Friday, May 27, 2011

ငါ့ကိုချစ်လို့ သူပြုပြင်




ဆောင်းပါးနာမည်က အညှီအနံ့ နည်းနည်းပါတော့ ဘာလိုလို၊ ညာလိုလို ထင်သွားမယ်လားတော့ မသိဘူး။ အညှီအနံ့ဆိုတာတွေလည်း မရေးဘူးတော့ ဘာရေးရမှန်းလည်း မသိ။ အကြောင်းအရာကလည်း မရှိ၊ ဒီတော့ အညှီအနံ့ဆိုတာတွေ ဆောင်းပါးပဲ ဖြစ်ဖြစ်၊ ဝတ္ထုပဲ ဖြစ်ဖြစ်၊ ကဗျာပဲ ဖြစ်ဖြစ် ရေးသားပြီးတဲ့ စာတွေထဲမှာတော့ မတွေ့ရသေးဘူးပေါ့လေ။ ဒါကလည်း ဒီခေါင်းစဉ်လေး ပေးမိသွားလို့ ပြန်လည် စဉ်းစားကြည့်မိတာပါ။ ထားပါ၊ အဲဒါက အရေး မကြီးပါဘူး။ အထက်က ခေါင်းစဉ်လေးကို ပြောကြည့်ရအောင်။ ရေးဖြစ်အောင်လည်း လှုံ့ဆော်ပေးခဲ့တဲ့၊ ကုန်ကြမ်းပေးခဲ့တဲ့ သူကို ကျေးဇူးတင်ရမှာပေါ့။ အကြောင်းအရာ တွေကတော့ မထူးပါဘူး။ ထုံးစံအတိုင်း ဘာ မလုပ်နဲ့၊ ညာ မလုပ်နဲ့။ အဲဒီကနေ အတွေးစလေး ရလို့ ပြောချင်တာလေးတွေ များလာခဲ့တာနဲ့ ဒီဆောင်းပါလေးကို ရေးဖြစ်ပါတယ်။ စီးကရက် သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည် တဲ့။ ဒီနေရာမှာ မိမိကိုယ်ကိုယ် မိမိချစ်လျင် ပြုပြင်ရမှာတွေ၊ လိုက်နာရမှာတွေ၊ စောင့်ထိန်းရမှာတွေ၊ ရှောင်ကြဉ်ရမှာတွေ၊ ပညတ်ချက်တွေကတော့ တော်တော်များနေပါလိမ့်မယ်။ ဒါကြောင့် ဘုရားစကားတော်လေးတွေကို အခြေခံပြီးတော့ ရေးချင်ပါတယ်။ အချစ်ဆိုတာ တော်တော်လေး ဆန်းကြယ်တယ်။ မေတ္တာနဲ့ မတူဘူး။ အချစ်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ အထက်က ပြောခဲ့သလို၊ အညှီအဟောက်လေးတွေ နည်းနည်းပါတယ်။ ဒါပေမယ့် မေတ္တာမှာတော့ အေးချမ်းစေမှုသဘော ဆောင်တယ်။ တစ်ခုတော့ ရှိတယ် ငါးရာ့နှစ်ဆယ့်ရှစ်ဆိုတဲ့ အချစ်နဲ့ တစ်ထောင့်ငါးရာဆိုတဲ့ အချစ်ဆိုတာ ခွဲပြီးပြောရင်လည်း ရပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေကတော့ ဘာသာရေး သဘောဆောင်တယ်။ ဒီတော့ မောင်ချစ်၊ နှမချစ်၊ သားချစ်၊ မြေးချစ်၊ မိဘနှင့် သား၊ သမီးအချစ် ဆိုတာတွေလောက် ပြောရင် သိနိုင်ပါလိမ့်မယ်။ သို့မဟုတ်ဘဲ လင်ချစ် မယားချစ် သဘောမျိုးတွေမှာတော့ ကိလေသာအနံ့လေး ပါလာတယ်။ ဒီတော့ ငါ့ကို ချစ်လို့ သူပြုပြင်လို့ ရ၊ မရ။ ဒါကိုပဲ မူတည်ပြီး တွေးကြည့်ချင်ပါတယ်။ မိမိကိုယ်ကိုယ် ချစ်တယ်လို့ ထင်ရင်တော့၊ မိမိကိုယ်ကိုယ်ပဲ ကောင်းမွန်စွာ စောင့်ရှောက်အပ်တယ်။ မိမိကိုယ်ကိုယ် ချစ်တယ်ဆိုတဲ့ ပညာရှိဟာ အရွယ်သုံးပါးမှာ တစ်ပါးပါးသော အရွယ်မှာ လုံးလ အားထုတ် ပြုပြင်သင့်တယ်။ (ဗုဒ္ဓ) ဒီတော့ သေချာတာကတော့ ကိုယ့်ကိုယ်ကို ချစ်ရင်တော့ ကိုယ်တိုင် ပြုပြင်ဖို့ဟာ အရေးကြီးတယ်။ ကိုယ်တိုင်ပြုပြင်ချင် စိတ် မရှိဘဲနဲ့တော့ အခြားဘယ်လိုသော ပုဂ္ဂိုလ်ကမှ လာပြီး ပြုပြင်ပေးပေမယ့် မရပါဘူး။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ၊ စည်းကမ်းတွေ၊ ဥပဒေသတွေနဲ့ ချည်နှောင်ထားတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ ကိုယ်ကျင့်တရား မကောင်းရင်တော့ ဘယ်သူကမှ လေးစား ယုံကြည်မှာ မဟုတ်ပါဘူး။ နာမည်ကြီးလေ စောင့်ထိန်းဖို့ လိုလေပေါ့။ မစောင့်ထိန်းနိုင်ရင်တော့ ဒီလို လူမျိုးဟာ ကျဆုံးမှု ဒဏ်ကို ခံနိုင်ဖို့ တော်တော်လေး ခက်ခဲပါလိမ့်မယ်။ ဂုဏ် ပကာသနတွေ၊ မာနတွေနဲ့ မောက်မာနေလို့တော့ ဒီလူမျိုးရဲ့ ကျဆုံးခန်းဟာလည်း လူသားတွေအနေနဲ့ အရေးတမူ ရှိနေကြမယ် မဟုတ်ပါဘူး။ ဒီတော့ မကောင်းမှန်းသိရင်တော့ မိမိကိုယ်ကိုယ် ချစ်လျှင် မိမိကိုယ်ကိုယ်ပဲ ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ဥပမာ-စီးကရက်သောက်တာဟာ မကောင်းမှန်း သိရင်၊ အကျိုး မရှိဘူးဆိုရင်၊ သေချာတာကတော့ မသောက်ယုံဘဲ ရှိတာပေါ့။ အဲဒီလို မဟုတ်ရင်တော့ မိမိကိုယ်ကိုယ် ချစ်တာ မရောက်တော့ ဘူးပေါ့။ အဲဒါ စီးကရက်သောက်တာ မကောင်းမှန်း သိပေမယ့် အခုအထိ မဖြတ်နိုင်သေးဘူး။ စိတ်အလို လိုက်တာပဲ။ ဒါကတော့ ဥပမာပြောတာပါ။ အခြားသော ကိစ္စတွေမှာလည်း မကောင်းမှန်း သိရင်တော့ ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဒါမှသာလျှင် မိမိကိုယ်ကိုယ် ချစ်ရာ ရောက်မယ်ပေါ့။ ဆရာတစ်ယောက် ရေးတာ ဖတ်ဖူးတယ်။ စီးကရက်သောက်တာဟာ မကောင်းမှန်း သိရင်၊ ဘာအကျိုးမှ မဖြစ်ဘူး ဆိုရင်၊ မသောက်နဲ့ပေါ့တဲ့။ သေချာတယ်။ မသောက်ဖို့ဘဲ လိုတယ်။ စိတ်အလိုနဲ့၊ မိမိအလိုရဲ့ အားပြိုင်မှုမှာ ဒီကိစ္စကိုတော့ ကိုယ်ကပဲ ရှုံးနေသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင်တော့ ကိုယ်တိုင် မပြုပြင်ချင်ဘဲနဲ့တော့ မရဘူးဆိုတာ သေချာသွားပြီး။ ဒါပေမယ့် ဒီဆောင်းပါး ခေါင်းစဉ်ဖြစ်အောင် လှုံ့ဆော်ပေးခဲ့တဲ့ သူကတော့ မိမိအကျိုးကို ရှေ့ရှုပြီး စီးကရက် မသောက်ဖို့ တွေ့တိုင်းလိုလို ဆုံးမခဲ့တယ်။ ဒါပေမယ့် ကိုယ့်ကိုယ် ဆွေမျိုးရင်းချာလို ချစ်လို့ တားမြစ်ပါတယ် ဆိုပေမယ့် ကိုယ်တိုင် မလိုက်နာတော့ ဘာမှ မထူးဘူးပေါ့။ ဒီတော့ ကျန်းမာရေး ထိခိုက်မှုကို ဖြစ်စေတဲ့ စီးကရက်ကိစ္စကို ဘယ်လိုရှေ့ဆက် သွားမလဲ။ မသောက်ယုံပေါ့။ သေချာလားဆိုတော့ မလိမ်ချင်ပါဘူး။ နည်းနည်း လျော့လျော့ သောက်ရင်း ဖြတ်နိုင်အောင်တော့ ကြိုးစား နေပါတယ်လို့ ပြောပါရစေ။ ထားပါ ဒီနေရာမှာတော့ ဒါကိုအဓိကထားပြီး မပြောချင်ပါဘူး။ အခြား ကိုယ်ကျင့်တရားဆိုင်တာတွေကိုပဲ ပြောလိုပါတယ်။ အတ္တာနမေဝ မဌမံ၊ ပတိရူပေ နိဝေသယေ။ အထည မနုသာ သေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။ လူတိုင်းဟာ အစ ပထမအနေနဲ့ မိမိကိုယ်တိုင် အကျင့်သီလနဲ့ ပြည့်စုံရမယ်။ တည်စေရမယ်။ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရမယ်။ ပညာရှိတဲ့လူဟာ သူတစ်ပါးတွေရဲ့ ကဲ့ရဲ့မှုကြောင့် မညစ်နွမ်းစေရဘူးတဲ့။ ဒါဟာလည်း ဗုဒ္ဓရဲ့ အဆုံးအမ ဖြစ်ပါတယ်။ ကိုယ်ကောင်း ခေါင်း ဘယ်မရွေ့ ဆိုသလို၊ ကိုယ်ကောင်းဖို့ အရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ်ကျင့်တရား မရှိဘဲနဲ့ သူတစ်ပါးကို အုပ်စိုးချင်တယ်။ ချုပ်ချယ်ချင်တယ်ဆိုရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အောင်မြင်မှု မရှိဘဲ ကျဆုံးမှုတွေနဲ့ အဆုံးသတ်ရမယ် ဆိုတာပါပဲ။ သူတစ်ပါးကို ပြောဆိုချင်တယ်၊ အုပ်ချုပ်ချင်တယ်၊ အစိုးရချင်တယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းအောင် နေဖို့အရေးကြီးပါတယ်။ အဲဒီလို မဟုတ်ရင်တော့ အောက်လက် ငယ်သားတွေရဲ့ အပြစ်တင်မှု၊ ကဲ့ရဲ့မှု၊ ဝေဖန်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပညာရှိဆိုတဲ့လူဟာ ညစ်နွမ်းမှုတွေနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရင်း စိတ်ဆင်းရဲမှုတွေနဲ့သာ ကြုံတွေ့ နေရပါလိမ့်မယ်။ ဒီတော့ မိမိကိုယ်ကိုယ် မိမိ ချစ်တယ် ဆိုရင်တော့ အကျင့်သီလ ကောင်းမွန်စွာ နေနိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ မိမိကိုယ်ကိုယ် မိမိ ချစ်ဖို့၊ မိမိကိုယ်ကိုယ် မိမိချစ်လျှင် လိုက်နာပြုကျင့်ရမယ့် ဗုဒ္ဓဟောကြားခဲ့တဲ့ စကား လေးတွေကို လက်ဆောင် ပေးလိုပါတယ်။ သူတစ်ပါးကို ဆုံးမသလို၊ မိမိကိုယ်ကိုယ်လည်း လိုက်နာရမယ်။ မိမိကိုယ်တိုင် ယဉ်ကျေးအောင် ဆုံးမ နေထိုင်မှသာ ၊ သူတစ်ပါးကို ဆုံးမနိုင်မှာ ဖြစ်တယ်။ မိမိကိုယ်ကိုယ်သည်သာ မိမိရဲ့ အားကိုးရာ အစစ် ဖြစ်တယ်။ သူတစ်ပါးဟာ မိမိရဲ့အားကိုးရာ အစစ် မဖြစ်နိုင်ဘူး။ မိမိကိုယ်ကိုယ် ယဉ်ကျေးအောင် နေမှသာ မိမိရဲ့ အားကိုးရာ အစစ်ကို ရနိုင်ပါတယ်။ ကျောက်ကနေ ဖြစ်ပေါ်လာတဲ့ စိန်ဟာ၊ မိမိဖြစ်ပေါ်ရာ ကျောက်ကို ပြန်လည် ထိုးဖောက်နိုင်သလို၊ မိမိကိုယ်တိုင် မကောင်းမှု ပြုလုပ်ရင်၊ အဲဒီ မကောင်းမှုက မိမိကိုယ်ပင် ပြန်လည် ဖျက်ဆီးမှာ ဖြစ်ပါတယ်။ အနွယ်ပင်တွေဟာ မိမိ မှီတွယ်ရာ သစ်ပင်ကို လွှမ်းမိုးသလို၊ သီလ မရှိဘဲ တဏှာ (ရာဂ)ရဲ့ အလွှမ်းမိုး ခံရတဲ့လူဟာ မိမိကိုယ်တိုင် ပျက်စီးအောင် ပြုလုပ်ရာ ရောက်ပါတယ်။ မိမိကိုယ်ကျိုး စီးပွားအတွက် မကောင်းမှုကို ပြုလုပ်ဖို့ လွယ်ကူတတ်တယ်။ ကောင်းမှု စီးပွား ဖြစ်စေမယ့် အမှုကိစ္စတို့ကိုတော့ ပြုလုပ်ဖို့ ဝန်လေးတတ်တယ်။ မကောင်းမှုကို မိမိပြုရင်၊ မိမိပဲ ညစ်နွမ်းရမယ်။ စသဖြင့် မိမိကိုယ်ကိုယ် မိမိချစ်တယ်ဆိုရင် လိုက်နာရမယ့်၊ သိထားရမယ့် စကားလုံးလေးတွေကို ဘုရားရှင်က တော်တော်များများ ဟောထားခဲ့တယ်။ အခြားအခြားသော စကားပေါင်း မြောက်များစွာ ရှိသေးသော်လည်း ဒီနေရာမှာ ဒီလောက်သိရင်တော့ မဆိုးလှပါဘူး။ ဒါကြောင့် ဒီဆောင်းမှာတော့ မှတ်သားစရာ၊ အကြောင်းအရာတင် မဟုတ်ဘဲ၊စကားလုံးလေးတွေကိုပါ လက်ဆောင်ပေးလိုက်ပါတယ်။ မိမိကိုယ်ကိုယ် မိမိချစ်တဲ့ လူနဲ့၊ မိမိကိုယ်ကိုယ် မိမိ မချစ်သူ အကြောင်းလေးတွေကို အနည်းငယ်စီ ပြောပြလိုပါတယ်။ လိုက်နာ အတုယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အရှင်ပုဏ္ဏဆိုတာ ကြားဖူးကြပါလိမ့်မယ်။ အရှင်ပုဏ္ဏနဲ့ ဘုရားရှင်တို့ရဲ့ အမေးအဖြေလေးကိုပဲ ပြောပြပါ့မယ်။ ဒါဆို လုံလောက်ပါလိမ့်မယ်။ ဗုဒ္ဓ။ ။ ချစ်သား ပုဏ္ဏ၊ သုနာပရန္တ ဇနပုဒ်သားတွေက အလွန်ကြမ်းတမ်းကြတယ်။ ခက်ထန်ကြတယ်။ အကယ်၍ သုနာပရန္တ ဇနပုဒ်သားတွေဟာ သင့်ကို ဆဲရေးမယ်ဆိုရင် သင့်ရဲ့ စိတ်က ဘယ်လို ရှိမလဲ၊ ဘယ်လို တုန့်ပြန်မလဲ။ ပုဏ္ဏ။ ။ မြတ်စွာဘုရား သုနာပရန္တ ဇနပုဒ်သားတွေက တပည့်တော်ကို ဆဲရေးကြမယ်ဆိုရင် ၊ သုနာပရန္တ ဇနပုဒ်သားတွေဟာ လူတော်၊ လူကောင်းတွေသာ ဖြစ်ကြပါပေတယ်၊ ငါ့ကို ဆဲရေးရုံမျှသာ ဆဲရေးကြတယ်၊ ထုခြင်း၊ ထောင်းခြင်း၊ ရိုက်နှက်၊ ပုတ်ခတ်ခြင်းကို မပြုလုပ်ကြပေလို့ နှလုံးသွင်းပြီး အမျက်ဒေါသကို သိမ်းဆည်း သည်းခံပါ့မယ်ဘုရား။ ဗုဒ္ဓ။ ။ ချစ်သား ပုဏ္ဏ၊ တကယ်လို့ သုနာပရန္တ ဇနပုဒ်သားတွေက သင့်ကို ထုမယ်၊ ထောင်းမယ်၊ ရိုက်မယ်၊ ပုတ်ခတ်မယ်ဆိုရင် သင့်ရဲ့စိတ်ဟာ ဘယ်လို ဖြစ်မှာလဲ။ ဘယ်လို တုန့်ပြန်မှာလဲ။ ပုဏ္ဏ။ ။ မြတ်စွာဘုရား တကယ်လို့ သုနာပရန္တ ဇနပုဒ်သားတွေက တပည့်တော်ကို ထုမယ်၊ ထောင်းမယ်၊ ရိုက်မယ်၊ ပုတ်ခတ်မယ်ဆိုရင်လည်း သုနာပရန္တ ဇနပုဒ်သားတွေဟာ လူတော်၊ လူကောင်းတွေသာ ဖြစ်ကြပါပေတယ်။ ငါ့ကို ထုခြင်း၊ ထောင်းခြင်း၊ ရိုက်ခြင်း၊ ပုတ်ခတ်ခြင်းကိုသာ ပြုကြပါပေတယ်။ ဓားဖြင့်ခုတ်သတ်ခြင်း အမှုကို မပြုကြပါ-ဟု နှလုံးသွင်းပြီး အမျက်ဒေါသကို သိမ်းဆည်း သည်းခံပါ့မယ်ဘုရား။ ဗုဒ္ဓ။ ။ ချစ်သား ပုဏ္ဏ၊ တကယ်လို့ သုနာပရန္တဇနပုဒ်သားတွေက သင့်ကို ဓားဖြင့်ခုတ်သတ်ခြင်း အမှုကို ပြုလာမယ်ဆိုရင်ရော သင်ဘယ်လို ဖြစ်မှာလဲ။ တုန့်ပြန်မှာလဲ။ ပုဏ္ဏ။ ။ မြတ်စွာဘုရား တကယ်လို့ သုနာပရန္တဇနပုဒ်သားတွေက တပည့်တော်ကို ဓားနဲ့ ခုတ်ကြမယ်ဆိုရင်လည်း သုနာပရန္တ ဇနပုဒ်သားတွေဟာ လူတော်၊ လူကောင်းတွေ ဖြစ်ကြပါပေတယ်။ အရှင်ဆန္ဒမထေရ်ဟာ မိမိကိုယ်ကိုယ် မိမိဓားဖြင့် သတ်ရတယ်။ ငါ့မှာတော့ အရှင်ဆန္ဒမထေရ်ကဲ့သို့ ကိုယ်တိုင် မသတ်ရ။ သူတို့က သတ်ပေးကြပါပေတယ်လို့ နှလုံးသွင်းပြီး အမျက်ဒေါသကို သိမ်းဆည်း၊ သည်းခံပါ့မယ်ဘုရား။ ဗုဒ္ဓ။ ။ ချစ်သား ပုဏ္ဏ၊ သာဓု၊ သာဓု။ ကဲအဲဒီ အမေးအဖြေလေးကို ဖတ်ကြည့်ပြီး၊ ဘယ်လို သဘောရပါသလဲ။ မိမိကိုယ်ကိုယ် မိမိ မချစ်လို့ အရှင်ပုဏ္ဏဟာ ကိုယ့်အသက်ကို အန္တရာယ်ပြုတဲ့သူတို့ကို ဘာမှ မတုန့်ပြန်တာပေါ့လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ အမှန်ကတော့ အရှင်ပုဏ္ဏဟာ မိမိကိုယ်ကိုယ် မိမိ ချစ်လွန်းလို့ ခန္တီအပြည့်နဲ့ တုန့်ပြန်မှုဆိုတာတွေကို ပြသသွားခြင်း ဖြစ်ပါတယ်။ မှန်ပါတယ်။ မိမိကိုယ်ကိုယ် မိမိ မချစ်ဘူးဆိုရင်တော့ ဒီဘဝအတွက်ရော၊ နောင် သံသရာအတွက်ပါ၊ ဒုက္ခ ရောက်စေမယ့် ဒေါသ၊ အာဃာတတွေနဲ့ တုန့်ပြန်မှာ ဖြစ်ပါတယ်။ ဒါသည်ပင်လျှင် သူတော်ကောင်းတရား ဖြစ်ပါတယ်။ ရန်သူကို ဒေါသနဲ့၊ ရန်တုန့်ပြန်လို့ မဖြစ်ဘူး။ မေတ္တာတရားတွေ၊ ခန္တီတရားတွေနဲ့ တုန့်ပြန်မှသာလျှင် ရန်ဟာ အေးချမ်းမယ် မဟုတ်လား။ အရှင်ပုဏ္ဏဟာ မိမိကိုယ်ကိုယ် မိမိ ချစ်ခြင်းကြောင့် ရန်စ ရှည်စေမယ့် အကုသိုလ်တွေနဲ့ မတုန့်ပြန်မှုကို နှစ်သက်တယ်ဆိုတာ လက်ခံရမယ်ပေါ့။ မြတ်စွာဘုရားကို ရန် ဒေါသ ပြင်းပြင်းနဲ့ တုန့်ပြန်တဲ့ မာဂဏ္ဍီကို ကြားဖူးပါလိမ့်မယ်။ မိမိကိုယ် ဘုရားရှင်က မလိုချင်နေပေါ့ အခုတော့ မစင်ဆိုတာနဲ့ နှိုင်းယှဉ်တာတွေကို တော်တော် ခံပြင်းခဲ့တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ဒီရှင်ကြီး ဂေါတမကို ပြန်လည် တိုက်ခိုက်ဖို့ အမြဲတန်း ကြံစည်နေခဲ့တယ်။ သိ ပါလိမ့်မယ်။ မာဂဏ္ဍီဆိုတာ ဥတေနမင်းကြီးရဲ့ မိဘုရားခေါင်းကြီး တစ်ပါးပေါ့။ မိမိရဲ့ ပြိုင်ဘက်အသွင်ကို သာမာဝတီ မိဘုရားအပေါ်မှာ ထားရှိခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြတ်စွာဘုရားကို ရန်ပြုလို့ မရတော့၊ ဘုရားရှင်ကို လေးစား၊ ယုံကြည်၊ ကြည်ညိုတဲ့ တပည့်မ သာမာဝတီကို တုန့်ပြန်တဲ့ အမှုတွေ၊ ခိုက်ရန်ပြုမှုတွေ၊ လုပ်ကြံမှုတွေ အမျိုးမျိုး အဖုံဖုံ ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် သာမာဝတီရဲ့ မေတ္တာဟာ ကြီးမားတော့ မထိရောက်ဘူး။ နောက်ဆုံးတော့ ဥတေနမင်းကြီး တောကစားထွက်ချိန်မှာ မာဂဏ္ဍီမိဘုရားဟာ ဦးရီးတော် စူဠ မာဂဏ္ဍီကို သာမာဝတီနေတဲ့ နန်းပြသာဒ်တစ်ခုလုံး မီးတိုက်ဖို့ အမိန့်ပေးလိုက်တယ်။ ဒီလိုနဲ့ပဲ အတိတ်ဘဝက နိရောဓသမာပတ် ဝင်စားနေတဲ့ ပစ္စေကဗုဒ္ဓါ တစ်ပါးကို မီးလှုံရင်း မီးတိုက်မှုအပြစ် ကြူးလွန်းမှုကြောင့် ဒီဝဋ်ကျွေးကြောင့်ပဲ သာမာဝတီမိဘုရားဟာ မီးလောင်ပြီ သေသွားရတယ်။ ဒီကိစ္စကို ဥတေနမင်းကြီး ကြားသိသွားတော့ အမှုကို စုံစမ်းစေပြီး၊ ဒါဟာ မာဂဏ္ဍီမိဘုရားရဲ့ လက်ချက်ဆိုတာ သိတာနဲ့၊ ပရိယာယ်ဆင်ပြီး ဆွေမျိုးတွေကို ဆုချဖို့ဆိုပြောဆိုကာ သိမ်းသွင်းစေပြီး ခေါ်ခိုင်းလိုက်တယ်၊ အမျိုးပြုတ်အောင်လုပ်တဲ့သဘောနဲ့ မင်းရင်ပြင်မှာ မြေတွင်းကို ချက်အထိ မြှပ်အောင်တူးစေပြီး၊ အပေါ်ကနေ ဆွေမျိုးအားလုံးနဲ့တကွ မာဂဏ္ဍီကို မီးရှို့သတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အမှန်ကတော့ ဒီဇာတ်လမ်းဟာ တော်တော်ရှည်တယ်။ ဒါတွေကို ကုန်အောင်ပြောနေရင် ပြီးမှာမဟုတ်လို့ ဒါလောက်ပဲ ပြောပြလိုက်တယ်။ ဒီကိစ္စကို ပြန်ကြည့်ရင်လည်း မာဂဏ္ဍီဟာ မိမိကိုယ်ကိုယ် မချစ်လို့၊ အရှင်လတ်လတ် ပြန်ပြီးတော့ မီးရှို့အသတ်ခံရတာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်ချစ်လျင် ဒီဝဋ်တွေ ကြောက်မှာပါ။ ဒါပေမယ့် တစ်ချို့ကတော့ တလွဲ စဉ်းစားပါလိမ့်မယ်။ တကယ်တော့ မာဂဏ္ဍီဟာ မိမိကိုယ်ကိုယ်ချစ်လို့ မိမိကိုယ် ဒေါသထွက်အောင် လုပ်ခဲ့တဲ့လူကို ရန်တုန့်ပြန်တာပေါ့။ စသဖြင့်ပေါ့။ အမှန်ကတော့ ဒါဟာ မဟာအမှားကြီး ဖြစ်ခဲ့ပါတယ်။ မိမိကိုယ်ကိုယ် မချစ်လို့သာ မိမိရဲ့ အဆင့်မြင့်မြင့် မိဘုရားဘဝကို အသက်ဆုံးတိုင်၊ ခံစားနေထိုင်သွားရမှု မရှိဘဲ၊ အခုလို အရှင်လတ်လတ် မီးရှို့အသတ်ခံရပြီး သေသွားရပါတယ်။ ဒီဘဝမှာလည်း ဆင်းရဲရဲ၊ နောက်သံသရာမှာလည်း ဘဝပေါင်းများစွာ ဒုက္ခတွေ ပင်လယ်ဝေ ခံစားရဦးမယ်ဆိုတာ မိမိကိုယ်ကိုယ် မချစ်ခဲ့တဲ့ မာဂဏ္ဍီရဲ့ တုန့်ပြန်မှုများပင် ဖြစ်ပါတယ်။ ဒီတော့ ဘာအတွက်ပဲ ဖြစ်ဖြစ်၊ မိမိကိုယ်ကိုယ် မိမိချစ်တယ်ဆိုရင်တော့ ကိုယ်တိုင် ဥပဒေသတွေ၊ စည်းကမ်းတွေ၊ ကိုယ်ကျင့်သီလတွေ၊ ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဆက်ပြီး မိမိကိုယ်ကိုယ်မိမိ မချစ်ဘဲ မုန်းနေဦးမယ်ဆိုရင်တော့ ဒီဘဝအတွက်ရော၊ အနာဂတ်အတွက်ပါ လောကဓံဆိုးတွေရဲ့ ရိုက်ခတ်မှုတွေ တန်းစီးပြီး ခံစားရပါလိမ့်မယ်။ ဒီတော့ မိမိကိုယ်ကိုယ် မိမိ ချစ်တယ်ဆိုရင်တော့ ဘယ်သူကမှ လာပြီးပြုပြင်အောင် တိုက်တွန်းလို့ရမှာ မဟုတ်၊ မိမိကိုယ်တိုင် ပြုပြင်ချင်စိတ်၊ လိုက်နာချင်စိတ်၊ ကောင်းမွန်စွာ လိုလားမှသာလျင် မိမိကိုယ်ကိုယ် မိမိချစ်ရာ ရောက်မယ်ဆိုတာ သိစေချင်ပါတယ်။ By oneself alone is evil done, by oneself alone is one defiled. By oneself alone is evil left undone, by oneself alone is one purified. Purity and impurity depends on oneself. No one can purity another. မကောင်းမှုကို မိမိ ပြုခဲ့ရင် မိမိကိုယ်တိုင် ညစ်နွမ်းရမယ်။ မကောင်းမှုကို မိမိ မပြုခဲ့ဘူးဆိုရင်၊ မိမိသည်ပင် စင်ကြယ်မယ်။ စင်ကြယ်မှု ကုသိုလ်နှင့် မစင်ကြယ်မှု အကုသိုလ်ဟာ တစ်ခြားစီ၊တစ်ကန့်စီသာ ဖြစ်တယ်။ ပုဂ္ဂိုလ်တစ်ယောက်က အခြားတစ်ယောက်ကို မကောင်းမှုကိလေသာ အညစ်ကြေးတွေကို စင်ကြယ်အောင် မသုတ်ပေးနိုင်ဘူး။ (ဗုဒ္ဓ)


မောင်မင်းစိုး၊ရွှေနံ့သာ (၂ဝ၁၁-ဖေဖော်ဝါရီလ-နှလုံးအိမ်မဂ္ဂဇင်း)