Monday, October 28, 2013

ညီမလေးရဲ့ စိုးထိတ်မှုမှာ ဆာလောင်မှုတွေနဲ့


နံရံကို ခပ်ဆတ်ဆန် ပုတ်လိုက်တာက ဘ၀တစ်ခုကိုဝါးမျိုဖို့ပေါ့
တစ်သံသရာလုံး အောင့်အီးထားမှုကို ခွာချဖို့ အမှောင်ညဟာ လင်းလာခဲ့တယ်
ရေကြည်တိုင်း မြက်မနုပါဘူး သီလဟာ သီသီလေး လှပစွာ ပြိုကျလို့
မျက်ရည်တွေ စီးကျနေတဲ့ မျက်နှာတွေက မျက်မှန်တပ် ဖုံးကွယ်လို့ မရပါဘူး
တဒင်္ဂပြေငြိမ်းဖို့ နာကျင်မှုတွေနဲ့ ဘ၀ကို စတေးလိုက်ရတယ်
သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဆိုပေမယ့် သွေးသားတွေဟာ သွေးစွန်းနေခဲ့တယ်
အနန္တဂိုဏ်းဝင်တွေက အရိုးပေါ် အရေတင်လို့ အရေးပေါ် လိုအပ်နေခဲ့တယ်
လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ အဖြစ်သနစ်တွေနဲ့ လုံးလည်လိုက်လို့
ညီမလေး နင်ဟာ သောကမျက်ရည်တွေကို မသုတ်အားဘူး
တောကြောင်တွေ လက်ခမောင်းခတ်တာက တောင်းတမှုကို
တောချောက်လိုက်တဲ့ အစွန်းရောက် တွန်းအားတွေပါ
ရှိုက်သံမစဲတဲ့ ၀န်းကျင်မှာ သက်ပြင်းတွေ သွန်သွန်ချနေရတာကိုက
ကြေးရတက်တွေအတွက်တော့ ငြိမ့်ညောင်းသံစဉ် ဖြစ်ခဲ့တယ်
မင်းနင်းထားတဲ့ မြေလို ဘယ်လောက် ခံနိုင်ရည် ရှိနိုင်မှာမို့လဲ
ညီမလေး ဒီကဗျာဟာ စီးကျနေတဲ့ မျက်ရည်တွေနဲ့
ကမ္ဘာမြေ စိမ်းလန်းစိုပြေဖို့ စိုက်ခဲ့တဲ့ သစ်ပင်မဟုတ်ပါဘူး
မင်းရဲ့ အတွင်းကြေ ငိုရှိုက်သံတွေနဲ့ ပျော်တော်ဆက် ဘ၀ရဲ့ နာကျင်မှုတွေကို
လက်ဆင့်ကမ်း ဝေငှခြင်းသာ ဖြစ်ပါတယ်။
မောလိုက်တဲ့ ဘ၀ကြီးကို တငုံပြီးတစ်ငုံ မော့မော့ချနေရတဲ့ နေ့ရက်တွေနဲ့
ဝေးကွာနိုင်စေဖို့ တောင်းဆုချွေလိုက်တယ်
ဆာလောင်မှုတွေနဲ့ စိုးထိတ်မှုတွေ ရောပြွမ်းနေတဲ့ အသိုက်မြုံမှာ နေပျော်ပါစေ။

မောင်မင်းစိုး
(၂၇-၁၀-၂၀၁၃)

ဇာတ်မျော


ဘ၀ကိုက ဒီကဗျာလို ဇာတ်မျောကြီးပဲ
အချစ်က၊ စစ်က၊ အသစ်က တကယ့်ကို ဇာတ်မျောကြီး
နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အရေးကိစ္စတိုင်းကလည်း
မရှူနိုင် မကယ်နိုင် လုံးပါးပါးရင်း မျောနေခဲ့တဲ့ ဇာတ်မျောကြီးပဲ
အနုပညာ၊ အရင့်ပညာ၊ မနုမရင့် ပညာတွေကလည်း သားလျှောသလို
ပိုးသာကုန် မောင်ပုန်စောင်းမတတ်သလို သယံဇာတတွေကကုန်
အထုံမပါသေးလို့လား၊ အမြုံမလို ဘာမှဖြစ်ထွန်းမလာဘူး
အာရုံတွေေ၀၀ါးနေတဲ့ နိုင်ငံရေး ဇာတ်ခုံကြီးကလည်း အထာကြီးနဲ့
ကြောက်စိတ်တွေ ကင်းစပြုလာပြီဆိုပေမယ့် အမယ်မင်း
ကြီးနိုင်ငယ်ညှင်းတွေက နေရာတိုင်းမှာ ရှိနေဆဲ
ဘာမှ မရေရာဘူး၊ ဘာမှမသေချာဘူး၊ ဘာဆိုဘာမှ အတည် မကျနိုင်ဘူး
တကယ့်ကို ဇာတ်မျောကြီးပါပဲ ဒီလိုမျောနေတဲ့ ဇာတ်ကြီးကို
အသက်သွင်းနေကြရင်း တစ်ယောက်နဲ့တစ်ယောက် စောင်ကြည့်ရင်း
လူတွေရဲ့ စိုးရိမ်စိတ်တွေက အရှိန်ပြင်းလာနေခဲ့တယ်
ဒီကဗျာကို ဖုံးမီးနဲ့ရေးလိုက်တယ် လျှပ်စစ်မီးဆိုတာကလည်း လျှပ်စီးလက်သလိုပဲ
စံနှုံးတွေ ကျလာနေတဲ့ အရာရာဟာ ဇာတ်မျောကြီးနဲ့ နပမ်းလုံးနေဆဲပါပဲ
နိုင်ငံခြားဆိုတာက အနိုင်ရတဲ့လူတွေ ငံပြာရည်မကြိုက်ဘဲ တစ်သီးတစ်ခြားနေတဲ့ နေရာ
ထောက်ထား ညှာတာရအောင် ထောက်စရာမရှိ၊ ညှာစရာမရှိ
ဘိုးတော်တွေရဲ့ ယောဂကျင့်စဉ်ကလည်း ရောဂါတွေရလို ကုရာနတ္ထိ
အများညီတိုင်း ဤကို ကျွဲဖတ်လို့ ရတဲ့ခေတ်မဟုတ်တော့ဘူး
ဘယ်လိုအနေထားနဲ့ ကကြိုးဆင်ပြီး ကခုန်ရဦးမယ်မသိတဲ့ ဇာတ်မျောကြီးထဲမှာ
ပက်လက်မျောပါနေခဲ့တယ် အတွေးက နက်နက်လာတဲ့ အမှောင်မှာ
တောင်စွယ် နေမကွယ်ခင် မှိန်ပျပျ နေလုံးရဲ့ အလင်းရောင်လေးနဲ့အတူ
ဇာတ်မျောကြီးအတိုင်း ကကြရဦးမှာပေါ့။

မောင်မင်းစိုး
(၂၆-၁၀-၂၀၁၃)

Sunday, September 29, 2013

လူငယ်နဲ့ သံသယ


    သံသယဆိုတာကို တိုက်ရိုက်အဓိပ္ပာယ်ကောက်ယူမယ်ဆိုရင်တော့ အချင်းချင်း ယုံမှာမှုဆိုတဲ့ အမြင်မရှင်းမှု ဘဲ ဖြစ်ပါတယ်။ ဒါဟာလည်း လူမှုနယ်ပယ်အသီးသီးမှာ တစ်ဦးကိုတစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ မိဘနှင့် သားသမီးဆက်ဆံရေး၊ ဆရာနှင့်တပည့်ဆက်ဆံရေး၊ အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေး၊ နောက်ဆုံးချစ်သူနှစ်ဦးဆက်ဆံရေးမှာပင် သံသယကြောင့် အချင်း ချင်း ကွဲပြားသွားတာတွေ၊ မသင့်မြတ်တာတွေ၊ မချေငံတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အနာဂတ်ကို ရွက်ပိုးတော့ရမယ့်အခါ၊ သို့မဟုတ် ပခုံးလွှဲတာဝန်ယူရတော့အခါတွေမှာ အမြင်ရှင်းဖို့ဟာလည်း အလွန် ပဲ အရေးပါတဲ့အတွက် သံသယဆိုတဲ့ အဆိုးမြင်မှုမျိုးကို မောင်းထုတ်နိုင်ပြီး သာတူညီမျှ စိတ်ထားနဲ့ ဆက်လက်ပေါင်း သင်းနိုင်ဖို့၊ အတူတကွ လက်တွဲကာ အနာဂတ်ကို ပုံဖော်နိုင်ဖို့ သံသယကင်းအောင်နေထိုင်ခြင်းဟာလည်း အရေးပါတဲ့ အတွက် ဒါလေးကိုလည်း မျှဝေလိုက်ပါတယ်။
    ဒီတော့ ဒီသံသယရဲ့ နောက်မှာ အမြင်မှားမှု၊ အမြင်မရှင်းမှုဆိုတာ ပါတယ်ဆိုတော့ အမြင်မှန်ရောက်အောင်၊ အမြင်ရှင်းအောင် ဘယ်လိုပြုမူဆက်ဆံ၊ နေထိုင်ရမလဲဆိုတာ အရေးပါတယ်။ ဆိုတော့ တစ်ဦးကိုတစ်ဦး အမြင်မရှင်း တော့ဘူဆိုရင် မျက်စိဒေါက်ထောက်ကြည့်တတ်ကြတဲ့ အကြည့်မျိုးတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ပွင့် လင်းမြင်သာမှုဟာ အရေးပါလာတယ်။ ပွင့်လင်းမြင်သာမှုဆိုတာက အထူးသဖြင့် တစ်ယောက်အကြောင်းကို ကွယ်ရာမှာ အတင်းပုတ်ချတာမျိုးတွေ မလုပ်မိဖို့ လိုအပ်ပါတယ်။ အမှန်တကယ် သိပ်ပြီးမရှင်းဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက် မျက်နှာချင်းဆိုင်ပြီးတော့ ''ငါတော့ ဘာကို အမြင်မရှင်းဘူး။ အဲဒါက ဘာကိုဆိုလိုတာလဲ'' ဆိုတာမျိုးတွေကို ပြေလည်တဲ့အထိ ရှင်းလင်းသွားအောင်၊ နှစ်ဦးနှစ်ဖက် လက်ခံသွားနိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ အမြင်ရှင်းပြီး ဆက်လက်သွားရမယ့် ခရီးလမ်းဟာ ဖြောင့်ဖြူးနေပါလိမ့်မယ်။  ပွင့်လင်းခြင်း၊ ရိုးသားခြင်းရဲ့ အသီးအပွင့်တွေကို ခံစားရပါလိမ့်မယ်။
    ဖြတ်သန်းခဲ့တဲ့ လူ့သမိုင်းတလျောက်မှာလည်း ဒီသံသယကြောင့်ပဲ လူတွေအများကြီး သေကြေပျက်စီးခဲ့ရတယ်။ အတိဒုက္ခမျိုးစုံ ရောက်ခဲ့ကြတယ်။ အဖွဲ့တွေ၊ အသင်းတွေ၊ မိတ်ဆွေတွေ၊ နိုင်ငံတွေ ကွဲခဲ့ရတယ်။ ပျက်စီးခဲ့ရတယ်။ ဒါဟာ ကြီးမားတဲ့ဆုံးရှုံးမှုတွေပါပဲ။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ခုနကပြောခဲ့တဲ့ အမြင်မရှင်းဘဲ ယုံမှားခြင်းဆိုတဲ့ သံသယကြောင့် ဖြစ်ခဲ့ရတာပေါ့။ ဦးစောဟာ ဗိုလ်ချုပ်အပေါ်မှာ အမြင်မရှင်းခဲ့ဘူး။ သံသယကြီးနဲ့ နေထိုင်ခဲ့တယ်။ ဒီသံသယကြောင့်ပဲ နောက်ဆုံး လုပ်ကြံအတဲ့အထိ ဂြိုဟ်မွှေခဲ့ပါတယ်။ ဒါဟာ သံသယပါပဲ။ ဒီလို ဖြစ်ပျက်မျိုးစုံဟာ မြန်မာ့သမိုင်းမှာ တော်တော်များများကို ဖြစ်ပျက်ခဲ့ပါတယ်။
    ဒီနေရာမှာ ဝေသာလီပြည်၊ လိစ္ဆဝီမင်းတွေ ပြိုကွဲသွားရခြင်းအကြောင်းကို ပြောပြချင်ပါတယ်။ တကယ်တော့ ဒါဟာ သံသယကြောင့် အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားရခြင်း ဖြစ်ပါတယ်။ ဖြစ်စဉ်ကို အသေးစိတ်မဟုတ်ဘဲ၊ လိုရင်း အပိုဒ်လေးကိုသာ ပြောပြချင်ပါတယ်။ မပြိုကွဲခြင်းရဲ့ အကြောင်းကို အရင်ပြောပြပါ့မယ်။
    ''အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးနေကျ၊ အကြိမ်များစွာ စည်းဝေးနေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီး ပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။''
     ပထမဆုံးအချက်တစ်ခုကို ဗုဒ္ဓအနေဖြင့် မီးမောင်းထိုးပြလိုက်သည်။ အစည်းအဝေးကြိမ်ဖန်များစွာ လုပ်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ စည်းလုံးညီ ညွတ်ခြင်း ဖြစ်သည်။
    ဒါသည် အသင်းအဖွဲ့တစ်ခုရဲ့ ကြီးပွားခြင်း၏ အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။ စည်းဝေးခြင်း၊ တိုင်ပင်ခြင်း၊ နှီးနှောခြင်း၊ အမြင်ဖလှယ်ခြင်းများ ပြုလုပ်ခြင်းကို ဆိုလိုသည်။ နိုင်ငံရေးတွင်လည်း အနောက်နိုင်ငံများအနေဖြင့် အထက်လွှတ်တော်၊ အောက်လွှတ် တော်ဟု ခေါ်ဆိုကြပြီး မြန်မာနိုင်ငံအနေဖြင့် အစိုးရအသစ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အနေဖြင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များအနေဖြင့် စည်းဝေးသည့်အခါ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆိုသစ်တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ထောက်ခံခြင်း၊ ပယ်မြစ်ခြင်း၊ အတည်ပြုခြင်းများသည် အစည်းအဝေး၏ လုပ်ထုံးလုပ်နည်းများဖြစ်သည်။
    အဆိုပါကိစ္စများကို လုပ်နေသမျှကာလပတ်လုံး အသင်းအဖွဲ့ တိုက်းတက်ဖို့၊ သို့မဟုတ် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုသာ ရှိမည်၊ ဆုတ်ယုတ်မှုမရှိဟု ဗုဒ္စသည် လိစ္ဆဝီမင်းသားများအား ဟောကြားခဲ့သည်။ သင်ကြားခဲ့သည်။ ထိုနည်းတူစွာပင် အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ခုခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုလုပ်ဆောင်ကြမည့် ခေါင်းဆောင် များသည် မကြာခဏအစည်းအဝေးလုပ်သင့်သည်။ စုပေါင်းပြီး လိုအပ်ချက်များကို ဝိုင်းဝန်း အဖြေရှာကြရမည်သာ ဖြစ်သည်။ တိုင်းပြည်ခေါင်းဆောင်များသာမဟုတ်၊ မည်သည့်အဖွဲ့အစည်းမျိုးကိုမဆို ထိုကဲ့သို့အစည်းအဝေး လုပ်ခြင်း၊ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ တင်ပြတောင်းဆိုခြင်း၊ ခွင့်ပြုခြင်း၊ အတည်ပြုခြင်းများသည် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ တည်ဆောက်ရေး၊ စိုက်ပျိုးရေးမှအစ အရေးကိစ္စမှန်သမျှကို ထိုကဲ့သို့အစည်းအဝေးများဖြင့် ပြုလုပ်သင့်ပေသည်။ အစည်းအဝေးသည် အကြံများစွာ ပေါ်ပေါက်လာမည်။ ရှုထောင့်ပေါင်းစုံပွင့်လာမည်။ သို့ဆိုလျှင် အစည်းအဝေးကို မကြာခဏလုပ် နေသမျှ တိုင်းပြည်တိုးတက်မှု၊ အဖွဲ့အစည်းတစ်ခုတိုးတက်မှု ဖြစ်လာမည်သာ ဖြစ်သည်။ ဒီနေရာမှာ အရေးတကြီး ပြောလိုသည်မှာ ခေါင်းဆောင်ဆိုသူ၏ ဆုံးဖြတ်ချက်တစ်ခုဖြင့်သာ အတည်ပြု ခြင်းမျိုးကို လက်မခံသင့်ပေ။ ဒါသည် သံသယကိုလည်း ပိုမိုကြီးပွားစေပါသည်။
    ဗုဒ္ဓသည် မိမိအနေဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဆယ်ပါးကို ဖြည့်ကျင့်ပြီး တည်ထောင်ခဲ့သော သာသနာတော်ကြီးအနေဖြင့်လည်း တိုးတက်မှုကို ရှေးရှုခဲ့သည်။ သို့အတွက် အစည်းအဝေးများ ကိုလည်း မကြာခဏပြုလုပ်ခဲ့သည်။ ပြုလုပ်စေသည်။ တစ်လလျှင် အနည်းဆုံးနှစ်ကြိမ်ပြုလုပ်ခြင်းမျိုးကို ဥပုသ်ပြုခြင်းဖြင့် အစည်းအဝေးလုပ်ခြင်းမျိုးကို ခွင့်ပြုခဲ့သည်။ ပညတ်ခဲ့သည်။ ဒါသည် ပုံမှန်အစည်းအဝေးများပင်ဖြစ်သည်။ သို့အတွက် နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်လာသော်လည်း ဗုဒ္ဓတည်ထောင်ခဲ့သော သာသနာတော်ကြီးသည် ဝင့်ဝင့်ြ<ွကာြး<ွကားအဖြစ် ကမ္ဘာ့ရှေးအကျဆုံး အဖွဲ့အစည်းတစ်ခုအနေဖြင့် အေးချမ်းမှု၊ တည်ငြိမ်မှု၊ တိုးတက်မှုများစွာဖြင့် ရပ်တည်နေဆဲပင်ဖြစ် သည်။ ဒါသည် စည်းဝေးခြင်း၏ ရလဒ်အဖြစ် တစ်စိတ်တစ်ဒေအားဖြင့် ပတ်သက်နေခဲ့သည်သာ ဖြစ်သည်။
    မည်သည့် အသင်းအဖွဲ့မျိုးပဲဖြစ်စေ၊ တိုင်းပြည်အတွင်းမှာလည်းကောင်း၊ အခြားနိုင်ငံများနှင့်လည်းကောင်း ပဋိပက္ခမျိုးစုံကနေ ကျော်လွှားလို သူများအတွက် အရေးကြီးဆုံးအချက်သည် ညီညွတ်ခြင်းပင်ဖြစ်သည်။ မိမိနိုင်ငံအတွင်း အားလုံးအထက်အောက် ဆိုးအတူ ပူအမျှနေထိုင်ပြီး ညီညွတ်နေသမျှ ကာလပတ်လုံး တိုင်းပြည်သည် ချမ်းသာမည်သာ ဖြစ်သည်။ တိုးတက်မည်ဖြစ်သာ ဖြစ်သည်။ တည်ငြိမ်အေးချမ်း မည်သာဖြစ်သည်။ ဆွေးနွေးခြင်းဖြင့် အဖြေရှာခြင်း မျိုးလည်း ဖြစ်သည်။ သီအိုရီသဘောတရားများစွာ ရှိသည်။ နှစ်ဖက်နိုင်၊ နှစ်ဖက်ရှုံးပုံစံမျိုး ဖြစ်သည်။  ထို့အတူ  ထိုကဲ့သို့အစည်း အဝေးလုပ်ခြင်း၊ ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မည်ဆိုလျှင် အခြားသူများ၏ နှောင့်ယှက်မှုကိုလည်း ကျော်လွှားနိုင်မည် သာ ဖြစ်သည်။ နောက်တစ်ချက်ကတော့-
        ''အာနန္ဒာ၊ ဝဇ္ဇီမင်းတို့သည် အညီအညွတ်စည်းဝေးကုန်၊ အညီအညွတ်အစည်းအဝေးမှ ထကုန်လျက် ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ်ဆောင်ရွက်နေကြသမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ''
     ဒါသည် ဒုတိယအချက်အနေဖြင့် သင်ကြားခြင်းဖြစ်သည်။ အထက်မှာ ပြောခဲ့သော အစည်းအဝေးများကို ပြုလုပ်ခြင်း၊ ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အတည်ပြုခြင်း စသည်များကို ပြုလုပ်ပြီး သည့်နောက် အစည်းအဝေးမှ ထွက်ပေါ်လာသည့် အကျိုးတရားများကို ဝိုင်းဝန်း အဖြေရှာပြီးလျှင် အကောင် အထည်ဖော်ရန်ကို သင်ကြားခြင်းဖြစ်သည်။ မှန်ပါသည်၊ ပုံမှန်လုပ်နေသော အစည်းအဝေးကို ပုံမှန်မပျက် မကွက် လုပ်နေသော်လည်း ထိုအစည်းအဝေးမှ အတည်ပြုချက်၊ ဆောင်ရွက်ချက်များကို သည်အတိုင်းထားလျှင်တော့ အစည်းအဝေးသည် အဓိပ္ပာယ်ရှိသော အစည်းအဝေးမဟုတ်၊ အချိန်ကုန်၊ လူပင်ပန်းမှုသာ ဖြစ်လိမ့်မည်။
    သို့အတွက် အစည်းအဝေးဆုံးဖြတ်ချက်တိုင်း တာဝန်ရှိသည့် ပုဂ္ဂိုလ်များ၊ လွှတ်တော်တွင်းမှာဆိုလျှင်လည်း ဝန်ကြီးဌာနအသီးသီးမှ ကြိုးစားပြီး လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထိုကဲ့သို့ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်မှ သာလျှင် တိုင်းပြည်၊ အခြားအဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့်လည်း အောင်မြင်မှု ဖြစ်လာမည်ဖြစ်သည်။ အကောင်အထည်ဖော်ဆောင်ရမည်ကို စစ်မှန်သော၊ တိကျသော၊ မှန်ကန်သော လုပ်ဆောင်ချက်ဖြင့် အကောင်အထည် ဖော်ဆောင်ဖို့ လိုသည်။ ဒါကိုလည်း ဗုဒ္ဓသည် လိစ္ဆဝီမင်းတို့အား သင်ကြားခဲ့သည်။ ဗုဒ္ဓ၏ သင်ကြားချက်တိုင်း ဆက်လက်လိုက်နာ၊ ကျင့်ကြံနေကြဦးမည်ဆိုလျှင် လိစ္ဆဝီမင်းတို့သည် တိုးတက်မှုသာရှိမည်။ ဆုတ်ယုတ်မှုဖြစ် လာ လိမ့်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။
    သို့သော်လည်း လိစ္ဆဝီမင်းများကို အဇာသတ်ရဲ့ စေခိုင်းချက်အရ အကောက်ကြံပြီး ဝဿာကာရပုဏ္ဏားအနေနဲ့ စည်းလုံးမှုကို ပျက်ပြားစေခဲ့တယ်။ ဒီလိုနဲ့ အချင်းချင်းကွဲပြားသွားပြီး ဝေသာလီလည်း ပျက်စီးမှုဆီကို ဦးတည်သွား ခဲ့ရပါတယ်။ တကယ်တော့ ဒါတွေဟာ တစ်ဦးကိုတစ်ဦး သံသယဖြစ်အောင် ကြံစည်မှုရဲ့ အကျိုးရလဒ်ပါပဲ။ ဒါကြောင့် သံသယဖြစ်စရာတွေကို ဘေးဖယ်ထားလိုက်ပါ။ သံသယ မပွားများကြပါနဲ့။ ဒီလိုဆိုရင်တော့ ဆက်တက်ရမယ့် ခရီးခဲဟာ အစပိုင်းမှာတော့ ဒဏ်ရာတွေ အပြည့်ဖြစ်နေပေမယ့် နောက်ဆုံးတော့ ကောင်းမွန်တဲ့၊ အောင်မြင်တဲ့ ခရီးလမ်းဖြစ်ပါလိမ့်မယ်။
    လူငယ်တွေအနေနဲ့ ဒါလေးကို သတိရှိရှိ ဆောင်ရွက်ဖြေရှင်းသင့်ပါတယ်။ တစ်ဦးကိုတစ်ဦး သံသယဖြစ်နေရင် ဒီသံသယအစိုင်အခဲကြီးကို ရှင်းရှင်းလင်းလင်း ကြေမွပျက်စီးကုန်ဆုံးသွားတဲ့အထိ ခေါင်းချင်းဆိုင် ဖြေရှင်းမှသာလျှင် မိမိတို့ လုပ်ဆောင်နေသည့် လုပ်ငန်းဆောင်တာများအနေနဲ့ တိုးတက်မှုဆီကို ဦးတည်သွားနိုင်ပါလိမ့်မယ်။

