Wednesday, February 18, 2009

အပြန်လမ်း

မိုင်တိုင်တွေ ဘယ်လောက်ပျံသန်းခဲ့တယ်
အခြေအနေတွေ ဘယ်လောက်ရှင်သန်ခဲ့တယ်
ဆုံမှတ်တိုင်းမှာ မတူညီမှုတွေ ရှိခဲ့တယ်။

ငါကိုယ်တိုင်ထွင်းထုခဲ့တဲ့ ရုပ်ကလာပ်မှာ
လူသားဆန်တဲ့ ပြေးလမ်းအတိုင်း ပြေးခဲ့ရင်း
အရောင်အသွေး စုံညီတဲ့ ပန်းခင်းလမ်းတွေ
ဂြိုဟ်မဲ့ကမ္ဘာရဲ့ အော်ဟစ်ပေါက်ကွဲသံတွေ
ထွေရာလေးပါး ဆာလောင်မှုတွေ
မြစ်ဟာ စီးဆင်းမြဲစီးဆင်းခဲ့တယ်။

ခွေပျော့နေတဲ့ ဘ၀အသေတွေနဲ့
ရှင်းထုတ်လို့ မရတဲ့ စိတ္တဇအမှောင်တွေ
လျှောက်ခဲ့တဲ့လမ်းတွေပေါ် ပစ်တင်ထားခဲ့တဲ့
ရက်ချုပ်ပြက္ခဒိန်အပြဲတွေ
မေ့ဖျောက်လို့မရတဲ့ ညီမလေးရဲ့ ကိုယ်သင်းနံ့တွေ
ပြောင်းလဲဖို့လိုနေတဲ့ ပြဌာန်းချက်အဟောင်းတွေ
မြို့မဆန်တဲ့ မြို့တစ်မြို့ရဲ့ ဘ၀အမောတွေ
ခေတ်ပေါ်တေးဂီတတွေရဲ့ ပေါက်ကွဲမှုသံစဉ်တွေ
လမ်းမှားနေတဲ့ ငှက်ကလေးတွေရဲ့ အိပ်တန်းပျံချိန်မှာ
တစ်ယောက်တည်း ငုတ်တုတ်ထိုင် ငေးနေမိခဲ့တယ်။

ခပ်တည်တည် ပြကွက်အမှားတွေနဲ့
မျက်လှည့်ဆရာရဲ့ လိမ်ညာမှုတွေကို
နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရတယ်။

တိမ်ပြာတဲ့နေ့တစ်နေ့ဆိုတာ မသေချာမှုကိုပြောတာလား
ဘယ်တော့မှ ပြီးဆုံးမသွားတဲ့ ပြဇာတ်တစ်ခုကို
တစ်ခန်းဝင်တစ်ခန်းထွက် မိုက်တွင်းနက်ခဲ့ကြတယ်။

အဖြေမတွေ့သေးတဲ့ ပုစ္ဆာတစ်ပုဒ်ကို နှစ်ပေါင်းများစွာရှာလို့
ကမ္ဘာမကြေ ဥဒါန်းတွေ ရေးလို့၊ဆိုလို့
အ၀ါရောင်ပန်းတွေ ရဲရဲနီလို့
သစ္စာတရားတွေ မှားယွင်းဖောက်ပြန်လို့
ကျိန်စာသင့်လူသားတွေ ခေါင်ခိုက်ခဲ့ပြီ။

အမေ. . . .
သားကိုယ်တိုင် ဘယ်သွားရမယ် မသိ
စိတ်တွေမခိုင်တော့ဘူး ရင်ဖိုလှိုက်မောလို့
အဖြစ်သနစ်က ဘယ်မှာမှ ရှာဖွေမရနိုင်တဲ့ အဆုံး
ဒုက္ခတနင့်တပိုး သယ်ဆောင်လို့
အပြန်လမ်းကို ပြန်လှည့်ခဲ့ပါမယ်။

မောင်မင်းစိုး
(ကျုပ်မွေးနေ့မှာ သူငယ်ချင်းတွေပေါင်းပြီး ကဗျာစာအုပ်လေး လုပ်လိုက်တယ်။
အဲဒီထဲက ကဗျာလေးကို ကိုယ်တိုင်ကြိုက်တာနဲ့ တင်လိုက်တယ်။)

No comments: