Wednesday, February 18, 2009

အပြန်လမ်း

မိုင်တိုင်တွေ ဘယ်လောက်ပျံသန်းခဲ့တယ်
အခြေအနေတွေ ဘယ်လောက်ရှင်သန်ခဲ့တယ်
ဆုံမှတ်တိုင်းမှာ မတူညီမှုတွေ ရှိခဲ့တယ်။

ငါကိုယ်တိုင်ထွင်းထုခဲ့တဲ့ ရုပ်ကလာပ်မှာ
လူသားဆန်တဲ့ ပြေးလမ်းအတိုင်း ပြေးခဲ့ရင်း
အရောင်အသွေး စုံညီတဲ့ ပန်းခင်းလမ်းတွေ
ဂြိုဟ်မဲ့ကမ္ဘာရဲ့ အော်ဟစ်ပေါက်ကွဲသံတွေ
ထွေရာလေးပါး ဆာလောင်မှုတွေ
မြစ်ဟာ စီးဆင်းမြဲစီးဆင်းခဲ့တယ်။

ခွေပျော့နေတဲ့ ဘ၀အသေတွေနဲ့
ရှင်းထုတ်လို့ မရတဲ့ စိတ္တဇအမှောင်တွေ
လျှောက်ခဲ့တဲ့လမ်းတွေပေါ် ပစ်တင်ထားခဲ့တဲ့
ရက်ချုပ်ပြက္ခဒိန်အပြဲတွေ
မေ့ဖျောက်လို့မရတဲ့ ညီမလေးရဲ့ ကိုယ်သင်းနံ့တွေ
ပြောင်းလဲဖို့လိုနေတဲ့ ပြဌာန်းချက်အဟောင်းတွေ
မြို့မဆန်တဲ့ မြို့တစ်မြို့ရဲ့ ဘ၀အမောတွေ
ခေတ်ပေါ်တေးဂီတတွေရဲ့ ပေါက်ကွဲမှုသံစဉ်တွေ
လမ်းမှားနေတဲ့ ငှက်ကလေးတွေရဲ့ အိပ်တန်းပျံချိန်မှာ
တစ်ယောက်တည်း ငုတ်တုတ်ထိုင် ငေးနေမိခဲ့တယ်။

ခပ်တည်တည် ပြကွက်အမှားတွေနဲ့
မျက်လှည့်ဆရာရဲ့ လိမ်ညာမှုတွေကို
နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရတယ်။

တိမ်ပြာတဲ့နေ့တစ်နေ့ဆိုတာ မသေချာမှုကိုပြောတာလား
ဘယ်တော့မှ ပြီးဆုံးမသွားတဲ့ ပြဇာတ်တစ်ခုကို
တစ်ခန်းဝင်တစ်ခန်းထွက် မိုက်တွင်းနက်ခဲ့ကြတယ်။

အဖြေမတွေ့သေးတဲ့ ပုစ္ဆာတစ်ပုဒ်ကို နှစ်ပေါင်းများစွာရှာလို့
ကမ္ဘာမကြေ ဥဒါန်းတွေ ရေးလို့၊ဆိုလို့
အ၀ါရောင်ပန်းတွေ ရဲရဲနီလို့
သစ္စာတရားတွေ မှားယွင်းဖောက်ပြန်လို့
ကျိန်စာသင့်လူသားတွေ ခေါင်ခိုက်ခဲ့ပြီ။

အမေ. . . .
သားကိုယ်တိုင် ဘယ်သွားရမယ် မသိ
စိတ်တွေမခိုင်တော့ဘူး ရင်ဖိုလှိုက်မောလို့
အဖြစ်သနစ်က ဘယ်မှာမှ ရှာဖွေမရနိုင်တဲ့ အဆုံး
ဒုက္ခတနင့်တပိုး သယ်ဆောင်လို့
အပြန်လမ်းကို ပြန်လှည့်ခဲ့ပါမယ်။

မောင်မင်းစိုး
(ကျုပ်မွေးနေ့မှာ သူငယ်ချင်းတွေပေါင်းပြီး ကဗျာစာအုပ်လေး လုပ်လိုက်တယ်။
အဲဒီထဲက ကဗျာလေးကို ကိုယ်တိုင်ကြိုက်တာနဲ့ တင်လိုက်တယ်။)

အမြည်း

ဆရာသစ္စာနီရဲ့
ပိုလျှံနေတဲ့ ၀ါကျများ ကဗျာကို အမြည်းသဘော တင်လိုက်တယ်။
နောက် ရက်မှာတော့ တစ်ပုဒ်လုံးတင်ပေးပါမယ်။
အဲဒီကဗျာကတော့ လွန်ခဲ့တဲ့ ၂၀၀၄-မတ်လ(၂၁) ကမ္ဘာ့ကဗျာနေ့မှာ
ကျွန်တော်တို့ ရန်ကုန်လူငယ်ကဗျာများ(၁၀)ဦးကနေ အကောင်းဆုံးကဗျာအဖြစ်
သတ်မှတ်ပြီး ထိုက်တန်တဲ့ ဆုငွေနဲ့ချီးမြှင့်ထားတဲ့ ကဗျာပေါ့။
ထိုက်တန်သလား၊မတန်ဘူးလားတော့ ခင်ဗျားတို့ကိုယ်တိုင် ဆုံးဖြတ်ပေးဖို့ပါ။
နောက် ဒုတိယရတဲ့မိုဃ်းဇော်နဲ့ကြည်ဇော်အေးတို့ရဲ့ ကဗျာတွေကို တင်ဖို့လုပ်နေပါတယ်။



ငါးဟာ
ရေကို မသိသလို
လူတွေဟာ မသိတာက လွဲလို့
အားလုံး သိခဲ့ကြတယ်။
ကြည့်ပါ..........

မကွေး

မဖျားနာပေမယ့်
အပူရှိန်ကများတယ်
ထနောင်းဆူး သွေးတိုက်ပြီး
ရှားမီးအပေးခံရမယ့် ကိစ္စ
ဆေးမြီးတိုတွေနဲ့လည်း အကုသ မခံချင်……

အမြင်နဲ့
သံယောဇဉ် ယက်ကန်းရက်
ခရီးဆက်ဆဲ ဧရာဝတီကိုငေးလို့
မြသလွန် ဘုရားကို ဖူးပါရစေ
မရွှေဖဲကို တွေ့ပါရစေ
မြင်းခွါသံကို ကြားပါရစေ………

ဒီမှာ
ရင်ထဲ တည့်တည့်ပြေးဝင်လာတဲ့ “မြစ်“က
ရင်းချင်းအပ်မိမှ ဘာကြောင့် “ကွေ့“သွားရတာလဲ။ ။
ရိုးသက်

ဂေါက်ရိုက်သမား

ဂေါက်ရိုက်သမားဆိုတာ
ဆင်ခြင်တုံတရားနဲ့ ကျင်းကိုချိန်ဆရတယ်။
ဂေါက်အိတ်ထဲမှာ
လောကဓံရှစ်ပါးကလွဲရင် ဘာမှမရှိဘူး
လက်တွေ့မကျတဲ့ ဘ၀ဆိုရင်
မတော်တဲ့ တုတ်တံကိုလဲပစ်ရမယ်။
ဂေါက်ရိုက်သမားမှာ
သူ့ကွင်း ကိုယ့်ကွင်းမရှိဘူး
အသက်ရှူမမှားဖို့ စိတ်ကူးမလွဲဖို့
သုံးခွက်တစ်ခွက်
သုံးချက်တစ်ချက်
ဆေးဖက်ဝင်ဖို့ အသက်ရှင်တယ်။
ရိုက်သွင်းရမယ့် ကျင်းကိုကြည့်ရတယ်
အဲဒီကျင်းက
ဂေါက်ရိုက်သမားရဲ့ ဂုဏ်သရေရှိ တန်ဖိုးဖြစ်တယ်။
မြက်ခင်းစိမ်းစိမ်းကို ဖြတ်လိုက်
ရေအိုင်ငယ်လေးကို ရေပွက်ပမာကြည့်လိုက်
လိမ့်နေတဲ့ ဂေါက်သီးဆီက
အပျော်ကို မီးလိုကူးလိုက်
အကွာအဝေးရိုက်ရမယ့် ရိုက်ချက်
လက်ဆအတိုင်း ဘ၀ကိုင်တွယ်ရတယ်။
ဂေါက်ရိုက်သမားဟာ
ဂေါက်နေတဲ့ အလုပ်သမားမဟုတ်ဘူး
မုဆိုးကိုပြန်ချောင်းတဲ့ သားကောင်ဖြစ်တယ်
သားကောင်မှာ
တောခြောက်ခံရတာ တောလှန့်ခံရတာမရှိဘူး
အတတ်ပညာနဲ့ သူ့ထောင်ချောက်နဲ့
မုဆိုးလည်ပင်းကို
တစ်ချက်တည်း ကြိုးကွင်းပြန်စွပ်နိုင်တယ်။
ကျွန်တော်တို့လည်း ကျွန်တော်တို့ကြိုက်တဲ့ ပုံစံနဲ့
တစ်ချက်တည်း ကျင်းဝင်နိုင်ဖို့
တစ်သက်လုံး လေ့ကျင့်ပေးနေရတဲ့
ဂေါက်ရိုက်သမား။
မင်းဆက်
(ခင်ရတဲ့ ဘယ်ရောက်နေသလဲဆိုတာ မသိရသော သူငယ်ချင်း မင်းဆက်သို့ အလွမ်းပြေ)
Type your summary here.

Type the rest of your post here.