မောင်မင်းစိုး  

Thursday, September 26, 2013

လူငယ်နဲ့ အချစ်

လူငယ်နဲ့ အချစ်
    ဒီကိစ္စကကိုတော့ ပြောဖို့ရန် တော်တော်လေးတော့ ဝန်လေးမိပါတယ်။ တစ်လမ်းသွားစနစ်နဲ့ မောင်းနှင် ခဲ့တော့ ဒါမျိုးတွေက ထိတွေ့မှုနဲ့ပြောဆိုပြီး ဥပမာပြဖို့ မလွယ်ကူဘူးပေါ့။ ဒါပေမယ့် ကြားရတာလေးတွေကို အတုယူစေချင်တာ၊ လိုက်နာစေချင်တာ၊ လမ်းလွှဲမသွားစေချင်တာကြောင့် ရေးလိုက်ရပါတယ်။ တစ်ခုရှိတာကတော့ ဒီနေရာမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားထဲက မေတ္တာဆိုတဲ့ အချစ်ဆိုတာကိုတော့ မပြောလိုပါဘူး။ ဒါဟာ အပ္ပမညာဆိုတဲ့အတိုင်း အတိုင်းအဆမရှိဘူးလေ။ (၅၂၈)ဆိုတဲ့ စကားလုံးနဲ့ သုံးရင် အဆင်ပြေပါလိမ့်မယ်။ အဲဒီ (၅၂၈)ဆိုတဲ့ အချစ်ဆိုတာမျိုးကို မပြောချင်ပါဘူး။
    ဒီနေရာမှာတော့ အထူးသဖြင့် သမီးရည်းစား အချစ်ဆိုတာကိုပဲ ပြောချင်ပါတယ်။ ဒါကိုတော့ လူငယ်တွေ ပြောနေကြတဲ့ (၁၅ဝဝ)ဆိုတဲ့ ကိလေသာအချစ်လို့ သုံးရင် ပိုပြီး ရုပ်လုံြး<ွကပါလိမ့်မယ်။ ဒီတော့   အချစ်ဆိုတဲ့ဟာ နှစ်မျိုးနှစ်စား တွေ့ရတယ်။ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ညီအစ်ကိုမောင်နှမဆိုတဲ့ မောင်ချစ်နှမချစ်ဆိုတာမျိုးက တစ်ခု၊ လင်ချစ် မယားချစ်၊ သမီးရည်းစားအချစ်ဆိုတဲ့ အချစ်ကတစ်မျိုးပေါ့။ တကယ်တော့ မိဘနဲ့သားသမီး အချစ်မှာတောင် လူတိုင်းအနေနဲ့ ခုနကပြောတဲ့  ဗြဟ္မစိုရ်ထဲက မေတ္တာစစ်စစ်တော့ မဟုတ်လှပါဘူး။ ဒါပေမယ့် အဲဒါတွေကိုတော့ ထားလိုက်ပါ။ လူငယ်ဘာဝ လူငယ်တွေကိုအဓိကပြောပြချင်တာကြောင့် သမီးရည်းစားချစ်လို့ပဲ သုံးလိုက်ပါတယ်။ အဲဒါကိုပဲ အနည်းငယ်လောက် ပြောပြချင်ပါတယ်။
    အချစ် အချစ် ချစ်တိုင်း ချစ်က ချစ်လေ ချစ်မပြေတည်း-ဆိုသလိုပါပဲ။ နည်းနည်းချစ်ရင် နည်းနည်း ဒုက္ခရောက်မယ်၊ များများချစ်တော့ များများဒုက္ခရောက်မယ်ပေါ့။ ဒီတော့ အချစ်တိုင်း ဒုက္ခရောက်သလားဆိုတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ သာယာစရာတွေနဲ့ တွေ့နေရချိန်မှာ သုခလို့ထင်ပေမယ့် စိတ်ဆင်းရဲစရာတွေ၊ အထင်လွဲတာတွေ၊ စိုးရိမ်မှုတွေစတဲ့ ဆင်းရဲစရာတွေနဲ့တွေ့ရရင်တော့ ခုနကပြောတဲ့ များများချစ်လေ များများ ဒုက္ခရောက်လေပါပဲ။ ဆားငန်ရေများလိုပ သောက်တိုင်း အငတ်မပြေ ဆိုတာမျိုး။
    အခုတလောကြားနေရတဲ့ ကိုယ့်ကိုယ်ကို သတ်သေခြင်းဆိုတာပါ။ ဟိုတလောလေးကလည်း ဖတ်လိုက်ရတယ်။ မောင်က သက်ကို မချစ်တော့ပါဘူးဆိုတဲ့ စာလေးရေးပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချပြီး သေသွားတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ မကြာခဏဆိုသလို ဒါမျိုးလေးတွေ ကြားနေခဲ့ရတယ်။ ဒါဟာ တကယ့်အချစ်စစ်လား၊ အချစ် မှန်လား။ အဲဒီလို ခွဲခြားပြီးကို မသိတဲ့အတွက်ကြောင့် မလုပ်သင့်တာတွေကို လုပ်သွားကြတာပါ။
    တချို့က ဆိုတယ်။ ဒါဟာ ထွက်ပေါက်တဲ့။ လုံးဝမှားယွင်းတဲ့ စွဲချက်ပါပဲ။ ဖြေရှင်းချက်ပါပဲ။ ကိုယ့်ကို မချစ်လို့ ချစ်ကြောင်းသက်သေပြချင်တဲ့အတွက် ကိုယ့်ကိုယ်ကို သတ်သေတာမျိုးဟာ တကယ့်ထွက်ပေါက်လား။ အချစ်စစ်လားဆိုတာ မဝေခွဲနိုင်ဘဲ မိုက်ရူးရဲဆန်မှု၊ သူရဲဘောကြောင်မှု တစ်ခုလို့ပဲ မြင်တယ်။ တကယ်တော့ ကိုယ့်ဘဝလောက် ဘာမှ တန်ဖိုးမရှိပါဘူး။ ဒါကို သိရင် ဒီလိုမျိုးဖြစ်ဖို့ အကြောင်းပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ လူ့ဘဝဆိုတာ တိုတိုလေးပါ။ တိုတိုလေးမှာ ဒီအချစ်လောက်နဲ့ ဘဝကို တန်ဖိုးဖြတ်ပစ်မှာလား။ ဒါဟာ စစ်မှန်တဲ့ တန်ဖိုးလို့ထင်သလား။ မင်းကမှ မခံစားရတာကိုး၊ သူများခံစားရတာကို နားမလည်ပေးနိုင်ဘူးလို့ ဆိုရင်လည်း လက်ခံပါ့မယ်။ ဒါပေမယ့် မိမိကတော့ ဒါကို ထွက်ပေါက်အနေနဲ့ အသုံးချတာမျိုးကိုတော့ ဘယ်လိုနည်းနဲ့မှ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်၊ ကောင်းမွန်တဲ့ထွက်ပေါက်၊ ကောင်းမွန်တဲ့ဖြေရှင်းချက်ဆိုတာမျိုးမဟုတ်တဲ့အတွက်၊ ဒီထွက်ပေါက်မျိုးကိုတော့ အားလည်း မပေးဘူး။ လက်လည်း လက်မခံနိုင်ပါဘူး။
    ဒါနဲ့ပတ်သက်ပြီး လောလောလတ်လတ်ပါပဲ၊ မိမိနဲ့အရမ်းခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ရင်ဖွင့် လာပါတယ်။ သူ့ချစ်သူက သူ့ကို အထင်လွဲတယ်။ သူ့ကိုယ် မယုံကြည်ဘူး၊ ကိုယ်ကလည်း ဘာမှလုပ်တာမဟုတ်ဘူး၊ သက်သက် အထင်လွဲတာ၊ မယုံကြည်တာကြောင့် သတ်သေချင်တယ်ဆိုတဲ့စကားကြောင့်  ဒီစာလေးကို ရေး ဖြစ်တာပါ။ ဒါကို စဉ်းစားကြည့်ပါ။ သူ မယုံကြည်မှုတာ အရေးကြီးဆုံးလား။ သူပြောသလို ကိုယ်ကလည်း ဘာမှ မလုပ်ဘဲ ကိုယ့်သိက္ခာကို ထိပါးတဲ့ အပြုအမူ၊ အပြောအဆိုနဲ့ ကိုယ့်ကို ပြန်မချစ်နိုင်တာဟာ ကိုယ့်သိက္ခာအတွက် အသက်ပါစတေးပြတာဟာ အကောင်းမွန်ဆုံး ဖြေရှင်းချက်၊ ထွက်ပေါက်ဆိုတာ ယုတ္တိတန်ပါသလား။ အမှန်က သူ မယုံကြည်တာထက် ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ဟာ အရေးကြီးပါတယ်။ ကိုယ့်လိပ်ပြာ ကိုယ်လုံသူတစ်ယောက်အတွက် မှန်ကန်တဲ့ ထွက်ပေါက်အနေနဲ့ကတော့ သူ့ရင်ခွင်ကနေ ရဲရဲကြီး ဆုတ်ခွာလိုက်ပါ။ အဲဒါဟာ ကောင်းမွန်တဲ့ ဖြေရှင်း ချက်၊ ကောင်းမွန်တဲ့ ထွက်ပေါက်ပါပဲ။
    တကယ်တော့ လူ့ဘဝမှာလူဖြစ်လာရတာ ချစ်သူတစ်ယောက်ရဲ့ အချစ်အတွက်လောက်ပဲ ဘဝကိုဆုံး ဖြတ်ပစ်တာဟာ မှားယွင်းတဲ့ အပြုအမူပါပဲ။ လုပ်စရာတွေ အများကြီးပါ။ လုပ်စရာတွေအများကြီးထဲမှာ ဘာမှမဟုတ်တဲ့ အရေးအရာလေးနဲ့ လူ့ဘဝကို ဒီအတိုင်းစတေးလိုက်ရမယ်ဆိုတာ တန်သလား စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကို တန်တယ်ထင်ရင်တော့ မတတ်နိုင်ဘူးပေါ့လေ။ ခက်တာကလည်း ဒါမျိုးကို ဘာမှမဟုတ်ဘဲ၊ ဒါမှ သူရဲကောင်းသဖွယ် ပြောဆို သမုတ်ပေးတဲ့ ပတ်ဝန်းကျင်မျိုးကလည်း ရှိခဲ့သေးတယ်။ တကယ်တော့ ဒါဟာလည်း လွဲမှားတဲ့ ထောက်ခံချက် ပါပဲ။ လုပ်စရာတွေအများကြီးထဲကနေ လူပီသအောင် နေထိုင်သွားလာ ပြုမူမယ်ဆိုရင် ဒါလေးဟာ ဘာမှမဟုတ်တဲ့ ပြဿနာသေးသေးလေးပါ။
    ဘာလုပ်ပြီးပြီလဲ၊ ဘာလုပ်နေလဲ။ ဘာတွေလုပ်ဦးမှာလဲ။ ဘာအတွက် ငါအသက်ရှင်မှာလဲ။ ငါ့မိသားစုအတွက် လား၊ ငါ့နိုင်ငံအတွက်လား၊ ငါ့ဆွေမျိုးအတွက်လားစသဖြင့် စဉ်းစားပါ။ ဒါဟာ လူပီသတဲ့ အပြုအမူတွေပါ၊ အတွေး အခေါ်တွေပါ။ ဘာမှ မလုပ်ရသေးရင်တော့ လူ့အဖြစ်ကို ရလာတာ မတန်သေးဘူး။ ရခဲတဲ့ လူ့အဖြစ်ကို ငါ့အနေနဲ့ ဒီပေတံက အရေးကြီးသလား၊ အချစ်ဆိုတဲ့ အဲဒီတစ်ယောက်က အရေးကြီးသလား စဉ်းစားပါ။ တကယ်တော့ သူနဲ့ကိုယ်နဲ့က ဘာမှမဟုတ်သေးဘူး။ သူ့အကျိုးကိုလည်း ဘာမှ မလုပ်ပေးရသေးသလို၊ ကိုယ့်အကျိုးကိုလည်း ဘာမှ မလုပ်ပေးနိုင်သေးဘူး။ တကယ်လို့ လုပ်ပေးတယ်ထားဦး ဘာမှမဟုတ်တဲ့ တဏှာအချစ်အတွက်လောက်သာ ဖြစ်နေဦးမယ်။ ဒါကြောင့် ဒီလောက်လေးနဲ့ ကိုယ့်ဘဝကို လဲပစ်မယ်ဆိုရင်တော့ ကိုယ့်ထက်မိုက်တဲ့လူ ရှိပါဦးမလား။
    ဒါကြီးကိုပဲ သူရဲကောင်းအချစ်လို့ သတ်မှတ်ချင်သေးတာလား။ ကောင်းမွန်တဲ့ စိတ်ထားရှိသူတွေအနေနဲ့ ကိုယ်ရရှိထားတဲ့ ခန္ဓာကိုယ်ကြီးကို အဓိပ္ပာယ်ရှိရှိ အသုံးချမယ်ဆိုရင်တော့ လူတစ်ယောက်အတွက် ရှိသင့်ရှိထိုက်တဲ့ ပြုလုပ်သင့် ပြုလုပ်ထိုက်တဲ့ အတ္တဟိတဆိုတဲ့ ကိုယ်ကောင်းကျိုး၊ ပရဟိတဆိုတဲ့ သူတစ်ပါးကောင်းကျိုးကို စွမ်းနိုင်သမျှ ပြုလုပ်ခြင်းဖြင့်သာ ဘဝကို အကျိုးကျိုးရှိရှိ ကုန်ဆုံးစေသင့်ပါတယ်။ ဒီလို ကုသိုလ်ကောင်းမှုတွေနဲ့ နေသွားမယ်ဆိုရင် ခုနကပြောတဲ့ ကိစ္စဟာ ဘာမှမဟုတ်ပါ့လား၊ အဓိပ္ပာယ်မရှိပါ့လားဆိုတာ အလိုလို သိလာပါလိမ့်မယ်။
    ဘုရားခေတ်ကတော့ (ပရဟိတ) ကုသိုလ်ကောင်းမှုအတွက် ကြီးမြတ်တဲ့စိတ်ဓာတ်နဲ့ ဘဝကို အကျိုးရှိရှိ အသုံးချသွားသူ တစ်ယောက်ရှိတယ်။ ( သူတော်ကောင်းဆိုတာ ကုသိုလ်ကောင်းမှုကို လုပ်ချင်တာဟာလည်း သဘာဝ ပါပဲ။ မလုပ်ရလို့ တားမြစ်ပိတ်ပင်နေပေမယ့် သူလုပ်လို့ရတဲ့ စိတ်ဖြူစင်မှု၊ မေတ္တာပို့သမှုဆိုတာမျိုးကတော့ တားလို့ မရတတ်ပါဘူး။) သူ့နာမည်က ဥတ္တရာ။ သူရထားတဲ့ လင်က သူနဲ့ဘာသာမတူတဲ့ အမျိုးသား။ ဒီတော့ ဘာသာ မတူတော့ အိမ်မှာ အလှူအတန်းလုပ်ချင်တယ်။ ဒါပေမယ့် လုပ်ခွင့်မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အနေနဲ့ မိန်းမအဖြစ် ရောက်လာတာဟာ လင်ဖြစ်သူအတွက် ဖျော်ဖြေဖို့သက်သက်ပဲ ဖြစ်နေခဲ့တယ်။ ချမ်းသာတယ်ဆိုပေမယ့် ဒီချမ်းသာမှုတွေဟာ အဓိပ္ပာယ်ရှိရှိ အသုံးမချရတော့ သူမဟာ မပျော်ရွှင်ဘူး။ ဒါတွေကို အဓိပ္ပာယ်ရှိရှိ အသုံးချချင်တယ်။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ချင်တယ်။ ဒီတော့ ဒါတွေ မလုပ်နိုင်တာဟာလည်း လင်အတွက် အဖြည့်ခံသက်သက် ဖြစ်နေလို့ပဲ။ ဒီတော့ သူမအနေနဲ့ စဉ်းစားတယ်။ သူ့ထက်လှပလွန်း၊ ပြေပြစ်လွန်း၊ ချောမောလွန်းလှတဲ့ မိန်းမ တစ်ယောက် (ပြည့်တန်ဆာမ) ကို လင်ယောက်ျားကို ဖျော်ဖြေဖို့၊ အဖြည့်ခံဖြစ်ဖို့အနေနဲ့ ထိုက်သင့်တဲ့ကြေး ပေးပြီး ငှားလိုက်တယ်။
    အဲဒီ ပြည့်တန်ဆာမကလည်း နာမည်ကြီးပါပဲ။ သီရိမာလို့ အမည်ရတယ်။ ဒါကို လင်ဖြစ်သူက သဘောတူ တယ်။ ကြည်ကြည်ဖြူဖြူ လက်ခံလိုက်တယ်။ ဒီလိုနဲ့ ဥတ္တရာလည်း ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့်အချိန်ရလာတယ်။ လုပ်လာတယ်။ လုပ်နိုင်ခဲ့တယ်။ ဒီဖြစ်စဉ်မှာ အငှားမယားရဲ့ အကောက်ကြံမှုတွေဆိုတာမျိုးတွေ ပါနေပေမယ့် အဲဒါတွေ အသာထားလိုက်ပါ့မယ်။ အရေးကြီးဆုံးကတော့ ဥတ္တရာဟာ အချစ်အတွက်ပါပဲ။ စိတ်ဓာတ်ကောင်းမွန်စွာနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စီမံခဲ့တယ်။ သဘောထားကြီးခဲ့တယ်။ ခွင့်လွှတ်သည်းခံခဲ့တယ်။ အစစ အရာရာ နားလည်ခဲ့တယ်။ ဒီလို သူတော်ကောင်းစိတ်ဓာတ်နဲ့ ကိုယ့်အတွက် အဓိပ္ပာယ်ရှိစွာနဲ့ ဖြတ်သန်းသွားချင်တာကြောင့် ပြည့်တန်ဆာတောင် ငှားပေးခဲ့တဲ့အထိ သဘောထားကြီးခဲ့ပါတယ်။
    ဆိုလိုတာက ဥတ္တရာဟာသူ့လင်ကို မချစ်ဘူးမဟုတ်ဘူး ချစ်ပါတယ်။ ဒါဆို ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ အယူဝါဒမတူတဲ့ လင်ဖြစ်သူနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့အတွက် အချစ်ကို ချကျွေးပစ်ခဲ့တာပါ။ ဒါဟာကြီးမား တဲ့၊ ခိုင်မာတဲ့၊ ပြတ်သားတဲ့၊ သူတော်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်ပါ။ နှစ်ဦးသဘောတူတဲ့အထိ ကြိုးစားဖြေရှင်းပြီးမှ ထွက်ပေါက်အဖြစ် တဏှာနဲ့ ကုသိုလ်ဆိုတဲ့ ပြယုဂ်နှစ်ခုကို ထုတ်ပြလိုက်ခြင်းပါပဲ။
    ဆိုတော့ ဘာမှမဟုတ်တဲ့ ဒီအချစ်ဆိုတာလေးလောက်နဲ့တော့ ကိုယ့်ကိုယ်ကိုစတေးပစ်မယ်ဆိုတာ အဓိပ္ပာယ် မရှိတဲ့ လုပ်ဆောင်ချက်ဆိုတာပါပဲ။ လူငယ်ဆိုတာ မိုက်ရှုးရဲဆန်တတ်ပါတယ်။ ဒါကို သိအောင်ကြိုးစားပါ။ ထွက်ပေါက် အဖြစ်ကတော့ လူ့ဘဝဆိုတဲ့ခဏတာလေးမှာ ဒါနဲ့ပဲ ငါ့ဘဝကို စတေးပစ်ရတာ တန်ရဲ့လားဆိုတာ တွေးပါ။ ဒီလို ဆိုရင်တော့ လုပ်စရာတွေ တောထနေတဲ့ လူ့ဘဝဇာတ်ခုံကြီးမှာ လူသားပီသစွာနဲ့ လုပ်ဆောင်စရာတွေ အများကြီး ရှိသေးပါ့လားဆိုတာ သိပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ပါစေကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။

မောင်မင်းစိုး

Wednesday, September 25, 2013

လူငယ်နဲ့ မာန


    မာနကို တိုက်ရိုက်အဓိပ္ပာယ်အနေနဲ့ ထောင်လွှားခြင်းဆိုပြီး သိထားကြပါတယ်။ သို့သော်လည်းပဲ ဒါလောက် နဲ့တော့ မပြည့်စုံဟု ထင်မိပါတယ်။ ဒါပေမယ့် ထောင်လွှားမှုကအဓိကဖြစ်နေတော့ ဒါလေးကိုပဲ ဦးစားပေးပြီး ပြောချင်ပါတယ်။ အထူးသဖြင့်တော့ မထောင်လွှား၊ မပလွှားသင့်တာကို ထောင်လွှား ပလွှားခြင်းကြောင့် မလိုလား အပ်တဲ့ ဆိုးကျိုးတွေ တစ်ခုပြီးတစ်ခု တန်းစီပြီးတော့ ဖြစ်ပေါ်တတ်တာကြောင့် ဒါလေးကို မီးမောင်းထိုးပြလိုတဲ့အတွက် ကြောင့် လူငယ်နဲ့ မာနဆိုတာလေးကို ရေးသားလိုက်ပါတယ်။
    အထူးသဖြင့်တော့ ပြိုင်ဆိုင်မှုလွန်ကဲရင် မကောင်းမှုတွေဟာ သက်ရောက်မှုအားပြင်းစွာနဲ့ ပေါ်ပေါက်လာတတ် ပါတယ်။ တီဗွီကလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲမျိုးစုံဟာလည်း ဒါကို အခြေတည်ပြီးရိုက်ပြတာများပါတယ်။ အချစ်ကြောင့်၊ အလုပ်ကြောင့်၊ ပညာကြောင့်၊ စီးပွားရေးကြောင့်ဆိုပြီး အရေးကိစ္စတော်တော်များများမှာ ပြိုင်ဆိုင်မှု တွေက လွန်လွန်ကဲကဲဖြစ်တာကို ပုံဖော်ထားတဲ့ ဇာတ်လမ်းများဖြစ်ပါတယ်။
    ဆရာတော်တစ်ပါးပြောဖူးတယ်။ မာနဆိုတာ ပထမကတော့ မာတယ်ထင်ပေမယ့်၊ နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနဲ့ မာပြီးတော့ နသွားတတ်တယ်တဲ့။ ဟုတ်ပါတယ်။ မာနဆိုတာ မာပြီးရင် နသွားတတ်ပါတယ်။ ဒီမာနနဲ့ တွဲပြီးပါလာတာကတော့ မာန်တက်တယ်။ မာန်ြ<ွကတယ်ဆိုတာပါပဲ။ြေ>ွမတွေ ပါးပြင်းထောင်တာကို ဥပမာ ပေးရမယ်ဆိုရင်တော့ သူတို့လည်း ထောင်စရာလေးရှိနေသေးလို့ ပါးပြင်ထောင်တာပေါ့၊ ထောင်စရာ အစွယ်မရှိတော့ ရင် အလိုလိုနေရင်း အလမ္ပာယ်ဆရာရဲ့လက်ထဲမှာ ခွေခွေလေးနေနေရတတ်သလိုပါပဲ။ မာန်ထောင်စရာလေးရှိနေ သေးရင်တော့ ဒီအစွယ်လေးနဲ့ အမောက်ထောင်ထောင်ပြနေပေမယ့်၊ အစွယ်လေးကျိုးသွားပြီဆိုရင်တော့ မာန်ထောင်မှုလည်း အလိုလိုပျော့ခွေသွားတတ်ပြီး မာရင်းကနေ နသွားတတ်တာဆိုတာပါပဲ။
    ခုနကပြောခဲ့တဲ့ စကားထဲမှာ မာန်တက်တယ်။ မာန်ြ<ွကတယ်ဆိုတာလေးကိုလည်း စဉ်းစားကြည့်ချင်ပါတယ်။ တက်ြ<ွကတာကောင်းပေမယ့်ြ<ွကတက်ရင်တော့ မကောင်းဘူးပေါ့။ ကောင်းတဲ့လုပ်ငန်းတွေမှာ တကယ့်ကိုအကျိုးကျိုး ရှိရှိ လုပ်ဆောင်ခြင်းကို တက်တက်ြ<ွကြ<ွကရှိနေခြင်းဟာ ကောင်းမွန်သောအနေအထား၊ ပြုမူလုပ်ဆောင်ချက် ဖြစ်ပေ မယ့်။ ဒီတက်ြ<ွကမှုကနေ တဖြည်းဖြည်း ငါလုပ်နိုင်တယ်ဆိုတဲ့ြ<ွကတက်မှုတွေ ဝင်ရောက်လာရင်တော့ မကောင်း တော့ဘူးပေါ့။ လူငယ်ဘာဝ ပြိုင်ဆိုင်ချင်ကြတယ်။ ပြိုင်ဆိုင်မှု လွန်ကဲပြီး တစ်ဦးကိုတစ်ဦးကို ဆက်ဆံတဲ့အခါမှာ တင်းမာပြီး မျက်နှာထားတွေအနေနဲ့လည်း အေးစက်မာကြောသွားတတ်ပါတယ်။
    ဒီတော့ အေးစက်မာကြောသွားရတဲ့ ဆက်ဆံရေးတွေကနေ ငါ့လောက်သူ မလုပ်နိုင်ဘူး၊ မအောင်မြင်နိုင်ဘူး။ ငါ့လောက် မတော်ဘူး။ ငါ့လောက် အကျိုးဖြစ်ထွန်းမှုမရှိပါဘူး။ ဒီကောင်လောက်ကတော့ အပျော့ဘဲဆိုတဲ့ ပုံစံနဲ့ ငါကိုရှေ့တန်းတင်ပြီး မာနေတဲ့ မာန်တွေကို မလိုအပ်ဘဲ ထောင်ပြခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေတန်းစီ ပြီး ဆုံးရှုံးမှုတွေ တစ်ခုပြီး တစ်ခု တန်းစီကျရောက်လာတော့တာပေါ့။ ဒီတော့ စီးပွားအတူလုပ်၊ သို့မဟုတ် သူ့အကျိုး ကိုယ့်အကျိုးအတူ ဆောင်ရွက်ဖက်ကနေ အေးစက်မာကြောနဲ့ ဆက်ဆံရေးတွေနဲ့ တဖြည်းဖြည်း တင်းမာလာရင်း နောက်ဆုံး တိုက်ခိုက်မှုတွေ၊ ရန်လိုမှုတွေ၊ နောက်ပြောင်မှုတွေကနေတဆင့် အသက်ပါထိခိုက်နိုင်တဲ့အထိ ဖြစ်လာ တတ်တာဟာ ဒီမာနလေးကြောင့်ပါပဲ။
    မိမိရဲ့သူငယ်ချင်းတွေထဲမှာလည်း လူငယ်တွေ အပြိုင်အဆိုင် လွန်ကဲမှုကနေတဆင့် နောက်ဆုံးမြောင်းထဲကို ထိုးကျသွားတာတွေ ရှိနေတတ်တယ်။ တချို့ကတော့ လုပ်ငန်းကျွမ်းကျင်မှုကြောင့်၊ ပညာကြောင့်၊ ရုပ်ရည်ကြောင့် ဆက်ဆံရေးကောင်းမွန်တာကြောင့် အမျိုးမျိုးပါပဲ နေရာအသီးသီးကို တက်လာကြတယ်။ ဒီတော့ အတူတူလုပ်နေရင်း ကနေ သူကငါလောက်မတော်ဘဲ ဘာဖြစ်လို့ ငါ့ထိပ်မှာရှိနေရတာလဲ၊ ငါ့လောက်မတော်တဲ့လူကို ငါ့ခေါင်းပေါ်ကနေ နင်းလျှောက်စေတာဟာ မဖြစ်သင့်ဘူး။ ဒီလိုနဲ့ တစ်ဦးကိုတစ်ဦး ပြိုင်ကြဆိုင်ကြရင်း မြောင်းထဲကို ထိုးကျသွားတော့ တာပေါ့။ ဒါကြောင့် ဒီမာနဟာ လူငယ်တွေအနေနဲ့ လူငယ်ပီပီ စိတ်ခံစားမှုရှိပေမယ့် ကိုယ့်စိတ်ကို ရင့်ကျက်တဲ့ တည်ဆောက်မှုတွေနဲ့ ပုံသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ ထိပ်မရောက်ခင်မှာပဲ တဖုတ်ဖုတ်နဲ့ ပြုတ်ကျရင်း ပြန်ပြီးတော့ မထနိုင်တော့တဲ့အထိ အထိနာပြီး ဘဝကို အရှုံးပေးသွားရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ မာနထောင်လွှားမှုမျိုးကိုတော့ ရှောင်ပါ။
    ပြိုင်ဆိုင်မှုတိုင်းကိုတော့ မကောင်းဘူးလို့ မသတ်မှတ်လိုပါဘူး။ သို့သော်လည်း ကောင်းတဲ့ပြိုင်ဆိုင်မှုတွေမှာ တစ်ဦးကိုတစ်ဦး မထိခိုက်ဘဲ၊ ချစ်ခင်မပျက်ဘဲ၊ မိတ်မပျက်ဘဲ ပညာရေး၊ စီးပွားရေးမှာ မသိမသာပြိုင်ဆိုင်မှုမျိုးကို တော့ လုပ်သင့်ရင်လုပ်ပါ။ ဒါကတော့ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုပါပဲ။ သို့သော်လည်း ဒီလိုပြိုင်ဆိုင်တာကို ကိုယ့်ရဲ့ ပြိုင်ဘက် မသိစေပါနဲ့၊ ကိုယ့်လမ်းကိုသာ အေးအေးဆေးဆေး လျှောက်ရင်း မသိမသာ သူ့ထက်သာအောင် လုပ်ဆောင် မှုမျိုးကိုတော့ အားပေးချင်ပါတယ်။
    မာနဆိုတာတွေ ကျမ်းဂန်မှာတော့ အမျိုးမျိုး သူ့နေရာသူ ဖွင့်ပြထားတာ တွေ့ရပါတယ်။ အဲဒါတွေကို အကျဉ်းချုံ့ပြီးတော့ အနည်းငယ်ဆီ မိတ်ဆက်ပေးလိုပါတယ်။ တချို့ကတော့ အမျိုးအနွယ်ဇာတ်အားဖြင့် ထောင်လွှားမှု တွေဖြစ်လာတတ်ပါတယ်။ ငါက ချမ်းသာတဲ့အမျိုးကနေ ဆင်းတတ်လာတာ။ ငါတို့အမျိုးက ချမ်းသာတယ်ဆိုပြီး  ဆင်းရဲသူတွေကို မထီမဲ့မြင်လုပ်ချင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မာနမျိုးပေါ့။ ဒီတော့ လူကို လူလိုမမြင်နိုင်တော့ဘူး ငါက ချမ်းသာတယ်။ သူတို့က ဆင်းရဲတယ်ဆိုပြီး ထောင်လွှားမှုတွေကနေတဆင့် မလိုလားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာခဲ့တယ်။
    တချို့ကတော့ ကိုယ့်ကိုယ်ကို သူတော်ကောင်းပုံစံမျိုးနဲ့ ထောင်လွှားခြင်းဆိုတာတွေလည်း ရှိတတ်ပြန်ပါတယ်။ တကယ့်ကို ကိုယ့်ကိုယ်ကို သူတော်ကောင်းဆိုရင် ဒီထောင်လွှားမှုမျိုးဟာ မကောင်းတဲ့အကျိုးကိုပေးတတ်တာကြောင့် မသူတော်ဖြစ်နေတာကို သူကိုယ်တိုင်မသိတော့ဘူး။ ကိုယ့်ကိုယ်ကို ကောင်းတယ်တာလောက်တော့ မဆိုးသေးပါဘူး။ ဒါပေမယ့် အခြားလူတွေကို ပုတ်ခတ်လာမယ်၊ ဝေဖန်လာမယ်။ ပြစ်တင်လာမယ်ဆိုရင်တော့ ဒီသူတော်ကောင်းဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ထောင်လွှားလိုက်မိတဲ့မာနဟာလည်း နောက်ဆုံးတော့ ကိုယ့်ဂုဏ်ကိုဖော် မသူတော်ဖြစ်သွားရတတ် ပါတယ်။ ဒါဟာလည်း မကောင်းတဲ့ အကြောင်းတရားဖြစ်တဲ့ ထောင်လွှားမှုပါပဲ။
    အချို့ကတော့ အတိတ်ကံပေးမှုကြောင့် ရလာတဲ့ ရုပ်ရည်အဆင်းလေး ဗန်းပြပြီး ထောင်လွှားမှု၊ မောက်မာ မှု၊ မော်ြ<ွကားမှုဆိုတဲ့ အဆင်းကိုအမှီပြုပြီး ထောင်လွှားတတ်ပါတယ်။ တကယ်တော့ အဆင်းဆိုတာ လူတစ်ယောက် အတွက် ပြီးပြည့်စုံတဲ့ ဂုဏ်အင်္ဂါမဟုတ်ပါဘူး။ ဒါကြောင့် ငါရုပ်လှတယ်ဆိုပြီး ထောင်လွှားရင်းကနေ ဒီအဆင်းကြောင့်ပဲ သူဟာ နောက်ဆုံးတော့ သူ့ဘဝရဲ့ အဆုံးသတ်ခရီးကို ကိုယ်တိုင်ပစ်ပယ်လိုက်မိလျက်သား ဖြစ်သွားတတ်ပါတယ်။  တကယ့်တော့ ရုပ်ဆင်းအင်္ဂါလှပခြင်းထက် သာလွန်တဲ့ စိတ်ထားကောင်းမွန်မှု၊ စိတ်လှမှုမျိုးကသာ အခရာကျပါတယ်။
    တချို့ကတော့ ပညာတတ်တယ်ဆိုပြီး ထောင်လွှားမှု လုပ်တတ်ပါတယ်။ တကယ်က ပညာတတ်တယ်ဆိုတာ အဲဒီ ထောင်လွှားမှုမျိုးတွေကို မကောင်းမှန်းသိပြီး ရှောင်ကျဉ်မှသာ ပညာတတ်ဖြစ်ပါလိမ့်မယ်။ ငါကတော့ ဘာဘွဲ့ကြီး ရထားတယ်။ ငါရတဲ့ ဘွဲ့ကြီးနဲ့ ဒီနေရာနဲ့တန်သလားဆိုပြီး ထောင်လွှားပြီးတော့ မောက်မာမှု၊ တင်းမာမှုတွေကနေ နောက်ဆုံး ပညာတတ်သူလည်း မြောင်းထဲရောက်သွားရတာပါပဲ။ ဒါကြောင့် ကိုယ်တတ်တဲ့ ပညာဟာ ထောင်လွှား ဖို့၊ မောက်မာဖို့ မဟုတ်ဘူးဆိုတာ သိပြီး ပညာကို အကျိုးကျိုးရှိရှိ အသုံးချတတ်ဖို့ လိုအပ်ပါလိမ့်မယ်။
    နောက်တစ်ခုကတော့ လုပ်ငန်းခွင်တွေမှာဖြစ်တတ်တဲ့ ထောင်လွှားမှုပါပဲ။ ဒါကတော့ တော်တော်များများ တွေ့နေရတဲ့ မာနပါပဲ။ ငါက ဒီလုပ်ငန်းကို ကျွမ်းကျင်တယ်။ ပိုင်နိုင်တယ်။ ဒါကြောင့် ဒီနေရာက ငါနဲ့သာထိုက်တန် တယ်။ ဘာမှ မသိတဲ့၊ မတတ်တဲ့၊ မကျွမ်းကျင်တဲ့လူကို နေရာပေးတာကတော့ အဓိပ္ပာယ်မရှိဘူးဆိုပြီး ထောင်လွှားရင်း ကန့်လန့်တိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်က သူထက်သာနေပေမယ့် သူလောက် နေရာမရခြင်းဟာ ကိုယ့်ရဲ့ မသိမသာ ညံ့ဖျင်းမှုတစ်ခုလို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့် ငါသူ့ထက် ဘာတွေ ညံ့ဖျင်းနေတာလဲဆိုတာ သိအောင် အဖြေရှာပြီး ပတ်ဝန်းကျင်ကို မထိခိုက်တဲ့နည်းနဲ့ စိတ်ထားမှန်မှန်နဲ့ ကြိုးစားမယ်၊ လုပ်ဆောင်မယ်ဆိုရင် ကိုယ်လည်း နေရာရပါလိမ့်မယ်။ တစ်ခုတော့ရှိတာပေါ့လေ ဒါကတော့ ခေါင်းဆောင်ပိုင်းနဲ့လည်း အရေးကြီးတာ ပေါ့။ ခေါင်းဆောင်ပိုင်းက အရည်အချင်းမရှိဘဲ တစ်ဖက်သတ်ယုံကြည်မှုမျိုးတွေနဲ့ တော်သည်၊ ညံ့သည်ဆိုတာကို မဆုံးဖြတ်နိုင်ရင်တော့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဓိကကတော့ ကိုယ့်ဘက်က စိတ်ထားကောင်းခြင်းဆိုတဲ့ စိတ်ဓာတ်မွန်မြတ်မှုကို မွေးပြီး တော်တည့်မှန်ကန်စွာ လုပ်ဆောင်ဖို့ကတော့ အရေးကြီးပါတယ်။
    ဆိုတော့ များစွာရှိနေတဲ့ မကောင်းတဲ့ ထောင်လွှားခြင်း မာနဆိုတာတွေဟာ ကိုယ့်အတွက် ဘာမှကောင်းကျိုးကို မပေးနိုင်တဲ့အတွက် ဖြေလျော့နိုင်အောင် လုပ်ဆောင်ဖို့၊ မာနဆိုတာ မာတယ်ထင်ပေမယ့် တချိန်မှာတော့ ပျော့ခွေ သွားရင်း နောက်ဆုံး နသွားတတ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါကြောင့် မာနကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အမွေဆိုးတွေကို မခံရအောင် ကိုယ်တိုင်တိုက်ထုတ် ဖြေရှင်းနိုင်မှသာလျှင် ဒီထောင်လွှားမှု၊ မောက်မာ မှု။ြ<ွကတက်မှုဆိုတာတွေဟာ အလိုလိုဖြေလျော့သွားမှာ ဖြစ်ပြီး၊ ကောင်းတဲ့ အကျိုးရလဒ်တွေကို တစ်ခုပြီးတစ်ခု ဆောင်းကျဉ်းပေးလာမှာ ဖြစ်ပါတယ်။ လူငယ်ဘာဝ ဒီလို အပြိုင်အဆိုင်မျိုးတွေ ရှိနေပေမယ့် ကောင်းမွန်တဲ့ ပြိုင်ဆိုင် မှုတွေကို မသိမသာ သူတစ်ပါးကို မထိခိုင်ဘဲ ပြိုင်ဆိုရင် ကိုယ့်လျှောက်ရမယ့် ခရီးလမ်းအတွက် ဖြောင့်တန်းတည့် မတ်မှာ ရွက်လွင့်ထွက်ခွာနိုင်ဖို့ မာနဆိုတဲ့ ထောင်လွှားခြင်း မာန်စွယ်ကို ရိုက်ချိုးနိုင်ပါစေကြောင့် တိုက်တွန်းစကား ဆိုလိုက်ရပါတယ်။
မောင်မင်းစိုး
   

