရားကြီးလက်ထက်မှာ အံ့မခန်းဖြစ် လောက်အောင်ကို မွေးထုတ်ပေးနိုင်ခဲ့လေသည်။

ထိုကဲ့သို့သော ရွာကလေး၏ သာသနာ့ပန်း ဥယျာဉ်ကြီးသည်ကား အဆိုပါအောင်မြေဟု သမုတ်စေလျက် မြေမြတ်နေရာ ရွေးခြယ်ပေးခဲ့ သော ပုဏ္ဏဖြူများ၏ အနာဂတ်ဟောစတမ်းကြီးပင် ဖြစ်နေခဲ့ပေလိမ့်မည်။
ထိုဆရာတော်ဘုရားကြီးလက်ထက်မှာပင် သာသနာတော်ကြီးကို တိုးတက်သ ထက်တိုးတက်အောင် စွမ်းဆောင်ခဲ့ကြသည့် ဦးဘိုးဝ၊ဘိုသာဟံ၊ဘိုးစံခ စသော လယ်ပိုင်မြေပိုင် တောင်သူကြီးများနှင့် ကျေးရွာရှိလူများသည်လည်း စွမ်းအားရှိသရွေး သာသနာ တော်ကြီးကို ထောက်ပံ့ပေးခဲ့လေသည်။
လူများ၏ ပညာရေးကို ခြေရာခံလိုက်သော်လည်း ဘွဲ့ရပညာတတ်များ သုံးဆယ် ကျော်ထိပင် ရှိနေခဲ့လေသည်။ ထိုထိုသို့သော အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ရှုလိုက် တော့ ကျေးရွာကို ဦးဆောင်မှုပြုခဲ့သော ရဟန်းတော်များ ကျေးရွာလူကြီးများ၏ အမျှော်အမြင် ရှိသည့်အားလျော်စွာ ပညာရေးကို အထူးအားပေးခဲ့သော ရွာလေးဟုပြောလျင်လည်း လွန် မည်မထင်ပေ။

တစ်မိန့်တစ်သံဆိုသော်လည်း အာဏာရှင်ဆန်သော အသုံးမျိုးကို ဘယ်တော့မှ ကျင့်သုံးမှုမပြုခဲ့ဘဲ အုပ်ချုပ်စေခဲ့ပြီး၊ သွန်သင်ဆုမ္မစေခဲ့သော ဆရာတော်ဘုရားကြီး၏မေတ္တာ စေတနာ၊ အနစ်နာများ လက်ကိုင်ထားလျက် အုပ်ချုပ်ထိန်းသိမ်းခဲ့သော ကြောင့်ဟုဆိုလျင်လည်း လွန်မည်မဟုတ်ခဲ့ပေ။ ထိုကဲ့သို့သော လာရာလမ်းကို ခြေရာကောက်ကြည့်လျက် လားရားသို့လည်း မျှော်ငေးကြည့်လိုက်တော့ အောင်မြင်မှုသရဖူများကား တစ်စတစ်စ များပြားနေခဲ့ပေလိမ့်ဦးမည်။ ရွှေရောင်တလက်လက် တောက်ပလျက် ကျေးရွာနှင့်၊ကျောင်း တော်ကြီး၏ အလှကျက်သရေကို ပိုမိုရုပ်လုံးကြွအောင် ဖော်ဆောင်နေသည့် ရှစ်မျက်နှာစေတီ ကြီးသည်လည်း တင့်တင့်တယ်တယ်ဆိုသလို ရှိနေခဲ့လေသည်။ ကြောင်လိန်လှေကားများဖြင့် တန်ဆာဆင်ထားသော ဓမ္မာရုံကြီး၏ အထက်မှာတော့ နေ့စဉ်နှင့်အမျှ ကုသိုလ်ကောင်း မှုများ ပြုလုပ်စေရန် နိုးဆော်ပေးနေသော ခေါင်းလောင်းကြီး၏ သာယာနာပျော်ဖွယ်တေးသံနှင့်၊ ရှင်ငယ်များ ညဘက်ဘုရားရှိခိုးပြီး အမျှပေးဝေသည့်အနေဖြင့် တီးခတ်နေသော ကြေးစည်သံ များသည်လည်း ချိုချိုလွင်လွင်ရှိနေခဲ့လေသည်။ သူတော်ကောင်းများအနေဖြင့် ဥပုသ်သီလ ဆောက်တည်ရန် အဖိတ်နေ့တီးခတ်လျက် နိုးဆော်ပေးနေသော မောင်းသံ၊စည်ကြီး၏ အသံ များသည်လည်းရွာကလေး၏ ကျက်သရေကို ဖော်ဆောင်လျက်ရှိသော ဓမ္မစည်သံများဖြစ် နေခဲ့လေသည်။

ရွာကလေးသည် များသောအားဖြင့် တောင်သူကို လုပ်ကိုင်စားသောက်နေခဲ့သော်လည်း ကုန်သည်များ၊ ပွဲစားများ၊ အနုပညာသည်များ၊ ပန်းချီပန်းပုထုသူများ၊ ပန်းရံ-လက်သမားစသော အလုပ်များလုပ်ကိုင်လျက် ဘဝကိုနေပျော်ပျော်နေစေပြီး ဆက်လက်ရုန်းကန် ရွက်လွင့်နေခဲ့ကြလေသည်။ နတ္တော်လပြည့်နေ့တိုင်း နှစ်စဉ်ကျင်းပနေခဲ့သော ဘုရားပွဲကြီးသည်လည်း ယခုထက်တိုင် အရပ်ပြဇာတ်များ တန်ဆာဆင်လျက် ကျင်းပနေခဲ့သေးသည်။

နွေကျောင်းပိတ်ရက်များမှာလည်း မြို့ကြီး ပြကြီးမှာ သီးတင်းသုံးလျက် ပညာသင်ကြားနေခဲ့ သော ရဟန်းသံဃာတော်များ မိမိရပ်ရွာပြန်လည် ကြွချီလျက် အမျိုးဘာသာ သာသနာ တော်ကြီး၏ အသက်သွေးကြောသဖွယ်ဖြစ်သော ယဉ်ကျေးမှုများကို အခြားခြားသော ဘာသန္တရစာပေများ ရောယှက်ကာ သင်ကြားပေးနေခဲ့လေသည်။ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ ပျော်ရွင်စေရေး စသည်များကို ရှေ့ရှုလျက် ညီငယ်ရဟန်းတော်များ နှစ်စဉ်လိုလို သင်ကြားပေးနေခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော သင်တန်းများ သင်ကြားပေးခဲ့ပြီး တဲ့နောက် ဆုအသီးသီးရွေးခြယ်လျက် ထိုက်ထိုက်တန်တန် ချီးမြှင့်စေခဲ့ပြီး သင်တန်းပိတ်ပွဲ နှင့်အောင်ပွဲအဖြစ်လည်း ကလေးငယ်များ၏ ပျော်ရွင်တက်ကြွစေရေးကို ရည်ရွယ်ပြီးတော့ ပြဇာတ်လေးတွေကို ကပြစေလျက် ပျော်ရွှင်မှုကို ဖြည့်ဝေပေးခဲ့လေသည်။ အပျော်ဆိုသည်မှာ လူတိုင်းလိုလို မက်မောခဲ့လေသည်။ အထူးသဖြင့် မက်မောမှုကို အားကြီးစေခဲ့သော ကလေးငယ်များကို ပျော်ရွှင်အောင် ဖြေဖျော်စေခဲ့သည် မှာလည်း အဆိုပါ ညီငယ်များ၏ ဆန္ဒများပင် ဖြစ်လေသည်။

ယခုသော်ကား ဘွဲ့ရပညာတတ်များ ယောင်ချာချာနှင့် လယ်တောထဲဆင်းနေသည့် အဖြစ်ကို မြင်နေရ၍ ငယ်စဉ်တောင်ကျေး ကလေးငယ်ဘဝကပင် စုဆောင်းထားခဲ့သော စာအုပ်(၂ဝဝဝ)နီးပါးဖြင့် ရွှေနံ့သာဆိုသည့် စာကြည့်တိုက်ကြီးကို အရှင်ရာဇိန္ဒ(မောင်မင်းစိုး၊ရွှေ နံ့သာ) ဦးဆောင်လျက် ဖွင့်လှစ်နိုင်ခဲ့လေသည်။ ထိုစာကြည့်တိုက်ကြီးသည်လည်း ရပ်ရွာ၏ ကျက်သရေကို ဖော်ဆောင်လျက် ရှိနေခဲ့လေသည်။

ထိုစာကြည့်တိုက်ကြီး တည်တန့်မှုကို ရှေးရှုလျက် လုပ်အားပေးသူများ၊ အလှူရှင်များသည်လည်း တစ်စတစ တိုးတက်လာနေခဲ့ လေသည်။ ပြီးခဲ့သောလက ပေါက်သဖရွာမှ လာရောက်လှူဒါန်းထားသော ဘီဒိုကြီးဆိုလျင် တော်တော်လေးကို ခန်းနားလှသည်၊အလှူရှင်များကတော့ ဦးစန်းမြင့်အောင်၊ဒေါ်စန်းအေး (မိသားစု)တို့၏ အမျှော်အမြင်ကြီးကျယ်မှုကို ပြသရာကျခဲ့သလို အားကောင်းသော အလှူ ဒါနကြီးလည်း ဖြစ်ခဲ့လေသည်။ ထိုစာကြည့်တိုက်ကြီး ဆက်လက်ရပ်တည်နေဦးမည်ဆိုလျင် ရွာကလေး၏ လားရာသည်လည်း တော်တော်လေးကို တောက်တောက်ပပ ဝင့်ဝင့်ထည် ထည်နှင့် လာခြင်းကောင်းရာမှ လားခြင်းကောင်းရာသို့ ဦးတည်နေဦးမည်ဆိုသာ. . . .။

မောင်မင်းစိုး၊ရွှေနံ့သာ
(၂၂-၅-၂ဝဝ၉)

မှတ်ချက်။ ။ နံ့သာကုန်းရွာသည်။ စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊အင်းအုပ်စု၊နံ့သာကုန်းရွာဖြစ်သည်။ အချို့ကလည်း ယခုချိန်ထိ ထန်းတောကုန်းရွာဟု ခေါ်ကြသေးသည်။ အင်းအုပ်စုထဲမှာ ပါဝင်သည့်အတွက် အင်း-ထန်းတောကုန်းဟု ပေါင်းလည်းခေါ် ဝေါ်ကြသေးသည်။ မုံသွင်နှင့်ယမားချောင်းခြားနေသည်။ နံ့သာကုန်းရွာ၏ အနီးတဝိုက်ရှိရွာမှားမှာ အနောက်ယွန်းယွန်းမှာ ပိတောက်ကုန်းရွာရှိသည်၊ တောင်နှင့်အနောက်တောင်မှာတော့ မုံသွင်ရာ၊ ချင်ပြစ်၊ကြာစီ(ပုလဲမြို့နယ်) သာစည်(ယင်းမာပင်မြို့နယ်)စသောရွာများ တည်ရှိသည်။ အမြောက်အရပ်နှစ်မိုင်ခန့် လောက်မှာတော့ ပေါက်သဖ၊ပဲခင်းမ၊မောင်းလုပ်၊ကြိုးကြာဝင်း၊အထက်ငနန်း၊အောက်ငနန်း၊မင်းမကုန်း-စသော ရွာများတည်ရှိသည်။ အရှေ့နှင့်အရှေ့မြောက်လောက်မှာတော့ ရင်ပေါင်တိုင်၊ပြအို(ယင်းမာပင်မြို့နယ်)။ ရွာသစ်၊ပုထိုးသာ၊ကမ်းပါးရပ်၊ထီးနဲ၊ရွာနောင်(ပုလဲမြို့နယ်)၊ရွှေလှံ၊မန်းကျီးကုန်း၊သဲကုန်း၊အင်း၊လက်ပန်တန်း(အုပ်စုရွာများ) များတည်ရှိပါသည်။ အင်းအုပ်စုရွာများမှာ ပေါက်သဖ(အိမ်ခြေတစ်ရာကျော်)၊ သာစည်(သုံးဆယ်ဝန်းကျင်) နံ့သာကုန်း(တစ်ရာ့ခုနှစ်ဆယ်ကျော်) အင်း(တစ်ရာဝန်းကျင်)သဲကုန်း(၉ဝကျော်)
လက်ပန်တန်း(၂ဝဝန်းကျင်)မန်ကျီးကုန်း(တစ်ရာဝန်းကျင်)ရှိရွာများဖြစ်ပါသည်။
(ရွာနှင့်ပတ်သက်လို့မေးထားသော ကိုမိုးစံအားအထူးပင်ကျေးဇူးတင်ရှိပါသည်။)