Tuesday, January 7, 2014

လောလောလတ်လတ် ပုံပြင်များ

သူတော်စင်ကြီး ဂျာမိန်းရဲ့ ကတိ
အမှတ်စဉ်(၁)
တစ်ခါက ဂျာမိန်းဆိုတဲ့ သူတော်စင်တစ်ယောက် ရှိခဲ့ဘူးတယ်။ သူ့အနေနဲ့ ထူးခြား ချက်ကတော့ ဆေးပညာမှာ တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတယ်။ ဒါကြောင့် သူရောက်တဲ့ နေရာတိုင်းလိုလို ဆေးကုသမှုတွေ လုပ်ပေးလေ့ရှိတယ်။
တစ်နေ့တော့ သူဟာ တပည့်တစ်ယောက်ကို နောက်ပါအဖြစ် ခေါ်သွားရင်း ကျေး လက်ဇနပုဒ်တစ်ခုကို  ခရီးသွားခဲ့တယ်။ ဒီလိုနဲ့ ရွာကလေးတစ်ရွာကို ရောက်ရှိခဲ့တယ်။  သူတော်စင်ကြီး ဂျာမိန်းတစ်ယောက် ရောက်ရှိလာခဲ့တယ်ဆိုတဲ့ တစ်ရွာလုံးဟာလည်း တစ်ရွာလုံးလိုလို ပြန့်နှံ့သွားတယ်။ ဒါကြောင့် ဆေးဆရာကြီးလည်းဖြစ်တော့ သူ့လာတုန်း ရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေဟာ ကုသ၊ ပြသချင်ကြတယ်ပေါ့
ဒါကြောင့် အိမ်တစ်အိမ်က လူနာရှင်တစ်ယောက် ဂျာမိန်းထံရောက်ရှိလာပါတယ်။ ဒီမှာနေစဉ် သူ့အိမ်မှာပဲ အေးအေးလူလူ တည်းခိုနေထိုင်ဖို့နဲ့ အိမ်မှာရှိတဲ့ လူနာကိုလည်း ဆေးကုသပေးဖို့ ဖိတ်ကြားလိုက်ပါတယ်။
အိမ်ရောက်သွားတော့ လူနာဟာ အချိန်ပြည့် နာကျင်လှတဲ့ ဝေဒနာကြောင့် ငြီးညူ နေရတာကို တွေ့လိုက်တယ်။ ဒီလိုနဲ့ သူတော်စင် ဂျာမိန်းဟာ အိမ်မှာရှိတဲ့ လူနာရှင်တွေနဲ့ အပေးအယူတစ်ခုလုပ်ပြီး ကုသဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
“တကယ်လို့ လူနာကို ပျောက်အောင် ကုသနိုင်ခဲ့တယ်ဆိုရင်တော့ ကျုပ်အနေနဲ့ လူနာကို နောက်ပါတပည့်အဖြစ် ခေါ်သွားခွင့်ပြုပါ၊ မပျောက်ရင်တော့ ကျုပ်ကို ခင်ဗျားတို့ ပိုင်ပါတယ်။ လုပ်ချင်သလို လုပ်နိုင်ပါတယ်၊ နောက်ဆုံး အသက်ပါ နုတ်ယူမယ်ဆိုရင် လည်း နုတ်ယူနိုင်ပါတယ်” အဲဒီလို ကတိတစ်ခု ပြုလိုက်ပါတယ်။
ဂျာမိန်းဟာ အသင့်ပါတဲ့ ဆေးကို ဖျော်တိုက်လိုက်ပါတယ်။ လူနာဟာ ငြီးညူးမြဲပါ ပဲ။ ဒုတိယနေ့ရောက်တော့ လူနာကို နောက်ထပ်ဆေးတစ်ခွက် တိုက်လိုက်ပါတယ်။ မကြာ ခင်မှာပဲ လူနာဟာ အသက်ဆုံးသွားခဲ့ပါတယ်။
ဒီလိုနဲ့ လူနာရှင်တွေနဲ့ ကတိပြုခဲ့တဲ့အတိုင်း သူ ပေးဆပ်ဖို့ ပြင်လိုက်ပါတယ်။ လူနာ ရှင်တွေကလည်း ဒီလောက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလှတယ်ဆိုတဲ့ သူတော်စင် ဂျာမိန်းကို နည်းနည်းမှ မကျေနပ်ပါဘူး၊ ဒါကြောင့် ကတိအတိုင်း ကျေးရွာမှာရှိတဲ့ လူကြီး တွေနဲ့ တိုင်ပင်ပြီးတော့ ရွာအပြင်ထုတ်ပြီး သူတော်စင်ကြီးကို သတ်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်။
“ဟုတ်ပြီလေ၊ ကျုပ်ပေးထားတဲ့ ကတိအတိုင်း ကျုပ်ကို ခင်ဗျားတို့ ကြိုက်နှစ်သက် သလို စီမံနိုင်ပါတယ်။ ဒါပေမယ့် ကျုပ်ကို မသတ်ခင်တော့ စကားတစ်ခွန်းလောက်တော့ ပြောခဲ့ပါရစေ။ အမှန်က ခင်ဗျားတို့ရဲ့ လူနာကို ကုသလို့မရဘူးဆိုတာ ကျုပ်သိတာပေါ့၊ ရောဂါကျွမ်းနေပြီဖြစ်တဲ့ လူနာဟာ ဝေဒနာကို ဒီလောက်ခံစားနေရတာကို ကျုပ်ကတော့ ဆက်ပြီး မကြည့်ရက်ဘူးဗျ၊ ဒါကြောင့် ကျုပ်အသင့်ပါလာတဲ့ ဆေးတစ်ခွက်ကို ဖျော်တိုက် လိုက်တာပါ၊ အခုတော့ သူ ထွက်သွားပါပြီ၊ ကောင်းကင်ဘုံမှာ သူရောက်နေလောက်ပါပြီ။ မကြာခင် ကျုပ်လည်း သူ့ဆီကို သွားပါတော့မယ်”
အဲဒီလိုနဲ့ သူတော်စင်ကြီး ဂျာမိန်းကို လူနာရှင်တွေက ရွာအပြင်ထုတ်ကာ အဆုံးစီ ရင်လိုက်ကြပါတော့တယ်။
မောင်မင်းစိုး
သမိုင်းပညာရှင်ရဲ့ ခံယူချက်
အမှတ်စဉ်(၂)
တစ်ခါက သမိုင်းပညာရှင်တစ်ယောက်ဟာ ပေါက်တူးတစ်လက်ထမ်းပြီးတော့ မြင့် မားတဲ့ တောင်ထိပ်ကို တက်သွားခဲ့တယ်။ တောက်ထိပ်ကိုရောက်တော့ ခဏအနားယူပြီး လုပ်စရာရှိတာတွေလုပ်ဖို့ ပြင်ဆင်လိုက်တယ်။
ဆယ်ပေပတ်လည်လောက်ရှိတဲ့ အကျင်းတစ်ခုကို စတင်ပြီးတော့ တူးနေခဲ့တယ်။ မမောနိုင် ပပမ်းနိုင်ဆိုသလို တူးမြဲတူးနေခဲ့တယ်။ ဒီလိုနဲ့ ညနေစောင်းရောက်တော့ ခဏ အနားယူလိုက်တယ်။ ကျောက်ဖြာနှစ်ခုထဲကနေ စီးကျနေတဲ့ ရေကိုသွားခပ်ရင်း ကြိုချက် သောက်ဖို့ အနီးဝန်းကျင်မှာရှိတဲ့ သစ်ကိုင်းချောက်လေးတွေကို လိုက်ကောက်နေခဲ့ပါတယ်၊
ခဏနေ ၀မ်းစာဖြည့်ပြီးတော့ အိပ်စက်အနားယူမယ်လုပ်တော့ တောင်စောင့်နတ် ပေါ်လာပါတယ်။ သူကတော့ အိပ်မက်လိုလို ဘာလိုလိုနဲ့ ထင်ရောင်ထင်မှားတော့ ဖြစ်သွား ခဲ့တယ်။ ပြီးတော့ တောင်စောင့်နတ်က ပြောတယ်။
“ဟေ့လူ၊ ခင်ဗျား တူးလက်စ တွင်းကို ဆက်မတူးဘဲ နေပါလား၊ ဖြစ်နိုင်ရင် ဒါကြီး တူးလို့ မောပမ်းနေမယ့်အစား အေးအေးလူလူနဲ့ ဆိတ်ငြိမ်နေတဲ့ ဒီဝန်းကျင်မှာ မေတ္တာတ ရား ထိုင်ပို့နေပါလား” ဒီလို ပြောတော့ သမိုင်းပညာရှင်က ပြန်ပြောလိုက်တယ်။
“ကျုပ်လား၊ ဘာဖြစ်လို့ ရပ်နားရမှာလား၊ လုပ်လက်စအလုပ်ကိုတော့ မဖြစ်မနေဘဲ ဆက်ပြီးလုပ်ရပါဦးမယ်၊ ကျုပ်က သမိုင်းရှင်ဗျ၊ သမိုင်းဆိုတာ လူတွေ မအအောင်သင်ရ မယ်၊ လေ့လာရမယ်လို့ ပြောကြတယ်၊ ဒါကြောင့် သူတို့လေ့လာနိုင်ဖို့ အစလောက်ဆွဲ ထုတ်လိုက်ရတာပဲဖြစ်ဖြစ် လူသားအကျိုးပြုလုပ်ငန်းဖြစ်တဲ့အတွက် ကျုပ်ကတော့ ဆက်ပြီး တူးဖော်ရပါလိမ့်မယ်၊ အသက်သာ သေချင်သေသွားပါစေ၊ ကျုပ်လုပ်ရမယ့် အလုပ်ကို တော့ မရပ်နားနိုင်ဘူးဗျ”
ဒီလိုနဲ့ တူးဖော်နေလိုက်တာ လူတစ်ရပ်လောက် အနေအထားထိ ရောက်သွားခဲ့ တယ်။ အစားအသောက်ပါလာတာကလည်း ပြတ်နေပြီပေါ့။ ဒါကြောင့် အစားအသောက် အတွက် ပူပန်နေခဲ့ရပြန်တယ်။ ဒီလိုနဲ့ ဇွဲရှိရှိနဲ့ တူးဖော်နေလိုက်တာ အစားအသောက်အ တွက်တောင် သတိမထားမိဘဲ မိုးချုပ်တဲ့အထိ တူးနေခဲ့လိုက်တယ်။
ညလည်းရောက်လာ၊ တော်တော်လေးလည်း မှောင်လာပြီဆိုတော့မှ မတူးတော့ဘဲ နားလိုက်တော့တယ်။ အဲဒီအချိန်ကျမှ ၀မ်းထဲက ဒီနေ့ ဘာမှ ဟုတ္တိ ပတ္တိမစားသောက်ရ သေးဘူးဆိုတာ သတိထားမိလိုက်တယ်။ ၀မ်းထဲကတော့ တဂြီဂြီ မြည်သံတွေလည်း ပေးနေခဲ့တယ်။ ဒါကြောင့် ဗိုက်မှောက်ရင်း အိပ်ပစ်လိုက်တယ်။ အိပ်ပျော်လုလုရောက်သွား တော့ တောင်စောင့်နတ်က သူ့အနီးအနားလာပြီး စားစရာတွေ လာချသွားတယ်။ တရေးနိုး တော့ အိပ်ရာကအသာအယာထလိုက်တော့ အစားအသောက်ဆိုတာတွေ သိလိုက်တာနဲ့ ဆာဆာနဲ့ စားပစ်လိုက်တယ်။
“ခင်ဗျား ကိုယ့်ကိုယ်ကိုယ် တော်တော်ပင်ပန်းခံနေတယ်နော်၊ ကျုပ်ပြောသလို နား လိုက်၊ ရပ်လိုက်ပါတော့လား၊ ခင်ဗျားပြောတဲ့ လူသားအကျိုးပြုလုပ်ငန်းအတွက်ဆိုရင်လဲ ခုနက ကျုပ်ပြောသလို မေတ္တာပို့သနေတာဟာလည်း တစ်ဖက်တစ်လမ်းကနေ လူသားအ ကျိုးပြုလုပ်ငန်း လုပ်နေခြင်းပဲ မဟုတ်လား၊ ဒါကြောင့် ဆက်ပြီး ပင်ပန်းမခံပါနဲ့ နားလိုက်ပါ”
“ဘယ်တော့မှ မနားဘူး၊ ကျုပ်လုပ်ရမယ့်အလုပ်ကတော့ အသက်သေသွားပါစေ မနားနိုင်ဘူး၊ လုပ်စရာရှိတာကိုတော့ ဆက်လုပ်ရလိမ့်မယ်၊ ဒါကြောင့် နောက်တစ်ခါလာပြီး တားမြစ်မှုမျိုး မလုပ်ပါနဲ့”
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် တူးနေလိုက်တာ တွင်းကြီးလည်း တော်တော်လေးကို နက်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် သူရှာဖွေတဲ့ အရာဝတ္ထုက မတွေ့သေးဘူးဖြစ်နေတယ်။ သို့သော်လည်း ရည်ရွယ်ချက်အတိုင်း လုပ်စရာရှိတာကိုတော့ ဆက်လက်လုပ်ဆောင်ဖို့ သူဆုံးဖြတ်ချ ချလိုက်တယ်။
“ခင်ဗျားကို ကျုပ်မတားမြစ်ပါဘူး၊ လုပ်စရာရှိတာ ဆက်လုပ်ပါ၊ ဒါပေမယ့် ထမင်း မေ့ ဟင်းမေ့တော့ မလုပ်ပါနဲ့ဗျာ၊ ကိုယ့်ကိုယ်ကိုယ် သနားတယ်ဆိုရင် ဒီတော၊ ဒီတောင်ထဲ မှာ စားစရာမျိုးစုံ ရှိပါတယ်။ ရှာဖွေပြီးတော့ စားသောက်ပါ၊ သစ်သီးမျိုးစုံ၊ သစ်ရွက်မျိုးစုံ၊ အမြစ် အဖုမျိုးစုံရှိပါတယ်။ ကြိုက်တာကို ရှာဖွေစားသောက်ဖို့တော့ ကျုပ်တိုက်တွန်းချင်ပါ တယ်”
ဒီလိုနဲ့ လူလည်း အနည်းငယ်တော့ ပိန်ကျလာတယ်။ အားအင်တွေလည်း ဆုတ်ယုတ်လာတယ်။ ဒါကြောင့် လုပ်တာလုပ်နေရတယ်။ခ ရီးမတွင်ဖြစ်နေခဲ့တယ်။ ပမယ့် ဇွဲတော့လျှော့ချပစ်တာမျိုးတော့ မလုပ်ဘဲ လုပ်နိုင်သလောက်တော့ ဆက်လက် လုပ်နေခဲ့တယ်။
“ခင်ဗျား၊ ဒီနေ့ တစ်နေကုန် အိပ်ယာထဲ အိပ်စက်နေပါလား၊ ဘာမှလုပ်တာလဲ မတွေ့ရဘူး၊ ဘာမှလည်း စားသောက်ရသေးဟန်လည်း မတူဘူး၊ ရော့ ဒါလေးတွေ စား သောက်လိုက်ပြီး အားဖြည့်ပါဦး” ပြောပြောဆိုဆိုနဲ့ တောင်စောင့်နတ်က စားစရာတွေချ ထားခဲ့ပြီး ပျောက်ကွယ်သွားတယ်။
“ဟုတ်တယ်၊ ကျုပ်ဖျားနေခဲ့ပြီ၊ ဘာမှလည်း စားချင်သောက်ချင်စိတ် မရှိဘူး” သူလည်း ပါးစပ်ထဲရှိတာကို ပြောချလိုက်တယ်။ ဒီလိုနဲ့ မှေးခနဲ အိပ်ပျော်သွားပြန်တယ်။ ခဏနေတော့ တောင်စောင့်နတ် ပြန်ရောက်လာပြီး အမှုန်ကြိတ်ထားတဲ့ ဆေးတစ်ခွက်ကို လာပေးပြန်တယ်။
“ရော့ ဒီဆေးတစ်ခွက်ကို သောက်လိုက်ပါ၊ ဒီဆေးက အစွမ်းထက်ပါတယ်။ ဒီဆေး ဟာ ဒီတောင်ပေါ်ကနေ ရရှိတဲ့ လူသားတစ်ယောက်အတွက် အသက်ရှည်စေမယ့် ဆေး စွမ်းကောင်းပါပဲ၊ ဒါကိုသောက်လိုက်ပါ” အဲဒီဆေးကို သောက်ပြီးတော့ နောက်နေ့သိသိ သာသာ အားအင်ပြည့်ပြီး အကောင်းပကတိဖြစ်သွားတယ်။
လူလည်း နလန်ထူနိုင်ပြီဆိုတော့ လုပ်စရာရှိတာတွေကို ဆက်လက်တူးဖော်လိုက် ပါတယ်။ မကြာပါဘူး၊ လူသားအရိုးစုလို့ထင်ရတဲ့ အရိုးစုတွေကို တွေ့လိုက်တယ်ဆိုရင်ပဲ သမိုင်းပညာရှင်ဟာ တော်တော်လေး ပျော်ရွှင်ကျေနပ်သွားတယ်။
“အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ” သူအော်လိုက်တဲ့ အသံဟာ တစ်တောင်လုံးကို ဟိန်းသွားခဲ့တယ်။ ဒီလိုနဲ့ အဲဒီအရိုးစုတွေကို ပါလာတဲ့ အိတ်ထဲကို သေသေချာချာထည့် လိုက်ပါတယ်။ သူပြန်ဖို့ ပြန်ဆင်ချိန်မှာ တောင်စောင့်နတ်ထပ်ရောက်လာပြီး စကား တစ်ခွန်း ပြောပါတယ်။
“အဲဒီအရိုးစုလို ခင်ဗျားခန္ဓာကိုယ်ကြီး ဖြစ်မသွားအောင် ဒီတောင်မှာရှိတဲ့ သစ်မြစ် တွေက အကျိုးရှိရှိ အသုံးချခံလိုက်ပါတယ်၊ ဒါပေမယ့် နောက်တစ်ကြိမ်ထပ်ပြီးတော့ အခြားလူတွေခေါ်လာပြီးတော့ မတူးပါနဲ့လို့ ကျုပ်မှာပါရစေ”
ဒ်ီလိုနဲ့ သမိုင်းပညာရှင်ဟာ ရွှေထုပ်ကောက်ရသူလို မျက်နှာကြီးနဲ့ ပြုံစိစိဖြစ်ကာ လာလမ်းအတိုင်း ပြန်လာခဲ့တော့တယ်။
မောင်မင်းစိုး

တယောလေး
အမှတ်စဉ်(၃)
တစ်ခါက ရွာတစ်ရွာမှာ တယောတီးကျွမ်းကျင်လှတဲ့ လူတစ်ယောက်ရှိတယ်။ ပရော်ဖက်ရှင်နယ်လုပ်စားတာမဟုတ်ပေမယ့် သီးချင်းကြီးတွေကို တစ်ပုဒ်ပြီးတစ်ပုဒ်ကို ပိုင် နိုင်စွာ တယောထိုးနိုင်တယ်။ အလုပ်တစ်ဖက်နဲ့ဆိုတော့ အချိန်ပြည့်တော့လည်း မဟုတ်ပါ ဘူး။ အလုပ်အားတိုင်း မန်ကျီးပင်အောက် ထိုးထားတဲ့ တဲလေးထဲမှာ ထိုးနေလေ့ရှိတယ်။
သူ့အတွက် ပရိသတ်ကတော့ များများစားစားမရှိလှပါဘူး။ ဒါပေမယ့် သူတယော ထိုးတိုင်းလိုလို သူ့အနီးမှာ လက်လေးနှစ်ဖက် မေးထောက်ရင်း လာပြီး နားထောင်လေ့ရှိ တာကတော့ သူ့တူလေးဖြစ်နေခဲ့တယ်။ တူလေးကတော့ ဘယ်အချိန်ထိုးထိုး သူ့အနီးနား ကနေ မခွာပါဘူး။ အခြားကလေးတွေနဲ့ ဆော့ကစားနေတာတောင် တယောထိုးသံ ကြား ပြီဆိုရင်တော့ သူ့အနီးအနားကို ပြေးသွားလေ့ရှိတယ်။
“ဦး ဦး သားသားလည်း တယောထိုးချင်တယ်”
“အေး၊ နောက်ကျ မင်းထိုးတတ်မှာပါကွ” မေးတိုင်းလိုလို ဒီလိုပဲ အမြဲအဖြေပေး လေ့ရှိပါတယ်။ တစ်ရက်လည်းမဟုတ်၊ တစ်ခါလည်းမဟုတ် ကလေးဟာလည်း သူတ ယောထိုးချင်ကြောင့် သူ့ဦးလေးထံမှာ အမြဲတန်းထိုးချင်ကြောင်း ပြောလေ့ရှိတယ်။ သို့ သော်လည်းပဲ တယောပညာရှင် သူ့ဦးလေးကတော့ တစ်ခါမှကို သင်မပေးဘဲ နောက်ကျ ရင် ထိုးတတ်မှာပါဆိုတဲ့ အဖြေနဲ့ပဲ ပြီးသွားခဲ့ရတာပါ။
“ဦး ဦး၊ ကျွန်တော် ဘယ်တော့ ထိုးရမှာလဲ”
“နောက်ကျရင် ငါသင်ပေးမှာပါ၊ အခု မင်းမလုပ်နိုင်သေးတာကို သင်ပေးလဲ ဘာ ထူးမှာလဲ၊ ဒါကြောင့် အေးအေးဆေးဆေးနေနော် ငါ့ကို လာပြီး မနှောက်ယှက်နဲ့တော့”
ဒီလိုနဲ့ ကလေးငယ်ဟာလည်း အဲဒီနေ့လေးကို စောင့်စားရင်း သူ့ဦးလေးတယော ထိုးတိုင်းလိုလို အမြဲပဲ သွားပြီး နားထောင်နေခဲ့ပါတယ်။
တစ်ရက်တော့ သူ့ဦးလေးဟာ နှလုံးရောဂါဓာတ်ခံရှိတော့ မထင်မှတ်ဘဲ သေသွား ခဲ့တယ်။ ဒါကြောင့် သူ အလွန်ပဲ ချစ်မြတ်နိုးလှတဲ့ တယောလေးကို အခေါင်းထဲမှာ ထည့် ပေးလိုက်ပါတယ်။ ဒါကို ကလေးငယ်က မကျေနပ်ဘူး။ မထည့်ပေးချင်ဘူး၊ သူသာလျှင် ယူ ထားချင်တယ်။ တောင်းတယ် မရဘူး။ လူကြီးတွေဟာ ကလေးငယ်ကို လျစ်လျူရှုပြီးတော့ လူသေကောင်ထည့်ထားတဲ့ အခေါင်းထဲမှာပဲ ထည့်လိုက်ပါတယ်။ နောက်ပြီးတော့ ရွာရဲ့ ထုံးစံအတိုင်း လူသေကို မြေမြှပ်သင်္ဂြိုဟ်လိုက်ကြတယ်။
ကလေးငယ်ဟာ အဲဒီနေ့ကစပြီး စိတ္တဇဆန်ဆန် ဖြစ်သွားခဲ့တယ်။ ညဘက်အိပ်လို့ ရောင်အော်တဲ့အထိ ဒီတယောကိုပဲ သူလိုချင်ကြောင်း အော်ဟစ်မြည်တမ်းလေ့ရှိတယ်။ ဘယ်သူ့ကိုမှလည်း စကားမပြောတော့ဘူးပေါ့။ မနက်မိုးလင်းတာနဲ့ သူ့ဦးလေး အမြဲတန်း တယောထိုးလေ့ရှိတဲ့ တဲလေးထဲမှာပဲ သွားနေလေ့ရှိတယ်။
ဒီလိုနဲ့ တစ်ရက်မှာတော့ အဲဒီကလေးလေးဟာ ဘယ်သူ့ကိုမှ မပြောဘဲ အိမ်ကနေ အသာအယာထွက်သွားခဲ့တယ်။ နေ၀င်မိုးချုပ်တဲ့အထိ ပြန်မလာတော့ အိမ်ကလူတွေ လည်း စိုးရိမ်စိတ်ရှိကြီးနဲ့စွာ အဖွဲ့တွေ ခွဲပြီး ရှာပုံတော်ဖွင့်လိုက်ကြတယ်။
ကလေးငယ်ဟာ သူ့ဦးလေးကိုမြှပ်နှံထားတဲ့ မြေပုံကြီးကို အနီးအနားရှိ တုတ်တွေနဲ့ တူးဆွနေတာကို မထင်မှတ်ဘဲ တွေ့လိုက်တယ်။
မောင်မင်းစိုး

အမေချစ်တဲ့ သား
အမှတ်စဉ်(၄)
တစ်ခါက အမေလုပ်သူဟာ တစ်ဦးတည်းရှိတဲ့ သားလေးကို တော်တော်ချစ်တယ်။ ချစ်ဆို သားဖြစ်ချင်သမျှ ဘာမှလိုလေသေးမရှိအောင်ကို စွမ်းဆောင်ဖြည့်ဆည်းပေးတယ်။ စီးပွားဥစ္စာကလည်း အဆင်ပြေတော့ သားလေး တောင်းတိုင်း၊ ဖြစ်ချင်တိုင်း ဘာမဆိုရစေ ရမယ်၊  ဖြစ်စေရမယ် ဆိုတာမျိုးပေါ့။
ကလေးက ငယ်ငယ်နဲ့ လောကစည်းစိမ်မှန်သမျှကို ခံစားရတယ်ပေါ့။ ခြေမွှေး မီးမ လောင်၊ လက်မွေး မီးမလောင်အောင် ပိုးမွေးသလို မွေးမြူထားတဲ့ ကလေးဟာ နုနုဖတ် ဖတ်လေးကို ဖြစ်နေတာပဲ။ ခက်တာက သားလေးက ပညာရေးကို စိတ်မ၀င်စားဘူး။ အပျော်အပါးလောက်ပဲ ၀ါဒနာထုံနေတာ။ ဒါတွေကိုလည်း အမေသိပါရဲ့နဲ့ မတားမြစ်ဘူး။ သားငယ်စိတ်ညစ်မှာကို အရမ်းစိုးရိမ်းတာကြောင့် ဖြစ်ချင်တာမှန်သမျှ လိုက်လျောပေးခဲ့ တယ်။
ဒီလိုနဲ့ ကလေးက ငယ်ငယ်ရွယ်နဲ့ ဖဲရိုက်တတ်လာတယ်။ နိုက်ကလပ်တွေ တက် တတ်လာခဲ့တယ်။ ဘောလုံးပွဲအလောင်းအစားတွေ ၀ါသနာ ပါလာခဲ့တယ်။ နောက်ဆုံးမှာ တော့ ဆေးခြောက်တွေကိုပါ မှီဝဲ အသုံးပြုတတ်လာခဲ့တယ်။ တောင်းသမျှ ငွေပေးနေပေ ရပေမယ့် အမေကတော့ စိတ်မပျက်ပါဘူး။ သားလေး စိတ်ချမ်းသာရင် ပြီးတာပဲဆိုတာ မျိုးပဲ အမျိုးမျိုး အဖုံဖုံအတွက် ဘာမှ လိုလေသေးမရှိအောင် အလိုလိုက်ခဲ့တာပေါ့။
ကလေးက ကျောင်းကိုလည်း မတက်တော့ဘူး။ ရှစ်တန်းအောင်ရုံလောက်နဲ့ ကျောင်းထွက်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ သားတော်မောင်ဟာ ဆေးသုံးစွဲတာကို မဖြတ်နိုင် တော့ဘဲ အချိန်ရှိသမျှ သုံးစွဲနေခဲ့တယ်။ ဒီဆေးကိုတောင် အမေလုပ်တဲ့သူက သားလေးအ တွက် ကိုယ်တိုင် ရှာဖွေပေးရတဲ့အထိ ဖြစ်သွားတယ်။
သူ့သူငယ်ချင်းတွေက သားလေးကို ဒီလောက် အလိုမလိုက်ဖို့ ပြောဆိုကြပေမယ့် အားလုံးကို လျစ်လျူရှုထားခဲ့တယ်။ သားလေး စိတ်ချမ်းသာရင် ပြီးတာပဲဆိုတာမျိုးနဲ့ ဘာမှ အပြစ်မတင်ရက်ဘူး၊ ခက်တာက အဖေလုပ်တဲ့လူကလည်း ရှိပေမယ့် ဒီအိမ်မှာတော့ မိန်းမလုပ်တဲ့သူကပဲ အိမ်ထောင်ရေးကို ဦးစီးနေတော့ အဖေ့သြဇာကလည်း မရှိသ လောက်ပါပဲ။ တစ်ခါတလေ ပြောကြည့်ပေမယ့် ဒီငွေတွေက သူရှာတာပဲ သားတစ်ယောက် တည်းရှိတာ ဒီလောက်တော့ သုံးစွဲပါစေဆိုတဲ့ ဆင်ခြေလောက်နဲ့ပဲ ပြီးသွားရတာပါပဲ။
တစ်အိမ်လုံးကလည်း အမေလုပ်တဲ့သူရဲ့ စွမ်းဆောင်မှုကြောင့် စီးပွားချမ်းသာခဲ့ တာဖြစ်ပါတယ်။ ကျောက်ပွဲစားဆိုတော့ တစ်ခါတခါ အချီကြီးတွေရတော့ ငွေကြေးကလဲ ရှိသင့်တာထက်ကို အဆင်ပြေတယ်လို့ ဆိုရမှာပေါ့။
ဒီလိုနဲ့ တစ်နေ့မှာတော့ အမေလုပ်တဲ့သူကို ဘိန်းဖြူလက်ရမိတဲ့ကိစ္စကြောင့် ရဲတွေ လာဖမ်းသွားပါတယ်။ အမှန်ကတော့ ဒီဘိန်းဖြူဟာ သူသုံးစွဲဖို့တော့ မဟုတ်ပါဘူး။ သား လေးအတွက် ၀ယ်ယူလိုက်တဲ့ ဘိန်းဖြူပါ။
အမေ့ကို ရဲတွေ လာဖမ်းနေစဉ်မှာတော့ သားဖြစ်သူက ဘာမှကို မသိသလိုပါပဲ၊ အခန်းကျဉ်းလေးထဲမှာ ဘိန်းမှိန်း မှိန်းနေခဲ့တာပါ။ နောက်ဆုံး မသွားခင် ယောက်ျားလုပ်သူ က စိတ်မကောင်းခြင်းကြီးစွာနဲ့ သားငယ်ကို နှုတ်ဆက်သွားဖို့ ပြောပါတယ်။
“နေပါစေ၊ သားလေး စိတ်ချမ်းသာစွာနဲ့ နေပါစေ၊ သူ့စည်းစိမ်းလေး မဖျက်လိုက်ပါ နဲ့၊ နောက်ပြီးတော့ သားလေးကို ရှင် ကောင်းကောင်း ဂရုစိုက်လိုက်ပါ” ပြောပြောဆိုဆိုနဲ့ ဖမ်းဆီးလာတဲ့ ရဲတွေနဲ့အတူ ပါသွားပါတယ်။                                         မောင်မင်းစိုး
ပေါက်ကျော်မ
အမှတ်စဉ်(၅)
တစ်ခါက ရွာတစ်ရွာမှာ ပေါက်ကျော်မဆိုတဲ့ ကောင်းမလေးတစ်ယောက်ရှိတယ်။ ကောင်းမလေးဆိုပေမယ့် ယောက်ကရှာလေးပါပဲ။ သူက မိန်းမလို့သာဆိုပေမယ့် ယောက်ျားတစ်ယောက်လို့ နေထိုင်တယ်။ မထင်ရင် မထင်သလို ယောက်ျားလေးတွေနဲ့ လည်း နပန်းသတ်ချင်ရင် သတ်လိုက်တာပဲ။
အထူးသဖြင့် ဂျင်ပေါက်တာကို သိမ်းပြီး ကျွမ်းကျင်တယ်။ ပြိုင်ပွဲတိုင်းလိုလို အနိုင်ရ လေ့ရှိတယ်။ သူ့လက်မှာတော့ ဂျင်ပေါက်လို့နိုင်တဲ့ သရေကွင်းတွေ တသီတတန်းကြီးပေါ့။ အသက်လေးရလာပေမယ့် ကလေးတစ်ယောက်လို ရှင်သန်နေခဲ့တယ်။
“ဟဲ့ ပေါက်ကျော်မ၊ နင် ကလေးမဟုတ်တော့ဘူးနော်”
“ဟာ၊ အမေကလည်း သမီးက ကလေးပဲရှိသေးတာပါ”
“အေး နင်တစ်နေ့ ဒုက္ခရောက်တော့မှ သိမယ်” ဒီလိုပဲ အမေတွေဆုံးမ၊ အမတွေ ကဆုံးမကြပေမယ့် သူကတော့ အဆော့မပျက်၊ အလည်မပျက်ပေါ့။
သူက ကလေးလေးတွေကို အရမ်းချစ်တတ်တယ်။ အထူးသဖြင့် မိန်းကလေးငယ် လေးတွေကို ချစ်တတ်တယ်။ သူဆော့ကစားလို့ ရတဲ့ သရေကွင်းပဲဖြစ်ဖြစ်၊ ငွေလေးတွေပဲ ဖြစ်ဖြစ် ကလေးတွေကို ဝေပေးလေ့ရှိတယ်။ စိတ်ကောင်းရှိလှတဲ့ ပေါက်ကျော်မဆိုပြီးတော့ တစ်ရွာလုံးကလည်း သူမကို ချစ်ကြပါတယ်။ မဟုတ်မခံစိတ်ကလည်း ရှိတယ်။
မထင်ရင်တော့ ကျေးရွာလူကြီးဖြစ်ဖြစ်၊ အခြား သူ့ထက်ကြီးတဲ့ ယောက်ျား မိန်းမ ကိုဖြစ်ဖြစ် ပြန်အော်တတ်တာကလွဲပြီးတော့ အရမ်းပဲ သဘောထားပြည့်တဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။
နေထွက်နေ၀င် အိမ်ကို ၀ိုင်းကူးဖော်မရဘဲ၊ တစ်ရွာလုံး လျှောက်သွားပြီးတော့ တွေ့တဲ့လူတွေနဲ့ ဂျင်ပေါက်တမ်းကစားနေလေ့ရှိတယ်။ ညနေ မိုးချုပ်မှ ပြန်လာလေ့ရှိ တယ်။ အိမ်ကလူတွေကလည်း တစ်ရက်လည်းမဟုတ်၊ တစ်ခါလည်း မဟုတ်တော့ ဘာမှ ပြောမနေတော့ဘဲ သူမအတွက် ညစာထမင်းလေး ချန်ထားပြီး အေးအေးလူလူ အနားယူ လေ့ရှိတယ်။ ဒါကလည်း တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်တော့ သိပ်တော့ လည်း မထူးဆန်းတဲ့ မြင်ကွင်းပါပဲ။
တစ်နေ့ လူကြီးတွေ စားသောက်ပြီး အနားယူချိန်ကျမှ ခုန်ပေါက်ပြီးတော့ အိမ်ပြန် လာတာကို ဖက်ကြမ်းလိပ်ကြီး အငွေ့တထောင်းထောင်းဖွာရင်း ပက်လက်ကုလားထိုင် ပေါ်ကနေ အမေဖြစ်သူက ကြည့်ပြီး သမီးအတွက် ရင်လေးနေမိတယ်။ ဒါပေမယ့် ပေါက်ကျော်မတို့ကတော့ ဖုတ်လေတဲ့ ငပိ ရှိတယ်တောင် မထငိဘူးပေါ့။
“သမီး၊ ပေါက်ကျော်မ လာပါဦး”
“အမေကလည်း သမီးခုမှ ပြန်ရောက်တယ်၊ ရေလဲမချိုးရသေးဘူး၊ ထမင်းလဲ မစား ရသေးဘူး၊ ခဏနေမှ လာခဲ့မယ်နော်” ပြောပြောဆိုဆို ပေါက်ကျော်မတစ်ယောက် အမေ့ ထံမလာတော့ဘဲ ရေချိုးဖို့ ရေတွင်းဘက်ကို ထွက်သွား၊ ပြီးတော့မှ ရေကို ခပ်ယူရင်း ရေချိုး၊  ထမင်းစား၊ ခဏနေ အားလုံးသိမ်းဆဲပြီးတော့ အမေ့ထံ သွားခဲ့တယ်။
“ပေါက်ကျော်မ၊ နင်မငယ်တော့ဘူးနော်၊ ငါတော့ နင့်အတွက် ရင်လေးမိတယ်”
“အမေကလည်း မငယ်တော့ ဘာဖြစ်လို့လဲ၊ သမီးအတွက် ဘာမှမပူနဲ့၊ သမီးလေး အိပ်ချင်နေပြီအမေ၊ နောက်နေ့မှ ပြောပါလား” ဒီလိုနဲ့ ခါတိုင်းလို ပေါက်ကျော်မ အိမ်ပေါ် ပြေးတက်သွားတယ်။ အမေလုပ်သူကတော့ စဉ်းစားလေတိုင်း စိတ်လေးနေမိတယ်။
“အမေ ဒီနေ့ သမီး ထမင်းမစားချင်ဘူး၊ နေထိုင်ရတာ မကောင်းဘူး၊ ဒါကြောင့် အနားယူတော့မယ်” အဲဒီနေ့ကစပြီး တစ်ချက်တစ်ချက် ပျို့တက်လာပြီး အန်ချင်နေတာကို ပေါက်ကျော်မ သတိထားမိတယ်။
မောင်မင်းစိုး


ရွှေယုန်နဲ့ မိပိန်မ
အမှတ်စဉ်(၆)
တစ်ခါက ရွှေယုန်လေးတစ်ကောင်နဲ့ မိပိန်မဆိုတဲ့ ကြောင်မလေးတစ်ကောင် ရှိခဲ့ တယ်။ ရှိဆို သူတို့ဟာ အိမ်တစ်အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေထဲမှာ ထူးထူးခြား ခြား သူငယ်ချင်းဖြစ်နေကြတယ်ပေါ့။ သူတို့နှစ်ကောင်ဟာ အရိပ်တကြည့်ကြည့်ပါပဲ။ တစ် ကောင်နဲ့ တစ်ကောင် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြတယ်။ အတူတကွ ဆော့ကစားနေလေ့ရှိတယ်ပေါ့။
တစ်နေ့တော့ ကြောင်လေးဟာ ညောင်နာနာဖြစ်နေတာကို ရွှေယုန်လေးက သိတယ်။ ဒီတော့ မေးတာပေါ့။ မိပိန်မကလည်း ဖြစ်ကြောင်းကုန်စင် ပြောပြပါတယ်။ သူ နည်းနည်း နေမကောင်းတာက လွဲရင် ဘာမှမဖြစ်ဘူးဆိုတာ သိတော့မှ ရွှေယုန်လည်း တင်းကျပ်မှုတွေ ပြေပျောက်သွားတယ်။ တစ်ခါတလေဆိုရင် ရွှေယုန်လေးရဲ့ ရင်ခွင်ထဲမှာ မိပိန်းမ ကွေးကွေးလေး အိပ်နေတာဆိုရင် တကယ့်သားအမိလိုပါပဲ။
ဒီလိုနဲ့ နေလာလိုက်တာ မိပိန်မဟာ လေးငါးရက်လောက် ပျောက်ခြင်းမက ပျောက် နေခဲ့တယ်။ ဒါကိုသိတော့ ရွှေယုန်လေးက စိတ်တွေ အရမ်းလှုပ်ရှားပြီး ဒေါင်းတောက် အောင် နေရာအနှံ့လိုက်ရှာပေမယ့် ဘယ်လိုမှ မတွေ့ခဲ့ဘူးပေါ့။ အမှန်က မိပိန်မဟာ အဲဒီ အိမ်ထဲမှာ ရှိနေခဲ့တယ်။ ဒါပေမယ့် ဘယ်လိုမှ ရှာလို့မရဘူးဖြစ်နေတာ။ မိပိန်မကလည်း ကို ရွှေယုန်ကို အရမ်းတွေ့ချင်နေတာ။ ဒါပေမယ့် မတွေ့နိုင်ဘဲ ဖြစ်နေခဲ့တယ်။
အကြောင်းကတော့ အိမ်မှာရှိတဲ့ အပျိုကြီးတစ်ယောက်က သူ့အခန်းထဲမှာ မိပိန်မနဲိ့ အတူအိပ်ရင်း နောက်နေ့မနက်စောစော ခရီးထွက်သွားခဲ့တယ်။ လေးငါးရက်လောက် ကြာသွားခဲ့တယ်။ အဲဒါကို သတိမေ့ပြီး သော့ခတ်ထားခဲ့တော့ မိပိန်မဟာ အခန်းထဲက ဘယ်လိုမှ ထွက်မရခဲ့ဘူးပေါ့။ အခန်းက လုံနေတော့ အော်ငြီးနေပေမယ့် အိမ်အောက်မှာ ရှိတဲ့ ကိုရွှေယုန်ကလည်း မကြားနိုင်ဘူးပေါ့။ နောက်အပျိုကြီး ခရီးကပြန်လာမှ မိပိန်မ လေးက အားအင်ချိနဲ့စွာနဲ့ အခန်းပြင်ကို မနည်းထွက်ခဲ့ရတယ်။ ဒါပေမယ့် အားပြတ်နေ တော့ မနည်းကို အောက်ထပ်ကို ကြိုးစားပြီး ဆင်းခဲ့ရတယ်။
အိမ်အောက်ရောက်တော့ ကိုရွှေယုန်ကလည်း သူ့သူငယ်ချင်း မိပိန်မကို မတွေ့ရ တဲ့ ဝေဒနာကြောင့် အစားအသောက်မစားဘဲ နေခဲ့လိုက်တာ သူကလည်း ညောင်နာနာပဲ ရှိခဲ့တယ်။ ဒီလိုနဲ့ အဝေးမှာ ဆင်းလာတဲ့ မိပိန်မ သူ့ဆီကို လာနေတာမြင်ရတော့ အသာအ ယာကုန်းထပြီး ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ရွှေယုန် လည်း ထွက်လာခဲ့တယ်။
အဲဒီအချိန်မှာ ဘယ်ကထဲက ချောင်းနေမှန်းမသိတဲ့ အောင်နက်ဟာ တဟုန်းထိုး ပြေးလာပြီး ရွှေယုန်ကို လှမ်းခဲလိုက်ပါတယ်။ ဒါကို မိပိန်မမြင်တော့ သူ့မှာရှိတဲ့အားကလေး နဲ့ အောင်နက်ကို လက်တွေနဲ့ ကုတ်ခြစ်ပြီးတော့ ရွှေယုန်အတွက် တိုက်ပွဲဝင်ပါတယ်။ ဒါကို အောင်နက်က မကျေမနပ်ဖြစ်သွားပြီး ချိနဲ့နေတဲ့ မိပိန်မကို လှမ်းပြီး ကိုက်လိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ကောင်လုံးဟာ အောင်နက်ရဲ့ ကိုက်ခဲမှုကို ခံလိုက်ရပြီး နာကျင်စွာ အော်ဟစ် သံကို အိမ်ရှင်တွေ ကြားတော့မှ အပြေးအလွှားလာပြီး အောင်နက်ကို အနားမှာရှိတဲ့ အုတ် နီခဲကြီးနဲ့ အားကုန်ပစ်ပေါက်လိုက်ပါတယ်။ အောင်နက်လည်း ချက်ကောင်းမိသွားဟန်တူ တယ် အဲဒီနေရာမှာ ပုံခနဲလဲကျသွားခဲ့တယ်။
မိပိန်မလည်း အားယူထ၊ ရွှေယုန်လည်း အားယူထပေမယ့် ထလို့မရတော့ပါဘူး။ သူတို့ဟာ တစ်ကောင်နဲ့တစ်ကောင် ဆုံးရှုံးလိုက်ရပြီဆိုတဲ့ အသိနဲ့ မျက်ဝန်းက မျက်ရည် တွေ ရွှန်းလဲ့စွာ ကျဆင်းလာပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ကြတယ်။

( ကဲ သားသား မီးမီးတို့ ဒီပုံပြင်လေး ကြားပြီး ဘယ်လိုသင်္ခန်းစာရလဲ။ ဦးဦးပြော ချင် တာကတော့ တိရစ္ဆာန်လေးတွေတောင် ဘ၀မတူဘဲ တစ်ယောက်အကျိုးကျိုး တစ် ယောက်လုပ်ခဲ့ကြတယ်။ မေတ္တာတရားကို ရှေးရှုပြီး ပေါင်းသင်းဆက်ဆံခဲ့ကြတယ်။ လိုအပ် ချက်တွေကို အတူ ဖြေရှင်းပေးခဲ့ကြတယ်။
ပြဿနာတွေနဲ့ ရင်ဆိုင်လာတော့လည်း ရှိတဲ့စွမ်းအားလေးတွေနဲ့ အတူတွန်းကန် ပြီးတော့ ရင်ဆိုင်ခဲ့ကြတယ်။ ဒါကြောင့် သားသား မီးမီးတို့ကလည်း တစ်ယောက်နဲ့ တစ် ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ မေတ္တာစိတ်တွေ ဖြန့်ကျက်ပြီးတော့ အတူတကွ ရင်ဆိုင် ကျော်လွှားနိုင်ဖို့ လိုတယ်။
တစ်ခါတလေတော့ မထင်မှတ်တဲ့ ထောင့်တစ်ခုကနေ အန္တရာယ်ဆိုတာမျိုးတွေ ကျရောက်တတ်တယ်။ အဲဒီအခါမျိုးမှာလည်း ရွပ်ရွပ်ချွံချွံစိတ်ဓာတ်နဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိကို မွေးနိုင်ရမယ်။ မကောင်းတာလုပ်ရင်တော့ အောင်နက်လို တန်ပြန်အကျိုးပေးမှာပါပဲ။ ဒါကြောင့် မကောင်းမှုဆိုတာမျိုးကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ရမယ်။
လူတွေအနေနဲ့လည်း သတိထားဖို့ လိုအပ်တာပါ။ အိမ်ရှင်အပျိုကြီးလို ကိုယ်နဲ့မ ဆိုင်ဘဲ ကြောင်မလေးကို ကိုယ်နဲ့အတူ အိပ်စေတာဟာ မသင့်တော်ပါဘူး။ ဒီလိုပါပဲ ကိုယ် နဲ့မဆိုင်တာမျိုးတွေမှာတော့ လျစ်လျူရှုခြင်းအားဖြင့် ကူညီမှုကို ပေးနိုင်တာမျိုးကိုလည်း ဖြစ်စေရပါမယ်။ ဘာဖြစ်လို့လည်း မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်သွားနိုင်တာမို့ ပါ။ ကဲ ဒီနေ့တော့ ဒီလောက်ပဲနော်။ )
မောင်မင်းစိုး


ဆရာတော်ကြီးရဲ့ မှာတမ်း
အမှတ်စဉ်(၇)
တစ်ခါက အသက်အရွယ် ကြီးရင့်ပြီးဖြစ်တဲ့ ဆရာတော်ကြီးတစ်ပါး စင်္ကြန်လျှောက် နေတော်မူခဲ့တယ်။ ဒါကတော့ နေ့စဉ်လုပ်ရပ်ပေါ့။ စင်္ကြန်လျှောက်ရင်း သတ္တ၀ါတွေအတွက် ကျန်းမာစေဖို့၊ ချမ်းသာစေဖို့ဆိုပြီး မေတ္တာတရားတွေ ပွားများပို့သလေ့ရှိတယ်။
တစ်နေ့တော့ ကိုင်ရင်းငယ်လေးနှစ်ပါးဟာ တစ်ပါးကို တစ်ပါး စနောက်ပြီးတော့ တစ်ပါးနောက်ကို တစ်ပါးကလိုက်တာ၊ အဲဒီစင်္ကြန်လျှောက်နေတဲ့ ဆရာတော်ကြီးကို အရှိန် နဲ့ပြေးလာတဲ့ အဟုန်နဲ့ မထင်မှတ်ဘဲ ၀င်တိုက်လိုက်တယ်။ ဆရာတော်ကြီးလည်း အဲဒီနေ ရာပဲ လဲကျသွားတယ်။ ကိုရင်လေးလည်း ကြောက်ကြောက်ရွံ့ရွံ့ဖြစ်သွားပြီး မင်တက်မိနေ ရင်း အဲဒီဘေးမှာ မတုန်မလှုပ် ရပ်နေခဲ့တယ်။
အဲဒီအချိန်မှာ ဆရာတော်ကြီးရဲ့ ဘေးနားမှာ ပြုစုစောင့်ရှောက်တဲ့ ရဟန်းတစ်ပါး ရောက်ရှိလာခဲ့တယ်။ ဆရာတော်ကြီး ထူမပြီး ကျောင်းပေါ်ကို ပွေ့ချီလာခဲ့တယ်။ ဒဏ်ရာ ကလည်း တော်တော်ပြင်းထန်သွားတယ်နဲ့ တူတယ်။ ဆရာတော်ကြီးလည်း တော်တော်ခံ လိုက်ရတယ်။ ခဏနေတော့ ဘေးနားကပြုစုနေတဲ့ ရဟန်းက အဲဒီကိုရင်နှစ်ပါးကို အခေါ် ခိုင်းလိုက်တယ်။ ဒါကို ဆရာတော်ကြီး ကြားသွားတယ်။
“ကိုယ်တော် ဘာလုပ်မလို့လဲ၊ ကိုရင်လေးတွေကို မရိုက်နဲ့နော်။ သူတို့ ရည်ရွယ် ချက်ရှိရှိနဲ့ ငါ့ကို ၀င်တိုက်တာမှ မဟုတ်တာ၊ ကိုရင်လေးတွေက ငယ်သေးတယ်။ လူငယ် ဆိုတာ ကလေးပဲလေ၊ ဆော့ချင်မှာပေါ့၊ ဆော့ပါစေ၊ မရိုက်ပါနဲ့ မခေါ်ခိုင်းပါနဲ့ အသာအ ယာနေပါစေ၊ သူတို့လည်း နောက်ဆို ဆော့တော့မှာတောင် မဟုတ်ပါဘူး၊ ဒါပေမယ့် လူငယ်သဘာဝ ဆော့တာမျိုးကတော့ ခွင့်လွှတ်နိုင်ရမယ်၊ ငါတို့ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ ဆော့ခဲ့ကြတာပဲ” ဆရာတော်ကြီး တားမြစ်တာကြောင့် လက်ထောက်ဘုန်းကြီး လည်း ကိုရင်လေးတွေကို မရိုက်ဘဲ အသာထားလိုက်ပါတယ်။
အဲဒီနေ့ကစပြီး ကိုရင်လေးတွေဟာ မဆော့ရဲကြတော့၊ ဘယ်နေ့များ သူတို့ကို အပြစ်ပေးမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေခဲ့ကြတယ်။ အခန်းပြင်ကို သိပ်မထွက်ရဲဘူးပေါ့။ ဒါကို သိတော့ လက်ထောက်ဘုန်းကြီးလည်း ကိုရင်လေးတွေကို အသာအယာ သတိပေး တာတွေ လုပ်ရတယ်။ နောက်မလုပ်နဲ့ဆိုတဲ့ သဘောပြောဆို ဆုံးမလိုက်တော့မှ ကိုရင် လေးလည်း လူတောပြန်တိုးရဲတော့တယ်။
ဆရာတော်ကြီးလည်း အဲဒီနေ့ကစပြီး အိပ်ရာထဲလဲသွားတာ ပြန်မထနိုင်အောင် ဖြစ်သွားတယ်။ ဒီလို့ တစ်နေ့တော့ ကျောင်းမှာရှိတဲ့ ဘုန်းကြီးတွေကို ခေါ်စေပြီး သြ၀ါဒပေး ခဲ့လိုက်တယ်။ ဒီသြ၀ါဒပေးပြီး နှစ်ရက်လောက်နေတော့ ပျံလွန်တော်မူသွားရှာတယ်။
“ဦးဇင်းတို့၊ တပည့်တော်လည်း ရှေးဝဋ်ကျွေးရှိလို့ အခုလို ခံရတာပါ၊ ဒါကတော့ ၀ဋ်ရှိရင် ဘုရားရှင်တောင် နောက်ဆုံးဝိပါက်တော် ၁၂ပါးဆိုတာ ရှိခဲ့တာပဲ။ ဒါကြောင့် ငါမရှိ တဲ့ နောက်ပိုင်းမှာ ကျောင်းတိုက်ကြီးကို စည်ပင်ပြန့်ပွားအောင်၊ တိုးတက်အောင် စွမ်းဆောင်ရစ်ကြပါ။ အထူးသဖြင့်မှာချင်တာကတော့ ကိုရင်လေးတွေကို ပိုမိုပြီးတော့ မွေး ကြပါ၊ ဂရုစိုက်ကြပါ၊ ဟို ဆော့တဲ့ကိုရင်နှစ်ပါးကိုလည်း ငါမရှိတော့တဲ့ နောက်ပိုင်းမှာ ကျောင်းတိုက်ကနေ နှင်ထုတ်မပစ်လိုက်ပါနဲ့၊ သူတို့လေးတွေကို မြေတောင်မြှောက်ပေးဖို့ ဦးဇင်းတို့မှာ တာဝန်ရှိတယ်။ တစ်နေ့ကျရင် ဒီကိုရင်လေးတွေလည်း ငါလိုပဲ ဆရာတော် ကြီးတွေ ဖြစ်လာကြမှာ” ဒါကတော့ ဆရာတော်ကြီး ပျံလွန်တော်မမူခင် နောက်ဆုံးမှာ သွားတဲ့ သြ၀ါဒ ဖြစ်ပါတယ်။ ­
ဒီလိုနဲ့ ကိုရင်လေးတွေလည်း နောင်တရပြီးတော့ မဆော့ဘဲ စာတွေကို သူများတွေ နဲ့မတူအောင် ကြိုးစားကြတယ်။ ဒါကြောင့်အောင်မြင်မှုတွေ အလီလီဆောင်းသွားနိုင်ခဲ့ တယ်။ သူတို့ကို ပူဇော်ပွဲတွေလုပ်ပေးကြတယ်။ အရွယ်ရောက်လို့ ရဟန်းဘ၀ဖြစ်၊ အဲဒီကနေတဆင့် ကျောင်းတိုက်ကြီးမှာ ဦးဆောင်ကြရတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်လာခဲ့ တယ်။ ဒါပေမယ့် သူတို့ဟာ ဆရာတော်ကြီးမရှိပေမယ့် ဆရာတော်ကြီးကို ရည်စူးပြီးတော့ နှစ်စဉ်ပဲ ပူဇော်ပွဲကြီးတွေ လုပ်ပေးခဲ့ကြတယ်။
((( ကဲ သားသားမီးမီးတို့ ဒီအကြောင်းအရာကို နားထောင်လိုက်ရတာ။ မောသွား ပြီးထင်တယ်။ ဘာတွေ သင်္ခန်းစာရလိုက်လည်းတော့ မသိဘူး၊ ဒါကြောင့် တစ်ယောက် ချင်း ကိုယ်ရရှိလိုက်တဲ့ သင်္ခန်းစာလေးတွေ ပြောပြပါ။
မောင်ဖြူ- ဆရာတော်ကြီးလို မေတ္တာတရားနဲ့ နေထိုင်သွားဖို့နဲ့ ခန္တီတရားလက် ကိုင် ထားသွားရမယ်ဆိုတာ သိလိုက်ပါတယ်။
မောင်ကောင်း- ဆရာတော်ကြီးဟာ မေတ္တာတင် ကြီးတာမဟုတ်ဘူး၊ ကလေးသူ ငယ်တွေအပေါ်မှာလည်း နားလည်မှုနဲ့ ကလေးသူငယ်ရဲ့တန်ဖိုးကို ကောင်းမွန်စွာ နားလည်ပြီး ကလေးတွေကို မြေတောင်မြှောက်ပေးရမယ်ဆိုတာ သိလိုက်ရပါတယ်။
မောင်တင့်- ကလေးတွေကလည်း ဆရာတော်ကြီး သဘောထားကြီးသလို ဆော့ ခိုင်းခဲ့တယ်ဆိုပေမယ့် အများသူငါကို မထိခိုက်အောင်၊ ဆော့ကစားသင့်သလို ထင်ပါ တယ်။
မောင်မြင့်- ကလေးတွေဆိုပေမယ့် နောင်တရကာ သူတို့ နောင်ဒါမျိုးမဖြစ်အောင် ဆိုပြီး ကြိုးစားခဲ့ကြတယ်။ ဘ၀အောင်မြင်မှုတွေ ရခဲ့တယ်။ အောင်မြင်ရုံတင်မကဘဲ ကျေးဇူးသိတဲ့အနေနဲ့၊ အထူးသဖြင့် မိမိဆရာသမားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပူဇော်ပွဲတွေ လုပ်ပေးနိုင်တဲ့အထိ လုပ်ခဲ့တာဟာ၊ ကျေးဇူးတရားရဲ့ တန်ဖိုးကို နားလည်လိုက်ပါတယ်။
မိငယ်- ၀ဋ်ကျွေးရဲ့ သဘောကို ဆရာတော်ကြီးက ဘုရားတောင်မှ မလွန်ဆန်နိုင် ဘူးဆိုပြီး ဆုံးမသွားတယ်။ ဒါကြောင့် မကောင်းတာလုပ်ရင်တော့ တစ်နေ့မကောင်းတဲ့ အကျိုးကို (၀ဋ်လို့ပဲဆိုဆို) ပြန်လည်ခံစားရမယ်ဆိုတာ သိလိုက်ရပါတယ်။
မိအေး- ဆရာတော်ကြီးရဲ့အနီးအနားမှာ ပြုစုတဲ့ ရဟန်းတော်ကိုလည်း မေ့ထားလို့ မရပါဘူး၊ တကယ်လို့သာ သူဟာ ဆရာတော်ကြီး မသိအောင် ကိုရင်လေးတွေကို ရိုက်နှက်ဆုံးမမယ်ဆိုရင် ကိုရင်လေးဟာ ကြောက်သွားပြီး ကျောင်းကနေ ထွက်ပြေးတာ မျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ ဆရာတော်ကြီးရဲ့စကားကို ဦးဇင်းတွေအနေနဲ့ နားထောင်ခဲ့ တာဟာ ကြီးသူတွေရဲ့ဆုံးမမှုအတွက် ရိုသေတဲ့ လုပ်ဆောင်ချက်လို့ ထင်ပါတယ်။
အေး၊ ကလေးတို့ပြောတာတွေ အားလုံးက အမှန်တွေချည်းပဲဆိုတော့၊ ဦးဦးအနေနဲ့ ဘာကိုမှ ထပ်လောင်းပြီးတော့ မပြောလိုတော့ပါဘူး။ ကျေးဇူးသိပါ၊ နားလည်ပါ၊ ခွင့်လွှတ် ပါ၊ သိတဲ့အတိုင်း လိုက်နာပါ၊ ပြုမူဆောင်ရွက်ပါလို့ မှာကြားရင်း နိဂုံးချုပ်ပါတယ်)))
မောင်မင်းစိုး



ဆုလာဘ်
အမှတ်စဉ်(၈)
တစ်ခါက မောင်တင့်ဆိုတဲ့ လူငယ်တစ်ယောက်ရှိခဲ့တယ်။ ကလေးက လိမ်မာရေး ချားရှိသလို၊ စာလည်းတော်တဲ့လူငယ်ပါပဲ။ စာရိတ္တဆိုတဲ့ ကိုယ်ကျင့်တရားလည်း ကလေးနဲ့ မတူအောင်ကိုပဲပေါ့။ စိတ်ထားကောင်းတယ်။ သူငယ်ချင်းတွေ အပေါ်မှာလည်း တော် တော်လေး ကောင်းတဲ့သူဖြစ်တယ်။ ကျောင်းမှာဆို သူငယ်ချင်းတွေတင်မကဘူး။ ဆရာ၊ ဆရာမတွေကစပြီး တစ်ကျောင်းလုံးက သူ့ကိုချစ်ကြတယ်။
ဒီဂုဏ်သတင်းတွေဟာ ကျောင်းကနေတဆင့် တစ်ရွာလုံးအထိ သိရှိပြီး၊ တစ်ရွာလုံး ကလည်း သူ့ကို အရမ်းချစ်ကြတယ်။ သူက လူတာငယ်တာ လူမှုရေးကိစ္စတွေမှာလည်း ဘယ်တော့မှ နောက်မကျဘူး။ ချိုသာတဲ့ အပြောအဆိုကလည်း လူတိုင်းအတွက် လက်ခံ နိုင်လောက်တဲ့ စကားလုံးတွေကို သုံးနှုံးတတ်သူ။
ဒီလိုနဲ့ မောင်တင့်လည်း တစ်တန်းပြီးတစ်တန်း အဆင့်(၁)ကနေ ဘယ်တော့မှ ကျ မသွားအောင် ကြိုးစားခဲ့သလို အောင်မြင်မှုတွေ အလီလီဖြစ်ခဲ့တယ်။ ပညာရည်ချွန်ဆု တွေကလည်း နှစ်စဉ်တိုင်းလိုလို ရခဲ့တယ်။ (၈)တန်းလောက်ရောက်တော့ အိမ်ကသူတွေ က သားလေးအတွက် ဒီနှစ်ပထမဆုရရင် သားလိုချင်တာ ဆုချမယ်ဆိုပြီး ကတိပြုထား လိုက်တယ်။ ဒီတော့ မောင်တင့်လည်း လိုချင်တာကို စိတ်ထဲမှာထားပြီး မရ ရအောင်ကြိုး စားမယ်ဆိုပြီး ကြိုးစားလိုက်တာ၊ နှစ်တစ်နှစ်ကုန်လို အောင်ဂေဇက်လည်း ထွက်ရော သူမျှော်မှန်းထားတဲ့အတိုင်း အဆင့်(၁)နေရာကနေ အောင်မြင်ခဲ့တယ်။
“ အမေ၊ သားကို ပြောထားခဲ့တဲ့အတိုင်းနော်၊  သားဒီနှစ်လည်း အဆင့်(၁)နဲ့ အောင်တယ်၊ ဒါကြောင့် အမေတို့ ကတိအတိုင်း သားလိုချင်တာကို ၀ယ်ပေးရမယ်နော်”
“အင်းပါ၊  ငါ့သားအလိမ်မာတုံးလေးရဲ့၊ ကဲ့ ပြော သားက ဘာလိုချင်တာလဲ”
“သား ဆိုင်ကယ်လိုချင်တယ်”
ဒီလိုနဲ့ အမေလုပ်တဲ့လူလည်း လူကြီးဆိုတော့ ပြောထားတဲ့ ကတိကိုလည်း မဖျက် ချင်ဘူး၊ ဒါကြောင့် ညရောက်တော့ ယောက်ျားလုပ်သူကို အကျိုး၊ အကြောင်း ပြောပြခဲ့ တယ်။ ဒီတော့ ယောက်ျားလုပ်သူက သားကငယ်သေးတော့ ဆိုက်ကယ်ကို မ၀ယ်ပေးသင့် တဲ့အကြောင်း ပြောတယ်။ ဒါပေမယ့် ခက်တာက အမေဖြစ်သူကလည်း သူကတိကို မဖျက် ချင်ဘူး။ ဒါကြောင့် ၀ယ်ပေးလိုက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချကာ သားလိုချင်တဲ့ ဆိုင်ကယ် ကို ၀ယ်ပေးလိုက်ပါတယ်။
ဆိုင်ကယ်ဝယ်ပေးတဲ့နေ့ကစပြီး ဆိုင်ကယ်စီး သင်ရ၊ ဘာလုပ်ရနဲ့ သားဖြစ်သူ လည်း အလုပ်တွေ တသီတတန်းကြီး ဖြစ်သွားတော့တာပေါ့။ ဒီလိုနဲ့ မကြာလိုက်ပါဘူး ဆိုင်ကယ် စီးလည်း တတ်သွားခဲ့တယ်။ ဒါကြောင့် ဆိုင်ကယ်တစ်စီးနဲ့ ရွာရိုးကိုးပေါက် လျှောက်သွားနေခဲ့တော့တယ်။
ကျောင်းပြန်ဖွင့်တော့ အမေလုပ်သူက ဆိုင်ကယ်ကို မစီးဘဲ သိမ်းထားဖို့၊ ကိုးတန်း က အရေးကြီးတဲ့အကြောင်းပြောပြ၊ စာဆက်ကြိုးစားဖို့ မှာပါတယ်။ ဒါပေမယ့် သားလုပ် တဲ့သူကတော့ ကျောင်းပျက်ရက်တွေကနေတဆင့် နောက်ဆုံးကျောင်းကို လုံးဝမသွား တော့တဲ့အထိ ဖြစ်သွားတယ်။ သူ့ထက်အသက်ကြီးတဲ့ ရွာထဲမှာတော့ ဆိုးသွမ်းတဲ့ လူငယ်တစ်ဦးအဖြစ် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ခင်မောင်မြင့်နဲ့ ပေါင်းပြီးတော့ အချိန်ရှိ သရွေ့ပဲ ဟိုသွားလိုက်၊ ဒီသွားလိုက် လုပ်နေခဲ့တော့တယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လင်မယားစကားများရာကနေ နောက်ဆုံးအိမ် ထောင်ကွဲသွားတဲ့အထိ ပြဿနာအကြီးအကျယ် တက်သွားခဲ့တယ်။ အဖေနဲ့ အမေကွဲ သွားတယ်ဆိုတာ မောင်တင့်အတွက်တော့ ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ ဘာသိ ဘာသာပဲနေခဲ့တယ်။ ဒီလိုနဲ့ အဖေလုပ်သူဟာ အိမ်ပေါ်ကနေဆင်းသွားခဲ့တာကြောင့် မိခင် ဖြစ်သူနဲ့ ကျန်ရစ်ခဲ့တယ်။
သားဖြစ်သူရဲ့ ပြဿနာတွေကလည်း တစ်နေ့တစ်ခုလိုလို ကြားရ၊ ဖြေရှင်းရနဲ့ မိခင် ဖြစ်သူလည်း တော်တော်လေးတော့ စိတ်ပန်း၊ လူပန်းဖြစ်သွားတယ်။ ဒီလိုနဲ့ မိခင်ဖြစ်သူ ဟာ အိပ်ယာထဲ ဗုန်းဗုန်းလဲခဲ့ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ မကြာပါဘူး နှစ်နှစ်လောက်နေ တော့ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တယ်။
မိခင်အနေနဲ့ အိပ်ယာထဲလဲပြီး နေမကောင်းဘူးဆိုပေမယ့် သားဖြစ်သူကတော့ သူလုပ်စရာရှိတာ လုပ်နေခဲ့တာ။ ဂရုစိုက်ရကောင်းမှန်း မသိဘူး။ မနက်မိုးမလင်းသေးဘူး ဆိုင်ကယ်တစ်စီးနဲ့ ထွက်သွား၊ ညနေမှ ပြန်လာ။ ဒီလိုနဲ့သာ အချိန်တွေကို ထိုးကျွေးပစ်ခဲ့ လိုက်တယ်။ မိခင်ဖြစ်သူ ဆုံးသွားတဲ့နေ့မှာတော့ မောင်တင့်ဟာ လက်ထိပ်ကြီးနဲ့ မိခင် အလောင်းဘေးကို ရှိုက်ကြီးတငင်ငင်နဲ့ ငိုကျွေးနေခဲ့တယ်။
အဲဒီနေ့က ဘေးနားကရွာတစ်ရွာကို ဆိုင်ကယ်နဲ့သွားခဲ့တာ။ မထင်မှတ်ဘဲ လမ်းတစ်လမ်းက ထွက်လာတဲ့ ကလေးငယ်ကို တိုက်မိသွားခဲ့တယ်။ ဆိုင်ကယ်ကို အရမ်း မောင်းနှင်မှုတော့ အရှိန်ကလည်း ပြင်းတာကြောင့် ကလေးငယ်လေးဟာ ဒဏ်ရာအပြင်း အထန်ရရင်း အဲဒီနေရာမှာပဲ သေဆုံးသွားခဲ့တယ်။ ဒါကြောင့် သူ့ကို ကျေးရွာကလူတွေက ၀ိုင်းဖမ်းပြီးတော့ ရဲကိုတိုင်ကြားလိုက်တာ၊ ရဲလာဖမ်းခြင်းကို ခံလိုက်ရတယ်။ စခန်းကို မခေါ်သွားခင် သူ့မိခင်ဆုံးတယ်ဆိုတာ သိလိုက်ရတာကြောင့် သွားကြည့်ဖို့ ပြန်ခဲ့စဉ်မှာပဲ လက်ထိပ်ကြီးနဲ့ မိခင်ရဲ့ နောက်ဆုံးအချိန်ကို လာရောက်နှုတ်ဆက်လိုက်ရတယ်။
(((ကဲ သားသားမီးမီးတို့ ဒီအကြောင်းအရာလေးကတော့ ပြောစရာမလိုအောင်ကို သင်္ခန်းစာတွေ ရသွားလိမ့်မယ်လို့ ထင်တယ်။ အထူးသဖြင့်မှာချင်တာကတော့ ဒီကိစ္စမှာ တရားခံက ဘယ်သူလဲဆိုတာ သားသားတို့ စဉ်းစားခဲ့ကြ၊ နောက်နေ့ ဦးဦးကို ဘယ်သူ တရားခံလည်းဆိုတာ ကိုယ်မြင်သလို ပြောကြ၊ တရားခံမှမဟုတ်ဘူး၊ ကိုယ်ရရှိလိုက်တဲ့ သင်္ခန်းစာလေးတွေကိုလည်း ဟိုနေ့ကလို တစ်ယောက်ချင်းစီ ပြောပြကြရမယ်နော်၊ ကဲဒီနေ့တော့ ဒီလာက်ပါပဲကွယ်)))
မောင်မင်းစိုး










မရှိတောင်းတ ရှိကြောင်းကြ(ဖြစ်ရပ်မှန်)
အမှတ်စဉ်(၉)

တစ်ခါက မြို့နဲ့အရမ်းဝေးတဲ့ တောရွာလေးတစ်ရွာ ရှိခဲ့တယ်။ တောရွာဆိုပေမယ့် ခေတ်မီတဲ့ ရွာလေးတစ်ရွာလေးပေါ့။ မြို့နဲ့တာဝေးတာ မြို့ရဲ့အမူအကျင့်တွေနဲ့ ကိုရီးယား ယဉ်ကျေးမှုတွေဟာ အရှိန်ပြင်းပြင်းနဲ့ ၀င်ရောက်လာခဲ့တယ်။ ဒီတော့ လူငယ် လူကြီးအား လုံးလိုလိုဟာ ကိုရီးယားယဉ်ကျေးမှုရဲ့ အနိုင်ပိုင်းမှုတွေ ခံခဲ့ရတယ်ပေါ့။
ညနေမိုးချုပ် ကျေးရွာထဲက မီးစက်လေးမောင်းပြီဆိုရင်တော့ တီဗွီရှိတဲ့အိမ်မှာ လူငယ်လူကြီးမကျန် အပြေးအလွှားသွားပြီးတော့ ကြည့်ကြတယ်ပေါ့။ တစ်ခုကောင်းတာ ကတော့ ကိုယ့်ရိုးရာယဉ်ကျေးမှုလေးလည်း ရှိနေသေးတယ်လို့ ဆိုရမှာပေါ့။ တောင်ယာ လုပ်ကိုင်ကြပြီး ရရှိထားတဲ့ ငွေလေးတွေကို စုပြီး အတန်အတင့်ရှိလာပြီဆိုရင် ရှင်မပြုရ သေးတဲ့ ကလေးတွေကို ရှင်ပြုပေး၊ နားသပေးလိုတဲ့အတွက် အလှူအတန်းတွေ လုပ်ခဲ့ကြ တယ်။ ဒီအစဉ်အလာတော့ ရှိနေဆဲပါပဲ။
အဲဒီလို အလှူအတန်းလေးရှိရင်တော့ တစ်ရွာလုံး မီးခိုးတိတ်ပါပဲ။ အလှူအိမ်မှာပဲ ၀ိုင်းလုပ်ဝိုင်းစား စုပေါင်းညီညွတ်စွာနဲ့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြတာ တောရွာလေးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူပေါ့။ ဒီလို အလှူပွဲကြီးမတိုင်ခင် တစ်ရက်၊ အလှူအကြိုနေ့မှာ တော့ ရှေးထုံးတမ်းစဉ်လာ အမွေအနှစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ရှင်လောင်းလှည့်ပွဲကို တစ်ရွာလုံး ခြိမ့်ခြိမ့်သည်းသည်း ကျင်းပကြတာဟာ ပျော်ရွှင်စရာအတိပါပဲ။
ဒီနေ့ကတော့ ရွာရဲ့မယ်ရွေးပွဲလို့ ဆိုရမယ့် ကွမ်းတောင်ကိုင်တွေကတော့ ပေါ်ပြူ လာအဖြစ်ဆုံးပါပဲ။ အလှဆုံး အချောဆုံးတွေကို ရွေးခြယ်ပြီးတော့ ကိုင်ခိုင်းတာဆိုတော့ ဒီပွဲဟာ သူတို့အတွက်တော့ အခုခေတ် အကယ်ဒမီး ဗန်းကိုင်တွေထက် ပျော်ရွှင်စရာ ကောင်းတဲ့ ရွေးခြယ်မှုကို ခံလိုက်ရသူတွေ ဖြစ်တယ်ပေါ့။ ဒီပွဲဟာ အလှတင်ပြိုင်တာမဟုတ် ဘူး၊ ရှိတာလေးတွေ ခြစ်ခြစ်ခြုပ်ခြုပ် စုစောင်းထားတဲ့ လက်ဝတ်ရတနာလေးတွေကိုလည်း အရောင်အသွေးစုံလင်အောင် ၀တ်ကြရင်း ပြိုင်ဆိုင်ကြတဲ့ ပွဲလို့ဆိုရမယ်ပေါ့။
တစ်နှစ်မှာတော့  ဦးဖိုးအောင်တို့ အလှူပွဲကျင်းပပြုလုပ်ပါတယ်။  ဒီတော့လည်း ထုံးစံအတိုင်းပါပဲ သူ့ထက်ငါ အပြိုင်အဆိုင်တွေက တရားဝင်ပြိုင်တာမဟုတ်ပေမယ့်၊ အတွင်းကြိတ်ပြီးတော့ ပြိုင်ဆိုင်တတ်တာဟာလည်း ရိုးရာတစ်ခုလို ဖြစ်နေခဲ့တယ်ပေါ့။ အဲ ဒီအလှူပွဲမှာ ပစ္စည်းဥစ္စာနွမ်းပါးသော်လည်း ဦးစံမြင့်ရဲ့ သမီးဟာ ကွမ်းတောင်ကိုင်အဖြစ် အရွေးခံလိုက်ရတယ်။ ဒီတော့ သူကလည်း အများသူငါလို ၀တ်ချင်တန်းချင်စိတ်လေးတွေ ဖြစ်တာပေါ့။ ဒီတော့ အမေလုပ်သူဟာ ရွာထဲမှာ တစ်ယောက်တည်းနေပြီး ချမ်းသာတဲ့ အပျိုကြီး မညိုထံသွားပြီးတော့ လက်ဝတ်ရတနာတွေ ငှားခဲ့လိုက်တယ်။
ရှင်လောင်လှည့်ပွဲရောက်တော့ ဦးစံမြင့်သမီးလည်း အများသူငါလို လှပတာထက် ၀တ်လာတဲ့ ရွှေဆွဲကြိုးနဲ့ အရမ်းကိုလိုက်ဖက်ပြီး တင့်တောင့်တင့်တယ်ရှိနေခဲ့တယ်။ ရွှေဆွဲ ကြိုးကိုလည်း ပေါ်အောင်ဝတ်ဆင်ထားတော့ အများအနေနဲ့ အလှထက် ရွှေဆွဲကြိုးကြီး ပေါ်မှာ အာရုံစိုက်ပြီး အကြည့်ခံရတဲ့အထိတော့ သူမလည်း ကျေနပ်နေခဲ့တယ်။
“သမီး ဘာဖြစ်လို့ ငိုနေတာလဲ” ညနေစောင်း ရှိုက်ကြီးတငင်ငင်နဲ့ ရှင်လောင်းလှည့် ပြီး ပြန်လာတဲ့ သမီးဖြစ်သူကို အမေလုပ်သူက မေးလိုက်တယ်။
“သမီး ဆွဲကြိုးမရှိတော့ဘူး၊ ကျကျန်နေရစ်သလား မသိဘူး” ဆိုတော့ ဦးစံမြင့်တို့ သားအဖတစ်တွေဟာ တစ်အိမ်လုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်ငြိမ် သက်နေခဲ့တော့တယ်။ ဒီလိုနဲ့ အပျိုကြီး မညိုကို ပြန်လည်ပြီးတော့ ချေးငှားထားတဲ့ ရွှေဆွဲ ကြိုးကြီးကို အစားပြန်လည်ပေးဖို့အတွက် အကျိုးအကြောင်း ပြောပြလိုက်တာ၊ နောက်ဆုံး တော့ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေလေးကို ရောင်းလိုက်ရတယ်။
ဒါကြောင့် အဲဒီရွာလေးမှာတော့ စကားပုံဆန်ဆန် စကားလေးတစ်လုံး တွင်ကျန်ရစ် ခဲ့တယ်။ အဲဒါလေးကတော့-
“ဖိုးအောင်လှူတာ၊ စံမြင့်မြေပြုတ်”တဲ့လေ။ လှူတာကတော့ ဦးဖိုးအောင် ဒါပေမယ့် မဆီမဆိုင် ဦးစံမြင့်မြေပြုတ်သွားခဲ့ရတာပေါ့။
အဲဒီညက အလှူအောင်ပွဲအထိမ်းအမှတ် စစ်ကိုင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဦးသု (ဦးသုမင်္ဂလ)ကြွလာပြီး တရားဟောလိုက်တာ တစ်ရွာလုံး ဘယ်တော့မှဖျောက်ဖျက်လို့ မရတော့တဲ့တရားပွဲကြီး ဖြစ်သွားရော့တဲ့။ ဘာတရားတွေဟောသွားတယ်ဆိုတာ ဦးဦးစိုး လည်း မမှတ်မိတော့ဘူး။း ဒါပေမယ့် တရားခေါင်းစဉ်ကတော့-
“ မရှိတာထက်၊ မသိတာခက် ”ဆိုတဲ့ တရားတော်တဲ့။
(((ကဲ၊ သားသားတို့ မီးမီးတို့ ပြောကြပါဦး ဘာတွေသင်္ခန်းစာရသွားလည်းဆိုတာ၊ (ကလေးတွေဟာ သူတို့ရရှိလိုက်တဲ့ သင်္ခန်းစာတွေကို အကုန်လုံး တစ်ယောက်ချင်းဆီ ပြန်ပြောကြတယ်)
အေး ဟုတ်တယ်၊ သားသားမီးမီးတို့ ပြောတာအကုန်မှန်ပါတယ်။ ယဉ်ကျေးမှုဆို တာ တားဆီးလို့မရပေမယ့်၊ ကိုယ့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်လေးတွေကိုတော့ မကွယ် ပျောက်သွားရအောင် ထိန်းသိမ်းဖို့ဆိုတာ သားသားမီးမီးတို့အထိ အားလုံးမှာ တာဝန်ရှိတာ ပေါ့။ အနောက်တိုင်းယဉ်ကျေးမှုတွေလည်း အခုဆို တဟုန်းထိုးစီးဆင်းလာနေခဲ့တယ်။ အဲဒါတွေ မလိုက်ပါနဲ့လို့ ဦးဦးစိုး မပြောလိုဘူး၊ ဒါပေမယ့် ကိုယ့်ရိုးရာယဉ်ကျေးမှုလေးကို တော့ ဘယ်တော့မှ မှေးမှိန်အောင်၊ ပျောက်ပျက်အောင် မလုပ်မိဘဲ၊ ဆက်လက်ပြီးတော့ လက်ဆင့်ကမ်းတဲ့အနေနဲ့ ထိန်းသိမ်းကြပါလို့ ဦးဦးစိုး မှာချင်တယ်။
ဂုဏ်တု ဂုဏ်ပြိုင်ဆိုတာ ကောင်းတာရှိသလို၊ မကောင်းတာလည်း ရှိတယ်။ ဥပမာ အတန်းထဲမှာ မသိမသာ တစ်ယောက်ကိုတစ်ယောက် မထိခိုက်တဲ့ စာတွေကို အဆင့်(၁) ရအောင် ပြိုင်ဆိုက်တာမျိုးကတော့ ကောင်းပါတယ်။
ဒါပေမယ့် ကိုယ့်မှာမရှိတဲ့ ဥစ္စာနဲ့ မပြိုင်သင့်တာတွေကို မပြိုင်ကြဖို့လိုတယ်။ အဲဒီလို ဆိုရင်တော့ စံမြင့်မြေပြုတ်သလိုဖြစ်သွားလိမ့်မယ်။ ဆရာတော်ဦးသု ဟောသွားတဲ့တရား လိုပါပဲ။ မရှိတာထက် မသိတာခက်တယ်ဆိုတာ သားသားမီးမီးတို့ ရင်ထဲအသည်းထဲ စွဲနေ အောင်မှတ်ထားပေါ့၊ ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ)))
မောင်မင်းစိုး






အဘိုးအိုရဲ့ နောက်ဆုံးခရီး
အမှတ်စဉ်(၁၀)
တစ်ခါက ရွာလေးတစ်ရွာမှာ အဘိုးအိုကြီးတစ်ယောက်ရှိတယ်။ သူဟာ အသက် ရွယ်ကြီးရင့်နေပေမယ့် သန်သန်မာမာပါပဲ။ ရပ်ရေး ရွာရေးမှာ ဦးဆောင်သူအဖြစ်နဲ့ လုပ် ကိုင်ဆောင်ရွက်နိုင်တုန်းပေါ့။ သူ့ကိုတော့ တော်တော်များများးက ချစ်လည်း ချစ်ကြတယ်။ လေးလည်း လေးစားကြတယ်။ ယုံလည်း ယုံကြည်ကြတယ်။ ဒါပေမယ့် တချို့ကတော့ သူ့လုပ်ဆောင်ချက်တွေကို သိပ်မကြိုက်ကြဘူး။ သူက လူမှန်ကြီးလို့ ဆိုရမှာပေါ့။ မဟုတ်ရင်မဟုတ်သလို လူရှေ့သူရှေ့ဆိုတာ နားမလည်ဘူး ငေါက်စရာရှိရင် ငေါက်ပစ် တတ်တဲ့အမူအကျင့် ရှိတယ်။
ဒါပေမယ့် ရွာရေးမှာတော့ သူမပါရင်မပြီးပါဘူး။ နည်းနည်းတယူသန်တဲ့လူဖြစ်ပေ မယ့် နောက်ဆုံး အရာရာဟာ သူဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပြီးတော့ ပြီးလိုက်ကြတာ ပါပဲ။ မှန်တိုင်းလည်းမကောင်းဘူးလို့ ပြောကြပေမယ့် သူကတော့ မှန်မယ်ထင်ရင် ဘာကိုမှ ကြောက်ရွံ့နေတာမျိုး၊ နောက်ဆုတ်လိုက်တာမျိုး မရှိဘူး။ ရှေ့ကိုပဲ တည့်တည့်မတ်မတ် ဆက်လျှောက်တတ်တဲ့ အမူအကျင့်ရှိတယ်။
တစ်ရက် ရွာထဲမှာ နာရေးကိစ္စတစ်ခု ဖြစ်သွားတယ်။ အဲဒီမှာ အခြားသူတွေနဲ့ သူနဲ့ အယူအဆမတိုက်ဆိုင်ဘဲ ပြဿနာတွေ ဖြစ်သွားခဲ့တယ်။ သူကတော့ မှန်တယ်ထင်တဲ့ အတွက် အများနဲ့တစ်ယောက် ဖြစ်နေပေမယ့် အလျော့မပေးဘဲ သူ့အယူအဆတိုင်း လုပ်ဖို့ကိုပဲ ပြောဆိုတင်သွင်းခဲ့တယ်။
ပြဿနာက အကြီးအကျယ်မဟုတ်ပါဘူး။ မြို့တက်ပြီးဆေးကုတဲ့ လူနာတစ် ယောက်ဟာ ရောဂါကျွမ်းနေပြီဆိုတော့ အိမ်ကိုပြန်သယ်လာစဉ်မှာ လမ်းမှာပဲသေဆုံးသွား ခဲ့တယ်။ ဒီတော့ အဲဒီလူသေကောင်ကို ရွာသားတွေက ရွာထဲကို မသွင်းစေချင်ဘူး။ ရွာအ ပြင်ဘက်မှာပဲ တဲထိုးပြီး ထားဖို့ကိစ္စပါပဲ။ သူကတော့ ဒီအယူစွဲတွေ ဖျောက်ပစ်ဖို့ အားလုံး ဟာ ဒီလမ်းကို သွားကြမှာ ဘာမှမဖြစ်ဘူး။ လူနာရှင်တွေ စိတ်ကျေနပ်အောင် သူ့အိမ်မှာပဲ ထားဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါပေမယ့် အများနဲ့တစ်ယောက်ဆိုတော့ နောက်ဆုံး သူပဲ ရှုံးနိမ့်သွားပြီး ရွာထဲမသွင်းဘဲ ရွာပြင်ဘက်က လယ်ကွက်ထဲမှာပဲ တဲထိုးဖို့ဆုံးဖြတ် လိုက်ကြတယ်။
အဲဒီနေ့ကစပြီး သူ့အိမ်ထဲကနေ မထွက်တော့ဘူး။ လူမှုရေးတွေမှာလဲ ဘာမှဝင် မစွပ်ဖက်တော့ဘူး။ ဦးဆောင်သူအဖြစ်လည်း မလုပ်တော့ဘူး။ သာရေးဖြစ်ဖြစ်၊ နာရေးဖြစ် ဖြစ် ဆွေမျိုးသားချင်းထဲကဖြစ်တာတောင် သူမသွားခဲ့တော့ဘူး။ တစ်ခုခုဖြစ်လို့ ရှေးမှီ နောက်မှီနဲ့ စပ်စပ်စုစုသိတာကလည်း သူပဲရှိတော့ တချို့ကိစ္စတွေမှာ သူ့ကို သွားပြီး တိုင်ပင်ကြတယ်။ ဒါပေမယ့် သူကတော့ တစ်ခွန်းတလေမှတောင် မဟတော့ဘူး။ ဒီလိုပဲ ပြန်ပြန်သွားခဲ့ကြရတယ်။ နောက်တော့ မရမှန်းလည်းသိတော့ သူ့ဆီကို ဘယ်သူမှ မသွားခဲ့ကြဘူး။ ဘာ ကိုမှလည်း မတိုင်ပင်ခဲ့ကြတော့ဘူးပေါ့။
ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ အဲဒီအဘိုးအို အကြီးအကျယ် မကျန်းမမာ ဖြစ်ပါတယ်။ ခက်တာက ဘယ်သူကမှ သူ့ဆီကိုသွားပြီးတော့ လူနာမေးတာမျိုး မလုပ်ဖြစ် ခဲ့ကြဘူး။ ဆေးမှီး တိုလေးနဲ့ ကုနေပေမယ့် မရတော့ဘဲ ဆုံးပါးသွားခဲ့တယ်။ သူ့ဘ၀ရဲ့ နောက်ဆုံး ခရီးဟာလည်း အရမ်းကိုပဲ တိတ်ဆိတ်လွန်းလှပါတယ်။ နောက်ဆုံးခရီးကို လိုက်ဖို့တဲ့သူ အရမ်းနည်း ပါးသွားခဲ့တယ်။ ဆွေမျိုးသားချင်းထဲက မကင်းရာ မကင်း ကြောင်းလောက်ပဲ သူ့ဘ၀ရဲ့ နောက်ဆုံးခရီးလေးကို လိုက်ပို့ခဲ့တယ်။
“ဒီလောက် တယူသန်တဲ့လူကြီး သေသွားတာ ကောင်းပါတယ်၊ ဟိုနေရာ သူနေရာ သူမပါရင် မပြီးသလိုလိုနဲ့၊ တကယ့် လူ့ဂွစာကြီးပါ” ဒီလိုပြော ဆိုခဲ့ကြတဲ့သူတွေလည်း ရှိခဲ့တယ်။ တချို့ကတော့ သူ့ကို တကယ့်လူကြီး လူကောင်းအဖြစ် အသိမှတ်ပြုခဲ့ကြတယ်။
“တကယ်တော့ သူဟာ ရပ်ရွာရဲ့ မရှိမဖြစ်လူတစ်ယောက်ပါ၊ နောက်ဆုံးဖြစ်သွား တဲ့ ကိစ္စကလည်း ဘာမှမဟုတ်ဘူး။ လူတွေကိုက အလိုက်မသိတာပါ၊  သူဟာ သာရေး နာရေးကိစ္စတိုင်းမှာ ဘာအကျိုးမှ ငဲ့ကွက်မှုမရှိဘဲ တကယ့်ကို စိတ်ပါလက်ပါနဲ့ ကူညီတဲ့ လူမျိုးပါ၊ သူ့လောက် တကယ်စိတ်ဝင်တစားနဲ့ ကိုယ်ထိလက်ရောက် လုပ်တဲ့လူမျိုး၊ စေတနာပါပါ လုပ်ဆောင်တဲ့လူမျိုး ရှိလို့လား” ဒီလိုပဲ သူမရှိတော့မှ သူ့ဘက်ကနေ ရပ်တည်တဲ့ လူအချို့လည်း ရှိပါတယ်။
အဘိုးကြီးရဲ့ နောက်ဆုံးခရီးဟာ တကယ့်ကို ၀မ်းနည်းကြေကွဲ စရာကောင်းပါ တယ်။
(((ကဲ သားသားမီးမီးတို့ရေ၊ ဒီတစ်ခါ ဦးဦးစိုး ဒီအကြောင်းအရာလေးနဲ့ ပတ်သက် ပြီးတော့ အဖွဲ့နှစ်ခု ခွဲပါတယ်။ အဖွဲ့(၁)က တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြားသပတေးနေ့မှာ မွေးတဲ့ သား သားမီးမီးတို့က အဘိုးကြီးဘက်ကနေ ရပ်တည်ပြီးတော့ ပြောရမယ်။
အဖွဲ့(၂)က သောကြာ၊ စနေ၊ တနင်္ဂနွေနေ့မှာ မွေးတဲ့ သားသားမီးမီးတို့က ရွာသားတွေဘက်ကနေ ရပ်တည်ပြီး ပြောကြရမယ်။
အဖွဲ့(၁) တကယ်တော့ အဖိုးကြီးက တစ်သက်လုံးသူများအကျိုးကို သယ်ပိုး ဆောင်ရွက်ခဲ့တာ။ ဒါကို မကြည့်ဘဲနဲ့ အဖိုးကြီးရဲ့ နောက်ဆုံးအချိန်ကိုတောင် လိုက်မပို့ဘူး ဆိုတော့ အများနဲ့တစ်ယောက်ဆိုပေမယ့် ရွာသားတွေအနေနဲ့ မကောင်းဘူး၊ တရားမျှ တမှုမရှိဘူး။
နောက်တစ်ခုက သူမှားတယ်လို့ ရွာသားတွေထင်တဲ့ ဒီကိစ္စကလည်း ရိုးရာ ယဉ်ကျေးမှုကို ဖျောက်တာမှမဟုတ်တာ၊ သူပြောသလို မကောင်းတဲ့အစွဲအလန်းမျိုးတွေရှိ နေတာကိုတော့ ဖျောက်သင့်ရင် ဖျောက်ရမယ်လို့ထင်တယ်။
နောက် တချို့ရွာသားတွေက မပြတ်သားဘူး၊ သတ္တိမရှိဘူး။ ဘာဖြစ်လို့လည်း ဆို တော့ အဖိုးရှိတုန်းက ဘာမှသွားပြီး ကူညီတာမျိုးမလုပ်၊ နောက်ဆုံးခရီးကို လိုက်ပို့တာမျိုး တောင် မလုပ်ဘဲနဲ့ သေပြီးသွားမှ အဖိုးကြီးကောင်းကြောင်း ချီးကျူးတာဟာလည်း သိပ်ပြီး မမိုက်ဘူး။
မှန်တိုင်းမကောင်းဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် မှန်တယ်ထင်ရင်တော့ အဖိုးကြီးလို ရဲဝံ့စွာဆောင်ရွက်ရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူလုပ်ခဲ့ တဲ့လုပ်ရပ်ဟာ လူ့ဂွစာကြီးလို့ဆိုပေမယ့် ခွင့်လွှတ်လို့ရတဲ့ အမှန်တရားလို့ ထင်ပါတယ်။
အဖွဲ့(၂) အများညီရင် ဤကို ကျွဲဖတ်-ဆိုတာ ကြားဖူးတယ်မဟုတ်လား။ ဘာပဲဖြစ် ဖြစ် အများညီနေဖို့လိုတယ်။ ဒါကြောင့် ဒီကိစ္စဟာ သူတို့ပြောသလို ရှေးရိုးစွဲစွဲ မစွဲစွဲအများ ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်ရမယ်။ တစ်ရွာလုံးနဲ့ တစ်ယောက်ပဲ။ ဒါကြောင့် ရွာသားတွေ မမှားပါဘူး။
နောက်ပြီး အဖိုးကြီးက သူတို့ပြောသလို အများကောင်းကျိုး လုပ်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် တယူသန်တာကြီးက သူ့ဘ၀ကို ရိုက်ချိုးခံလိုက်ရသလိုဖြစ်တာ ပါ။ တကယ်တော့ သူဟာ မေတ္တာစိတ်လေးထားပြီး အများနဲ့ သဟဇာတဖြစ်အောင် ဆက် ဆံမယ်၊ ပြုပြင်မယ်၊ နေထိုင်မယ်ဆိုရင် သူ့ဘ၀ရဲ့ နောက်ဆုံးချိန်ဟာ ဒီလောက်ကြီး အထီး ကျန်နေမှာ မဟုတ်ပါဘူး။ ငါစွဲဆိုတဲ့ အတ္တကြီးတယ်လို့ ထင်ပါတယ်။ ဒါဟာ အဘိုးကြီးရဲ့ အားနည်းချက်ပါ။
နောက်တစ်ခုက သူတို့ သတိမထားလို့ပါ၊ တကယ်တော့ ရွာသားတွေဟာ အဖိုးကြီးကို သဘောထားကြီးစွာနဲ့ ပြဿနာလေးတွေဖြစ်တိုင် သွားပြီး တိုင်ပင်ပါတယ်။ ဒါကို သူက ဘာမှပြန်မဖြေတာဟာ စိတ်ထားသေးသိမ်တာကြပါတယ်။ ဒါဟာလည်း အဖိုး ကြီးရဲ့ အားနည်းချက်ပါပဲ။
(အင်း သားသားမီးမီးတို့ ပြောတာ နှစ်ဖွဲ့လုံး မှန်ပါတယ်။ ဒါကတော့ သားသားမီးမီး တို့ အတွေးလေးတွေ ပိုရစေချင်လို့ အခုလို့ နှစ်ဖွဲ့ခွဲလိုက်တာပါ။ အဲဒီ မတူညီတဲ့ အချက် တွေကို စုပေါင်းပြီးတော့ ဖြေရှင်းတတ်ရမယ်။ ဘာအလုပ်ကိစ္စပဲဖြစ်ဖြစ်ပေါ့။ ဒါဆိုရင် ပိုမို ပြီးတော့ အောင်မြင်တဲ့အဖွဲ့အစည်းဖြစ်မယ်။ ဒါကြောင့် ပြဿနာဖြစ်တိုင်း အားနည်းချက် အားသာချက်ကို ရှာပါ၊ နောက်ပြီး စုပေါင်း ဖြေရှင်းပါလို့ ဦးဦးစိုး တိုက်တွန်းစကားဆို လိုက်ရင်း ဒီနေ့တော့ ဒီလောက်နဲ့ တော်ကြရအောင်)))
မောင်မင်းစိုး


မျှော်လင့်ချက်လေး ပြေပါစေ
အမှတ်စဉ်(၁၁)
တစ်ခါက ရွာတစ်ရွာမှာ အပျိုကြီးမမြတင်ဆိုပြီး ရှိတယ်။ သူက ဆင်းရဲပေမယ့် သဘောထားတော့ ကောင်းတယ်။ ကလေးတွေကို အရမ်းချစ်တတ်တာ။ ကလေးတွေက လည်း သူ့ကိုချစ်ကြတယ်။ ကလေးတွေအတွက်ဆိုရင် သူမစားရရင်နေပါစေ၊ စားစရာရှိ တိုင်းလိုလို ကျွေးပစ်လေ့ရှိတယ်။ ဒါကတော့ သူ့ရဲ့ ထူးခြားတဲ့ အချက်လေးပါပဲ။
အဲဒီလိုစားရမှန်းသိတော့ ကလေးတွေအနေနဲ့လည်း တစ်ယောက်မဟုတ်၊ တစ် ယောက် သူ့အိမ်မှာ ရောက်နေလေ့ရှိတယ်။ တောကိုသွားပြီး နွားကျောင်းတာမျိုးဖြစ်နေပေ မယ့် ကလေးတွေကတော့ သူအလာထိ သူ့အိမ်အောက်မှာ ဆော့ကစားနေလေ့ရှိတယ်။ အင်း ကလေးထိမ်းတဲ့ ဂေဟာလေးလိုဖြစ်နေတော့ ကလေးမိဘတွေကလည်း အပျိုကြီးမမြ တင်အိမ်ဆိုရင် ဘာမှမပြောကြဘဲ လွှတ်ထားလိုက်ကြတယ်။
တစ်ရက်မှာတော့ ကလေးငယ်တစ်ယောက် အ၀တ်အစားအဟောင်းအနွမ်းလေး ကို ၀တ်လို့ အပျိုကြီးမမြတင်ဆီ ရောက်လာတယ်။ ဒီတော့ အပျိုကြီးကလည်း ရှိတဲ့အစား အစာလေးဖြစ်တဲ့ ထန်လျက်ခဲလေးကို ကျွေးလိုက်တယ်။ နောက်ပြီးတော့ ကလေးငယ်နဲ့ စကားလေးတွေ ပြောနေခဲ့တယ်။
“ငါ့တူ၊ မင့်အ၀တ်စားလေးတွေကလည်း ဟောင်းရုံတင်မဟုတ်ဘူး၊ ပြဲစုပ်နေပြီးနော် မင့်အမေက ၀ယ်မပေးဘူးလား၊ အိမ်ကို အသစ်ဝယ်ခိုင်းဦးလေ”
“အိမ်က ၀ယ်စရာမရှိဘူးဗျ၊ ဒါကြောင့် ၀ယ်မပေးဘူး”
“အော် အဲဒီလိုလား၊ ဒါဆိုရင်လည်း အိမ်က ၀ယ်မပေးရင် ငါဝယ်ပေးမှာပေါ့၊ ခဏ တော့စောင့်နော်၊ ထီထိုးလို့ ထီပေါက်ရင် ၀ယ်ပေးမယ် ကြားလား”
အဲဒီကလေးငယ်ဟာ အပျိုးကြီးဝယ်ပေးမယ့် အ၀တ်အစားသစ်လေးတွေကို နေ့စဉ် နဲ့အမျှ စိတ်ထဲက ၀တ်ကြည့်မိတာမျိုး၊ သူ့ကိုသူ အ၀တ်သစ်လေးတွေနဲ့ လှပနေတာမျိုး၊ သူငယ်ချင်းတွေနဲ့အတူ အ၀တ်သစ်လေးဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားတာမျိုး၊ အလှူ အတန်းသွားရတာမျိုး စသဖြင့် တွေးရင်းတွေးရင်း ပျော်ရွှင်ကြည်နူးနေခဲ့တယ်။
ဒါပေမယ့် အပျိုးကြီးကတော့ တစ်ခါပြောပြီး ပြီးသွားတာပါ၊ တကယ်တော့ ထီသည် ဆိုတာလည်း သူ့ရွာကို လာပြီး ရောင်းတာမျိုးလည်း မရှိပါဘူး၊ ထီဆိုတာ ကြားဖူးရုံပဲကြား ဖူးတာပါ၊ မြို့တက်ပြီး ဈေးသည်ကြီးတွေ ကုန်ရောင်း ကုန်ဝယ်သွားပေမယ့်လည်း ထီလက် မှတ်ဆိုတာ မှာရကောင်းမှန်း မသိပါဘူး။ ဆိုတော့ သူကတော့ မေ့မေ့ပျောက်ပျောက်ပေါ့။
ဒီလိုနဲ့ အဲဒီကလေးငယ်လည်း နေ့တိုင်းလိုလို အပျိုကြီးမမြတင်ရဲ့ အိမ်ကို မနက် မိုးမလင်းသေးဘူး ရောက်ရောက်နေတယ်။ မျှော်လင့်ချက်လေးနဲ့ သွားနေခဲ့ပေမယ့် သူ့ရဲ့ မျှော်လင့်ချက်ကတော့ တစ်နေ့လည်း ဖြစ်မလာ၊ တစ်လလည်း ဖြစ်မလာ၊ တစ်နှစ်လည်း ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် ကလေးငယ်ရဲ့စိတ်ထဲမှာတော့ တစ်နေ့နေ့တော့ သဘော ကောင်းတဲ့ အပျိုကြီးမမြင်တင်ဟာ ၀ယ်ပေးလိမ့်မယ်ဆိုတာ လုံးဝအခိုင်အမာကိုပဲ ယုံ ကြည်နေခဲ့တယ်။ သူပြောတဲ့ ထီဆိုတာကိုလည်း မြန်မြန်ပေါက်ပါစေလို့ ဆုတောင်းနေမိ တယ်ပေါ့။
တစ်ရက်တော့ တောထဲသွားရင်း အပျိုကြီးမမြတင် ပိုးထိတယ်။ ပိုးထိတယ်ဆိုတာ မြွေဆိုးကိုက်ခံလိုက်ရတယ်။ ဆေးရုံကို အမြန်ပို့ကြတယ်။ မြွေဆိပ်ကလည်း အရမ်းကို မြန် တယ်။ တစ်ကိုယ်လုံးလိုလို ပြန့်နှံ့ပြီးတော့ မည်းနေခဲ့တယ်။ တစ်ရွာလုံးလည်း လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။ မမြတင် ပိုးထိတယ်ဆိုတာကို လူကြီးတွေအနေနဲ့ စိတ်ပူနေကြပေမယ့် ကလေးတွေကတော့ မမြတင်ဆိုတဲ့ အသံကြားနေရရင် ပျော်ရွှင်နေကြတာပေါ့။
မမြတင်ဆေးရုံကိုသွားတာ နှစ်ရက်နေတဲ့အထိ ပြန်မရောက်ဘူးပေါ့။ ဒါကြောင့် ကလေးတွေကလည်း သူ့မိဘတွေကို မေးကြတာပေါ့။ မြို့သွားတယ်ပဲ ကလေးတွေကို ပြောကြတော့ ကလေးတွေလည်း အေးအေးဆေးဆေး ဖြစ်သွားတယ်။ ဒါပေမယ့် မြို့သွား တယ်ဆိုတဲ့ အသံကိုတော့ ခုနကထီပေါက်ရင် အ၀တ်အစားအသစ် ၀ယ်ပေးမယ်ဆိုတဲ့ ကလေးကတော့ အပျော်ဆုံးပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အတွက် အ၀တ်အစား တက်ဝယ်တယ်လို့ ထင်တာကိုး။
နောက်နေ့ မမြတင်ပြန်လာပြီဆိုတော့ ကလေးတွေ အားလုံးပျော်ရွှင်နေကြတယ်။ ဒါပေမယ့် လူကြီးတွေကတော့ ၀မ်းနည်းကျေကွဲနေခဲ့ကြတယ်။
((( သားသားမီးမီးတို့ ဦးဦးစိုးတော့ ဒီပုံပြင်လေးပြောပြီး ရင်ထဲ တော်တော် မကောင်းဘူးပေါ့၊ ဒါလေးက ဦးဦးစိုးကိုယ်တိုင် ဖြစ်ပျက်ခဲ့တဲ့ ပုံပြင်လေးပါ။ အခု သားသား မီးမီးတို့ကို ပြန်ပြောတော့ သားသားမီးမီးတို့ အရင်နေ့ကလို ဦးဦးစိုး တက်တက်ကြွကြွ ဖြစ် မနေဘူးဆိုတာ သတိထားမိကြတယ်မဟုတ်လား။
ဒီလိုပါပဲ၊ ဦးဦးစိုးက အဲဒီတုန်းက အ၀တ်သစ်လေးရလိမ့်နိုးနိုးနဲ့ မျှော်နေခဲ့ရတဲ့ ကလေးငယ်လေးပေါ့၊ အခုအထိလည်း တစ်နေ့ကျရင် အ၀တ်သစ်လေး ၀ယ်ပေးမလား ဆိုတာ မျှော်လင့်နေတုန်းပါပဲ။ ဒီမျှော်လင့်ချက်လေး ပြေသွားဖို့ကိုတော့ ဦးဦးစိုးလည်း တော်တော်လေးကို ဂရုတစိုက်နဲ့ ကြိုးစားပြီး ဖျောက်ဖျောက်ပစ်ကြည့်တယ်။ ထူးဆန်တယ် အခုထိ မပြေနိုင်သေးဘူး၊ ဒါလေးကိုတော့ သားသားမီးမီးတို့ကို ဘာမှတ်ချက်မှ မပေးလို ပါဘူး၊ နောက် သားသားမီးမီးတို့ဆီကနေလည်း ဘာမှတ်ချက်မှ မတောင်းလိုပါဘူး)))
မောင်မင်းစိုး