Friday, September 20, 2013

လူငယ်နဲ့ ကွန်စတီကျူးရှင်း


    ကွန်စတီကျူးရှင်းကိစ္စကို ဟိုတလောလေးက တိုက်ဆိုင်လာတာကြောင့် တော်တော်လေးစဉ်းစားမိသွားတယ်။ ဒါကြောင့် အရေးပါတဲ့အကြောင်းအရာတစ်ခုဖြစ်တာကြောင့် ပြန်လည်ပြီးတော့ ဖောက်သည်ချလိုက်ပါတယ်။ ဒါကတော့ ကိုယ်ပိုင်အယူအဆလည်းဖြစ်တော့ ချို့ယွင်းချက်များလည်း ရှိကောင်း၊ ရှိပါလိမ့်မယ်။ သို့သော်လည်းပဲ လိုအပ်မှု၊ အရေးပါမှုဖြစ်တာကြောင့် ပြောပြလိုက်ပါတယ်။
    ကွန်စတီကျူးရှင်းကတော့ အထူးသဖြင့်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေလို့ သာမန်အဓိပ္ပာယ်ကောက် မယ်ဆို ရင်လည်း ရပါလိမ့်မယ်။ ဒါကတော့ ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ် လိုအပ်တဲ့စည်းမျဉ်းဥပဒေသတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဟောင်းနွမ်းပြီး ခေတ်မမီတော့ရင်တော့ ပြင်နိုင်ဖို့လိုအပ်ပါတယ်။ သို့သော်လည်းပဲ ဘယ်လောက်ပဲ ကြာတဲ့ ကွန်စတီကျူးရှင်းပဲဖြစ်ဖြစ် ခေတ်မီနေမယ်၊ ဆန်းသစ်နေမယ်၊ အကျုံးဝင်နေမယ်ဆိုရင်တော့ ဒါကို အတည်ပြု နိုင်ရေး၊ အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကွန်စတီကျုးရှင်းဆိုတာကြီးရှိနေပေမယ့် လက်တွေ့အသုံးမချ၊ အကောင်းအထည်မဖော်ရင်တော့ ဘာမှမထူးဘဲ သေနေတဲ့ စည်းမျဉ်းဥပဒေ ကြီးဖြစ်နေပါလိမ့်မယ်။
    ဆက်စပ်အတွေးကတော့ ဒီကွန်စတီးကျူးရှင်းတွေ မခိုင်မာလို့ အဖွဲ့အစည်းတွေ ပျက်စီးနေတာ၊ ကွဲနေရတာ ဆိုတဲ့အတွေးပါပဲ။ နောက်တစ်ခုက ဒီကွန်စတီကျူးရှင်းဆိုတာ ရေးဆွဲနေစဉ်မှာပဲ အဖွဲ့အစည်းတွေဟာ တစ်ယောက်ကို တစ်ယောက် အလေးမထားဘဲ ဆောင်ရွက်နေတာကြောင့် အဲဒီကထဲက စတင်ပြီးနှစ်ဦးရှိရင် နှစ်ဂိုဏ်းကွဲသွားရတယ် ဆိုတဲ့အကြောင်းကိုလည်း တွေးဖြစ်၊ ဆွေးနွေးဖြစ်ပါတယ်။ ဒါကတော့ အများပူးပေါင်းပါဝင်လာအောင်လုပ်ဖို့ အရေး ကြီးတယ်ဆိုပေမယ့် ခေါင်းဆောင်ဆိုသူရဲ့ အခန်းကဏ္ဍကလည်း ဒီမှာတော့ အရေးကြီးတဲ့အနေအထားမှာ ရှိနေပါတယ်။ သူတို့ပြီးရင်ဖြစ်သွားတယ်။ သူတို့ရဲ့အဆုံးအဖြတ်မှာ သဘောတူ၊ မတူဆိုတာ အရေးမကြီးတဲ့သဘော ဆုံးဖြတ်ချက်နဲ့ ငါ့မင်း ငါစနစ်ဆိုတဲ့ အာဏာရှင်စနစ်ကြီးကတော့ သန္ဓေတည်နေသေးပါတယ်။ ဒီလို ခေါက်ရိုးကျိုးအစွဲကြီး ရှိနေပေမယ့် ဒီမိုကရေစီနည်းကျကျ အများသဘောတူဖြစ်ပေမယ့် ငါမပါ ဘယ်ဟာမပြီးဆိုတဲ့ လူကြီးရဲ့အတွေးအခေါ်၊ အယူအဆ ဆိုတာကြီးကို ရှေးဦးစွာ ခွာထုတ်နိုင်ဖို့ အရေးကြီးပါလိမ့်မယ်။
    ခုနကပြောသလိုပါပဲ ရာစုနှစ်နဲ့မဆိုင်တဲ့ ကွန်စတီကျူးရှင်းကိုလည်း သိထားရပါလိမ့်မယ်။ အရမ်းဟောင်းနွမ်း နေပြီဆိုပေမယ့် လက်ရှိအနေအထားအထိ ကောင်းမွန်နေမယ်၊ လတ်ဆတ်နေမယ်၊ အများရဲ့ယုံကြည်မှု၊ အလေးထား မှုရှိနေဦးမယ်ဆိုရင်တော့ ဘယ်လိုကွန်စတီကျိုးရှင်းမျိုးကိုမဆို ပြစ်ပယ်လို့ မရပါဘူး။ ဆက်လက်ကိုင်စွဲပြီး အကောင် အထည်ဖော်နိုင်အောင် ကျင့်သုံးလိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကတော့ ငါအယူအဆနဲ့မကိုက်ညီဘူးဆိုတဲ့ အတ္တဆန်မှု ကိုသာ ရှေ့တန်းတင်ပြီး ဆုံးဖြတ်လိုက်လို့ မရတဲ့အချက်ပါပဲ။ ခေတ်အရ ဗဟုဆန်တဲ့အတွေးနဲ့၊ ဗဟုဆန်တဲ့အပြု အမူတွေ ရှင်သန်ထွန်းကားလာဖို့တော့ လိုအပ်ပါလိမ့်မယ်။
    ဥပမာ-သံဃာ့အဖွဲ့အစည်းတစ်ခုက ကွန်စတီကျူးရှင်းတစ်ခုကို ချပြချင်ပါတယ်။ ဒါဟာလည်း ဘာသာရေး လောက်သာ အားသန်နေတယ်ဆိုတဲ့ ယိုးမယ်ဖွဲ့မယ်ဆိုရင်တော့ မတတ်နိုင်ပါဘူး။ ဒါပေမယ့် ဘယ်လောက် ခိုင်မာတဲ့ အခြေခံစည်းမျဉ်းဆိုတာ သိစေချင်တာကြောင့် ဒီနှစ်ပေါင်းထောင်ချီနေတဲ့ ကွန်စတီကျူးရှင်းကို ချပြခြင်းသက်သက်ပါ။  ဒါကတော့ အခြားတော့လည်းမဟုတ်ဘူး။ (ကွန်စတီကျူးရှင်းများထဲက တစ်ခုကိုသာ စာမျက်နှာအခက်အခဲကြောင့် မီးမောင်းပြထိုးပြယုံသက်သက်ပါပဲ) (ဝိနည်းဓိုရ်) တရားသူကြီးတစ်ဦးရဲ့ ပြည့်စုံရမယ့် ကွန်စတီကျူးရှင်းလို့ ဆိုရပါ လိမ့်မယ်။ ဒါလေးကို အနည်းငယ် ဆွေးနွေးကြည့်ချင်ပါတယ်။
    ပထမတစ်ချက်ကတော့ အပြစ်ကိုသိရမယ်။ ပြစ်မှုတစ်ခုကို ဆုံးဖြတ်ရမယ့် တရားသူကြီးအနေနဲ့ အမှုသွား အမှုလာကို မသိရင်တော့ အဂတိဆိုတဲ့ နှောင်ကြိုးကြီးက မင်းမူနေပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချရဲရင် မမျှတတဲ့ စီရင်မှု ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အပြစ်ဆိုတာကို ခွဲခြားသိနိုင်ဖို့ အရေးကြီးပါတယ်။            နောက်တစ်ချက်ကတော့ အပြစ်မရှိရင် မရှိသလို သိမှုပါပဲ။ ဒါကလည်း တချို့က ကိုယ်နဲ့မတည့်လို့၊ အယူအဆမတူ လို့ဆိုပြီး အဲဒီအယူအဆမတူသူရဲ့ ဘာမှမဟုတ်တဲ့ အပြစ်လေးကို ရေးကြီးခွင်ကျယ်လုပ်ပြီး တိုင် တာတောတာတွေ ရှိနေတတ်ပါတယ်။ ဒါကိုလည်း ခုနကပြောတဲ့ အဂတိတရားနဲ့ ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင်တော့ မမျှတဲ့ တရားစီရင်မှု ဖြစ်သွားပြန်ပါလိမ့်မယ်။ ဆိုတော့ ဒီအကြောင်းနှစ်ချက်ဟာ၊ အထူးသဖြင့် ရှိပြီး ကွန်စတီကျူးရှင်း တွေကို ပိုင်ပိုင်နိုင်နိုင် နားလည်ပြီးတော့ သေချာချာ အပြန်ပြန်အလှန်လှန် သိနေရမယ်ဆိုတဲ့ အချက်ပါပဲ။
    နောက်တစ်ချက်အနေနဲ့ကတော့ ပြစ်မှုသေးတာကို သိရမယ်။ ဆိုလိုတာက ဘာမှမဟုတ်တဲ့ ပြစ်မှုသေးသေး လေးကို ပုံကြီးချဲ့ကားနေရင် သိရမယ်။ ဒါဟာ အသေးအမွှားကိစ္စလေးပဲ၊ နှစ်ဦးနှစ်ဖက် မျက်နှာချင်းဆိုင်ဆွေးနွေးပြီး တစ်ယောက်ကို တစ်ယောက် ကျေကျေလည်လည်ဖြစ်သွားကာ ပြီးသွားရမယ့်ကိစ္စမျိုးပဲဆိုတာကိုလည်း သိရမယ်။ သိတဲ့အတိုင်းလည်း လုပ်ပေးနိုင်ရမယ်။ ဒါကလည်း အရေးပါတဲ့ တရားသူကြီးဆိုသူ (လူကြီးတိုင်း)ရဲ့ လိုက်နာရမယ့်၊ ပြည့်စုံရမယ့်၊ ကွန်စတီကျူးရှင်းပါပဲ။
    နောက်တစ်ချက်ကတော့ ပြစ်မှုကြီးရင်လည်း ကြီးတဲ့အလျောက် သိရမယ်။ သိသလိုပဲ မျှမျှတတ တရားစီရင် နိုင်ရမယ်။ ဘာထိုးလို့ ညာထိုးလို့၊ ကိုယ့်လူမို့ သူ့လူမို့၊ ဘယ်ပုဂ္ဂိုလ်ကြီးနဲ့ တိုက်ရိုက်ပတ်သက်နေလို့ဆိုပြီး သာမန် သဘောထားလိုက်မယ်ဆိုရင်တော့ ဒါဟာဟာ မမျှတတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားရပါလိမ့်မယ်။ ဒါကတော့ တော်တော်လေးလည်း ခေတ်စားနေတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ဆိုရပါလိမ့်မယ်။ ဒီနေရာမှာ ကြုံတုန်းပြောရပါ့ဦးမယ်။ ဒါက တရားသူကြီးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကွန်စတီကျူးရှင်းတွေပဲ၊ ငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ လုပ်လို့ မရပါဘူး။ ခေါင်းဆောင် လုပ်သူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ အသင်းတိုင်းလိုလို သက်ဆိုင်တဲ့၊ အရေးပါတဲ့ ကွန်စတီကျူးရှင်းတွေ ဆိုတာကိုတော့ မေ့မပစ်လိုက်ပါနဲ့။
    နောက်တစ်ခုက သီလရှိရမယ်။ ကိုယ့်ကျင့်သီလဆိုတာဟာ လူ့ရဲ့ အဓိကတန်ဖိုးပါပဲ။ ဒါဟာလည်း အရေး ကြီးတဲ့ အချက်အလက်တစ်ခုပါ။ သူတစ်ပါးတွေ အယုံအကြည်ရှိမှသာလျှင် တရားလို၊ တရားခံတွေရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် ဒါဟာလည်း တရားသူကြီးဖြစ်သူအတွက် အရေးကြီးတဲ့ အချက်အလက်ဖြစ် တာကြောင့် ဒီကွန်စတီကျူးရှင်းကို ဆွဲထားတာဖြစ်ပါတယ်။ တရားသူကြီးမှ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ စီးပွားဥစ္စာြ<ွကယ်ဝချမ်းသာဖြစ်စေ၊ ပညာတတ်ကြီးဖြစ်ပါစေ၊ ကိုယ်ကျင့်တရားမရှိဘူးဆိုရင်တော့ လူတောတိုးဖို့ ခက်ခဲနေပါလိမ့် မယ်။ ဒါကြောင့် ဒီကိုယ်ကျင့်တရားကိုလည်း (ဝိနည်းဓိုရ်) တရားသူကြီးဆိုသူများအတွက် ပြည့်စုံရမယ့် စည်းမျဉ်း ဥပဒေသအဖြစ် ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
    နောက်တစ်ခုက ရှိပြီးသားစည်းမျဉ်းဥပဒေသတွေကို ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းပါပဲ။ ပြစ်မှုဆိုင်ရာ ပုဒ်မ များကို လေ့လာရမယ်။ လေ့လာတဲ့အတိုင်းလည်း သိရှိနားလည်ရမယ်။ နားလည်တဲ့အတိုင်းလည်း ကိုယ်တိုင်လိုက်နာ ကျင့်သုံးရမယ်။ ဒါကတော့ အဖွဲ့အစည်းတွေမှာလည်း ကွန်စတီကျူးရှင်းတွေကို ရေးဆွဲပြီဆိုရင်တော့ ရေးဆွဲသူကိုယ် တိုင် (လူကြီးကိုယ်တိုင်) လိုက်နာကျင့်သုံးဖို့၊ စံပြအဖြစ်နေထိုင်ဖို့ကို တိုက်တွန်းချင်တဲ့အတွက် ဒီကွန်စတီကျူးရှင်ကို လည်း အရေးပါတဲ့အချက်အနေနဲ့ လိုက်နာဖို့၊ ကျင့်ကြံဖို့၊ စံအဖြစ်နေထိုင်ဖို့အတွက် ရေးဆွဲပြဌာန်းခြင်းဖြစ်ပါလိမ့်မယ်။
    နောက်ဆုံးတစ်ချက်ကတော့ ဝိနည်းဓိုရ်အတွက် ဈာန်မဂ်ဖိုလ်တရား ရသူဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒါကတော့ သီးသန့်သံဃာ့နယ်ပယ်နဲ့ဆိုင်တဲ့ အချက်ပါ။ သာမန်အနေနဲ့ ကောက်ချက်ချနိုင်ပေမယ့် တရားသူကြီး၊ သို့မဟုတ် အသင်းအဖွဲ့ရဲ့ လူကြီးဆိုသူအနေနဲ့ ထိုက်သင့်သလောက်တော့ အသိပညာ၊ အတတ်ပညာတွေနဲ့ ပြည့်စုံနေဖို့ပါပဲ။ လောကဓမ္မနှစ်ဌာနမှာ ကျွမ်းကျင်လိမ်မာပြီးတော့ ထိုက်သင့်တဲ့အသိပညာ၊ ဗဟုသုတတွေနဲ့ ပြည့်စုံရမယ်လို့ ဆိုရ မှာဖြစ်ပါတယ်။ မှန်ပါတယ်၊ ဒါမှသာ သူတစ်ပါးတွေရဲ့ ယုံကြည်မှု၊ အားထားမှု၊ ကိုးစားမှုဟာ ပိုမိုခိုင်မြဲပါလိမ့်မယ်။ ဒါကြောင့် ဒီအချက်ဟာလည်း အရေးကြီးတဲ့ အချက်ဖြစ်တာကြောင့် ပြည့်စုံသင့်တဲ့အချက်အနေနဲ့ ရေးဆွဲထားခဲ့ခြင်း  ဖြစ်ပါတယ်။ ဒီလို ကောင်းမွန်တဲ့ ကွန်စတီကျူးရှင်းမျိုးဆိုရင်တော့ ဟောင်းပေမယ့် လက်ခံရမှာပါပဲ။
    ဆိုတော့ ဒါတွေဟာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပေမယ့် လူတိုင်းလက်ခံနိုင်တဲ့၊ စစ်မှန်တဲ့၊ ခိုင်မာတဲ့၊ အားကောင်းတဲ့ ကွန်စတီကျူးရှင်းတွေလို့ ဆိုရမှာဖြစ်ပါတယ်။ လိုက်နာဖို့သာ လိုအပ်ပါတယ်။ ဒါကြောင့် အသင်း အဖွဲ့အစည်းတွေအနေနဲ့လည်း အများလက်ခံနိုင်တဲ့ ကွန်စတီကျူးရှင်းတွေကို ရေးဆွဲတဲ့အခါမှာ အားလုံးပါဝင်ဖို့ လိုအပ်သလို၊ အားလုံးရဲ့ ဆန္ဒနဲ့ထပ်တူကျပြီး အများသဘောတူအနေနဲ့ ရေးဆွဲပြဌာန်းဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ကွန်စတီကျူးရှင်းနဲ့ ပတ်သက်ပြီးတော့ အနည်းငယ်လေး မီးမောင်းထိုးပြလိုက်ခြင်းပဲဖြစ်ပါတယ်။
    အထူးသဖြင့် လူငယ်တွေကို အလေးထားပြီး ပြောချင်ပါတယ်။ လူငယ်တွေဟာ အစစအရာရာ ပြည့်စုံမှု အတွက် ရှာဖွေရင်း ရဲရဲတင်းတင်း လျှောက်လှမ်းနေခဲ့ကြတယ်။ ကိုယ်ပိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အများနဲ့သဘော တူ ပူပေါင်းထားတဲ့ အဖွဲ့စည်းတွေမှာပဲဖြစ်ဖြစ် တကယ့်ကို လေးလေးနက်နက်၊ စိတ်အားရှိသလောက်၊ စွမ်းအား ရှိသလောက် ဆောင်ရွက်နေခဲ့ကြတယ်။ ဒီလို အများနဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ကွန်စတီကျူးရှင်တွေကိုလည်း ခိုင်ခိုင်မာမာ ရေးဆွဲထားပြီး ဒီစည်းမျဉ်းတွေအတိုင်း လျှောက်လှမ်းစေချင်ပါတယ်။ ဒီလိုသာ လေးလေးနက်နက် အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ လူသားအကျိုးပြုလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ မိမိတို့ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေ မှာပဲဖြစ်ဖြစ် အောင်မြင်စွာ မောင်းနှင်နိုင်ပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ အဖွဲ့အစည်းတိုင်းမှာ ကွန်စတီကျူးရှင်းတွေ ဟာလည်း အရေးတကြီး လိုအပ်တယ်ဆိုတာ ပြောဆိုရင်း အဆုံးသတ်လိုက်ပါတယ်။
    ( ဒီဆောင်းပါး ရေးသားဖို့ မိမိတင်ထားသော ပို့စ်တစ်ခုအောက်တွင် တွန်းအားပုံစံမျိုး ကွန်မန့်ပေးခဲ့သော သူငယ်ချင်း ကျော်ဘသစ်အား အထူးပင် ကျေးဇူးတင်ရှိပါသည်)
မောင်မင်းစိုး

Wednesday, September 18, 2013

လူငယ်နဲ့ နေရာ ပြဿနာ

   
    တစ်ရက်က သူငယ်ချင်းတစ်ယောက် ရောက်လာတယ်။ ရောက်လာပြီးတော့ သူတို့အကြောင်းတွေကို ဖွင့်ချလိုက်တယ်။ ဒီတော့လည်း အသာလေးပဲ ဘေးကနေ နားထောင်သူအဖြစ် နေခဲ့လိုက်ပါတယ်။ တကယ်တော့ သူတို့ဟာ အောင်မြင်စပြုလာပြီဖြစ်တဲ့ လူမှုရေးအသင်းအဖွဲ့လေးတစ်ခုမှာ ထဲထဲဝင်ဝင် လုပ်နေတာလည်း ဖြစ်ပါတယ်။  အခုတော့ သူ အဲဒီကနေ ထွက်ခဲ့လိုက်ပြီဆိုတဲ့အကြောင်း ပြောပါတယ်။ မိမိအနေနဲ့ကတော့ အသင်းအတွက် နှမြောတတဖြစ်ရင်း ပျက်စီးသွားမှာကို စိုးရိမ်မိပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ပြန်သွားဖို့ကိုသာ အခါခါတိုက် တွန်းမိပါတော့တယ်။ အခုဆို သူတို့ဦးဆောင်ပြီး လုပ်နေခဲ့တာ နှစ်နှစ်နီးပါးလောက်သာရှိပေမယ့် အသင်းရဲ့ အောင်မြင်မှု ဟာ တော်တော်လေးကို လူတိုင်းရဲ့ ပါးစပ်ဖျားအထိရောက်လာခဲ့ပြီး တန်ဖိုးရှိတဲ့ ဆရာများစွာကိုလည်း မွေးထုတ် ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
    ဒီနေရာမှာ သူပြန်သွားဖို့ မသွားဖို့ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်ဆိုတော့ လုံးဝပြန်သွားသင့်တယ်ဆိုတဲ့ မှတ် ချက်မျိုးကို  သူ့ကို မပေးခဲ့ပါဘူး။ အကြောင်းကတော့ နေရာကြောင့်ပါပဲ။ ဒီတော့ ဒီနေရာဆိုတာလေးက ခေါင်း ထဲကို အတင်းလာဆောင့်နေခဲ့တယ်။ ဒါကြောင့် နေရာဆိုတာလေးကို စဉ်းစားမိရက်သားဖြစ်သွားခဲ့တယ်။ မှန်ပါတယ်။ မိမိတို့ ရွှေမြန်မာတွေဟာ နှစ်ယောက်ရှိရင် တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းမှုနည်းပါးပြီး နှစ်ဖွဲ့ဖြစ်သွားတဲ့အထိ နေရာကြောင့်လား၊ တာဝန်ကြောင့်လားမသိ ကွဲသွားတာများပါတယ်။ စုစည်းမှု၊ စည်းလုံးမှုတော်တော်လေးကို အား နည်းလွန်းပါတယ်။ အခုတော့ ဒီနေရာကြောင့် တကယ်လုပ်နေတဲ့၊ အရည်အချင်းလည်းရှိတဲ့ သူတွေထွက်လာတယ် ဆိုတော့ များစွာပဲ စိတ်မကောင်းဖြစ်မိပါတယ်။
    မှန်ပါတယ်။ ဒီနေရာအတွက်ကြောင့်ပဲ သွေးကြောင်းစီးခဲ့ရတာတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာတွေ၊ မလိုလား အပ်တဲ့နေရာတွေဆီကို အမျိုးမျိုးသော စွဲချက်တွေနဲ့ ရောက်ခဲ့ရတာလည်း အများကြီးပဲမဟုတ်လား။ အခု ဘယ်လို နေရာအတွက်ကြောင့် ထွက်လာခဲ့ရတာလဲဆိုတော့ လုပ်ပိုင်ခွင့်ဆိုတဲ့ နေရာအတွက်ကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ ခေါင်းဆောင်လုပ်သူရဲ့ ညံ့ဖျင်းမှု၊ အယုံလွယ်မှု၊ စာနာထောက်ထားမှု၊ အမြော်အမြင်နည်းပါးမှု၊ ဆုံးဖြတ်ချက် မခိုင်မာမှု၊ သွေးထိုးလှုံ့ဆော်မှုကို နားယောင်မှု၊ ဘေးစကားနဲ့ ကုန်းတိုက်မှုကို ဆင်ခြင်Óာဏ်ကင်းမဲ့မှုနဲ့ အယုံလွယ်မှု တွေကြောင့်ဆိုတဲ့ ခေါင်းဆောင်ကြောင့်ဆိုတာ သိလိုက်ရပါတယ်။
    သေချာတာကတော့ ခေါင်းဆောင်သူရဲ့ အရည်အသွေး ညံ့ဖျင်းရင်တော့ သေချာတယ် အဲဒီအဖွဲ့အစည်းဟာ ဆုတ်ယုတ်မှုတွေနဲ့ပဲ လုံးပါးပါးရင်း ပြန်လည်ပြီးတော့ အနယ်ထိုင်သွားမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာတော့ နေရာချ ထားရေးနဲ့ ပတ်သက်ပါတယ်။ တကယ်လုပ်နေသူတွေကို ဘေးထိုးပြီး နောက်မှ ရောက်လာသူတွေကို တကယ်လုပ်နေ သူတွေရဲ့ အထက်ကနေ ထားခြင်းဆိုတဲ့ မတိကျ၊ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ နေရာပေးလိုက်ပါတယ်။ ဒီတော့ တကယ်လုပ်နေသူတွေက ဒါကို မကျေနပ်၊ အမျိုးမျိုးပြောပြ၊ မရဘဲ နောက်ဆုံးငါလူကြီးဆိုသူရဲ့ မာနကြောင့် ဒီလိုတကယ် လုပ်တဲ့လူတွေ၊ တော်တဲ့လူတွေဟာ အလျှိုလျှိုထွက်ခွာလာခြင်းလို့ ဆိုရမှာဖြစ်ပါတယ်။
    အောက်လက်ငယ်သားဆိုတာ သူသူငါငါ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နေရာကိုတော့ မက်မော ကြတယ်။ ဒီတော့ ဒီနေရာအတွက် အမျိုးမျိုး ကြံဆလာတယ်။ ကြံဆမှုတွေဟာ ကောင်းမွန်တဲ့ စိတ်ဆန္ဒနဲ့ဆိုရင် ပြဿနာမဖြစ်ပေမယ့် မကောင်းတဲ့ စိတ်ဓာတ်နဲ့ ကုန်းတိုက်တာတွေ၊ သွေးထိုးမှုစတာတွေနဲ့ လူကြီးနားကို မဝင် ဝင်အောင် ဘာမှဟုတ်တဲ့ ပြစ်ချက်လေးတွေကို ထောက်ပြပြီး ရိုက်သွင်းရင်း လူကြီးစိတ်ကျလာအောင် မြူဆွယ်မှုတွေနဲ့ နေရာယူလာကြတတ်တယ်။ ဒီတော့ ခုနကပြောသလို သိပ်ပြီး ဆင်ခြင်Óာဏ်မရှိတဲ့ လူကြီးဆိုသူရဲ့ ဆုံးဖြတ်ချက်ဟာ ဒီနေရာအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားတာကြောင့် လူတော်တွေဟာ တဖြည်းဖြည်း နောက်ဆုပ်ရင်း နောက်ဆုံးတော့ အဖွဲ့အစည်းထဲကနေ ထွက်ခွာရတဲ့အထိ ဖြစ်သွားရတာပါပဲ။ ဒါဟာ ဒီဖြစ်စဉ်တစ်ခုလုံးကို သုံးသပ် ကြည့်လိုက်တဲ့ အကြောင်းရင်းပါပဲ။
    ဘုရားခေတ်ကလည်း ဒီနေရာအတွက် မလုပ်သင့်တာတွေ လုပ်ခဲ့တဲ့ ဒေဝဒတ်ကြီးဆိုတာ ရှိတယ်။ တကယ် တော့ သူဟာလည်း ဒီလို မတရားသဖြင့်၊ အထူးသဖြင့်ကိုယ်နဲ့ မထိုက်တန်တဲ့နေရာကို ရယူချင်တော့ မရ ရအောင် ကြံမယ်ဆိုတဲ့ ညံ့ဖျင်းတဲ့စိတ်ဓာတ်တွေနဲ့ ဘုရားရှင်ကို တိုက်ခိုက်တဲ့အထိ လုပ်ရဲသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ သူဟာ ဘုရားနဲ့ ညီအစ်ကိုဝမ်းကွဲလည်း တော်တယ်။ နောက်ပြီး ယောက်ဖလည်း တော်တယ်။ ဒီ တော့ ဒီဆွေမျိုးဆိုတဲ့ ဂုဏ်လေးတစ်ခုတည်းနဲ့ သူက နေရာယူချင်တယ်။ ဒါပေမယ့် ဘုရားရှင်က သူနဲ့မထိုက် တန်တော့ မပေးဘူး။ ဒါကို သူက မကျေနပ်ဘူး။ ဒီတော့ မလုပ်သင့်တာတွေ လုပ်မိသွားတော့တာပါပဲ။
    ဘုရားရှင်ကတော့ သူ့ကို ရန်လုပ်မှာ မစိုးရိမ်ဘူး။ ဒါပေမယ့် သာသနာတော်အတွက်တော့ ထိုက်တန်သူကို သာ ရွေးခြယ်ပြီး နေရာပေးခဲ့တယ်။ ဒါကြောင့် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို လက်ျာတော်ရံမှာ ထားပြီး၊ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကိုတော့ လက်ဝဲတော်ရံမှာထားကာ၊ ခေတ်စကားနဲ့ပြောရရင်တော့ ဒုတိယသမ္မတ နှစ်ဦးအဖြစ် သင့်တော်သလို ရွေးထားလိုက်တယ်။ ရွေးထားသလို စီမံခန့်ခွဲမှုတွေ ပေးခဲ့တယ်။ 
    ဒါကြောင့် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ဟာ မိမိနဲ့ထိုက်တန်တဲ့ နေရာမှာ တာဝန်ပေးအပ် ခံခဲ့ရတဲ့အတွက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တယ်။ ဒီတော့ ဘုရားရှင်ပြီးတော့ သူတို့ရဲ့ စွမ်းဆောင်မှု တွေဟာလည်း အောင်မြင်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာတယ်။ ပိုမိုပြီးတော့ တောက်ပလာခဲ့တယ်။ ဒါကို အရှင် ဒေဝဒတ်အနေနဲ့ လုံးဝ မကျေနပ်ဘူး။ တကယ်ဆိုရင် သူလည်း အရည်အချင်းရှိတယ်လို့ သူ့ကိုယ်သူထင်ထားတယ်။ နောက်ပြီးတော့ ဘုရားရှင်နဲ့ကလည်း ဆွေမျိုးတော်စပ်တယ်။ ဒါကြောင့် သူ့ကိုသာ မြှောက်စားပြီး နေရာပေးရမှာ ဘာမှဆွေမျိုးမတော်စပ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်ကို နေရာပေးတာကို လုံးဝမကျေနပ်ဘူး။ ဒါကြောင့် နောက်ဆုံးတော့ သံဃာသင်းခွဲပြီး ဘုရားတစ်ဆူဖြစ်အောင် လုပ်မယ်ဆိုတဲ့ သဘောနဲ့ စည်းလုံးမှုကို ပျက်စီးအောင် ကြံစည်တော့တယ်။
    ဒီတော့ သူနဲ့ အကျင့်စရိုက်သူတဲ့လူတွေကို လိုက်ခဲ့ဖို့ခေါ်တယ်။ ဒါကြောင့် ဝဇ္ဇီတိုင်းသားရဟန်းငါးရာဟာ အရှင်ဒေဝဒတ်နောက်ကို လိုက်သွားခဲ့တယ်။ ဒီတော့ သူ့အနေနဲ့ ဘုရားရှင်နဲ့ စင်ပြိုင်ဂိုဏ်းအဖြစ် ထောင်ပြီး ဘုရားအဖြစ် အသက်သွင်းတာကြောင့် ဘုရားရှင်ထက် ပိုမိုပြီးတော့ ချိုးခြံချွေတာမှုတွေ၊ တင်းတိမ်ရောင့်ရဲမှုတွေကို နာမည်ကြီးအောင်၊ လူအထင်ကြီးအောင် မဟုတ်မဟတ်တွေထုတ်ပြပြီး လုပ်ဇာတ်ခင်းလိုက်တော့တယ်။ ဆိုပါတော့ ဒီလို မကောင်းကြံမှုတွေနဲ့ သူဟာလည်း စင်ပြိုင်ဂိုဏ်းတစ်ခုကို ထောင်ပြီး စည်းလုံးနေတဲ့ အသင်းတစ်ခုအဖြစ်ကနေ သံဃာသင်းခွဲလိုက်တယ်။ ဒီကံကြောင့်ပဲ သူဟာ မဟာဝစီငရဲကို ရောက်ရှိသွားခဲ့ရပါတယ်။
    တစ်ခုရှိတာက သူဟာ နောက်ဆုံးအချိန်မှာတော့ နောင်တရတယ်။ ဒါပေမယ့် သူ့ရဲ့ နောင်တဟာ ဘာမှ လုပ်လို့မရတော့တဲ့ နောင်မှသာ တ ရတော့မယ့် နောင်တဖြစ်ခဲ့သွားခဲ့တယ်။ ဒီလို အသိလေး၊ နောင်တလေး ရတော့ သူက ဘုရားကို ပြန်လည်တောင်းပန်ချင်တယ်။ ဒါပေမယ့် လုပ်ထားတဲ့ အကုသိုလ်ကံက အရမ်းကြီးကို ကြီးကျယ်နေတော့ ဘုရားဖူးခွင့်၊ တွေ့ခွင့်မရလောက်အောင် ဖြစ်သွားခဲ့ရတယ်။ ဒါပေမယ့် သူကြိုးစားပြီး လာဖြစ်အောင် လာခဲ့တယ်။ သို့သော်လည်း မရောက်ခင်လေးမှာဘဲ အဝီစိငရဲမှာ ကျရောက်စေမယ့် မြေမြိုမှုကြီးနဲ့ ပက်ပင်း တိုးသွား ရှာရတယ်။        
    သို့သော်လည်း သူ့ကို ကြံဖန်ပြီးတော့ ချီးမွမ်းချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာ နောင်တ၊ အသိရတာကြောင့် ပြန်လည်တောင်းပန်ဖို့ ကြိုးစားခဲ့တာကိုပါ။ ဒါဟာလည်း ကောင်းမြတ်တဲ့ ဆန္ဒပါပဲ။ အခါနှောင်း ပေမယ့် ဒါလေးကိုတော့ ချီးမွမ်းစကား ဆိုချင်ပါတယ်။ ဒါကြောင့် ဘာမဟုတ်တဲ့ ဒီနေရာလေးတွေအတွက် အသင်း ပျက်စီးသွားရင်ဖြင့်ဆိုတဲ့ အတွေးတွေနဲ့ စိတ်တွေလေးနေမိတာကြောင့် တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ပြန်လည်ပြီးတော့ ရင်ကြားစေ့ရေးအတွက် တောင်းပန်သင့်သူက တောင်းပန်၊ နားလည်သူက နားလည်ပြီးတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် ခွင့်လွှတ်မှု လမ်းကြောင်းပေါ်ကို သွားစေချင်တာကတော့ မိမိရဲ့ ရင်ထဲက လာတဲ့ စစ်မှန်တဲ့ ဆန္ဒပါပဲ။
    တကယ်တော့ ဒီအဖွဲ့တင် မဟုတ်ပါဘူး။ အခြားသော အသင်းအဖွဲ့တွေမှာလည်း ဒါမျိုးလေးတွေ တွေ့ခဲ့ ရတယ်။ တွေ့နေရတာပါပဲ။ ဒါကြောင့် မနှောင်းခင်လေးမှာ ဒီအသိလေးတွေ ရပြီး လက်တွဲညီညီ ပူးပေါင်းဆောင် ရွက်စေချင်ပါတယ်။ လူငယ်ပီပီ မာန်လေးတွေ ရှိတတ်ပေမယ့်၊ ဒါဟာလည်း အသိÓာဏ်မရင့်ကျက်မှုကြောင့် ဖြစ်တတ် တဲ့ သဘာဝပါပဲ။ ဒါကြောင့် အသိÓာဏ်လေးတွေ ဆပွားတွေးရင့် ရင့်ကျက်သူတွေဖြစ်အောင်၊ ခွင့်လွှတ်နိုင်အောင်၊ နားလည်နိုင်အောင် ကြိုးစားရင်း အဖြေရှာဖို့ တိုက်တွန်းလိုပါတယ်။ တကယ်တော့လည်း နေရာဆိုတာ လုပ်နေသူ အတွက် အလိုလိုနေရင်း မပေးအပ်ဘဲ လူတွေက သတ်မှတ်လာမှသာ နေရာဆိုတာ ကောင်းမွန်တဲ့နာမည်ဖြစ်ပါတယ်။ ဥပမာ-ရှင်ဘုရင်၊ သမ္မတ၊ ဝန်ကြီးချုပ်စတဲ့ နေရာမျိုးကြီးယူထားပေမယ့် တကယ်လူသားကောင်းကျိုးအတွက် ဘာမှ မလုပ်ရင်တော့ နာမည်ကြီးဟာ ဘာမှအသုံးမကျဘဲ သေနေပြီး လူရာမဝင်ဘူးဆိုတာပါပဲ။ ဒါကြောင့် လူငယ်တွေ အလုပ် လုပ်တာဟာ နေရာကြောင့် မဟုတ်ဘူးဆိုပေမယ့် မာနကြောင့်ဖြစ်ပေါ်လာတဲ့ ဒီနေရာလေးတွေကို အသာလေး ဘေးဖယ်ပြီးတော့ ငါလုပ်ရမယ့်တာန်ပဲဆိုတာ စဉ်းစားရင်း နေရာပြဿနာလေးကို ပြေလည်အောင် ဖြေရှင်းရင်း အောင်မြင်တဲ့ အသင်းအဖွဲ့ဖြစ်အောင် ပူပေါင်းဆောင်ရွက်နိုင်ပါကြောင်း တိုက်တွန်းချင်ပါတော့တယ်။
    ''မြင့်မြတ်သူရဲ့ လုပ်ငန်းဆိုတာ နေရာကို ကိုယ်စား မပြုပါဘူး''
မောင်မင်းစိုး

Tuesday, September 17, 2013

ခေါင်းကိုက်နေတယ်၊ ခေါင်းတွေ ကိုက်နေတယ်

ခေါင်းတွေ ကိုက်နေတယ် ငါ့ခေါင်းတွေ ကိုက်နေတယ်
ငါ့ရဲ့ခေါင်းတွေ တကယ့်ကိုက်နေခဲ့တယ် ခေါင်းကိုက်တယ်
ဝမ်းချုပ်လား ခေါင်းက ကိုက်လို့ ကောင်းနေတုန်း
မျက်စိမှုန်နေလား ခေါင်းဟာ ကိုက်မြဲကိုက်နေတုန်း
သွေးတိုးနေလား ခေါင်းဟာ ကိုက်ပြီးရင်း ကိုက်နေခဲ့တယ်
အအေးပတ်လား ခေါင်းကိုက်တယ် အာရုံကြော အားနည်းလား
ခေါင်းဟာ အလွန်ပဲ ကိုက်နေခဲ့တယ် ခေါင်းကိုက်တတ်အောင်
ဘယ်သူ သင်ပေးခဲ့သလဲ ဘာတွေက ခေါင်းကို ကိုက်စေခဲ့သလဲ
ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ အသစ်ကြောင့်လား၊ အမြစ်ကြောင့်လား
အချစ်ကြောင့်လား၊ အပြစ်ကြောင့်လား၊ ခေါင်းဟာ ကိုက်ဆဲ ခေါင်းဟာ ကိုက်ကိုက်နေခဲ့တယ်
အာရုံ၊ ကာမဂုဏ်၊ လာဆုံနေလား၊ ခေါင်းဟာ ကိုက်လို့ကို ကောင်းနေတုန်း
မြို့ပြမှာ ရှိုးပွဲတွေ၊ မြို့ပြမှ လူနေမှုစနစ်တွေ၊ မြို့ပြမှာ လမ်းတွေ ကျပ်ပိတ်မှုတွေ
မြို့ပြမှာ ကားတွေ ရထားတွေ လူတွေအပြည့် ဘဏ်စနစ်တွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ
အစိုး ရတာတွေ၊ အစိုး မရတာတွေ၊ ဆုတောင်းပွဲတွေ၊ နှစ်ပတ်လည်တွေ၊ အာရုံတွေက ထွေပြား
အညှော်နံ့တွေ၊ အပျော်ရနံ့တွေ၊ ခေါင်းဟာ ကိုက်ပြီးရင်း ကိုက်လို့ကောင်းနေခဲ့တယ်
ကြာကြာဝါးတဲ့ ပါးစပ်ဟာ ခါးနေရတာ၊ ကြာကြာကြည့်တဲ့ အာရုံဟာ မှုန်ဝါးနေတာ
ကြာကြာကြားတဲ့အသံဟာ မပီသတာ၊ ကြာကြာရှုရှိုက်နေတဲ့အနံ့ဟာ ထုံအီလာတာ
ကြာကြာထိနေတဲ့ အတွေ့ဟာ ကြမ်းရှလာတာ၊ ခေါင်းကတော့ ကိုက်မြဲကိုက်နေဆဲ
ခေါင်းကိုက်သူတွေ ခေါင်းကို ခါယမ်းလိုက်ပါ၊ ခေါင်းဟာ မူးနောက်လာလေလေ
ခေါင်းကိုက်ခြင်းတွေ အရသာ တွေ့လေလေ၊
ဘာမှ စဉ်းစားမနေခြင်းဟာလည်း ခေါင်းကိုက်တာပဲ
ကမ္ဘာမှာ ခေါင်းကိုက်နေတဲ့လူတွေဟာ ကိုယ့်ခေါင်းကို ပြန်လည် ကိုက်ဝါးကြည့်ရင်း
ခေါင်းတွေရဲ့ ကိုက်ခြင်းကို အရသာရှိရှိ ခံစားကြည့်ပါ။
ခေါင်းတွေကတော့ ကိုက်လို့ ကောင်းနေတုန်း။

မောင်မင်းစိုး
(၁၇-၉-၂၀၁၃)

Saturday, September 14, 2013

R e c o ns t r u c t i o n(ပြ န် လ ည် တ ည်ေ ဆာ က် ခြ င်း) A n d ( နှ င့် ) D e c o n s t r u c t i o n(တ စ် လွှာ ခြ င်း ခွာ ထု တ် ခြ င်း)


n(း)
on(င်း)
ion(ခြ င်း)  
tion(က် ခြ င်း)
ction(ာ က် ခြ င်း)
uction(ဆာ က် ခြ င်း)
ruction(ေ ဆာ က် ခြ င်း)
truction(ည်ေ ဆာ က် ခြ င်း)  
struction(တ ည်ေ ဆာ က် ခြ င်း)
nstruction(ည် တ ည်ေ ဆာ က် ခြ င်း)
onstruction(လ ည် တ ည်ေ ဆာ က် ခြ င်း)  
construction(န် လ ည် တ ည်ေ ဆာ က် ခြ င်း)
econstruction(ပ န် လ ည် တ ည်ေ ဆာ က် ခြ င်း)
reconstruction(ပြ န် လ ည် တ ည်ေ ဆာ က် ခြ င်း)
deconstruction (တ စ် လွှာ ခြ င်း ခွာ ထု တ် ခြ င်း)
deconstructio(တ စ် လွှာ ခြ င်း ခွာ ထု တ် ခြ င်)
deconstructi(တ စ် လွှာ ခြ င်း ခွာ ထု တ် ခြ )
deconstruct(တ စ် လွှာ ခြ င်း ခွာ ထု တ်)
deconstruc(တ စ် လွှာ ခြ င်း ခွာ ထု)
deconstru(တ စ် လွှာ ခြ င်း  ခွာ)
deconstr(တ စ် လွှာ ခြ င်း ခွ)
deconst(တ စ် လွှာ ခြ င်း)
decons(တ စ် လွှာ ခြ င်)
decon(တ စ် လွှာ ခြ)
deco(တ စ် လွှာ)
dec(တ စ် လွှ)
de(တ စ်)
d(တ)

မောင်မင်းစိုး
(14-9-2013)

Thursday, September 12, 2013

ကဗျာလေးများ တင်ပေးလိုက်တယ်။

အခန်း
---------
လုံခြုံမှုအတွက်လား
လေကောင်းလေသန့်တွေ
ပိတ်လှောင်ထားတာ
ကိုယ်ကျင့်တရားကို
ခ၀ါချဖို့
နံရံတွေမှာ ကပ်ငြိနေတဲ့
အညစ်အညေးတွေကို
ပြောင်စင်အောင် ဆေးကြောနေရတာ
မောပန်းလှတယ်။
မမစ

လမ်း
-----
လမ်းကလေးရေ
မင်းဟာ
နင်းပြားဘ၀နဲ့
မငြီးမငြူ ဖြန့်ခင်းလို့
လမ်းတွေကို သယ်ဆောင်နေခဲ့တယ်။

ဆော်လမွန် ငါးတို့အပြန်
------------------------
ပြန် ပြန် ပြန် ပြန် ပြန် ပြန်
ပျံ ပျံ ပျံ ပျံ ပျံ ပျံ ပျံ ပျံ ပျံ
ဆော်

မွန်
ငါး
ပြန်
ပျံ။

(((((((((con)cep-tual (poem)))))))
--------------------------------------
(((((((((((((((((())))))))))))))))))
 ((((((((((((((((()))))))))))))))))
   ((((((((((((((())))))))))))))))
    (((((((((((((())))))))))))))
     ((((((((((((()))))))))))))
       ((((((((((())))))))))))
         ((((((((())))))))))
          (((((((())))))))))
           ((((((()))))))))
            (((((())))))))
             ((((()))))))
             ((((()))))
              (((())))
                (())
                 ()
        Mg-Minn-Soe
           (992013)

conceptual mind
----------------------
တီ န ဒ ပ စ သံ ဏ ၀ု ဇ ဇ ဇ ဇ ဇ ဇ ဇ တ တ
တီ တီ န ဒ ပ စ သံ ဏ ၀ု ဇ ဇ ဇ ဇ ဇ ဇ ဇ ဘ
တီ တီ တီ တီ န ဒ ပ စ သံ ဏ ၀ု ၀ုဝု ဘ ဘ ဘ ဘ
တီ တီ တီ တီ တီ တီ တီ တီ တီ န ဒ ပ စ သံ ဏ ၀ု ၀ု
တီ တီ တီ တီ တီ တီ တီ တီ တီ တီ န န ဘ ဘ ဘ ဘ ဘ
န ဒ မ ဇ ဇ ဇ ဇ ဇ ဇ ဇ တ တ
န ဒ မ ဇ ဇ ဇ ဇ ဇ ဇ ဇ
ဘ န ဒ မ ပ ဥ နု ဂေါ ဈ ဘ
ဘ န ဒ မ ပ ဥ နု ဂေါ  မ ဖ ဘ
(တီ) အတီတဘ၀င်
(န) ဘ၀င်္ဂစလန
(ဒ) ဘ၀င်္ဂုပစ္ဆေဒ
(ပ) ပဉ္စဒွါရာဝဇ္ဖန်း
(စ) စက္ခုဝိညာဏ်
(သံ) သမ္ပဋိစ္ဆိုန်း
(ဏ) သန္တီရဏ
(၀ု) ၀ုဋ္ဌော
(ဇ) ဇော
(တ) တဒါရုံ
(ဘ) ဘ၀င်
(မ) မနောဒွါရာဝဇ္ဖန်း
(ပ) ပရိကံ
(ဥ) ဥပစာ
(နု) အနုလုံ
(ဂေါ) ဂေါတြဘူ
(ဈ) ဈာန်
(မ) မဂ်
(ဖ) ဖိုလ်
တီ န ဒ ပ စ သံ ဏ ၀ု ဇ တ ဘ မ ပ ဥ နု ဂေါ ဈ မ ဖ။

မောင်မင်းစိုး

ရလဒ်
--------
0+0=0
0-0=0
0x0=0
0-ံ့0=0
00000x00000=0
00000+00000=0
00000-000000=0
00000000000000000000-0000000000000000000=0
00000000000000000000+0000000000000000000=0
00000000000000000000x0000000000000000000=0
0000000000000000000000000000000000000000000000x0=0
0+0000000000000000000000000000000000000000000=0
0။
nothing
mg minn soe

Saturday, August 24, 2013

နားခိုရာ

စိုးထိတ်ကြောက်ရွံ့မှုတွေက ကွင်းလုံးအပြည့်
ကမ္ဘာကြီးရဲ့ ၀ပ်ကျင်းတစ်ခုမှာ ၀ဋ်နာတစ်ကောင်လို
ကိုယ့်အနာကို ကိုယ်ပြန်ကိုက်ရင်း ငြိမ်ငြိမ်လေး
ငြိမ့်ငြိမ့်းလေး ငြိမ်းငြိမ်းချမ်းချမ်း နေခဲ့တယ်။

ခြိမ်းခြောက်သံက ခက်ထန်စွာနဲ့ နားပွင့်လုမတတ်
မြင့်မြတ်မှုနဲ့ တည်ဆောက်ထားတဲ့ စိတ်အိမ်မှာ
ဆာလောင်မှုတွေ ချနင်းရင်း ကိုယ့်ဘ၀ကိုယ်
ကိုယ်တိုင် တူးဆွနေခဲ့တယ်။

ကမ္ဘာပြုမိုး ရွာစေဖို့ သွန်ချလိုက်တဲ့ ဝေဒနာက စိုစွတ်စေးကပ်
လူသားတွေ လူစင်မှီဖို့ လူတိုင်းမှာ တာဝန်ရှိတယ်
လွဲမှားမှုတွေ လွင့်စင်ပါစေ
ငြိမ်းချမ်းမှုတွေ ဝေဆာပါစေ
ချစ်ခင်၊ ကြင်နာမှုဟာ အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်တယ်။

“ မွမ်းကျပ်မှုဟာ အသက်ရှုမ၀ဘူး ငှက်တစ်ကောင်ရဲ့
တောင်ပံတွေ ဖြန့်ကားကာ လေဟာနယ်မှာ ပျံသန်းပါ
မျှော်လင့်ခြင်း နတ်သုဒ္ဓါကို တောင်းတကာ ငံ့လင့်ပါ
အသံတိတ် ငိုကြွေးကာ အိပ်မရပါ ”
လွတ်လပ်မှုကို လက်ဖြန့်တောင်းရင်း
ဝေဒနာတေးကို သီဆိုကာ ငြီးမိတယ်။

ဒူးနဲ့မျက်ရည် မသုတ်ချင်တော့ဘူး
ကမ္ဘာဟာ ရှိုက်သံတွေ စဲဖို့လိုတယ်
ကဆုန်ပေါက် ပြေးသွားနေတဲ့ စိတ်ဟာ
ကမ်းကပ်ခွင့်တော့ ရှိရမယ်။

မောင်မင်းစိုး
(၂၃-၈-၂၀၁၃)

လူငယ်နဲ့ အရွေ့

အချိန်နဲ့ တပြေးညီဆိုသလို ရုပ်ဝတ္ထုများဟာ တိုးတက်ပြောင်းလဲ နေခဲ့တယ်။ ‘ဒီတော့ ပြောင်းလဲမှုတွေ နောက် တဟုန်းထိုး လိုက်နေခဲ့ကြတယ်။ မှီတာလဲ ရှိသလို၊ မမှီဘဲနောက်ကျ ကျန်ရစ်ခဲ့တာတွေလည်း ရှိနေခဲ့တယ်။  မမှီရကောင်းလားဆိုပြီး အားမလို အားမရဖြစ်ရင်း ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုတဲ့ လက်ညှိုးထိုးမှုတွေနဲ့ ခရီးဆက်နေခဲ့ကြတယ်။ ဒီလို လက်ညှိုးထိုးနေရုံနဲ့တော့ ပြဿနာကတော့ ပြီးသွားမှာမဟုတ်သလို၊ အမှီလည်း လိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အားလုံးပါဝင်ဖို့ ဒီအချိန်ဟာ အရေးအကြီးဆုံးအချိန်ဖြစ်နေခဲ့တယ်ဆိုတာ လူငယ်တွေအနေနဲ့ သတိရှိရှိ ဖြတ်သန်းနိုင်ကြဖို့ ရည်ရွယ်ရင်းရှိတာကြောင့် လူငယ်နဲ့ အရွေ့ဆိုတဲ့ နာမည်လေး၊ ခေါင်းစဉ်လေး အလိုလိုပေါ်ပေါက်လာတယ်။
    အရွေ့ကတော့ ရွေ့နေကြရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းမရွေ့ဘဲ လက်ပိုက်ကြည့်နေခဲ့မယ်ဆိုရင်တော့ ထူးမခြားနားသဘောနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာပါပဲ။ ဆိုတော့ သူတစ်ပါးကို အပြစ်ဖို့ချနေမယ့်အစား ကိုယ်တိုင်ပါဝင်ပြီးတော့ ကိုယ့်အတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ့်နိုင်ငံအတွက် ဦးဆောင်ဦးရွက်ပြုကာ ဆောင်ရွက်ဖို့ လိုအပ်နေပြီဆိုတာ မမေ့ဖို့တော့ လိုအပ်ပါတယ်။
    ဒီလိုပဲ အရင်လူတွေအနေနဲ့လည်း များသောအားဖြင့်တော့ သူတို့လည်း ကောင်းမယ်ထင်တာတွေကို ဦးစားပေးပြီးတော့ ချီတက်ခဲ့ကြတယ်။ ဒါပေမယ့် လမ်းလွဲကြီးတွေပေါ် လျှောက်ခဲ့ကြတော့ ခရီးက တွင်သင့်သ လောက် မတွင်ဘဲရှိနေခဲ့တယ်။ ဒီတော့ အားမလို အားမရဖြစ်ခဲ့ကြရတယ်။ ဒါကလည်း သဘာဝတစ်ခုပါပဲ။ သို့သော်လည်း ဒီနေ့ဒီအချိန်အခါမှာတော့ ဒါတွေကို သင်္ခန်းစာယူပြီးတော့ ဆက်လျှောက်ရမယ့် လမ်းကြောင်း အမှန်တွေကို ဖောက်ထွက်နိုင်ဖို့၊ တူးဖော်နိုင်ဖို့၊ ရှင်းလင်းစွာ ဖြတ်သန်းနိုင်ဖို့အတွက် မိမိတို့အားလုံးရဲ့ လက် ထဲမှာ ရှိနေခဲ့တယ်။ ကိုယ်လျှောက်တဲ့ လမ်းဟာ ကိုယ့်ပန်းတိုင် ဖြစ်ပါတယ်။ ဒါကြောင့် သတ္တိရှိရှိနဲ့ ရဲရဲဆက်လျှောက်ပါ။ တွေဝေမနေပါနဲ၊ ဆက်လျှောက်ပါ။ လမ်းကြောင်းတွေဟာ ရေးရေးလေးမြင်နေရပါပြီ။ ဒီရေးရေးလေးမြင်နေရတဲ့ လမ်းကြောင်းတွေဟာ အားကုန်ဖွင့်ပြီး တိုးတိုက်သွားမယ်ဆိုရင်တော့ တောင်ကြီး ဖဝါးအောက်ဆိုတဲ့အတိုင်း ရောက်ပါလိမ့်မယ်။ လျှောက်သောသူ ရောက်၏ဆိုတာမျိုးပေါ့။
    မြတ်စွာဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံတော်မူခါနီးမှာ အရမ်းပဲ အလုပ်များတယ်။ ဆယ်လပတ်လုံး ခရီးတွေ မပြတ်တမ်းဆိုသလို သွားလာခဲ့တယ်။ မလ္လမင်းတို့ရဲ့ ဥယျာဉ်ကို မရောက်မချင်း ခရီးတွေဆက်တိုက်သွားခဲ့တာ ပေါ့။ ဘာကြောင့် ဒီလောက်ခရီးတွေ သွားခဲ့တာလဲဆိုရင်တော့ ဝေနေယျသတ္တဝါတွေအတွက်ပါပဲ။ အဲဒီလို ခရီးသွားပြီး မလ္လမင်းတို့ရဲ့ ဥယျာဉ်ကို ရောက်တော့ ကိုယ်တော့်အနေနဲ့ အရမ်းကို ပင်ပန်းနွမ်းနယ်နေပါပြီ။ ဒီတော့ အနားယူချင်တယ်။ အနားယူဖို့ အရှင်အာနန္ဒာကို နေရာပြင်ခိုင်းရတယ်။
    အဲဒီအချိန်မှာ တနုံ့နုံ့ဆိုသလို တွေးရင်း အတွေးမရှင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်။ သူ့နာမည်က သုဘဒ္ဒပရိဗ္ဗိုဇ်တဲ့။ သူက ဘုရားပရိနိဗ္ဗာန်စံတော်မူခါနီးပြီဆိုတာကို သိတယ်။ ပရိဗ္ဗိုဇ်တို့ထုံးစံအတိုင်း အယူဝါဒ တစ်ခုကို စွဲစွဲမြဲမြဲသက်ဝင်နေတယ်။ အချို့လူပြောတာလောက်နဲ့တော့ မယုံကြည်ဘူး။ ဒီတော့ သူ့အနေနဲ့ ဖြစ်နေတဲ့ သံသယ၊ အတွေးမရှင်းတာကို ဘုရားရှင်ကသာလျှင် ဖြေရှင်းပေးနိုင်မယ်ဆိုတာ သိတယ်။ ဒါကြောင့် သူ့အနေနဲ့ ဘုရားရှင်ဆီလာခဲ့တယ်။ ဒီလိုဘုရားရှင်နဲ့ တွေးဖို့လာတယ်ဆိုပေမယ့်  အရှင်အာနန္ဒာက ဘုရားနဲ့ တွေ့ခွင့်မပေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင်က အရမ်းပင်ပန်းနေပြီ။ သူနဲ့စကားတွေ ပြောနေရရင် ပိုပြီးတော့ ပင်ပန်းမယ်။ အနားယူသင့်တယ်။ ဒါကြောင့် တွေ့ခွင့်မပေးဘူး။ နောက်တော့ သုံးကြိမ်တိုင်တိုင် ပယ်နေတာကို ဘုရားရှင်က ကြားတယ်။ ဒါကြောင့် သုဘဒ္ဒကို တွေ့ခွင့်ပေးလိုက်ဖို့ အာနန္ဒာကို မိန့်တော်မူ လိုက်တယ်။
    သူ့အနေနဲ့ ဘာတွေအတွေးမရှင်းတာလဲဆိုတော့ -
    ''အရှင်ဂေါတမ၊ တိတ္ထိဆရာကြီးခြောက်ယောက်ဟာ သူတို့ဝန်ခံတဲ့အတိုင်း၊ သူတို့ သိကြတယ်လား။ သို့မဟုတ်ရင် မသိကြဘူးလား။ တချို့သိကြပြီး၊ တချို့ဆရာကြီးတွေက မသိကြဘူးလား'' ဆိုပြီး လျှောက်တယ်။ ဒီတော့ ဘုရားရှင်က-
    ''သုဘဒ္ဒ၊ သူများတွေရဲ့အကြောင်းကို ဖြေနေဖို့ အချိန်မရှိတော့ဘူး၊ သင့်ကို တရားဟောမယ်။ ဒီတရားကိုသာ ကောင်းစွာနာယူပါ'' ဒီလိုနဲ့ ဘုရားရှင်ဟာ သုဘဒ္ဒကို တရားဟောတယ်။ တရားနာ။ ကြည်ညိုမှု ဖြစ်။ ရဟန်းပြု၊ ရဟန္တာဖြစ်ပေါ့။
    ဒီနေရာမှာ ဘုရားရှင် မိန့်တော်မူခဲ့သလို၊ သူများအကြောင်းပြောနေဖို့ အချိန်မရှိတော့ဘူးဆိုတာပါပဲ။ ကိုယ့်လျှောက်ရမယ့် အရွေ့ကို ကိုယ်တိုင်သာလျှင် တွန်းရွှေ့သွားဖို့ အရေးကြီးပါတယ်။ ကိုယ်လုပ်နိုင်တဲ့ နယ်ပယ် ကနေ အများနဲ့ ပူပေါင်းပါဝင်ပြီးတော့ ပြိုင်တူတွန်းဖို့ လိုအပ်နေပါတယ်။ ဒါကို လူငယ်တွေအနေနဲ့ သတိပြု ရမယ့်အချက်ဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ အရေးကိစ္စမှန်သမျှဟာ နေရာတိုင်း လိုလို လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒီလိုအပ်ချက် ကွက်လပ်ကိုဖြည့်ဆီးပေးဖို့ဆိုရင်တော့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ဖြည့်ဆီးပေးနိုင်မယ့် အရွေ့လေးကို၊ ခပ်ဆတ်ဆတ်ဖြစ်ဖြစ်၊ အသာအယာအဖြစ်၊ လိုအပ်မှုအနေအထား အလျောက် ရွှေ့ကြည့်နိုင်ဖို့ လိုအပ်ပါတယ်။
    ငယ်ငယ်တုန်းက ကျောင်းသားဘဝမှာ သင်ခဲ့ရတဲ့ ကဗျာလေး ခေါင်းထဲရောက်လာတယ်။ အားလုံး လည်း ရပြီးဖြစ်ပါလိမ့်မယ်။ 
    ဇွန်ပန်းရုံအနီး၊ လှည်းဘီး နွံထဲ ကျွံနေသည်။
    ကူ၍တွန်းပေးကြပါ၊ လေးလွန်း၍ မတွန်းနိုင်ဘူးလား။
    ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ တော်တော် အားကောင်းတဲ့ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက တော့ ကဗျာပြိုင်တူ ရွတ်ဖတ်ရပြီး ပျော်ရွှင်ရတာပဲ သိတယ်။ အခုတော့ ကဗျာထဲက ပေးချင်တဲ့မက်ဆေ့ခ်ျ တွေက အရမ်းပဲ များနေပါလား။ အရမ်းပဲ အားကောင်းလှပါလားဆိုတာ သိတော့တယ်။
    နိုင်ငံအနေနဲ့ကတော့ နှစ်ပေါင်းများစွာ နွံထဲ ကျွံနေခဲ့ပါတယ်။ လူမသိ၊ သူမသိနဲ့ ဒီလိုပဲ ဖြတ်သန်း ခဲ့ကြတယ်။ ဘယ်သူ့ကိုမှလည်း အရေးမလုပ်၊ ဘယ်သူကမှလည်း အရေးပြန်မလုပ်တဲ့ အဖြစ်ဆိုးကြီးနဲ့ တိုင်းပြည် ဟာ တော်တော်လေး နွံထဲ ကျွံနေခဲ့ပါတယ်။ ကျွံရုံတင်မကဘဲ နစ်ပါ နေခဲ့တယ်။ ဒီတော့ ကျွံနေတာကို၊ နစ်နေတာကို သိတော့ ကူပြီး တွန်းပေမယ့်လူတွေ၊ တွန်းရွေ့ဖို့ ကြိုးစားခဲ့သူတွေအနေနဲ့ ဆွဲထုတ်ဖို့ ကြိုးစား ခဲ့ကြပေမယ့် အရာမဝင်ခဲ့ဘူး။ ဒီလိုကူညီသူတွေကိုပဲ ရန်သူသဖွယ်သတ်မှတ်ရင်း ဒဏ်တွေ ပေးခဲ့တယ်။ ဒီဒဏ်ရာ ဒဏ်ချက်တွေကြောင့် လူတွေရော၊ တိုင်းပြည်ရော အထိနာခဲ့ရပါတယ်။ ဒါတွေကတော့ နောက်ကြောင်းပြန်ပြီး မပြောချင်ပေမယ့် အနည်းငယ် သိသာအောင် ထုတ်ပြရုံလောက်ပါ။
    ဒီလိုဖြတ်လျှောက်ရမယ့် ခရီးအနေနဲ့ကတော့ တော်တော်လေးကို လျှောက်ရမှာဖြစ်ပါတယ်။ အရမ်းလည်း လေးလံနေပါလိမ့်မယ်။ လေးလွန်းလို့ မတွန်းဘဲ အသာအယာထိုင်ကြည့်နေဦးမယ်ဆိုရင်တော့ ဆင်းရဲတွင်းက ကြာလေနက်လေ ဖြစ်လာဦးမှာပဲ။ ဒီတော့ ဆင်းရဲတွင်းနေက ဆွဲထုတ်၊ တွန်းရွေ့ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေမှာ တာဝန်ရှိနေပါတယ်။ လူငယ်တွေရဲ့ အနာဂတ်ဟာ မကြာခင် ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒီတော့ အခုအချိန်ကစပြီး စွမ်းဆောင်နိုင်မှုတွေနဲ့ ကြိုးစားမှသာ ကိုယ့်လက်ထက်မှာ အဆင်ပြေ ပါလိမ့်မယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းကတော့ မလိုဘူးမဟုတ်ဘူး။ လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ဦးကောင်း တစ်ယောက်ကောင်းလောက်ကိုသာ အားကိုးနေလို့တော့ မဖြစ်ဘူး။ ဒီလို တစ်ဦးတစ်ယောက်ကို သာ အားကိုးပြီး ကိုယ်ကဘာမှမလုပ်ဘဲ ဘေးကနေ အသာအယာနေပြီး ဘေးထိုင် ဘုပြောနေဦးမယ်ဆိုရင်တော့ အောင်မြင်မှု၊ ဖွံ့ဖြိုးမှုဟာ ဝေးနေပါလိမ့်ဦးမယ်။ ဒီတော့ အများအားနဲ့ စုပေါင်းပြီးတော့ ပြိုင်တူတွန်းရွှေ့ဖို့ လိုအပ်ပါတယ်။ ဒီလို အတူတကွ လက်တွဲပြီး ပူပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုရင်တော့ မကြာခင်အချိန်အတွင်း မှာ အဖူးအပွင့်တွေနဲ့ ဝေဆာနေတဲ့ တိုင်းပြည်အဖြစ် သာယာလှပတဲ့၊ အများကစိတ်ဝင်တစား လေ့လာရမယ့် ဥယျာဉ်ကြီး ဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။
    ဒါကြောင့် အရွေ့ကို သိသာတဲ့ တွန်းရွှေ့မှုတွေနဲ့ မူဟောင်းတွေကို ပြောင်းလဲပါ။ လူတိုင်းမှာ တာဝန်ရှိတဲ့ အတိုင်း ဘာသိဘာသာ မနေပါနဲ့။ တစ်ဦးကောင်းတစ်ယောက်ကောင်းကိုလည်း မျှော်လင့်မနေပါနဲ့။ ပြိုင်တူ တွန်းရွှေ့နိုင်အောင် ကြိုးစားပါ။ လက်ညှိုးထိုးတာတွေကို ရပ်ပါ။ ဒီလိုသာ သိသာတဲ့အပြောင်းအလဲနဲ့ လမ်းကြောင်းမှန်ပေါ်ကို အတူတကွ လက်တွဲပြီး ဆက်လျှောက်မယ်ဆိုရင်၊ ငြိမ်သက်နေပြီး မလှုပ်မရှားဖြစ်နေတဲ့ တိုင်းပြည်ကြီးကို လူငယ်တွေအနေနဲ့ အားကောင်းမောင်းသန် ပြိုင်တူတွန်းရွှေ့နိုင်လျှင်တော့ မကြာခင်မှာ ပွင့်လင်းမြင်သာတဲ့၊ ခေတ်မီတဲ့၊ သာယာဝပြောတဲ့ အနေအထားရောက်ပြီး ကမ္ဘာကြီးကို ရင်ပေါင်တန်း လျှောက် လှမ်းနိုင်လိမ့်မယ်ဆိုတာပါပဲ။
မောင်မင်းစိုး

Tuesday, July 30, 2013

သူမ ကွေ့ဝင်လာတဲ့ ဖြတ်ရွှေ့ကျောမှာ ရပ်နေခဲ့တယ်

ဆိုင်းမဆင့် ဗုံမဆင့် လေပြည်က လမ်းကြောင်းပြောင်းပြီး
ချိုးဝင်လာခဲ့တယ် မည်လာတဲ့ မက်ဆေ့ခ်ျသံကို ဖွင့်လိုက်တော့
သဲ့သဲ့လေး တုန်ခါသွားတဲ့ တေ့လွဲမှုက လေဖိအားနည်း ရပ်ဝန်းမှာ
မုန်တိုင်းဟာ ပြိုကျမလာခဲ့ဘူး အော်သံကြားလို့ လှည့်ကြည့်လိုက်တော့
ဝတ်ရုံနက်ဟာ လေချွန်သံနဲ့အတူ အိပ်မက်ကို ပုတ်နှိုးလိုက်တယ်
လွင့်စင်သွားတဲ့ ကစဉ်ကလျားဖြစ်တည်မှုက တစ်စစီ တိုက်ထုတ်သွားခဲ့ရင်း
ရန်ကုန်မိုးရဲ့ အစိုးမရမှုနဲ့အတူ ညာသံပေးရင်း တဟုန်းထိုး ကြွေကျလာတဲ့
မိုးစက်တွေအောက်မှာ ကြောက်လန့်မှုက သွေးပျက်ဖွယ်ကောင်းလောက်အောင်
ခြောက်လှန့်လို့ လေဆန်လမ်းမှာ ပြန်ကြွသွားတဲ့ ခြေသံက ပြင်းထန်လွန်းတယ်
၈၀၂၅မှာ ကုဒ်နံပါတ်ရဲ့ မှားယွင်းမှုဟာ ဆက်သွယ်မှုနဲ့ ဝေးကွားခဲ့တယ်
နောက်နောက်ခေါက်ဆိုတဲ့ တံခါးခေါက်သံက ရိုးပြတ်တောမှာ
ရပ်တန့်နေတဲ့ ရင်ခွင်ကို ဆူပွက်စေခဲ့တယ် သြဥဆွဲသံနဲ့အတူ ရန်ကုန်ဟာ
မီးသတ်ကားတွေနဲ့ ပွက်လောညံစီနေခဲ့တယ် လေပြည် မင်လာခဲ့တဲ့လမ်းခရီးက
အနာအဆာမရှိပေမယ့် မင်းပြန်သွားမယ့် ခရီးခဲက လောကရဲ့အမှောင်ထုကို
မှားယွင်းမှုတွေနဲ့ ကြီးစိုးနေခဲ့တယ် လှလှပပ မှားယွင်းလိုက်တိုက် စိတ်အလုပ်ဟာ
မိုက်မဲမှုလို့ ဆိုချင်ပေမယ့် ဒါဟာ စိတ်ဒဏ်ရာရဲ့ အစာကြေဆေး ဖြစ်ပါတယ်
ရှိုက်သံနဲ့အတူ လွင့်မြောသွားတဲ့ မဟူရာညနက်ဟာ ပါးပါးလာခဲ့ရင်း
သူမ ကွေ့ဝင်လာတဲ့ ဖြတ်ရွေ့ကျောမှာ ရပ်တန့်နေခဲ့ပါတယ်။

မောင်မင်းစိုး
(၃၀-၇-၂၀၁၃)

Friday, June 28, 2013

မဟာသမယသုတ် ရွတ်ဆိုခြင်းနှင့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း။


    လိုရာပြည့်ဝ မဟာသမယသုတ်တော်များ စာအုပ် မျက်နှာဖုံး



        အခမ်းအနားသို့ ကြွရောက်လာသော ဆရာတော်များ
         အခမ်းအနားသို့ ကြွရောက်လာသော ဆရာတော်များနှင့် ဧည့်ပရိသတ်များ

        အခမ်းအနားသို့ ကြွရောက်လာသော ဧည့်ပရိသတ်များ


          လှရတနာဆရာတော် ရေးသားအပ်သော " လိုရာပြည့်ဝ မဟာသမယသုတ်တော်များ ''
 ဒီဘက်ခေတ်မှာ နတ်ချစ်ဆေးဖြစ်လို့ ခေါ်ဆိုရမည့် မဟာသမယသုတ်တော်များနှင့်
ပတ်သက်ပြီး အပြည့်စုံဆုံးစာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို (၂၀၁၃-၅-၂၃) နယုန်လပြည့် မဟာသမယအခါတော်နေ့တွင် ဗဟန်း၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ လှရတနာကျောင်းတွင်
ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မဟာသမယသုတ်နှင့် ပတ်သက်သော အစီအစဉ်များကို ကျင်းပခြင်း၊ စာအုပ်မိတ်ဆက်ပွဲ
အခမ်းအနား ကျင်းပခြင်းကို ပြုလုပ်ခဲ့ပါသည်။
၁။ အခမ်းအနားကို နမောတဿ သုံးကြိမ်း ရွတ်ဆိုပြီး ဖွင့်လှစ်ခြင်း။
၂။ ရန်ကုန်းတိုင်း၊ သံဃနာယကအဖွဲ့ဝင်ဖြစ်သော ဓမ္မဓရကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်ခြင်း။
၃။ ဆရာဦးဇော်မျိုးအောင်မှ မဟာသမယသုတ် ဘုရားရှိခိုးဂါထာ နိဿယဖြင့် ဆုတောင်းပူဇော်ခြင်း။
၎။ သင်တန်းသူ မသီရိက နယုန်လပြည့်နေ့တွင် မဟာသမယသအခါတော်နေ့ ကျင်းပရခြင်းအကြောင်း လျှောက်ထားခြင်း။
၅။ သာသနာ့ဂုဏ်ရည်ဆရာတော် ဦးဝိလာသ(ဝေမိုး၊ကျွန်းလှ)မှ လိုရာပြည့်ဝ မဟာသမယသုတ်တော်များ စာအုပ်မိတ်ဆက်ပေးခြင်။
၆။ လှူဖွယ်ဝတ္ထုဆက်ကပ်ခြင်း။
၇။ မသီသီဟန်မှ မဟာသမယသုတ်သမိုင်းကို လျှောက်ထားခြင်း။
၈။ မလှကျော့ဦးမှ မဟာသမယသုတ်အမွှန်း ဧကပိုဒ်ရတု ရွတ်ဆိုခြင်း။
၉။ ပိဋကတ်သိင်္ဂီကျောင်းဆရာတော် ဦးပညာသေဋ္ဌာလင်္ကာရ မှ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း။
၁၀။ ကြွရောက်လာကြသည့် ဆရာတော်များ၊ ပရိသတ်အားလုံးတို့မှ မဟာသမယသုတ်တော်ကို သံပြိုင်ရွတ်ဆိုခြင်း။
၁၁။ လိုရာပြည့်ဝ မဟာသမယသုတ်တော်များ စာအုပ်ကို ရေးသားသူ လှရတနာဆရာတော်         အရှင်နာရဒါဘိဝံသ( ပထမကျော်၊ အဂမဟာအကျော်၊ အဋ္ဌကထာပြန်အကျော်၊ သ စ အ ဓမ္မာစရိယ၊ ၀ဋံသကာ၊ ပါဠိပါရဂူ)မှ အနုမောဒနာဟောကြားပြီး ရေစက်သွန်းချ အမျှအတန်းပေးဝေခြင်း။
၁၂။ ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်ခြင်း။
`   စသော အစီအစဉ်များဖြင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ကြောင်း။

Saturday, May 25, 2013

မကြာခင် ထွက်ရှိလာမည့် (၉)အုပ်မြောက်
စာအုပ်လေး။

ဆန့်ကျင်ဘက်အလှ

အမြင်ကောင်းမှ အကောင်းမြင်မှာလား
အကောင်းမြင်မှ အမြင်ကောင်းမှာလား
သေချာတာက
အမြင်ကောင်းဖို့ အကောင်းမြင်ဖို့ လိုတယ်
အကောင်းမြင်ဖို့ အမြင်ကောင်းဖို့ လိုတယ်။
ပြည်တွင်းဖြစ် ထွက်ကုန်တစ်ခုက
စစ်။
တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်တွင်းရောင်းကုန်တစ်ခုက
အပြုံး။
စစ်ကို အပြုံးနဲ့ တုံ့ပြန်မလား
အပြုံးကို စစ်နဲ့ တိုက်ခိုက်မှာလား
ရှင်းရှင်းလေးပဲ ကုန်ကျစရိတ်မရှိတဲ့
မေတ္တာတရားကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း
ကမ္ဘာပြုမိုး ရွာစေ။
ပဋိပက္ခဆိုတာ နာကျင်မှုကို ပေါက်ဖွားစေပြီး
သဟဇာတဆိုတာ ကြင်နာမှုကို မွေးဖွားစေတယ်
ဒါဟာ ရိုးရှင်းလှတဲ့ ဆန့်ကျင်ဘက် အလှတရားပါပဲ။

မောင်မင်းစိုး

သမီးလေး

ဟို အဝေးကြီးက မှုန်ပြပြနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကြယ်ကလေး
အထီးကျန်မှုတွေကို ထိုးအန်ချလိုက်တယ်။
 " ဒယ်ဒီ၊ နေကောင်းလား "
" သမီးလေး လွမ်းလိုက်တာ "
 မျက်ဝန်းမှာ ခိုတွဲနေတဲ့ မျက်ရည်စလေးတွေ
 မျှော်လင့်တကြီး ရွာချလိုက်တော့
နာကျင်မှုတွေက ခံရခက်တယ်
တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်အစုံမှာ
ရှင်သန်ခြင်းတွေ ဝေနေခဲ့တယ်။
 '' သမီးလေးရော ''
'' နေကောင်းရဲ့လား''
'' ဒယ်ဒီလည်း လွမ်းရပါတယ်ကွယ် ''
 ဆာလောင်နေတဲ့ ချစ်ခြင်းမေတ္တာတွေအတွက်
တိုက်ပွဲခေါ်သံကို နားစွန့်နေရတယ်
သမီးရဲ့ ကြယ်ကလေး လင်းလက်ဖို့
ကိုယ်ကျင့်တရားကို မီးထွန်းညှိလိုက်တယ်။
 မောင်မင်းစိုး

အလွဲများ

လူ့ဘ၀ဆိုတာ လွဲမှားနေတဲ့ သပ်ပုံလို
အဓိပ္ပာယ်မယှိပေမယ့် ဖျည့်ဖတ်လို့ရတယ်
ဘာသာဗေဓဆိုတာ အရေးကြီးတဲ့ လူလုပ် လက်နက်လား
အာယုံနောက်တယ်။
လက်ငြှိုးနဲ့ လက်မကို ၀ိုင်းပြတတ်ရင်
လူ့ဘ၀ရဲ့ တဒင်္ဂနေထိုင်မှုအတွက် ယှဉ်သန်လို့ရပြီ။
 ပြော်စရာတွေအတွက် ပျောစရာတွေ အမြားကြီးပဲ
တစ်ရောက်စီရဲ့ မြက်လုံးကို ဖပ်သပ်ရင်
နားလည်လို့ ရတယ်။
 တကယ်တော့ ခင်ဗျားရော၊ ကြုပ်ရော
ဘာမှမဟုတ်တာတွေအတွက် ညင်းခုန်နေကျတာ။
 အခု ဒီစာသားရဲ့ လွဲမှားနေတဲ့ သပ်ပုံတွေကို ဖျည့်ဖတ်တတ်ရင် ပြီးသာပါဘဲ။
 မောင်မင်းစိုး
 (21-5-2013)

လက်ခံရရှိထားတဲ့ သဘောတရားများ (၁)

အရှိတရားကို ဆက်စပ်တွေးတော ငြိမ့်ညောင်းသာယာတဲ့ အသံတစ်ခုလို ဘ၀ကို မျောပါ လွင့်မျောနေမှုဖြစ်စဉ် ကံသဘောတရားအတိုင်း အဆိုး အကောင်းကို လက်ခံရင်း ရှင်းလင်းစွာ ပုံဖော်မှု မပြတ်စီးဆင်းနေသော ရေအလျဉ်တံခါးမှာ လက်ထောက်ပြီး အာရုံလာလျှင် အတွေးကို ပတ်ကြည့် ရှေ့ဆက်လျှောက် မပြတ်စဲတဲ့ ဖြစ်စဉ်များနဲ့ စိတ်အလုပ် လုပ် ဘ၀မပြတ်သေးခင် ရှင်သန်ရမယ့် တရားများဟာ စီးမျောလို့ ။ နေထိုင်မကောင်းမှု တွင်းကျပ်လှောင်ပိတ်မှု ဖမ်းဆုပ်မရဖြစ်မှုတို့နှင့် အကြောင်းတရားရဲ့ လာရာလမ်းကို တွေးတောကြံဆရင်း နာကျင်လာသော စကားလုံးများ/ အသံများရဲ့ ဖမ်းဆုပ်မရမှုတို့ကြောင့် ဖက်တွယ်ထားတဲ့ အရာများကို ထွေးပိုက်မထားဘဲ ဖြတ်ချလိုက် အရာရာကို စောင့်ကြည့်လေ့လာ ဆုပ်ကိုင်ထားတဲ့အရာမှန်သမျှကို ဖြေချလိုက် ဒါဟာ မရေရာတဲ့သဘောကို ဖက်တွယ်မနေခြင်းနဲ့ အနာဂတ်ကို ရှုမျှော်ခင်းပမာ စောင့်ကြည့်ခြင်း အလုပ်လည်း ဖြစ်တယ်။ အမြင်အာရုံအသစ်တို့ဟာ လှပတဲ့နှောင်ဖွဲ့မှုတွေနဲ့ သိမ်းသွင်းခြင်း ခံရလိမ့်မယ် အနိုင် အရှုံးဆိုတာ လက်ခံသူရဲ့ သဘောထားအပေါ်မှာ မူတည်တယ် သီအိုရီအရမှာတော့ Win - Win လား Lose - Lose လား မသေချာ ဖြစ်နိုင်ချေအပေါ်မှာ အသွေးအသားများကို ခွဲခြမ်းစိပ်ဖြာလို့ ပျစ်ပျစ်ချွဲချွဲ အရည်ဖျော် လောင်းထည့် နူးအောင် နှပ် ကျက်အောင် ချက် ကြေအောင် ခြေ ဒါဆို အသင့်အနေအထားအတိုင်း ၀င်ရောက်လာမယ့် ပကတိအရှိတရားကို လက်ခံလို့ ရပြီ။ အနေအထားမမှန်ရင် လက်ရှိ ကိုယ်ဟန်ကို ပြောင်းပစ်လိုက် အသိအသစ်ကြောင့် စိတ်ကစဉ်ကလျားဖြစ်စဉ်များ၊ အာရုံများေ၀၀ါးမှုများ နားလည်လက်ခံထားတဲ့ သင်္ကေတများဟာ ချုပ်နှောင်မှုကြောင့် တင်းကျပ်နေခဲ့ရင် အဆင့်ဆင့်ဖြတ်ကျော်ရမယ့် အခြေခံ သဘောတရားများအတိုင်း တစ်လှမ်းခြင်း လှမ်းတက် ပိတ်ဆို့နေတဲ့ အနေအထားကို ကျော်လွှား ပန်းတိုင်များရှိရာသို့ ဦးတည်မောင်းနှင်ရင်း ဆောက်တည်ရမယ့် ကြိယာများကို စနစ်တကျ ထား၊ ရေချိန်မကိုက်သေးရင် ချိန်သီးမှာ စိတ်ကိုဖမ်းထား၊ တည့်တည့်ချိန်ရွယ်ထားတဲ့ ဒြဗ်ဖြစ်စဉ်တွေ လွင့်စင်သွားရင် ခဏလောက် အနားယူလို့ ရပြီ။ အနားယူပြီး အသိဥာဏ်ကို ဆက်လက်အားမွေးထား လက်ခံထားတဲ့ သဘောတရားတို့ရဲ့ မသေချာမှုများ အဆက်အစပ်များ၊ ကွင်းဆက်များ၊ နိယာမများ၊ အကြောင်း အကျိုးများ မရှင်းမလင်းဖြစ်နေသေးလျှင် အသိဥာဏ်ကို ပုတ် နှိုး စူးစမ်းဆင်ခြင်မှုများနဲ့ ခွာချ လောကကြီးအတွက် ပညတ်ထားတဲ့ တရားသေ သဘောတရားများကို တစ်စစီ ရှင်းထုတ် လင်းပွင့်လာတဲ့ မသေချာမှုတွေဟာ လက်မခံနိုင်စရာအဖြစ် ဖြာကျလာလိမ့်မယ် ဒါဟာ fixed ဖြစ်နေတဲ့ သိမှုအစဉ်ကို လွှာထုတ်ခြင်းလည်းဖြစ်တယ်။ လက်ခံယုံကြည်နိုင်မှု အားပျော့နေသေးလျှင် အန်ခရီးယေးတစ်ဆိုတဲ့ ၀ါဒတစ်ခုကို ဒူးရွှန့် ထုတ်ပြခဲ့သလို စိတ်အလုပ်လုပ် ဖြစ်နိုင်ချေဆိုတာ တီထွင်သူအတွက် လင်းပွင့်လာမယ့် အလှတရား ခြုံလွှာများရဲ့ ပိတ်လှောင်မှုကြောင့် ရွဲ့စောင်းနေတဲ့ အတ္တကို လှီးဖြတ် လမ်းများရဲ့ မူမမှန်မှု မှန်သမျှကို ရှောင်ကွင်း သွား အတိမ်းအစောင်းဆိုတာ ရှိမယ် ၊ နားလည်လက်ခံထားတဲ့ အရာတွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြန်လည်တည့်မတ်ရင် ထောင်မတ်သွားပါလိမ့်မယ် ငယ်ငယ်က ဆရာတစ်ယောက် ရွတ်ပြခဲ့တဲ့ စာသားလေးအတိုင်းပါပဲ။
The first time is hard.
 The ten times is easy.
The thousand times is automatic.
(မိမိလက်ခံထားတဲ့ သဘောတရားများကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ကဗျာပုံစံနဲ့ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကဗျာ ဖြစ်၊ မဖြစ်ဆိုတာ လက်ခံသူရဲ့ သဘောထား အတိုင်းပါပဲ၊ ဖြစ်၊ မဖြစ်ဆိုတာကို ငြင်းခုံမနေချင်ပါ။ )
 ကျေးဇူးတင်စွာဖြင့်
 မောင်မင်းစိုး (17-5-2013)

Monday, May 13, 2013

ရိုးသားဆန်းပြားစေသော သစ်သစ်လွင်လွင် တစ်ခါသုံး

ရိုးသားဆန်းပြားစေသော သစ်သစ်လွင်လွင် တစ်ခါသုံး


လူတစ်ယောက်နဲ့ လူတစ်ယောက်ကြား ဘယ်နှစ်ရာခိုင်နူန်းပျော်ဝင်သင်
့သလဲ ချစ်ခြင်းမေတ္တာ
အသက်တစ်မျှဆိုသော ခံစားချက် တစ်ခုတည်းသော ဦးနှောက်လှိုင်းဂယက်
ဓာတ်ပြုနေသော အဆုံးသတ်ရဲ့ သံလိုက်လှိုင်း
အဖို အမ လျှပ်စီးမှုမှာ ချစ်ခြင်းမေတ္တာ သည် ဓာတ်စားခံတစ်ခုပမာ
ချစ်ခြင်းမေတ္တာ ၊နားလည်မှု ၊ကိုယ်ချင်းစာတရား၊ စာနာထောက်ထားမှု
လူအဖွဲ့ အစည်းဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်းလို
တစ်လောကလုံးကို ချစ်ပြနေတဲ့ ကြွေးကြော်သံမှာ ပြောင်းပြန်အချိုးကျနေခဲ့
အသားကျတည်ဆောက်ထားသော ပန္နက်မှာ အရှိန်ဘယ်လောက်ယူရမလဲ
ပစ်မှတ်ကိုတည့်တည့်ဖော်စပ်ရန်
အရေခွံတွေ တစ်လွှာချင်းခွာချစေဦးတော့
ရိုးသားခြင်းသည် အနည်းဆုံး  ဆိုရင် ဆိုသလောက် ကျန်ရှိသင့်သော အရာ
ဘ၀ဟာ ရုပ်ဝတ္တူသက်သက် အသုံးချခံပစ္စည်းတွေနဲ့ 
အသုံးချခန္ဒာတစ်ခုကို အသုံးကျကျ အသုံးတော်ခံသင့်ရဲ့
အသုံးကျလို့  အသုံးချခံခဲ့သမျှ အဆုံးအစမဲ့ အိပ်မက်ဆိုး
ပါးနူနူမှာ လက်ကလေးအသာပုတ်လို့  လှုပ်နိုးသင့်ခဲ့ပြီ။
ကျွန်မပီဇာမကြိုက်ဘူး
ကျစ်ကျစ်ပါအောင် ဆုပ်ထားသော နာလိုခံခက်မှုတွေ
အသားကျပြီးသား ရင်ရနံ့ ကို အသွင်ပြောင်းခြင်းဟာ ငရဲပဲ
လူမမယ်ကလေးတစ်ယောက်ရဲ့  မျက်ဝန်းဟာ ငလျင်အသေးစားတစ်ခု
နူတ်ခမ်းသားပေါ်က ဆေးရောင်တွေ ၀ါးမျိုချနေသလိုမျိုး
အိပ်စက်ခြင်းကို တငိးတင်းစေ့ရင်း လိုချင်တဲ့ လိုင်းကိုချိတ်ဆက်လိုသူရဲ့ 
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်တွင်း
ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင်
စိတ်က ညီမျှခြင်းညှိလို့ မရ  ကင်ဆာဆဲလ်တွေ အဆာအိမ်ထဲ ပွားလာ
ပေးဆပ်မှုဟာ လေထဲလွင့်ပါသွားသလို ဖုန်ထခြင်းသပ်သပ်သာ
ပန်ကာအောက်ထိုင်နေတဲံအပူ အတွင်းမီး အပြင်မီး ပတ်ပတ်လည်ချထားမိ ရုပ်ဝတ္တူပစ္စည်းစုံ
လွတ်မချရက်ခဲ့ ရင်းနှီးမြုပ်နှံမိသော မေတ္တာတရားဟာ ဘယ်ကိုစီးဝင်ရမှန်းမသိ
ရင်အမြုံက ချစ်ခြင်းမေတ္တာကို မမွေးဖွားနိုင်တော့ဘူး
တွားတက်လာတဲ့ အရေပြားတစ်ထောက်စာ ဆာလောင်မှုကြောင့် ယုံကြည်ချက် နဲ့ နဲ့ 
အပူရှိန်ပြင်းပြင်းအောက် အာတိတ်ရေခဲပြင်ကြီးမျောပါလာခဲ့
ချစ်မေတ္တာ အမည်ခံပြိုင်ဆိုင်မှုမှာ သူက အချီနဲ့  ကိုယ်ကအချနဲ့ 
အဲဒီမှာ စိတ်တစ်ခုလုံး ဗောလော မော
အံ့ဆွဲထဲဝင် ငွေစက္ကူတွေ ပွတ်သပ်နေမိတာလဲ တစ်စုံတစ်ရာနောက် ပုန်းကွယ်လို့ ရလိုရငြား
လူပုံအလယ်ရောက်တိုင်း ပခုံးနှစ်ဖက်က လျောကျလာတဲ့ လက်အစုံဟာ အပိုပစ္စည်း
ဘာသာစကားမဲ့  သက်ရှိအရွေ့ က အဲ့ဒီနှုတ်ခမ်းသားပဲ
စိတ်အတွင်းသား ချို့ ယွင်းမှုမှာ သူငယ်အိမ်စောင်းနေတဲံ့  မျက်ဝန်းအစုံနဲ့ 
အပြစ်ရှိ လူသားပါ
အပစ်ပယ်ခံ လူသားပီပီ
ကိုယ့်လက်ယက်ကျင်းလေးထဲ  ကိုယ်ဝပ်နေရတာ ကမ္ဘာကြီးရဲ့ 
ဖောက်ပြန်ပျက်ယွင်းမှုတွေနဲ့  အလွှာပါးပါးခြားထားခံနေရသလို
ဘာကိုပျော်ရွှင်ရမှန်းမသိ
ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှန်းမသိ
အလန့် တကြား တအော်သံထဲက သစ္စာတရားမှာ မျက်အိမ်ထောင့်ကို သွေးချောင်းစီးစေလာ
အနေမတတ်တဲ့ ကောင်းကင်ဟာ တိမ်ညို တိမ်မည်းအပြည့်
မိုးအဖြစ် ပျော်ကျဖူးချင်ရဲ့ 
အတ္တကို အခြေပြု မာနတရားဟာ ရှိသင့်ရဲ့ လား….
ကိုယ့်ကိုကိုယ်ပဲ ကညောနေဖြစ်ခဲ့။               ။

မြ(၁၀၅၂၀၁၃)

Saturday, May 11, 2013

မြန်မာ့ကဗျာရာသီဥတု ထုတ်ပြန်ကြေငြာချက်

မုတ်သုံလေ အားနည်းမှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်တင့် ရှိမည် သိစိတ်အားနည်းမှုကြောင့် မြန်မာ့ကဗျာရာသီဥတု ဖောက်ပြန်နေခြင်း ဖြစ်သည်။ ရင်းမြစ်များ၏ အားနည်းမှုဖြစ်ခြင်း ဖြစ်မှု မသေချာခြင်း အကြောင်း အကျိုး မခိုင်လုံခြင်း ပုံတူကူးချခြင်း အာရုံ ထွေပြားခြင်း ခဏငယ်များ ချုပ်ပျောက်ပျက်စီးခြင်း အထက်ဖော်ပြပါ အင်္ဂါရပ်များကြောင့် မြန်မာ့ကဗျာရာသီဥတု ဖောက်ပြန်ကြောင်းနှင့် ရုပ်လုံးမကြွမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။ သတင်းအစုံလင်မှာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာပြီးနောက် ရေပြင်မြေပြင်လေဟာ တစ်နာရီ မိုင်သုံးဆယ်အထက် တိုက်ခိုက်နိုင်ကြောင်း သိရှိရပြီး နိယာမတရားများ၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်စဉ်များ အားပျော့ခြင်း ခိုင်လုံတိကျသော အကြောင်း အကျိုးမရှိခြင်း အာရုံးများေ၀၀ါးနေခြင်း စိတ်ဖြစ်စဉ်များ ရွေ့လျားနေခြင်း ဖြစ်ပေါ်ပြီးတိုင် မခိုင်မြဲဘဲ ချုပ်ပျောက်ပျက်စီးသွားခြင်း ကိုယ်ပိုင်ဥာဏ်ကို ဦးစားမပေးခြင်း နိုင်ငံတကာကို ပုံတူကူးချခြင်းစသည်တို့ကြောင့် မြန်မာ့ကဗျာရာသီဥတုသည် တစ်နာနီလျင် မိုင်သုံးရာအထိ တိုက်ခိုင်နေပါသည်။ ဖြစ်တည်မှု၏ ရင်းမြစ်များ မွမ်းကျပ်မှုဖြစ်စဉ် ဆာလောင်မှုဖြစ်စဉ် သိစိတ်၏ ထိုးဖောက်နိုင်စွမ်းဖြစ်စဉ် အင်အားကောင်းသော ဗဟုဖြစ်စဉ် အရေးအရာများကို ထိုက်သင့်သလို အသုံးချမှုဖြစ်စဉ် ရုပ်ဝတ္ထုများကို လိုအပ်သလို သုံးစွဲတတ်ခြင်းဖြစ်စဉ် ကိုယ်ပိုင်ခံစားချက်၏ အရေးပါမှု ဖြစ်စဉ် ဒဏ်ရာများ၏ အခဲမကြေမှုဖြစ်စဉ် အစွဲအသီးသီး၏ မင်းမှုနေမှုဖြစ်စဉ် များဖြစ်ပါသည်။ မရေရာသော ဖြစ်တည်မှုများမှာ ကဗျာနည်းပညာကို ကိုလိုနီပြုခြင်း ရှိမှုမသေချာခြင်း သိမှုမသေချာခြင်း အလင်းအမှောင်နှင့် အာရုံခံစားမှုေ၀၀ါးခြင်း ပုံရိပ်များ၏ မထင်မရှားမှုဖြစ်ခြင်း အရိပ်မထွက်ခြင်း ရင်းစားများ ပြန်မရခြင်း ခေတ်စနစ်ဆိုးများ ဖြာကျနေခြင်း ပွင့်လင်းမြင်သာမှု မရှိသေးခြင်း နာမ်တရားများနှင့် ရုပ်တရားများကို ခွဲခြားမသိမြင်နိုင်သေးခြင်း အာရုံငါးပါး၏ ရှင်းလင်းပီသမှု မရှိသေးခြင်း ဖြစ်ပျက်တစ်ခုပေါ်သို့ ဥာဏ်ကစားနိုင်မှု မရှိသေးခြင်း အရာရာကို သတိမမူနိုင်သေးခြင်း နိုင်လိုမင်းထက်မှုများ ကြီးစိုးနေသေးခြင်း များဖြစ်ပါသည်။ အရာရာသည် ဖြစ်ပျက်နှစ်ခုမှာ မှီတည်နေပါသဖြင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ခြင်းထက် မြန်မာ့ကဗျာရာသီဥတုသည် တဖြည်းဖြည်းဖြင့် ရွေ့လျားပျောက်ကွယ်မှုများနှင့် စခန်းသွားနေ ရပါကြောင်း မြန်မာ့ကဗျာရာသီဥတု၏ အရေးကြီး သတိပေးချက်ကို ထုတ်ပြန်ကြေငြာအပ်ပါသည်။ မောင်မင်းစိုး (၇-၆-၂၀၁၀)

Tuesday, May 7, 2013

အတုတွေ

အတု အတုတွေ အတု အတုတွေ အ အ တု တု အတုတွေ အတုတွေက တစ်နိုင်ငံလုံးကို စိမ့်ဝင်စီးဆင်းနေခဲ့တယ် နယ်ခြားဂိတ်ရဲ့ မလုံခြုံမှုတွေ ခေတ်မီတဲ့ ဓာတုဗေဒ စမ်းသပ်မှုကြိယာ မရှိမှုတွေ လုံလောက်တဲ့ အသိဥာဏ် ၀န်ဆောင်မှု မရှိမှုတွေ အတုတွေက တုတုပပနဲ့ တုပ်နှောင်ရင်း တိုးဝင်လာခဲ့တယ် အတုတွေက အသက်တွေကို နှုတ်တယ် အတုတွေက လူသားဖြစ်တည်မှုကို အရေးမစိုက်ဘူး အတုတွေက ကျန်းမာရေးကို အလေးမထားဘူး အတုတွေက လာဘ်ပေးလာဘ်ယူမှုတွေကို အားပေးအားမြှောက် အတုတွေက ကိုယ်ကျင့်တရားကို နင်းဖဲ့ချွေချ အတုတွေက နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးမှုကို ဆုတ်ယုတ်စေတယ် အတုတွေက အတုတွေနဲ့ သယံဇာတတွေကို သိမ်းပိုက် အတုတွေက အတုတွေနဲ့ အာဏာကို ပွေ့ဖက် အတင်းဝင် အတင်းထွက် အတုတွေဟာ ဘာကောင်းကျိုးကိုမှ မပေးဘူး အတုတွေက အတုတွေနဲ့ နယ်မြေချဲ့ထွင် အတုတွေနဲ့ လူမျိုးစုကို ၀ါးမျို အတုတွေက အတုတွေနဲ့ လူယောင်ဆောင်လာခဲ့တယ်။ အတု အတု အတုတွေ အတုတွေ အတု အအအအ တုတုတုတု အတုတွေ အတုတွေ တစ်တုပြီး တစ်တု တိုးဝင် ငါးထောင်၊ တစ်သောင်းတန်စတဲ့ ငွေစက္ကူအတုတွေ လူသားများရဲ့ တိုးတက်မှုလမ်းပေါ်ကနေ လမ်းကြောင်းတွေ လမ်းလွှဲစေတယ် အနာရောဂါမျိုးစုံအတွက် အတုတွေက တစ်ခုပြီး တစ်ခု တစ်တုပြီး တစ်တု ဆန်အတု ဆီအတု ကြက်ဥအတု အသားအတု မုန့်အတု ဖျော်ရည်အတု စားသောက်ဖွယ်မျိုးစုံအတု အတုတွေက ထင်ယောင်ထင်မှားစွာနဲ့ အိုင်တီခေတ်မှာ ခေတ်နဲ့အတူ မျောပါသွားဖို့ စံမမီတဲ့ ကုန်ပစ္စည်းအတုတွေ တံဆိပ်မျိုးစုံအတုတွေကလည်း သိသိသာသာ/ မသိမသာ တိုးဝင်လာခဲ့တယ် လူမဆန်တဲ့ လူတွေရဲ့ တီထွင်မှုနဲ့ အတုတွေဟာ နိုင်ငံအ၀ှမ်းမှာ လူတန်းစားမျိုးစုံ နေရာမျိုးစုံ ပစ္စည်းမျိုးစုံ လွှမ်းခြုံရစ်ပတ်နေခဲ့တယ် အတုတွေ အတုတွေ အတု အတုတွေ စိတ်ဓာတ်အတု အကြင်နာအတု နားလည်မှုအတု စာနာမှုအတု လူအတု မေတ္တာအတု စေတနာအတု ကူညီမှုအတုစတဲ့ အတု အတု အတုတွေ အတု အတု အတုတွေ အတု အတု အတုတွေ အတု အတု အတုတွေ အတု အတု အတုတွေ အတု အတုတွေ အအအအအအအအအအအအအ တုတုတုတုတုတုတုတုတုတုတုတုတုတုတု အတု အတုတွေက ကမ္ဘာလောကကြီးရဲ့ လူသားမျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးပစ်နေခဲ့တယ်။ မောင်မင်းစိုး (၅/၅/၂၀၁၃)

အမှောင်ည

ဆာလောင်နေတဲ့ အသံတွေကို ကြားချင်ရင် လက်ကို မြဲမြဲတွဲထား၊ တင်းတင်းဆုပ်ထား နှစ်လိုဖွယ်မျက်ဝန်းအစုံကို သံသရာနဲ့ချီပြီး မှတ်မိအောင် စူးစူးစိုက်ကြည့်။ ကာရံမလိုဘူး စကားလုံးတွေကို အဆို့ အပိတ် အဆီး အတားမဲ့စွာ ဖြေချ လွှတ်ချ အန်ချ နောက်တစ်နာရီဆိုတာ ဘာဖြစ်မယ် မသိဘူး ထုံအီနေတဲ့ ဆံနွယ်စလေးရဲ့ အနံ့အသက်ဟာ ရင်ဝအထိ စူးနစ်ပျော်ဝင်သွား မျက်တောင် မခတ်မိဖို့လိုတယ် တစ်စက္ကန့်လေးတောင် ပျောက်ကွယ်မသွားချင်ဘူး အိမ်ပြန်ချိန်ကို မေ့ထား ကိုယ့်ရင်ခွင်ဟာ မင်းအတွက် အိမ်ကြီးဂနိုင်လည်း ဖြစ်တယ်။ ပါးပြင်ထက်မှာ စုနေခဲ့တဲ့ ချွေးဥလေးတွေကို မုန်းတဲ့အကြောင်း မပြောတော့ပါဘူး အချိန်ကာလတစ်ခုရဲ့ တိုက်စားမှု မြန်နှုံးက အလင်းအလျဉ်ထက် မြန်နေခဲ့တာကို မုန်းတယ် နွေးနွေးထွေးထွေး ရစ်ပတ်ထားတဲ့ လက်အစုံဟာ တစ်စုံတစ်ခုရဲ့ တွန်းဖယ် ဖြတ်ချလိုက်အပြီး အရောင်အသွေးစုံနေတဲ့ ရတနာတွေက အသက်ကို နှုတ်ယူပစ်တယ် စူးစူးဝါးဝါး အော်သံတွေနဲ့ ညဟာ ပိုမည်းလာတယ် လောကအမှောင်ထက် လောဘအမှောင်က ပိုနက်တယ် တစ်ကိုယ်လုံး သွေးချင်းချင်းနီ ဒဏ်ရာဒဏ်ချက်တွေက မည်းညိုစွဲကပ် လူမဆန်မှုရဲ့ ပြင်းထန်တဲ့ အမှတ်တံဆိပ်တွေပဲ တင်းကျပ်စွာ ပွေ့ဖက်ထားတဲ့ လက်အစုံကို ဖြုတ်ချလိုက်တော့ အပြန်လမ်းဟာ မည်းမှောင်နေခဲ့တယ် အလွမ်းနာကျနေတဲ့ ငှက်ပျိုမလေးလည်း အိပ်တန်းမပျံနိုင်တော့ဘူး။ မောင်မင်းစိုး မှတ်ချက်။ ။ ပြည်မြို့က ချစ်သူနှစ်ယောက် ချိန်းတွေ့စဉ် လူမဆန်တဲ့ သတ်ဖြတ်မှု ကြောင့် အသက်ဆုံးသွားရတဲ့ လူငယ်လေးသို့။

အရူးတစ်ယောက်ရဲ့ အူသံ

ကာရံထားတဲ့ နံရံကို မျက်နှာမူပြီး ငါရပ်စောင့်နေခဲ့တယ် ပြာဝေလာတဲ့ မျက်လုံးအစုံကို အတင်းပိတ်ကြည့်လိုက်တယ် ငရဲမီးထက် ပူပြင်းတဲ့ မျက်ရည်စီးချောင်းက ပါးပြင်ပေါ် သွန်ကျလာတယ် ငါခေါ်တယ် ပြန်မထူးဘူး ပိတ်ထားတဲ့ ဖုံးကို ဖွင့်လိုက်ပါလားကွယ် တောင်းပန်သံတွေက ရင်ထဲမှာ မြည်ဟီးနေခဲ့တယ် အရူးတစ်ယောက်လို ကစင်ကလျား ပြန့်လွင့်မှုတွေက ရေကြည်ပေမယ့် မြက်မနုတော့ဘူး မည်းမှောင်အောင် ထူပိန်းနေတဲ့ ကောင်ကင်ပြင်ကြီးကို ငေးမောကြည့်မိတယ် မမြင်ရတဲ့ သက်မဲ့တွေက လူသားဖြစ်တည်မှုအတွက် အရေးမပါဘူး ထိပ်လန့်ခဲ့ရတဲ့ နေ့ရက်တွေနဲ့ အိပ်မရတဲ့ ညနက်တွေကို ကြောက်တယ် တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုနဲ့ ပစ်ပေါက်ခံရပြီးတဲ့နောက် အိပ်ယာပေါ် မျက်နှာအပ်ရင်း စိတ်ဒဏ်ရာတွေက ထထဖောက်တယ် မေတ္တာတရားရဲ့ အတိမ်အနက်မှာ ငြိမ်ချက်သား ကောင်းလှတဲ့ မျှော်လင့်ခြင်း အလင်းတန်းကို ပြန်လည်ဆုပ်ကိုင်ခွင့် ပြုပါ မိုးပြိုမှာ တွေးကြောက်နေရတဲ့ အပြစ်မဲ့လူသားတစ်ယောက်ရဲ့ အူသံတွေကို နားထောင်ပေးပါ လူသားဆန်တဲ့ အပြုအမူက လွဲရင် ဘာကိုမှ ဖက်တွယ်မထားပါဘူး သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိတဲ့ စကားတွေကို ကြားချင်မိတယ် အပြစ်မရှိပါဘူးဆိုတဲ့ စကားအတွက် တုန့်ပြန်မှုက စက်ပိတ်ထားခြင်းလား ဆာလောင်မှုအတွက် လတ်ဆတ်မှုမရှိတဲ့ ပန်းသီးတစ်လုံးလောက်တောင် မျှော်လင့်ချက်မရှိတော့ဘူးလား ဘ၀ကလဲ ပျားရည်တစ်စက်လောက်တောင် မချိုမြတော့ဘူး အမေရယ် . . . အရူးတစ်ယောက်ရဲ့ ရှင်သန်ခြင်းကို လမ်းပြပေးပါ။ ဘ၀အမှောင်ထဲ တိုးတိုးတိတ်တိတ် တိုးဝင်နေရတဲ့ ကြောက်ရွံ့ခြင်းတွေကို ရင်ဆိုင်ဖြေရှင်းပေးပါ။ '' ရက်စက်လိုက်တာ " ဆိုတဲ့ စကားလုံးလေးကိုပဲ ထပ်တလဲလဲ ငြီးညူရင်း လူတွေကို တွေးပြီး ကြောက်နေခဲ့ရပါတယ်။ မောင်မင်းစိုး (၄-၂၅-၂၀၁၃)

Saturday, April 20, 2013

ဖမ်းဆုပ်လို့မရသေးတဲ့ ပဋိပက္ခ

ငါတို့ဟာ မတူညီတဲ့ ဆုံမှတ်တွေကို လှော်ခတ်ရင်း ရွက်လွှင့်နေကြတာ
မချစ်သော်လည်း အောင့်ကာနမ်းခဲ့ပေမယ့် ပန်းတိုင်းက
ဝေးတယ် လွဲမှားတဲ့အမြင်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်
တုပ်နှောင်ရင်း အနာပေါ် ဒုက်ကျသလို နာနာကျင်ကျင်နဲ့ ထုဆစ်ပုံဖော်ခဲ့ကြတယ်
လှိုင်းတံပိုးတွေ ပြင်းထန်လှတဲ့ ပင်လယ်ထဲ မမောမပမ်း ခြေကုန်လက်ပမ်း ကူးခတ်လို့
ရင်းစားပြန်မရတဲ့ ပေးဆပ်မှုတွေနဲ့ နေနေခဲ့ရတယ် ခံစားမှုလွန်ကဲတဲ့
အတွေးနဲ့ အသိဥာဏ်ဦးစီးတဲ့အမြင်ဟာ လှပစွာ မှားယွင်းပြီး
 တေ့လွဲလွဲနေခဲ့ကြတယ် သဲသဲကွဲကွဲ မမြင်နိုင်တဲ့ လောကအမှောင်ထဲ
စမ်းတ၀ါးဝါးလျှောက်လို့ မိုးမျှော်တိုက်တွေ ယိုင်နဲ့လာတယ်
ဆွေးမြေ့လာတယ် ကျိုးပဲ့လာတယ် ကြီးမားတဲ့ အက်ကြောင်းတွေ
ဟိုတစ်စ ဒီတစ်စဆိုသလို ထလာခဲ့တယ် ရှေးရိုးစွဲမူဝါဒတွေက

 တွင်တွင်ကျယ်ကျယ်နဲ့ အခုထိ မင်းမူနေခဲ့တယ် တွေးလေတွေးလေ
 အငတ်မပြေနိုင်တဲ့ မူလဘူတလမ်းကြောင်းဟာ တောကြီးမျက်မည်းထဲ
ဟီးထလောက်အောင် သောင်းကြမ်းနေခဲ့တယ် နှလုံးသားရေးမှာ
ကံမကောင်းခဲ့သလို အပြုံးတရားရေးရာမှာ နိမိတ်မကောင်းခဲ့ဘူး
 အတိတ်ကို ငေးမောရင်း ကံစီမံရာအတိုင်းနဲ့ ဖြေသာနေခဲ့ပေမယ့်
 မနက်ဖြန်များစွာက ဘယ်ခလုတ်နှိပ်နှိပ် အဆို့အပိတ်တွေကို
ဖောက်ထွက်နိုင်မှာမဟုတ်ဘူး ရှားပါးလှတယ်ဆိုတဲ့ မျိုးစိတ်တစ်ခုအတွက်
ကိုယ့်နှလုံးသားကို အန်ကျွေးသင့်ရင် လက်ထိုးအန်ချလိုက်ပါမယ်
 တစ်ဆို့နေခဲ့တဲ့ မာနကိုလည်း ဖြိုလှဲပေးလိုက်ပါမယ် တဖြည်းဖြည်း
မှုန်ဝါးသွားတဲ့ ကြယ်ကလေးရဲ့ လာရာလမ်းကို ငေးမောကြည့်ရင်း
ဘ၀ကို ခပ်ပါးပါးလေး ပုတ်ကြည့်လိုက်တော့ အောင်မြင်မှုတွေ
လမ်းပျောက်နေသလို ပျော်ရွှင်မှုတွေ သွေဖယ်နေခဲ့ပါတယ်။
 မောင်မင်းစိုး
 (၁၈-၄-၂၀၁၃)

သို့ . . . ကမ္ဘာကြီး နာကျင်စွာနဲ့ ဒီကဗျာကို ရေးလိုက်တယ်။

သို့ . . . ကမ္ဘာကြီး
နာကျင်စွာနဲ့ ဒီကဗျာကို ရေးလိုက်တယ်။
----------------------------------------------
လှပတဲ့နှောင်ဖွဲ့မှုတွေနဲ့ လှောင်အိမ်ကြီးက စကားပြောတယ်
ဖွယ်ဖွယ်ရာရာ ခင်းကျင်းထားတဲ့ ရုပ်ဝတ္ထုတွေဟာ ဘ၀ရဲ့လောင်စာတွေပါ
အသွင်သဏ္ဍာန်တွေရဲ့ နောက်ကွယ်က မျက်ရည်စီးကြောင်းက ချောင်းပေါက်တော့မယ်
မေတ္တာစစ်တွေ ကြင်နာမှုတွေ စာနာမှုတွေ နားလည်မှုတွေ မျှော်လင့်ခြင်းတွေ ခွင့်လွှတ်မှုတွေ
သည်းခံမှုတွေ ညှာတာမှုတွေ တရားမျှတမှုတွေ ပေးလိုက်ပါ
ထည်ဝါမှုတွေနဲ့ ချည်နှောင်မထားလိုက်ပါနဲ့
ညစဉ် ခြောက်လှန့်လို့ သွေးပျက်ဖွယ်တွေနဲ့ အိပ်ရေးပျက်ခဲ့ရတဲ့ ဝေဒနာတွေ
ဆက်သွယ်မှု ပြင်ပက တုန့်ပြန်မှုမရှိတဲ့ ပယောဂတွေ
ခြေလှမ်းတိုင်းမှာ ခွာမရအောင် ပူးကပ်နေတဲ့ တားမြစ်မှုတွေ
မျှော်လင့်ခြင်း အလင်းတန်းလေးတောင် ဖြာကျမလာတဲ့ ၀င်္ကပါစည်းတွေ
အပြုံးတစ်ခုအတွက် ဟန်ဆောင်မှုနဲ့ တည်ဆောက်ရတဲ့ နာကျင်ခံခက်တွေ
တခစ်ခစ် ရယ်မောသံတွေအတွက် မက်ခဲ့ရတဲ့ အိပ်မက်တွေနဲ့
ဘ၀တစ်ခုလုံး မျောပါနေခဲ့တယ်။
တစ်စစီ ကျိုးပဲ့နေတဲ့ နှလုံးသားနုနုကို ပြန်ဆက်ပေးလိုက်ပါ
တစ်ခန်းလုံး ပူပြင်းနေတဲ့ အတွင်းအပြင် မီးတောက်တွေကို ငြှိမ်းသတ်ပေးလိုက်ပါ
အဆက်စပ်မဲ့ စီးမျောနေတဲ့ စကားလုံးတွေကို ပြန်စုစည်းပေးလိုက်ပါ
အိပ်ယာပေါ် ယိုစီးနေတဲ့ မျက်ရည်တွေကို သုတ်သင်ပေးလိုက်ပါ
ဆာလောင်နေတဲ့ နာကျင်မှု ဝေဒနာတွေကို ဖြေသိမ့်ပေးလိုက်ပါ
စူးနစ်ဝင်နေတဲ့ စိတ်ဒဏ်ရာတွေကို နုတ်ပယ်ပေးလိုက်ပါ
ကမ္ဘာကြီးရေ . . .
နာကျင်စွာနဲ့ပဲ ဒီကဗျာကို ရေးလိုက်ပါတယ်။

မောင်မင်းစိုး
(၁၇ / ၄ / ၂၀၁၃)
မှတ်ချက်။   ။ တစ်စုံတစ်ယောက်ကို ရည်ညွှန်းပြီး ဒီကဗျာကို ရေးပါသည်။
.

Saturday, April 13, 2013

ခေတ်သစ်နတ်ဆိုး



တခုပ်တရနဲ့ ဆုပ်ကိုင်ထားတဲ့ မသေချာခြင်းတွေကို လွှတ်ချ
အော်ပရေးရှင်းခန်းထဲက မေ့ဆေးမပျယ်သေးတဲ့ ခွဲစိတ်လူနာဟာ
ကံကြမ္မာနဲ့ အလဲအလှယ်ပြုရင်း အသက်ငင်နေခဲ့သလို ခိုင်မာတဲ့
စိတ်ဒဏ်ရာတွေက ဘယ်လိုပဲ ပွတ်တိုက်ချေချွတ် ပြောင်လက်မသွားဘူး
ဆို့ထားတဲ့အဆို့ ပိတ်ထားတဲ့ အပိတ်တွေ သပ်ထားတဲ့ သပ်ပင်းတွေ တွေဟာ အလုပ်မဖြစ်တော့ဘူး နတ်ဘုရားကလဲ ခြေသည်းလက်သည်းတွေ ၀ှက်ထားဆဲ မိစ္ဆာကောင်ကလဲ အရိပ်သုံးပါး နားမလည် နင်းပြား...ဘ၀ဟာ
နင်းပြီးမပြားစေနဲ့ ငါးဖယ်လိုစိတ်ထား ပေါချောင်ကောင်းစိတ်နဲ့ စဉ်းစားဥာဏ်
မရှိတဲ့ လူတစ်စုကလဲ ကိုယ်စီးထားတဲ့ မြင်းတစ်ကောင်လို ဖြည်းဖြည်းလေး တွန်းရွေ့ကြည့် ဤကို ကျွဲမဖတ်ချင်နေ ခပ်ဆတ်ဆတ် ထိုးဆိတ်ထားတဲ့ အနာကိုတော့ ဒဏ်ရာလို့ သိပါ ကံဆိုတာ စမ်းစရာမဟုတ်ဘူး ဆန်းဆန်းပြားပြား တစ်တစ်ရစ်ရစ် တီထွင်ရင်း ကိုယ့်ဒူးကိုယ်ချွန် ကောလာဟလနဲ့ သွေးထိုးစမ်းတဲ့ခေတ်မှာ သြကာသနဲ့ ဖြေရှင်းရင်း
မောနေတဲ့ ဘ၀ကို အနားယူ ဒါဟာ ထောင်မြင်လို့ ရာစွန့်တဲ့ စိတ်ဓာတ်မဟုတ် ဘူး ပတ်ခြာဝိုင်းနေတဲ့ ဘေးကြီးသုံးပါးဟာ လူမြင်ကွင်းထဲ ရောက်နေပြီ။ ။

မောင်မင်းစိုး

ခေတ်ကခေတ်ကို ပြန်ကိုက်လိုက်တော့ ခက်ခဲမှုတွေက ပလုံစီနေခဲ့တယ်



မုန်းပြီးချစ်နေရသူတွေရဲ့ ဓားသွားက ရင်ညွှန့်ကို စိုက်ဝင်နေခဲ့တယ်
ချစ်ပြီးမုန်းနေရသူတွေရဲ့ အပြုံးက နောက်ကြောကို အသာအယာထိုးစိုက်နေခဲ့ပြန်တယ်
ခံစစ်မှာ ရပ်တန့်ဖို့ ထိုးစစ်ကို ပြန်းဆုပ်လိုက်ပေမယ့် လှပတဲ့နှောင်ဖွဲ့မှုတွေက
တင်းတင်းရင်းရင်း ချည်နှောင်နေခဲ့တယ် ပေါက်ဖော်...ကြီးရယ် စာနာမှုဟာ လောကမှာ
အလိုအပ်ဆုံးတေးသွားပါကွယ် မုန်းစကိုတိုစေ ချစ်စကိုရှည်စေဆိုပေမယ့်
အပြန်လမ်းက မသက်သာဘူး ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးတစ်ကောင်လို့ မြည်သံတွေ မစဲတော့
နှုတ်ချိုသျှိုတစ်ပါးကလည်း လူရာမ၀င်တော့ဘူး ခေတ်ကိုခေတ်က ပြန်ကိုက်နေတာလား
ခါးသီးတဲ့ခေတ်ကို ခက်ခက်ခဲခဲ ခါချနိုင်ဖို့ ခံစစ်မှာ ရပ်လိုက်ပါ ဖိုနေတဲ့ရင်ဟာ မီးထမတောက်ဘဲ
ကိုယ့်အနာကို ကိုယ်တိုင်ကြက်ပူတိုက်နေရတယ် ရောင်ကိုင်းနေတဲ့ ပြည်တည်နာက ဘယ်တော့ ကျက်မယ်မသိ
ပူမှာစိုးရင်တော့ ကိုင်ထားတဲ့ ထီးကို ထုတ်ဆောင်းရလိမ့်မယ် တစ်ထောင့်တစ်ည ပုံပြင်ရဲ့ နောက်ဆုံးဇာတ်လမ်းဟာ
ကြိုင်တင်တွက်ဆထားတဲ့အတိုင်း လှုပ်လည်းမလှုပ်သာ ရုန်းကန်နေတဲ့ စိတ်တွေက ပိုပြီးမာကျောနေခဲ့တယ်
ကလော်လိုက်တဲ့ ကလိမ်ကကျစ်တွေက နားနဲ့မဆန့်တော့ဘူး ကိုယ့်ထိုးကိုယ်ပိုး ကိုယ့်ဝန်ကိုယ်ထမ်း
ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်ခြေထောက်ဟာ အသားမာတွေနဲ့ ကျင့်သားရနေပြီ
ကောင်းပေ့ဆိုတဲ့ ဆာလောင်မှုတွေအတွက် ခလုတ်တစ်ချက်နှိပ်ဖွင့်လိုက်တော့ သွေးပျက်ဖွယ် ဘ၀တွေက နာနာကျင်ကျင်နဲ့
အူသံတွေ မစဲတော့ဘူး။

မောင်မင်းစိုး
(၄-၁၃-၂၀၁၃)

Tuesday, April 9, 2013

ပုလိပ်ဘက်မှအစီရင်ခံစာ တိုးနှောင်မိုး

သူသည်စာကျေပြီးကလောင်စွမ်းထက်မြက်ကာ
တစ်ပြည်လုံးနီးပါးလောက်
လှည့်ခဲ့ပြီးလျှင်
သင်္ကာမကင်းဖွယ် လူတစ်ယောက်ဖြစ်ပေ၏။
လူအများဖြင်.ရင်းနီးကျွမ်းဝင်လွယ်သောသူဖြစ်၏။
 ကြုံရာကျဘမ်းနေစာအိပ်သောသူဖြစ်၏။
စောင့်ကြည့်နေပါသည်
လူဝင်လူထွက်တွေကများလွန်းသည်
ဧည့်စရင်းပုံမှန်စစ်သော်လည်း
သူ့.မိသားစုကလွဲပြီးသူစိမ်းကိုမတွေ့.။
 ညမအိပ်သောသူဖြစ်သည် သူ.အခန်းကမီးအမြဲလင်းနေသည်
သူတွင်စာရွက်စာတမ်းတချို.ရှိမည်
ထင်မှတ်ပြီးဝင်ရှာသောအခါဘာမှမတွေ့.။
 သူ.အိမ်တွင်သူစိမ်းရှိနေတာသိသော်လည်းရှာမတွေ.။
 ကောင်းဆရာတစ်ဦး
 စာရေးဆရာတစ်ဦး
 အရက်သမားတစ်ဦးတို.ဖြင့်ရပ်ကွက်ထဲတွင်နေထိုင်ပြီး
 စကားတွေအကြာကြီးပြောသောသူ
 နားထောင်ကြည့်သော်လည်းနားမလည် ဖမ်ချုပ်ဝရမ်းထုပ်မည်လော။
သူ.ကိုဝင်ရောက်ရှာဖွေတိုင်း
သွေးအေးအေးဖြင့် ကြည့်နေတတ်သည်။
သူ.တွင်မိတ္တူကူးထားသောဒေါင်းပုံစာရွက်တွေ့.ရှိခဲ့သည်
ထိုစာရွက်တွင်ဘာစာမှမပါ အချုပ်ထဲတွင်မထားပဲ
ထောင်ထဲတန်းပို.ထားလိုက်ပါသည်။ ။
 တိုးနှောင်မိုး

Thursday, March 21, 2013

အန်ခရီယေးတစ်



အ န်     ခ      ရီ     ယေး     တစ်
အန် ချလိုက်ကုန်အောင် ပြောင်အောင် ဘာမှ ငုံမထားနဲ့
ခ ရီးရောက်မဆိုက် ပြောရဦးမယ် ဒီမှာ နေခြင်းနဲ့ သေခြင်းခြား ငြင်းခုန်နေခဲ့တယ်
ရီ လေးခို ထီးကလေကို ထုတ်ဆောင်း ပူလား၊ စိုလား လုံခြုံသွားမှုဟာ အရေးကြီး
ယေး လ် တက္ကသိုလ်မှာ မသင်ခဲ့ရသမျှဟာ အရေးမပါဘူးဆိုတာ မဟုတ်ဘူး
တစ် ခါတလေ ကဗျာတွေဟာ လူမှုနယ်ပယ်ထဲ မျောပါနေခဲ့တယ်။
အန်     ခ     ရီ     ယေး     တစ်

မောင် မင်း စိုး

Tuesday, March 19, 2013

ရောင်စုံ... ရောင်စုန်း... ရောင်စုံ... ရောင်စုန်း




လွတ်လပ်မှုကို အာခေါင်ထဲက ထွေးချလိုက်ပြီ မသိတော့ ခံလိုက်ရ အဲဒါကြောင့် ပုရွက်ဆိတ်ကို ဆင်က ချီ
ဥပမာကွာ ဘာဖြစ်တော့ ဘာဖြစ်သလဲ ငိုတဲ့ မျက်ရည်တွေ တွေ့လိုက်ရင် စကြ၀ဠာမျက်လုံး စုတ်ထွက်
ငါးလေးတွေ ကူးခတ် အထဲကို အကုန်မှုတ်သွင်းလိုက်သလို စုပ်ယူလိုက်ခြင်းမျိုးလည်း ဖြစ်နိုင် ခံစားမှုတက်လာပြီ
မျိုးရိုးဗီဇကို စစ်ေ၀၀ါးကွေ့ကောက် ပုလဲတွေ စာသားတွေ ဟိတ်ခြေလှမ်း တည့်တည့်ပွတ်ပါ ဒီဂျေ
မုန့်ကြွပ် ဘာသဘောလဲ နာရီ ဂျယ်လီတုံးလေးတွေ တုန် တတုန်တုန် တုန် ခိုဖြူ ရေထဲက အရိပ်
ကြယ်တံခွန်ရဲ့ အရှိန် အ၀ါရဲ့ အရောင် မျောက်လို အတိတ် လေးထောင့်တိမ် မီးပန်းခဲ မြေပုံ
ဘယ်ရောက်သွားပြီလဲ ပြာအဖြစ် ရှိတယ်လေ အမြင့်ရဲ့ မြင်ကွင်း ရေအောက်ရဲ့ အမြုပ်
ဒိုင်ယာရီမျက်ဝန်း အသည်းနှိုက်လက် ခဲခံထားရတဲ့ ခြေ ပွင့်နေတဲ့ ခေါင်း ပန်းနေတဲ့ ကြယ်
အောက်က ကြွက်ထောင်ချောက်ကျသံ ကြားရတယ် (ယငရဲ့ စကားတစ်ခွန်း) အိုကွာ ကမ္ဘာကြီး (ရေရွတ်သံတစ်ခု)
စီစီတီဗီ အကာနဲ့ အကွယ်မရှိ ကုန်းထတဲ့ ချော်ပေါက် ထိပ်ဖူးရဲ့ ဦး ကန့်သတ်ချက်ရဲ့ မျဉ်း
တောင်အရပ်လှည့်ထားတဲ့ ဘောင် ခြေထောက်ကို လှုပ်မယ် လှုပ်မယ် မှန်ကို ကြည့်
ငါးကို လွှတ် အချစ်ကို ဖမ်း ဆုပ်ထားတဲ့ မိုးကြိုး ချိန်းဘရောင် အချိုးအဆစ် အနေကြာ ၀င်္ကပါ
ကောင်းသော နေ့ မကောင်းသော နေ့ အိပ်စက် ထထိုင် ပျံလွှား ဆန့်တန်းရမည်ဟု
လေမှာ ယိမ်းနွဲ့ ဝေဟင်မှာ ငေးစိုက် မြေပြင်မှာ လှန်အိပ်ထားတဲ့ အက ဦးထုပ်ချွတ်ခု
ကြိတ်စက်နဲ့ ကြိတ် ပါးလွှာအရေပြား ထက်သော ခွဲစိတ်ဓား လူကြီးမင်း ရွက်
ရှေးရှေးတုန်းက အားးးးးးးးး ရှီးးးးးးးးးးးးးးးးးးးးးးး စပါးတောင်လို ပုံ မြေသြဇာ
သူ့နှုတ်ခမ်းက ဘဲငန်း ချွန်၍ သွယ်လျစင်းလွန်းသော နှာခေါင်း စူး
ကျားချောင်းရာကြီး ကျားကြီး ချောင်းရာကြီး လေလို ရင်ကို ခွဲပြမယ်
မျက်နှာမှာ ကပ်နေတဲ့ အမာရွတ်ဖတ် လက်ညှိုးသေနတ်တွေက အပီရိုး လှိုင်း
အမင်္ဂလာမဟုတ်ကြရင်တော့ မင်္ဂလာပါ မင်္ဂလာမအိပ်သေးဘူးဆိုရင်တော့
မင်းရဲ့ အသိဥာဏ်ကြီးတစ်ခုလုံးကို မင်းတက်နင်းရက်တယ် အခွံ
အသံထွက်စေတဲ့ အသံပေါက်တွေက အသံထောင်ထွက်တယ်
စိုပါစေ သင်္ကြန်ရေ ထင်ပါစေ ငြိမ်းချမ်းရေး ကုန်ကြမ်းယူဦးမလားနှင့် ကုန်ချော
မိုးနဲ့ မြေပြင် ရေပြင် လေပြင် ဝေဟင် အကုန်အေးစက်
လှုပ် ယမ်း ခါ လှုပ် ယမ်း ခါ လှုပ် ယမ်း ခါ လှုပ် ယမ်း ခါ တွန့်လိမ်
မိမိအပြင်အပကို မိမိဆောင့်ရုန်းကန်တွန်းထိုးခုန်ချ ပွက်ထ
လျှပ်များစွာနဲ့ဆိုရင် ထန်းလက်လေးတော့ ကာရမှာပဲ စီးနေပြီ စီးကျနေပြီ
ပျောက်ဆုံးသွားစေသော လမ်း ဖုံး ကာ သဲ သဲ မဲ မဲ နင်း

စိုးမင်းအောင်
12:19 AM
20-Mar-2013
e the rest of your post here.

Saturday, March 16, 2013

သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာ(၅)

သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာဆိုပြီး ရေးလာလိုက်တာ အခုတော့ငါးလမြောက်တောင် ရောက်ခဲ့ပါပြီ။ အထူးသဖြင့်တော့ လောလောလတ်လတ် ဂရက်ရိုက်နေခဲ့တဲ့ သတင်းလေးတွေကို အတုယူ ဆင်ခြင်နိုင်ဖို့အတွက် ရေးသားခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမျှ သာစေ၊ နာစေဆိုတဲ့သဘောနဲ့ ရေးသားခြင်းလည်း မဟုတ်ပါဘူး။ သို့အတွက် သတင်းရဲ့အရင်းအမြစ်ကို ခိုင်လုံတိကျမှု ရရှိသော်လည်းပဲ တချို့သောသတင်းများဟာ ပုဂ္ဂိုလ်ရေးထိခိုက်စေမှာကို စိုးရိမ်မိတဲ့အတွက် နေရာဌာန၊ နာမည်စတာတွေကို ချန်ထားပြီး ကျောရိုးလောက်ပဲ ယူပြီး ဆင်ခြင်နိုင်ဖို့၊ အတုယူနိုင်ဖို့၊ ရှောင်ကြဉ်နိုင်ဖို့ ဦးတည်ပြီးရေးသားခြင်း ဖြစ်ပါတယ်။ အခုလောလောလတ်လတ် ဟစ် ဖြစ်နေတဲ့သတင်းကတော့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှု အပြောင်းအလဲ သတင်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံပိုင် သတင်းစာများနဲ့ ဂျာနယ်များမှာလည်း ဒီသတင်းတွေကပဲ နေရာအတော်များများ ယူထားခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဒီသတင်းလေးကို ဦးစွာ တင်ပြချင်ပါတယ်။ ဒီဇင်ဘာလဆန်းလောက်ကနေ နိုင်ငံအဝှန်း မှာ ပြုပြင်ပြောင်းလဲဖို့အရေး အခြေပျိုးပြီး ရွေးခြယ်နေကြတာ အခုအချိန်အထိလည်း မပြီးနိုင်သေးပါဘူး။ ဒီနေရာမှာ အထူးသတိထား ရမှာကတော့ စနစ်ဟောင်းကြီးရဲ့ ကြိုးကိုင်မှုမျိုးတွေ ရှိနေတာတွေ၊ နောက်ပြီး လွှတ်တော်မှလူများ ပါဝင်ပတ်သက်နေတာတွေ၊ မသမာမှုတွေနဲ့ ရပ်မိရပ်ဖဆိုသူ ငါးဦးရဲ့လက်သိပ်ထိုး လုပ်ရပ်တွေ စသဖြင့်ကြားနေရပါတယ်။ မိမိတို့နိုင်ငံဟာ အခုမှဒီမိုကရေစီစနစ်ကို ချီတက်နေတာ နှစ်အနည်းအတွင်းမှာပဲ ရှိသေးပါတယ်။ အပျိုစစ်စစ် ဒီမိုကရေစီ နိုင်ငံအသစ်လေးကို အဓမ္မမုဒိန်းကျင့်နေတဲ့ အကျင့်ပျက်သူတွေရဲ့ လုပ်ရပ်ဟာ တိုးတက်မှုလမ်းကြောင်းပေါ်ကနေ ဘယ်လိုမှ လျှောက်လှမ်းလို့ မရနိုင်ပါဘူး။ အာဏာရှင်စနစ်ဆိုးရဲ့ အမွေအဖြစ် ဆက်လက်ထိန်းသိမ်းထားချင်ဟန်လည်း တူပါတယ်။ ဒီလိုအကျင့် ဆိုးတွေ ရှိနေသမျှတော့ ပြုပြင်ပြောင်းလဲမှုတွေဟာ တုံ့နှေးနေဦးမယ်ဆိုတာကို ပြောချင်ပါတယ်။ မသူတော်တွေရဲ့ လုပ်ရပ်မျိုးဆို တာတွေဟာ တစ်နေ့ ပုတ်လို့ပေါ်လာရတာချည်းပါပဲ။ တချို့ဆို ပါတီတွင်းမှာတောင် အထက်အောက် နားလည်မှုလွဲမှားပြီး အောက်ခြေ အဆင့်တွေမှာ ဖြစ်ချင်တိုင်းဖြစ်၊ ဖုံးမရဖိမရတော့ ပေါလောပေါ်လာပြီး ဒီငါးခုန်းမတွေကြောင့် တစ်လှေလုံးမကဘဲ တစ်နိုင်ငံလုံး ပုတ်သွားနေတဲ့ အသံတွေကလည်း နေ့စဉ်ရက်ဆိုသလို ကြားနေရဆဲပါပဲ။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အထူးသဖြင့်တော့ အာဏာမက်လို့ပါပဲ။ အာဏာဘာလို့မက်တာလဲဆိုပြန်တော့ ပညာÓာဏ်နည်းပါးမှုက အထူးသဖြင့် ချယ်လှယ်ခံလိုက်ရတာလဲဖြစ်ပါတယ်။ ဒီတော့ မစဉ်းစားတတ်ဘူးပေါ့။ ကိုယ်ကျင့်တရားကို လည်း ထိုးကျွေးသင့်ရင် ထိုးကျွေးလိုက်မှာပဲ။ ဆိုတော့ ငို့ဘသမားတွေရဲ့ လက်ထဲမှာ အပြောင်းအလဲနဲ့ ဆက်လက်ချီတက်နေဦးမယ် ဆိုရင်တော့ ဒုံရင်းဒုံရင်းနဲ့ နလန်ထူးနိုင်ဖို့ ခက်ခဲနေပါလိမ့်မယ်။ နေရာတိုင်းမှာဖြစ်နေတာတော့လည်း မဟုတ်ပါဘူး။ ပညာတတ်တွေ ဦးဆောင်တဲ့နေရာမှာတော့ တကယ့်အခြေခံလူထုရဲ့သဘောထားနဲ့ ကိုက်ညီတဲ့ ရလဒ်တွေနဲ့ ပြောင်းလဲမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေကဘဲ သတင်းအဖြစ် တက်လာတာဆိုတော့ ဒီသတင်းကို အခြေခံပြီး ပြောရတာ ဖြစ်တဲ့အတွက် ဒီလိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေဆီကို ချီတက်သွားတဲ့လူတွေကိုတော့ အားနာလှပါတယ်။ ခွေးကလူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ လူကခွေးကို ကိုက်တာမှသတင်းဆိုတဲ့ နာမည်ကျော်စာရေးဆရာကြီးရဲ့ အဆိုလိုပါပဲ ဒီလို သူတော်ကောင်းတွေကြားမှ မတရားမှု၊ မမျှတမှုနဲ့ အတင်းအဓမ္မယူချင်တဲ့ အာဏာရူးတွေဟာ သတင်းလူသားအဖြစ် စာမျက်နှာတွေပေါ် တက်လာခဲ့တာဆိုတော့ သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာအဖြစ် ဒါကို ပထမအနေနဲ့ ရေးသားရခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ တေသကုဏဇာတ်တော်က ပညာရှိသူရဲ့ အရည်အသွေးအနည်းငယ်ကို ထုတ်ပြလိုပါတယ်။ လောကမှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ သူတွေမှာ အားငါးမျိုးရှိတယ်။ မိမိရဲ့ လက်ရုံးရည်အား၊ စည်းစိမ်ဥစ္စာအား၊ အမတ်ဗိုလ်ပါ အား၊ အမျိုးဇာတ်မြင့်မြတ်တဲ့ အား၊ ပညာအားဆိုပြီး ငါးပါးရှိတယ်။ အဲဒီငါးပါးထဲမှာ ပညာအားကသာလျှင် ကျန်တဲ့အားလေးမျိုးကို လွှမ်းမိုးအနိုင်ယူသွားနိုင်တယ်။ ပညာအားရှိမှသာ ကောင်းမွန်တဲ့ အကျိုးတရားတွေ ရမှာလည်း ဖြစ်တယ်။ ဘာပညာမှမရှိဘဲ မိမိကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ နိုင်ငံမှအစပြုပြီး မြေပြင်တဝှမ်းလုံး အစိုးရတယ်ဆိုပေမယ့် တစ်နေ့မှာတော့ အဲဒီပညာမရှိသူကို ပညာရှိတဲ့လူသာလျှင် လွှမ်းမိုးအုပ်ချုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ အမျိုးဇာတ်အားဖြင့် မြင့်မြတ်တဲ့ ခတ္တိယမင်းမျိုးမှာဖြစ်စေဦးတော့ ပညာမရှိရင်တော့ ရရှိထားတဲ့ မင်းစည်းစိမ်ရော သူ့အသက်ပါ ရှည်ရှည်မနေရနိုင်ဘူး။ ဒီတော့ ပညာရှိဖြစ်ဖို့ လက္ခဏာလေးတွေလည်း ထုတ်ပြထားတော့ ဒါလေးတွေကိုလည်း မျှဝေလိုက်ပါတယ်။ သူတစ်ပါးပြောတာတွေကို အားလုံးကြားနိုင်အောင် လုပ်ရမယ်။ နောက် ကြားတဲ့အရာတွေထဲကနေ မှန်တယ်၊ မှားတယ်ဆိုတာ ဆုံးဖြတ်နိုင်ရမယ်။ ပညာရှိတဲ့လူဆိုတာ ဆင်းရဲဒုက္ခရောက်စေဦးတော့ ချမ်းသာကို ရအောင်ယူနိုင်တယ်။ ပညာမရှိရင်တော့ ဆင်းရဲတွင်းကနေ ဘယ်လိုမှ ပြန်လည်တက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ပညာရှိဖြစ်ဖို့အတွက် အကြားအမြင် ဗဟုသုတများတဲ့ လူတွေကိုမှီဝဲ ဆည်းကပ်ရမယ်။ သူတော်ကောင်းဆိုတဲ့ ကိုယ်ကျင့်တရားရှိသူတွေကို မှီဝဲဆည်းကပ်ရမယ်။ အဲဒီလို မှီဝဲဆည်းကပ်ရုံမဟုတ်ဘဲ သူတို့ပြောတာတွေကိုလည်း နာယူရမယ်၊ လေ့လာရမယ်၊ မှတ်သားရမယ်၊ လိုက်နာရမယ်ဆိုပြီး တေသကုဏဇာတ်တော်မှာ ပညာရှိနဲ့ ပတ်သက်ပြီး သွန်သင်ထားတာတွေ ရှိပါတယ်။ ဒီတော့ ပညာရှိသူဖြစ်စေဖို့ အလွန်ပဲအရေးကြီးပါတယ်။ ပညာရှိဖြစ်မှ ကောင်းတာ၊ မကောင်းတာ၊ မှန်တာ၊ မှားတာတွေ၊ လုပ်သင့်တာ၊ မလုပ်သင့်တာတွေကို ဝေဖန်ပိုင်းခြားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဝေဖန်ပိုင်းခြားနိုင်မှလည်း မိမိလုပ်ရမယ့်ကိစ္စတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုယ်တိုင်လည်း အလုပ်ကို ကြိုးကြိုးစားစား လုပ်ဖို့လိုသလို၊ အလုပ် လုပ်တဲ့သူတွေကိုလည်း နေရာပေးတတ်ရမယ်။ အားထားရမယ်။ ဒါပေမယ့် ဒီလိုလုပ်တဲ့အခါ စေတနာထားသလားဆိုတာကိုလည်း ခွဲခြားပြီး သိရမယ်။ ဒီလို မိမိရော အောက်ကသူတွေပါ ကောင်းကောင်းမွန်မွန်၊ ထက်ထက်သန်သန် လုပ်ဆောင်ကြမယ် ဆိုရင်တော့ မိမိကျေးရွာ ရပ်ကွက်၊ မြို့နယ်၊ နိုင်ငံဟာလည်း တိုးတက်တဲ့ အနေအထားတစ်ခုကို ပုံဖော်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်သတင်းတစ်ပုဒ်ကလည်း ဟိုးလေးတကျော်ဖြစ်သွားတဲ့ သတင်းတစ်ပုဒ်ပါပဲ။ အခြားတော့ မဟုတ်ပါဘူး။ ရွှေတိဂုံစေ တီတော်မြတ်ကြီးပေါ်ကို လာနားတဲ့ လင်းတတွေရဲ့ အကြောင်းပေါ့။ ဒီတော့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေ အလွှာ အသီးသီးကနေ နိမိတ်တွေဖတ်လိုက်ကြတာ အခုပဲ တိုင်းပြည်ကြီး ပျက်သွားတော့မလို နိမိတ်ဖတ်တဲ့ လူမျိုးတွေကလည်း ရှိသေးတော့ ဆင်ခြင်Óာဏ်နည်းပါးတဲ့ လူတွေအနေနဲ့ နေမထိ ထိုင်မသာဆိုသလို တကယ်ပဲ ဘာတွေဖြစ်လာမှာလဲ။ ကောင်းကောကောင်းပါရဲ့ လားဆိုတဲ့ အတွေးတွေနဲ့ ကယောင်ခြောက်ချားကို ဖြစ်ကုန်တော့တာပေါ့။ ဒီခြားထဲ ဘုရားလူကြီးတစ်ယောက်က ပြောသွားသေးတယ် လင်းတနားပါတယ်ဆိုမှ ရွှေဟင်္သာနားတယ်လို့ အကောင်းမြင်နဲ့ ရှုမြင်ဖို့ဆိုပြီး ဖွင့်ချလိုက်ပြန်တယ်။ ဘာဖြစ်တဲ့ လင်းတနားတာ လင်းတနားတာပေါ့။ ရွှေဟင်္သာနားတာမှ မဟုတ်တာ။ ရွှေဟင်္သာဆိုတာကလည်း ငှက်ပဲ။ ခို ဆိုတာကလည်း ငှက်ပဲ။ ကျီးဆိုတာက လည်း ငှက်ပဲ။ လင်းတ ဆိုတာကလည်း ငှက်ပဲ။ ဘာမှမထူးတာတွေကို ထူးခြားအောင် တောပြော မြောက်ပြောနဲ့ နိမိတ်ဖတ်ခဲ့ကြတဲ့ ဂုရုဆိုသူတွေရဲ့ မဟုတ်မဟတ် ထင်ရာမြင်ရာ ပြောဆိုမှုတွေကြောင့် တောရောမြို့ပါမကျန် ဒီသတင်းက ခဏလေးမှာပဲ ပြန်နှံ့သွားပြီး စိုးရိမ်စိတ်တွေ ဖြစ်သွားတော့တာပေါ့။ တကယ်တော့ ရိုးစင်းလှတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ အလွန်အေးတဲ့ ရာသီဥတုဒဏ်ကို မခံနိုင်တော့ အအေးပေါ့တဲ့ နယ်မြေသစ် ကို မိုင်ထောင်ချီပြီး ပျံသန်းကာ ဆောင်းခိုခြင်းကို ပြုခြင်းဖြစ်တဲ့အတွက် ခရီးတစ်ထောက်နားပြီး ခဏတာနားခိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီလင်းတတွေအနေနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို မနားခိုဘဲ အခြားမထင်ရှားတဲ့ စေတီတော်မှာပဲဖြစ်ဖြစ်၊ သစ်ပင် မှာပဲဖြစ်ဖြစ် နားမယ်ဆိုရင်တော့ ဒီသတင်းကို ဘယ်သူမှတောင် သိလိုက်မှာ မဟုတ်ပါဘူး။ ဆိုတော့ သတင်းထူးတယ်ဆိုစေဦး ဒီလိုမဟုတ်မဟတ် နိမိတ်တွေရှောက်ဖတ်ပြီး ပြောချင်တာတွေ ရှောက်ပြောနေခြင်းမျိုးကြောင့် မကောင်းတဲ့သတင်းဆိုးတွေ ဖြစ်သွားရတယ်။ ဒါဟာလည်း တကယ်တော့ စဉ်းစားမှုအား နည်းပါးလွန်းလို့ပဲ ဖြစ်ပါတယ်။ ဒါမျိုးတွေကိုလည်း နောက်ဆို ဆင်ခြင်စဉ်းစားသင့်ပါတယ်။ အခြားသော ပြည်သူ ပြည်သားများ အနှောက်အယှက်ဖြစ်စေမယ့် ဆင်ခြင်မဲ့စကားမျိုးတွေကို မပြောမိဖို့ ရှောင်ကြဉ်နိုင်ဖို့ လိုအပ်ပါတယ်။ တကယ်တော့ လင်းတနားတာက အကျိုးမယုတ်ဘူး၊ ငှက်ဆိုတာ လူတွေလို အသိÓာဏ်မရှိတဲ့ သတ္တဝါပဲ၊ ဒီတော့ သူနား ချင်တဲနေရာ နားမှာပေါ့။ ဘယ်နေရာ နားရမယ်၊ ဘယ်နေရာ မနားရဘူးလို့ စည်းကမ်းဥပဒေတွေ ထုတ်ပြန်ထားတာမှ မဟုတ်ဘဲ။ အဆင်ပြေမယ့် နေရာမှာ နားလိုက်မှာပဲ ဖြစ်ပါတယ်။ ဒါကို ဆင်ခြင်Óာဏ်ရှိပါတယ်ဆိုတဲ့ မဟာ့မဟာနိမိတ်ဟောဆရာတွေ၊ လူသားတွေက ကိုယ်ထင်ရာရှောက်ပြောတော့ သူတို့စကားတွေကပဲ အကျိုးယုတ်မှုကို ဖြစ်သွားစေခဲ့ပါတယ်။ နောက်တစ်ခုကတော့ ဒီ၂ဝ၁၃မှာ ရောင်းချမယ့် တန်ဖိုးနည်း ဖုန်းကိစ္စလေးတွေပါပဲ။ ဒါလေးတွေကလည်း နေရာအသီးသီး မှာ လူပြောသူပြောများပါတယ်။ တကယ်တော့ဗျာ တန်းဖိုးနည်းဖုန်းလို့သာဆိုရတာ တကယ်တော့ တန်ဖိုးကြီးဖုန်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မတန်တဆဈေးတွေနဲ့ ပြည်သူလူထုဆီကနေ ခေါင်းပုံဖြတ်ပြီး ရောင်းနေတဲ့ လောဘလူသားတွေကြောင့် တန်ဖိုးနည်းတွေ ကနေ တန်ဖိုးကြီးဖုန်းတွေ ဖြစ်သွားရတာပေါ့။ လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်လောက်က ဒူဘိုင်းမှာတဲ့ အားလူးကြော်နှစ်ထုပ်ဝယ်ရင် ဆင်းကဒ်ပါပြီး ဖုန်းတစ်လုံး လက်ဆောင်ပေးတယ်ကြားရတော့ လုံးဝကို မယုံနိုင်ခဲ့ဘူး။ ဒူဘိုင်းတောင် ပြေးသွားချင်စိတ်ပေါက် မိသေးတယ်။ မဖြစ်နိုင်ဘူးလို့လဲ ထင်ခဲ့တယ်။ ဒါပေမယ့် တကယ်ဖြစ်နေခဲ့တယ်။ ဒီမှာက အဲဒီတုန်းကဆို ဖုန်းတစ်လုံးရဲ့တန်ဖိုးက ကားတစ်စီးတန်ဖိုးနီးနီး ရှိနေခဲ့တယ်လေ။ ထားပါ၊ အခုတော့ အဲဒီလို ဈေးကြီးကြီးကနေ တဆင့်ပြီးတဆင့် လျှော့ချပြီးရောင်းနေတယ် ဆိုတော့ ရွှေမြန်မာတွေအတွက်တော့ တန်ဖိုးနည်းဖုန်းဆိုပြီး တစ်သိန်းလောက်နဲ့ ရောင်းချဖို့ လုပ်နေတော့ ပြည်သူ ပြည်သားတွေ လည်း ဒီဖုန်းလေးတစ်လုံး ကိုင်နိုင်ဖို့ မျှော်တလင့်လင့်နဲ့ စောင့်စားခဲ့တာ အခုတော့တစ်သိန်းလောက်ဆိုရင် ကိုင်နိုင်ပါပြီဆိုတဲ့ အတွေးလေးနဲ့ ပျော်မဆုံးဖြစ်နေတဲ့ ဒီသတင်းကလည်း လူပြောသူပြောများတဲ့ သတင်းတစ်ပုဒ်ဖြစ်နေပြန်ရော။ တကယ်တော့ အဲဒီဆင်းကဒ်လေးရဲ့ တန်ဖိုးဟာ သောင်းဂဏန်းတောင် တန်ကြေးမရှိပါဘူး။ နောက်ပြောဆိုခဆိုတဲ့ တစ်မိနစ် ငါးဆယ်ဆိုတာကလည်း များသေးတာပါပဲ။ တိုင်းပြည်ဝင်ငွေရှာတယ်ဆိုတာ ဘာအတွက်လည်း ပြည်သူလူထုအတွက် ဆိုရင်တော့ ပြည်သူလူထုဆီက အတင်းအဓမ္မ မတန်တဆဈေးတွေနဲ့ ရောင်းချတာဟာလည်း ဓားပြတိုက်တာပါပဲ။ သူများနိုင်ငံတွေ မှာဆိုရင် ပြည်သူလူထုကို ဘယ်လိုကောင်းအောင် လုပ်ပေးရမယ်ဆိုတဲ့အတွေးနဲ့ အများပြည်သူကိုပဲ ဦးစားပေးစဉ်းစားတယ်။ တိုင်းပြည်ဖွံ့ဖြိုးအတွက်ကတော့ သယံဇာတတွေလည်း ထုတ်မကုန်နိုင်အောင် ရှိနေတာပဲ။ ထုတ်လည်းထုတ်နေတာပါပဲ။ ဒီငွေတွေက ကော ဘယ်ရောက်နေတာလဲ မေးခွန်းထုတ်စရာတွေ အများကြီးပါပဲ။ တကယ်တော့ ဒါမျိုးတွေကို နိုင်ငံတော်ကနေ မချုပ်ကိုင်ဘဲ လုပ်ကိုင်နိုင်တဲ့ ပြည်တွင်း၊ ပြည်ပကလူတွေကို လုပ်ပိုင်ခွင့်ပေးလိုက်ပါ။ ဒီလိုဆိုရင်တော့ အများမျှော်လင့်ထားတဲ့အတိုင်း တစ်နိုင်ငံလုံး တောရော မြို့ပါ ဖုန်းကလေးကိုင်လာနိုင်မှာ ဖြစ်ပါတယ်။ ငါးထောင်တန်ဆိုတာတွေလည်း ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကလည်း ခုနကပြောခဲ့သလို ဆင်ခြင်ဖွယ်ရာအဖြစ်ပါ။ အပြစ်တင်စကားနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ခေတ်စနစ်နဲ့အညီ ချီတက်နေတဲ့ အပျိုနုနု ဒီမိုကရေစီ ကူးပြောင်းစနိုင်ငံလေးမှာ အသွင်သစ်၊ အမြင်သစ်၊ စိတ်ကူးသစ်၊ လုပ်ဆောင်ချက်အသစ်တွေနဲ့ ချီတက်မှသာ ပိုမို ထင်လင်းမြင်သာတဲ့၊ တိုးတက်ကောင်းမွန်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ကြီးဆီကို တဖြည်းဖြည်းနဲ့ ကောင်းမွန်စွာလျှောက်လှမ်းနိုင်မှာ ဖြစ်တဲ့အတွက် အတိတ်ကအရိပ်မည်းတွေ လိုက်နေရင် ခါချနိုင်ရန် သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာအဖြစ် ရေးသားလိုက် ရပါတယ်။
မောင်မင်းစိုး

ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်

အချုပ်အချယ်မဲ့ လွပ်လပ်ခွင့်ဝါဒ = Libertarianism
-------------------------------------
 အရင်းရှင် လစ်ဘရယ်သဘောတရား၏ အစွန်းရောက် အယူအဆ ဖြစ်သည်။ အမေရိကန်၊ ဗြိတိန်နှင့် စကင်ဒီနေဗီးယားတို့တွင် ထွန်းကားခဲ့သည်။ အမေရိကန်တွင် သမ္မတ ရော်နယ်ရေဂင်၊ ဗြိတိန်တွင် ၀န်ကြီးချုပ် မာဂရက်သက်ချာစသော လေဇယ်ဖယ်ယာ နိုင်ငံရေးခေါင်းဆောင်များ လက်ထက်တွင် အချုပ်အချယ်မဲ့ နိုင်ငံ ရေးနှင့် စီးပွားရေးလွပ်လပ်ခွင့်ကို အားပေးခဲ့ခြင်းသည် Libertarianism ကို လက်တွေ့ ကျင့်သုံးခြင်း ဖြစ်သည်။ ယင်းကို နိုင်ငံရေးသဘောတရားအဖြစ် ပွဲထုတ်ခဲ့ကြသူများမှာ နောဇစ်၊ ရော်လ်နှင့် သြစတေးလျမှ စီးပွားရေး ပညာရှင် ဟေးယက်တို့ ဖြစ်သည်။ လူအားလုံးတွင် မည်သူကမှ ပိတ်ပင်ရုပ်သိမ်းလို့မရသော မွေးရာပါ အခွင့်အရေးများ ရှိသည်။ အများ အကျိုးငှာ ဟု ဆိုကာ လူတစ်ဦးချင်း၏ ပိုင်ခွင့်များကို မစွန့်လွှတ်စေရ ဟု ဆိုသည်။ Libertarianism ကို ပွဲထုတ်သူများက လူမှုဖူလုံရေး ထောက်ပံ့မှုစနစ်ကို ဆန့်ကျင်သည်။ ဆင်းရဲငတ် ပြတ်နေသူတစ်ယောက်အား လူမှုဖူလုံစေရန်အလို့ငှာ အခြားသူတစ်ဦး၏ ဥစ္စာပစ္စည်းကို မထိပါးသင့် ဟု ယင်း တို့က ခံယူသည်။ အနှစ်သာရမှာ လုံးဝ လွှတ်ပေးထားရေး ( laissez-faire ) နှင့် အစိုးရက ၀င်ရောက်မစွက်ဖက် ရေး ဖြစ်သည်။ Libertarianism ၏ အမြင့်ဆုံး ရည်မှန်းချက်မှာ မင်းမဲ့ဝါဒ ( anarchism-ရှု ) ဖြစ်သည်။ ( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )

ကိန်းဝါဒ = Keynesianism
 --------------------
 ဗြိတိသျှ ဘောဂဗေဒပညာရှင် ဂျွန်မေးနတ်ကိန်း ( ၁၈၈၃-၁၉၄၆ ) ကို အစွဲပြုပြီး ကိန်းဝါဒဟု ခေါ်ခြင်း ဖြစ်သည်။ ကိန်းသည် ၁၉၂၀ နှစ်များနှင့် ၁၉၃၀ နှစ်များတွင် လက်တွေ့နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ အထူး သဖြင့် လစ်ဘရယ်ပါတီတွင် တက်ကြွစွာလှုပ်ရှားခဲ့သည်။ ဗာဆေးငြိမ်းချမ်းရေးညီလာခံတွင်လည်း ပါဝင်ခဲ့သည်။ သူ၏ စီးပွားရေးဆိုင်ရာ စာအုပ်များတွင် General Theory of Employment, Inetrest and Money ( 1936 ) သည် အထူးထင်ရှားသည်။ ထိုစာအုပ်တွင် ကိန်းက စီပွားပျက်ကပ်ဆိုက်ချိန်နှင့် ငွေဖောင်းပွမှု ဆိုးဝါးချိန် များတွင် အစိုးရက မည်သို့ပါဝင်ထိန်းချုပ် ကိုင်တွယ်ဖို့ လိုအပ်ပုံကို သညာပေးထားသည်။ ၁၉၃၀ နှင့် ၁၉၄၀ နှစ်များတွင် ကိန်းဝါဒကို အစိုးရများက ဖြည်းဖြည်းချင်း လက်ခံလာကြသည်။ ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသည့် နောက်ပိုင်းတွင်ကား ကိန်းဝါဒသည် စီးပွားရေးကို ချုပ်ကိုင်လိုသော အနောက်အုပ်စု အစိုးရများအတွက် လက်သုံးစကား ဖြစ်လာသည်။ ၁၉၇၂ တွင် အမေရိကန်သမ္မတ နစ်ဆင်က သူသည် ကိန်း နောက်လိုက်တစ်ယောက် ဖြစ်သည် ဟု ထုတ်ဖော်ပြောခဲ့သည်။ ကိန်းဝါဒ၏ အခြေခံသဘောတရားမှာ ဆိုရှယ်လစ်နည်းလမ်းဖြင့် နိုင်ငံပိုင်သိမ်းမှုများ ပြုလုပ်ဖို့မလိုဘဲ အစိုးရက စီးပွားရေးဆိုင်ရာ အဆုံးအဖြတ်များ ချမှတ်ခြင်းဖြင့် ထိန်းချုပ်ကာ ငွေတန်ဖိုး တည်ငြိမ်အောင် လုပ်ရန် နှင့် လူစေ့တက်စေ့ အလုပ်အကိုင် ရရှိစေရန် ဖြစ်သည်။ အစိုးရက စီးပွားရေးဆိုင်ရာ အသေးစိတ် ဆုံးဖြတ်ချက် များကို ပုဂ္ဂလိကများအား လွှဲအပ်ထားပြီး အခွန်အတုတ် သတ်မှတ်ခြင်းနှင့် အတိုးနှုန်းထားများ သတ်မှတ်ခြင်းကို ကိုင်ထားရမည် ဟု ဆိုသည်။ ၁၉၇၀ နှစ်များ ကုန်ဆုံးခါနီးတိုင်အောင် ကိန်းဝါဒ ရေပန်းစားခဲ့သော်လည်း ထို နောက်ပိုင်းတွင် ရှိကာဂို ဂိုဏ်း ( Chicago School ) မှ မီလ်တန် ဖရိုက်မန်းကဲ့သို့သော အမေ၇ိကန် ဘောဂဗေဒ သဘောတရားရေး ဆရာများက ငွေကြေး ထိန်းချုပ်ရေးဝါဒ ( monetarism ) ဖြင့် အစားထိုးခဲ့သည်။ ကိန်းဝါဒ ပေါ်ပေါက်ခါစတုန်းက လိုပင် ငွေကြေးထိန်းချုပ်ရေးဝါဒသည် ၁၉၈၀ နှစ်များကစ၍ အနောက်နိုင်ငံများတွင် ရှေ့တန်းရောက်လျက် ရှိသည်။ ( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )