Thursday, January 17, 2013

ဝေဒနာ စတား

ကဗျာ၊ စာသား၊ စကားလုံးများနဲ့ မကစားမီ သွေးပူလေ့ကျင့်ခန်း

၁။ အောက်ပါသီချင်းကို ဖတ်ရှု/သီဆိုလိုက်ပါ။

ရွှေမန်းတင်မောင်။ ။ ဤခန္ဓာအပုတ်ကောင်ကြီးဟာ အရုပ်ဆောင်ကာ လှပေမယ်လို့ အပိုပါပဲ လှတာ နှမမယ်ခေမာ၊ တစ်နေ့ကြရင်တော့ အဟုတ်မသတီဖို့ရာ ပုတ်ညှီလို့သာ ဥတုမာတက ဖူးဖူးယောင်ဦးမှာ။

မင်းသမီး။ ။ အလို အို ဘယ်လိုများ မိန့်တော်မူလိုက်တာလဲဖရာ့ အန်ချင်အော့ချင်စရာ ပုတ်သလေး ညှီသလေး နံသလေးနဲ့ ပြန်ကာသာတွေးလို့ စဉ်းစားတော်မူပါ။ အလှထိပ်ခေါင် အပါးမှာ မောင်ဖရားလည်း မကပ်ဘဲ မနေနိုင်တာ။

ရွှေမန်းတင်မောင်။ ။ တော်စမ်းကွာ တော်စမ်းကွာ ဟေ့မယ်ခေမာ၊ တရားလက်ကိုင်ထားခဲ့ပြီမို့ ရှက်စရာစကားတွေ
မကြားချင်ပါ၊ ဟိုချိန်ခါ ဟိုချိန်ခါ ငယ်ရွယ်စဉ်တုန်းမို့ အသိဥာဏ်တွေ ဖုံးလို့ ကိလေသာ မိုက်လုံးကြီးခဲ့တာ။

မင်းသမီး။ ။ အောင်မယ် အောင်မယ် ကြီးကြီးကျယ်ကျယ် သဲလိုက်တာ၊ ဒါလောက်တောင်ရှိတာဖြင့်
ထီးနန်းကို စွန့်က စိပ်ပုတီးနဲ့ အရိပ်ကြီးခိုတော့ဖရာ့။ ဟွန်း။

ရွှေမန်းတင်မောင်။ ။ (ဟောမရ ပြောမရ ချောလှနေတဲ့ မယ်ခေမာ) ၂-ခေါက်။
လှချင်တိုင်း လှလိုက်ဗျာ မလှချင်ကြီးရာ ချောချင်တိုင်း ချောလိုက်ဗျာ မချောချင်တို့ရာ
လှသေး လှသေး အလှစိတ်တွေ မွေးနေသမျှ ဒုက္ခနယ်လည်း အမြဲတွေ့ရမှာ။ ။

၂။ HIGH SPEED WEEKLY CAR JOURNAL VOL.1.  NO.14. JANUARY 2013 PAGE 38.39ကို အဆင်သင့်ရှိက
ဖတ်ရှုနိုင်ပြီး မရှိက မဖတ်ရန်။

၃။ အတိအကျ နားလည်ရန် ခက်ခဲသော စိတ်သိမှု မသိမှုများအတွက် မိမိစိတ္တဇအနာအဆာကို မိမိကိုယ်တိုင်စာနာပါ။

အခု ကဗျာ စာသား စကားလုံးများနဲ့ စတင် စကားနိုင်ပါပြီ

ဤခန္ဓာအပုတ်ကောင်ကြီးဟာ ဆက်လက် လက်ဆက်ရင်း သိမ်းဆည်းဖို့
ကောက်ကြောင်းတွေနဲ့ အချင်းများချင်ရင် များမယ်။ အမနာပအော်သံတွေကို ကြားနေရလား၊
အရုပ်ဆောင်ကာ အရုပ်ကလေးတွေ အယုတ်ကလေးတွေ Aရုပ်ကလေးတွေ
ထမ်းပိုးသယ်ဆောင်လာ ပုခုံးသားများ နာမကျန်း ပွန်းရှ။ ခေးအော့ခ်ပဲ၊ ပြဿနာ ဖက်ရှင်ပဲ၊
လှပေမယ်လို့ ဆေးစက် ဆေးပြောက်ဟာ ပိန်းပိတ်တိမ်ရောင် ထူကြမ်းလို့
ဒီမယ်အချင်း ညဆိုတဲ့ သတ္တ၀ါဟာ ခြေဆော့ လက်ဆော့မြန်လွန်းတယ်
အပိုပါပဲ ဂရမ်မီဆုတွေ လှတာ ထပ်သရီး အပိုအဆာ
ကျဉ်းမြောင်းခြင်း ပိတ်ဆို့မှု တွားသွားစက် ဘီးတပ်ခြေရာ
နှမမယ်ခေမာ သူမရဲ့ စေ့စပ်ကားများ
တစ်နေ့ကြရင်တော့ ရီဟားနား မိုင်လီဆိုင်းရပ်စ် အယ်ကလက်စတုန်း အဟုတ်မသတီဖို့ရာ
အန္တရာယ်ဟာ ရာသီအကူးအပြောင်းမှာ နှာစေး ချောင်းဆိုး မဖြစ်ဘဲ အရောက်လာနိုင်ခဲ့တယ်
အပျော်ဆုံးတဲ့ နေ့ရက်ရှည်တွေ ဝေး အနီးဆုံးကလစ်တွေ သုံးနှစ်လောက် ရည်းစားကွဲတာနဲ့ ပုတ်ညှီလို့သာ
လူကူးမျဉ်းကြားပေါ် အိပ်စက်သွား။ အင်တာနက်ပေါ် တွစ်တာပေါ် ဖေ့စ်ဘုတ်ပေါ် ဥတုမာတက ဖူးဖူးယောင်ဦးမှာ
လေဟာ အနံဆိုးကို သယ်ဆောင်လာမှာလား။ ဟောဟဲ ဟောဟဲ။

အလို ဖော်မြူလာဝမ်း ဘုရင်မ အို မူးယစ်ဆေးဝါး ဘယ်သို့ အန္တရာယ်ရှိကြောင်း
ဘယ်လိုများ မိန့်တော်လိုက်တာလဲ GOD.ဘုရား ဘုရား ဘုရား
မိန်းမပွေရှုပ်ခဲ့တဲ့ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ် ဇာတ်ညွှန်း
ဇာတ်လိုက် ဇာတ်ပို့ ဇာတ်ဆောင် ဇာတ်ရန် ဇာတ်ကားတွေ ထွီ ဝေါ့ ခလူး ဖတ်
အန်ချင်အော့ချင်စရာ အညစ် အကြေးမလေး အ၀တ်အစားချောင်ချောင်ချိချိလေး
အပေါစားနှုတ်ခမ်းနီလေး ယင်ကောင်မလေး ပုတ်သလေး ညှီသလေး နံသလေးနဲ့
ကွန်ဒိုတိုက်ခန်းမှာ လွှတ်တင်ခဲ့တာက အစပေါ့ ရှင်။ ပြန်ကာသာတွေးလို့ စဉ်းစားတော်မူပါ
အသက်နှစ်ဆယ်ကျော် အိမ်ထောင်မရှိသူ စိတ္တဇဗေဒဘွဲ့ရ အလှထိပ်ခေါင် အပါးမှာ
ဟွန်း/တီးသံ ဂီတ၀တ်လစ်စလစ် အဆီပြန်မျက်နှာ အစိုင်အခဲကြီး မောင်ဘုရားလည်း
မကပ်ဘဲ မနေနိုင်တာ။ ဒါ ပါးစပ်ကတီးတဲ့ ဟွန်း။

တော်စမ်းကွာ တကယ့်လူသား အရုပ် Aရုပ်မ၊ တော်စမ်းကွာ တကယ့် အရုပ်ကလေး လူသားမ ဟေ့မယ်ခေမာ
ငြိမ်းချမ်းခြင်း အလွင့် ဆည်းလည်းသံ တိတ်ဆိတ်မှု မျက်တွင်းဟောက်ပက်ည တရားလက်ကိုင်ထားခဲ့ပြီမို့ ကိုယ်ထူကိုယ်ထ သေသောက်ကျူးတယ် ကော်ရှူရှိုက်တယ် ကြယ်သီးစားတယ်
ပိန်ကပ်ကပ် သတင်းမီဒီယာက ရှက်စရာစကားတွေ အို့စ် နိုး မကြားချင်ပါ။
ဟိုချိန်ခါ အဖော်အချွတ်ကြမ်းတဲ့ ကျမ ဓာတ်ချုပ်တာ ဓာတ်သွားတာတွေ
ဓာတ်တွေစုပုံပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေ ကွာလတီမဂ္ဂဇင်းကြီးတစ်စောင်မှာပါလာ
ဟိုချိန်ခါ လီလိုပေါ့လို  အောင်မြင်မှု မရလိုက်ဘူး။
ဖိစီးမှု  စာမျက်နှာ စကားလုံးအသေ ရိရွဲပဲ့ကျ ငယ်ရွယ်စဉ်တုန်းမို့ အသိဥာဏ်တွေ
ကိုယ်ထည်တစ်ခုလုံး အနက်ရောင် ခြယ်သလိုက်တတယ်
ဟယ်ရီစတိုင်လ် ဖုံးဖိလို့ ကိလေသာ မိုက်လုံး ကြီးခဲ့တာ ဘယ်နှပိဿာလောက်ရှိလဲ။

အောင်မယ် အောင်မယ် ဒီမှာ စက်ရုပ်မိန်းမသား စစ်ကြောင်း သက်သေခံကဒ်
ဒီမှာ ကြီးကြီးကျယ်ကျယ် မိန်းမသားစက်ရုပ် စစ်ကြောင်း အာမခံမှတ်ပုံတင်
ပြေပြေပြစ်ပြစ် အားကစားလေ့ကျင့်ခန်းနဲ့ သဲလိုက်တာ သောက်/တလွဲပဲ
ဒါလောက်တောင် ရှိတာဖြင့် ရှင်လူသားချင်း စာနာပါ၊ ရှင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပါ၊
ရှင်ပရဟိတတွေ များများလုပ်ပါ၊ ကောင်းကင်နဲ့ မလွတ်တဲ့ ထီးနန်းကို စွန့်ကာ ရှင်ငြင်းဆန်ပစ်လိုက်စမ်းပါ
စိတ်ပုတီးနဲ့ အင်တာဗျူးဖြေပါ၊ အိပ်ရေး၀၀အိပ်ပြီး နိုးလာရင် မျက်နှာသစ်ပါ၊ DAISY LOWE ရဲ့ ကိုယ်တစ်ပိုင်းပုံ မွေးနေ့လက်ဆောင်ကို ပိုက်လို့ အရိပ်ကြီးခိုတော့ GOD …ဘုရား ဘုရား ဘုရား။

ဆက်သွယ်ရေးဟာ စနစ်တကျ စားသုံးပါလို့ ဟောမရ ပြောမရ
အသက်နှစ်ဆယ် ဖေ့စ်ဘုတ်အရိုးအသားပေါ် ချောလှနေတဲ့ မယ်ခေမာ
ဓာတ်ပုံရိုက်ပြီးရင်ဆိုဆို မရိုက်ရသေးဘူးဆိုဆို လှချင်တိုင်း လှလိုက်ဗျာ မလှချင်ကြီးရာ
အပေါ့အပါးသွားပြီးရင်ဆိုဆို မသွားရသေးဘူးဆိုဆို ချောချင်တိုင်း ချောလိုက်ဗျာ မချောချင်တို့ရာ
လှသေး လှသေး လှလည်းလှ သေးလည်းသေး လှ/သေး
ဝတ်နေကြဆိုဒ်မဟုတ်တော့ စိတ်ပျက်မိပါတယ်

( ရှူး )
နှုတ်သီးကို ချွန်ပြီး ညာလက်ညှိုးတစ်ချောင်း တေ့ကပ်ထောင်ထားလိုက်တယ်
အလှစိတ်တွေ မွေးနေသမျှ ကိုယ်ဟာ ပင်လယ်ပြင် လက်ပစ်ကူးချန်ပီယံ
သား သမီး ဇနီးကြင်ယာ အိမ်ထောင်ထိန်းသိမ်းမှု ဒုက္ခနယ်လည်း
အဖြူရောင်အမှုန်အမွှားပဲ တစိုးတစိပဲ သေးသေးလေးပဲ
ငေးကြည့်ရင်း ငိုင်ကြည့်ရင်း တွေဝေရင်း
ကြည်လင်ရင်း ရှုပ်ထွေးရင်း ပြတ်သားရင်းေ၀၀ါးရင်း
သည်လို ဒီလို ဤလို ယခုလို အမြဲတွေ့ရမှာ ကြိုတင်စဉ်းစား အချင်း။

ဆူးရင့်

JANUARY  17  2013
AM: 02:40: 22

Wednesday, January 16, 2013

၄၂၀ ၃၁၉၁ ၃ - လိုင်း X X X


ရာသီချိန်ကို စောင့်ရသလိုမျိုး စက်ရုပ်မိုး အသက်ရှူနေသော စက်ရုပ်
အရေပြား ကွန်နက်ရှင်ကျနေတယ် စောင့်နိုင်ပါဘူး
အချိန်နှင့် အလုပ်လုပ်ရပါ၏ ကျေးဇူးဟန်ဆောင်တွေ ပြန်ဖျက်သင့်ပြီ
ပျော်ပျော်ပဲလေ ပျော်ပျော်နေ ဒင်နဲ့ဆိုရင် လာဆွဲသွားလည်း လေ့လာလို့ ရတာပေါ့
မနက်ဖန် အကြည် အနောက် ဦးညွှတ်ပါ ဖုန်းကင်မရာနဲ့ ရိုက်ထားတဲ့ သမိုင်းလေး အမြင်အာရုံမှာ တွေ့ပြီ
တိတ်ဆိတ်လွန်းစွ ပေါင်တံ မုန့်စားချိန် စမ်းချောင်း တိတ်တိတ်ကလေး မလုံလောက်လည်း စိုးရိမ်စိတ်များနဲ့ပါ့ ကမ္ဘာ
ညှို့ငင် ဆန့်ကျင် ကန်တော့ပါရဲ့ လေးခါ ငါးခါ ခွကျ ပန်းနဲ့ ပေါက် သွားစွယ်တွေကို အန်ချင်သလို
တံခါးတွေ ဖွင့်ပေး အရိုးကိုက် ဆွေးနွေး ရိုးသားမှုကို အသုံးချပြီး မျိုလည်း မရ ထိခေါင် အာခေါင်ငြိ
တစ်ဖက်ကမ်းသို့ ရုန်းကန် တွန်သံ ဗျာများကြား ရှင် တစ်ကောင်တည်း ဒါပေမဲ့ ငိုက်နေတယ်ပေါ့
လျှော့တွက်လို့ သေရော အနာရထားတဲ့ အနားတစ်ဝိုက်ရင်း ပိတ်ဆို့လျှင် ကန့်လန့်ခံ လက်ဆောင်
နောက်ပြီး ဘာတွေ လုပ်ခဲ့သေးလဲ ထိုးကော် နှင်ရာ ပျံ ပုန်းနေချင် ပစ်ရက်တာ လူမှန် နေရာမှန်
နံရံ အဲဒါတွေကို ကာထားတာ အံ့သြတယ် ဘာလုပ်နေလဲ အိုကေ အစ်ကို
သယံဇာတတွေနဲ့ ဆော့နေတယ် နေ့သစ် အစ ဘာအတွက် ဘယ်လို
ဘာကို စောင့်တာလဲ အယ် ဘာလိုနေလဲ လျက်ဆား ချိစ် ဆေးပြား ဘိန်း မုန့်
သိလား လျက်ဆား ချိစ် ဆေးပြား ဘိန်း မုန့် စိတ်စေတသိက်
(ကျွန်) (တော်) တွေ့တယ် (ကျွန်) (တော်) ကြောက်တယ်
ဘယ်သွားလို့လဲ (ကျွန်) (တော်) တွေ့တယ် (ကျွန်) (တော်) ကြောက်တယ်
ဘ၀ခေါ်ရန် ခစ်ခစ် စောင့်နေမှ ဖြစ်တော့မယ် ရီဝေ အခြေခံအုတ်မြစ် စက်လူမျိုးပေါင်းစုံ နှီးနှောနေထိုင်
ကျားသည် ယုန်မဟုတ် အသိကို သတိနဲ့ ကပ် လွတ်မြောက်မှုဆိုတာ ရှိတယ် ဆောက်နဲ့ ပြားတဲ့ ဖား
ဘယ်တော့မှ မမေ့နိုင်မယ့် အာဇာနည် အကယ်ဒမီနေ့ ကိုယ့်သမိုင်း ကိုယ့်ဘာသာသိမ်း
သတ္တုအသားနီလန် မြို့ အတန်းအစား အောက် ခရီးသည် ဘန်း ဘန်း

စိုးမင်းအောင်
၂၀၁၃၊ ဇန်န၀ါရီ၊ ၁၂
၀၂ မိနစ်။

ခေတ်ပြိုင်အဝင် မိုင်တိုင်အမှတ် ၂၀၁၃

တမျှော်တခေါ်မှာ သွားချိတ် ပြီးတော့ လွင့်စင် တဖန် တွယ်ကပ်

စိတ္တဇပူပူလေး မိုးရေစို ကိုယ့်တွန့် ခေါက်မှုကို လာဟပ်သူ အဖြောင့်
အပိုင်းအစ ရယ်ကျဲကျဲဟာ အနာတရထဲက စိမ့်ထွက် ယိုစီး ဝမ်းနည်းမှု နီယွန်ညပျိုများ
စကားတွေ တလွှာပြီးတလွှာ ပြီး လှီး ဖြတ် ခုတ် ပိုင်း ယဉ်ယဉ်လေးရိုင်း ပြီး ရိုင်းရိုင်းကြီးရူး
ခယောင်းတော လား သို့ မဟုတ် “ခယောင်းတောလား” မေးခွန်းအံသွားကြား အဖြေဟာ
ညှပ်နေတဲ့ အသားဖတ် “ဒို ရေ မီ” လိုက်ဆို “ဒီ မို” ကျယ်ကျယ်လေး “က ရေ စီ” နောက်တစ်ခေါက်
“ဒီမိုးက ရေစီးတယ်” ** အိုကေ ခင်ဗျားအမျှော်ကို ဘယ်ဈေးနဲ့  ဖြတ်သွားသလဲ
ကြယ်အတုတွေကြွေနေ လေဖိအားနည်း ရပ်ဝန်း ဟာ ဟောဒီ ဇာတ်နာ ဗဟိုရ်စည်သံအစား
ရင်ဘတ်စည်တီးသံတွေပဲ ကြားတယ် အခေါင်းထဲ ခေါင်းတစ်ပိုင်း စိတ်တစ်ပိုင်း ဝင်နေသူကြီး
ခံစားမှုတွေ ပလက်ဆွဲ ဖြုတ် ဗလာရုပ်သေးဟာ ချွေးအပြိုင်းပြိုင်း က ခုန် မြူး တူး
အညှော်ရှုခင်း ရှင်သန်ခြင်းအသားစိုင်ထဲ မြုပ်နေတဲ့မြား ငွေကြေးဟာ တဖွားဖွားလောက်
ပန်းပွင့်လေးခမျှာ ပင်ပန်းနေရှာပါပြီ ရေ ရေ ရေ ရေ ရေ နွေဟာ အရက်ခွက်လို အက် ကွဲ ထိရှ
သွေးကို အပျစ်အကျဲ ခွဲကြသူများ လူ့ အခွင့်အရေးဟာ အခွံကြီးသက်သက်ဆက်တင်
ခါးတယ် ကောင်းသောနံနက်ခင်းဟာ လှလှကြီး အ, သွား မာစတာဆင်ဆာ
ခင်ဗျား မသေသေးဘူးလား နှင်းကို ချစ်လို့ ကျွန်တော် ကြယ်သီးဖြုတ်ထားတာပါ
ငြိမ်ငြိမ်လေးနေပြီး ငြိမ်းငြိမ်းလေးသေချင်တယ်ဆိုတဲ့ အသံဟာ တသဲ့သဲ့ ပဲ့ထွက်
အဲဒီအခင်းအကျင်းလေးကို သီချင်းအကျယ်ကြီးဖွင့်ပါရစေ နေရထိုင်ရတာ လင်ငယ်နေရသလို
မလုံမလဲ မဟုတ်သေးပါဘူး မလုံလည်းမလုံဘူး လဲလည်းလဲတယ် အကွဲကွဲအပြဲပြဲ
အရုဏ်ဟာ လူသားတွေကို ချနင်းဦးမှာလား ကိုယ်စီစောင့်စားမှုတွေ
စီးကရက်စ်ဖင်ဆီခံလို တိုဝင်နေပြီ မထူးတဲ့နဖူးဟာဆက်ပြီးပေါက်ရဦးမယ် ဆက်ပေါက်

 * မင်းထင်ကိုကိုကြီး ရဲ့ ကဗျာ ခေါင်းစဉ်

  လင်းလက်တာရာ
   ၂၀၁၂ ကုန်ဆုံးနေ့ 

စိုးမင်းအောင်စက်

Soe Min Aung မင်း 
စက်တွေ အရစ်ပြုန်းကုန်ရင် ဘယ်လိုလုပ်မလဲ၊ ဘာလုပ်သင့်လဲ၊ အဖြေတော့ ရှာရလိမ့်မယ်



စက်တွေကို စစ်ဆေးရလိမ့်မယ်၊ စက်တွေက စက်လို တဂျုတ်ဂျုတ်လည်ပတ် စက်အနောက်လိုက်သွား
စက်ဖြစ်သွားသလား စက်ပျက်သွားသလား မေးတော့လည်း မေးချင်တယ် ဖြေတော့လည်း မဖြေချင်ဘူး
စက်ဟာ အရိုး သူမီးလောင်မှာပဲ စက်ဟာ အသား သူညှော်မှာပဲ စက်ဟာ အကြော စက်ဟာ အူ စက်ဟာ ခြေရာ စက်အကြောင်းသိရင် စက်ဖြစ်သွားလိမ့်မယ် စက်ကို နားလည်လိမ့်မယ် စက်အကြောင်းမသိတော့ စက်ကို လုံးလုံးမသိ ကိုယ်တိုင်တောင် စက်ဖြစ်မှန်းမသိ စက်က စက်ကို စက်ပြန်လုပ်ချင်နေတယ် စက်က ပြုတ်ကျသွားတယ် စက်က ပြန်ထတယ် စက်က အမြှောင်းလည်း ထ
စက်က လျှာတွေ ပူ အာခေါင်ခြောက် စက်က မျက်စိတွေ ကျိန်း စက်က ဦးနှောက်ကုပ်ကပ် စက်က ဂေါက် စက်က အာဘာရာဘာ စက်က ဘာတွေဖြစ် စက်မင်နီဝိုင်း စက်မင်ပြာပြာ စက်ရေးရေး
စက်ကို လက်ဆွဲခေါ်မှာလား စက်က တရွတ်တိုက် စက်ပုံကြား စက်ညည်းငွေ့ စက်က ညည်းအငွေ့အသက်နဲ့လည်း စက်ဖြစ်ကြောင်း ခိုင်လုံချင်ပါတယ်ဆို စက်က ညတိုင်း စိတ္တဇ စက်က အော်သံတွေ ကြား စက်တွေ့ရှိချက်က အပေါက် စက်မသာ စက်ဆိုး စက်ကော်ဇောခင်းတဲ့ လမ်းလျှောက်ချင်သေးတယ် စက်ရုပ်သေး စက်ညောင်နာ စက်ဆုပ် စက် ပက်စက်တဲ့ ဥာဉ် စက် စက် စက် စက် . . . စက် . . . စက် ... စက် ... စက် စက်က နျူကလီးယားကို အမှုန်းချေပစ်ချင်တယ် စက်က မွေးဖွားမှုရှိတယ်ဆိုတာ သိတယ် စက်က နာလို့ စက်က ထစ် စက်အ စက်ဆိုးပုန်း စက်အိပ်မက်
စက်ချောက် စက်ဝင်္ကပါ စက်ကျောမှီရပ်နေတာ စက်ကို ဘယ်သူမှ မသိ စက်အနှိမ်ခံ စက်ညှဉ်းဆဲခံ
စက် တဂျောင်းဂျောင်း စက်တအုန်းအုန်း စက်တဒိုင်းဒိုင်း ... စက် ခွေး စက် ... စက် ... ခွေး စက်... စက်သိုက် စက်နဲ့ စပ် စက်က မြင်တယ် စက်က ကြားတယ် စက်က သိတယ် စက်က တိတ်တိတ်လည်း နေတတ်တယ် စက်ချောင်း စက်မြောင်း စက်ချောင်းမြောင်း စက်ရေးစက်ရာ စက်စက် ဆက်စပ်

စံမမှီ

စံမမှီ
တ ဖျတ်ဖျတ် ပွင့်နေတဲ့ အပြုံးမှာ ကင်မရာမီးတွေ လင်းနေသလို
သကာရည်လောင်းထားတဲ့ လျှာဖျားကို ရောင်ပြန်ဟပ်
ပူဆာလွန်းသော ၀မ်းတစ်မီးကြောင့် အခိုးအငွေ့ က စေလိုရာ စေ
လောင်နေတဲ့မီးက ကမ္ဘာ မှတ်လို့  ကိုယ့် ကိုကိုယ် ချနင်း
လက်လေးသစ်အပြင် အပိုမပါသော ခြေဖ၀ါး လက်ဖ၀ါးက မွေးကတည်းက ဗလာ
ထင်ရှားတဲ့အမှတ်အသားတစ်ခုက  ယာလည်ပင်း မှဲ့ ရှိ
ပြတ်ရှနေသော လက်ကောက်ဝတ်တစ်စုံနှင့်
အဲ့ဒီလို အဲ့ဒီလို ကပ်နှိပ်ထားတဲ့ အသားကပ် စတစ်ကာတွေ
အဲ့ဒီလို အဲ့ဒီလို ရေးထိုးဦးမဲ့  မှတ်ပုံအသစ်တွေ
ဖြန့် ဖြန့် ကြည့် လွန်းတဲ့ ကမ္ဘာက ဆွေးမြေ့ လွယ်သလို ပုပ်သိုးမြန်တယ်
ဒီဒလက်မလည်နိုင်သရွေ့  ဒီအိုင်က သေနေတော့မဲ့ ရေ
ပုတီးတစ်လုံးမချ ၊ရွတ်နေတဲ့ မေတ္တာစာမှာ နကန်းတစ်လုံးမှမသိ
သစ္စာတရားရဲ့ ဖြစ်ပျက်မှန်ကို မရှာနိုင်ပဲ
ငါ….သစ္စာစကားတွေထပ်တလဲလဲ သုံးစွဲ
နဲနဲလေးသိတဲ့တရားကလည်း မှိုင်းမိတော့အဆိပ်တက်တယ်
မြောပါသွားသူတစ်ယောက်အတွက်….
ဂြိုလ်တိုင်က ဘုရားမှန်သမျှ လောဘတွေသွန်းလောင်း
မွေးနံထောင့်ထွက်နေတဲ့  မီးခိုးလိပ်ဟာ မောဟတွေ လောင်လို့ 
ကတ္တရာလမ်းပြောင်ပြောင်မှာ ၀ါးတံတားထိုးရင်ထိုးနေမိတာ
ချေနေတဲ့ ယတြာက မခြေဖျက်နိုင်တဲ့ ဆန္ဒ
ရလိုမှုတွေတရင်း လိုတာတွေရဖို့  လိုတရကို ဆောင်
ဘယ်သူကထမင်းသုံးနပ်ထက် ပိုစားနိုင်လို့ လဲ
ခြေဖ၀ါးတစ်စုံအပြင် မြေတစ်လက်မ ပိုသိမ်းထားနိုင်သလဲ
အစားတစ်လုတ်အတွက်သွားရမဲ့လမ်း …..အမှားမခံနိုင်ဘူးးးးးးး
အမှန်တရားအတွက် အမှတ်တစ်ရာ မပြည့်ရင်နေ
ရင်းစားတွေခဏ ခဏ အဆုံးရူံးမခံနိုင်ဘူး။
သောင်းကျန်းလွန်းတယ် ပိုးဟပ်ဟာ အရမ်းပဲ
အကောင်းပလောင်တွေစုံလွန်းတယ် …အမှိုက်ပဲ
ဒီနေရာဟာ ရုန်းထွက်ရန်တော်လှန်နေပါတယ်
ပြင်းအားဒသမ ဘယ်ရွေ့ ဘယ်မျှ ပျောက်နေတဲ့နံရိုးနောက် လိုက်ပါတယ်။
စွဲထားတဲ့ ပညတ်နောက် လိုက်ပါတယ်။
………နောက်လိုက်ပါတယ်။
……….နောက်လိုက်ပါတယ်။
လိုက်ပါရင်း…..နောက်ကျိ
ကျောက်ချဉ်…စိမ်ထားသော စိတ်အနည်ဟာ ကြောက်ချင်ယောင် ထထ ယောင်တယ်
အညိုအမဲချွတ်ချင် အညှော်အပုပ် ရှောင်
၁၀၀% သန့်စင်ပြီးမှ ဒီခေါင်းနဲ့  ဒီအမြီးကို ခြုံဖို့  လိုသလိုမျိုး
စားကျက်ပြောင်းရင်း ပြောင်းရင်း
ငါ့ လိပ်ပြာ ငါမသန့်တော့ ချဉ်ပုလင်းထဲပဲ ပြုတ်ပြုတ်ကျတယ်။

မြ(၂၄.၁၀.၂၀၁၂)

စိတ္တဇညရဲ့ ရယ်မောသံ

တိုးတိုးလေး လက်တို့ပြီး ပြောလိုက်ချင်တယ်
တိုးတိုးဖော် တိုးတိုးတိတ်တိတ် ငြီးညူမိတဲ့ ဘ၀အမောက
အာခေါင်မှာ ငါးအရိုးစူးသလို ခံရခက်တယ် မိစ္ဆာတစ်ကောင်ရဲ့
ချွန်မြမြ လက်သည်းတွေက အတွင်းကို ထိုးဖောက်ပြီး အသည်းတွေ
 ကြေမွအောင် ကုတ်ခြစ်တယ် ဒါဟာ လောကဓံရဲ့ လှပတဲ့ တရားစီရင်မှုပါပဲ
မင်းအကြောင်း မတွေးတော့ဘူးဆိုပေမယ့် အစိုးမရတဲ့စိတ်ကို ထိန်းချုပ်ဖို့ခက်တယ်
တ ခစ် ခစ် လှောင်ရယ်သံတွေက မျက်ဝန်းမှာ ဥနေခဲ့တဲ့ မျက်ရည်တွေကို သားဖောက်ခဲ့တယ် သွေးပျက်ဖွယ်ကောင်းလောက်အောင်
 အော်ဟစ်ခဲ့ရတဲ့ အူသံတွေက မစဲတော့ဘူး ကန္တာရဆူးနဲ့
ဘ၀အမော ဖောက်ချိန်မှာတော့ နီရဲနေတဲ့ သွေးစသွေးနတွေက အံ့သြစရာကိုပဲ အေးစက်မာကြောလှပါတယ် မဟူရာညနက်နက်မှာ
 လေပြည်လေးက လူးလူးလွင့်လွင့် တိုက်ခိုက်လို့ အတွေးက
ထုံထိုင်းပြီး အေးစိမ့်စိမ့်နိုင်လွန်းတယ် မဆုံးနိုင်တဲ့ လောကဓံ
 လောင်စာတွေက တရိပ်ရိပ် လောင်မြိုက်လို့ စိတ္တဇညရဲ့
မင်းမှုမှုက အလှတရားတွေကို ရယ်မောပြီး ဖြိုချင်နေခဲ့တယ်
 နောက်ဆုံးပစ်မှတ်က လွဲချော်သွားသလား၊ ထိမှန်သွားသလား
 ဝေ ခွဲ ရ ခက် ခက် နူးညံ့လှပတဲ့ တုံ့ပြန်မှုနဲ့
ဘ၀ကိုခါးခါးသီးသီး ငြင်းပယ်ပစ်လိုက်တယ်
“မင်း မ ရှိ တော့ ဘူး”
 မောင်မင်းစိုး

လူငယ်နှင့် နိုင်ငံရေး အခင်းအကျင်း(၁၇)

သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာ(၄) ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီစ ပါပကန္တိ။ သူတော်ကောင်းဆိုရင် ကုသိုလ်ကောင်းမှုကို ပြုလုပ်ပြီး၊ သူယုတ်မာဆိုရင်တော့ မကောင်းမှုကို ပြုလုပ်တတ်တယ်။ မှန်ပါတယ်။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူဟာ မိမိရဲ့ စိတ်ဓာတ်မြင့်မြတ်မှုကို ထုတ်ပြရာမှာ ကောင်းတဲ့လုပ်ရပ်နဲ့ ဘဝကို ပုံဖော်တတ်ပြီး။ သူယုတ်မာကတော့ မကောင်းတဲ့ လုပ်ရပ်နဲ့ မိမိရဲ့ဘဝကို ပုံဖော်မှာဖြစ်ပါတယ်။ အခုတလောမှာတော့ လူမှုရေးလုပ်ငန်းနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ အားပေးကူညီနေတဲ့ Miss Internation 2012 ပြိုင်ပွဲကနေ မြန်မာတွေရဲ့ စိတ်နှလုံးကို ဖမ်းစားထားတဲ့ တိုင်းပြည်ချစ်တော်လေး နန်းခင်ဇေယျာရဲ့ သတင်းလေးတွေ၊ လုပ်ဆောင်ချက်လေးတွေဟာ နေရာအတော်များများမှာ တွေ့လိုက်ရပါတယ်။ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှုနဲ့ သေသပ်လှပစွာ ဝတ်ဆင်ထားပြီး နာရေးကူ ညီမှုအသင်း(ရန်ကုန်)မှာ အချိန်ပိုင်းအဖြစ် ကူညီပေးနေတဲ့ သူရဲ့ပုံရိပ်တွေဟာ အတော်လေးကို ကျက်သရေရှိလှပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဆင်ခြင်ဖွယ်ရာထက် အတုယူဖွယ်ရာ သတင်းလေးကို ဦးစွာတင်ပြလိုပါတယ်။ ဒါဟာ သူတော်ကောင်းတစ်ယောက် ရဲ့ လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းမျိုးဆိုတာတွေဟာ ဟိုယခင်ကဆို အတိတ်နိမိတ်မကောင်းတာတို့၊ ကျက်သရေ မရှိတဲ့ လုပ်ငန်းဆိုပြီး အယူသီးစွာနဲ့ ခါးခါးသီးသီး ငြင်းပယ်ရင်း နိုင်ငံကျော်သရုပ်ဆောင်မင်းသား ဦးကျော်သူကြီးကိုယ်တိုင် အခြားသော အနုပညာသည်များရဲ့ နှာခေါင်းရှုံ့မှုမျိုး၊ ကျက်သရေးမရှိသူစသဖြင့် ငြင်းပယ်မှုကို ခံခဲ့ရသူဖြစ်ခဲ့ပါတယ်။ မည်သို့ဆိုစေ သူတော်ကောင်းမှန်ရင်တော့ သူတော်ကောင်းအလုပ်ကို လုပ်ဆောင်မှာဖြစ်ပါတယ်။ အခုလည်း သူတော်ကောင်း မလေးအဖြစ် နန်းခင်ဇေယျာဟာလည်း သူတတ်နိုင်တဲ့ဘက်ကနေ ကူညီတဲ့အနေနဲ့ ဒီလိုနာရေးကူညီမှုလို ပရဟိတလုပ်ငန်းတွေမှာ တွေ့လာရတော့ လူငယ်များအနေနဲ့ အတုယူရမဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကောင်းတာလုပ်ဖို့ထက် အစပြုခြင်းသည် ဘယ်သော အခါမှ စောသည်ဟု မထင်ရဆိုသလိုပါပဲ ကောင်းတာလုပ်ဖို့ဆိုတာတွေကို တွန့်ဆုတ်မနေဘဲ ရှေ့ကနေမားမားမတ်မတ်ရပ်တည်ကြ ပြီး လုပ်ဆောင်နိုင်တာတွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ သူတော်ကောင်းလုပ်ရပ်ဆိုတာ ကြီး၊ ငယ်မရွေးပါဘူး။ လူသားအားလုံးက လက်ခံတဲ့လုပ်ရပ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်စွမ်းဆောင်နိုင်တာတွေကို ဦးစားပေးပြီး ပရဟိတလုပ်ငန်းကို အကောင် အထည်ဖော်ရင်း မိမိတို့ရဲ့ ဘဝများကို သူတော်ကောင်းစိတ်ကလေးတွေနဲ့ ပုံဖော်ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နန်းခင်ဇေယျာ တွေများစွာ ထွက်ပေါ်လာဖို့ အတုယူဖွယ်ရာအဖြစ် တင်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။ သူတော်ကောင်းဆိုတာ သူတော်ကောင်း အလုပ်ကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူတော်ကောင်းဆိုတာတွေလည်း များစွာလိုအပ်နေပါတယ်။ အထူးသဖြင့်တော့ လုပ်ဆောင်ရမဲ့ လုပ်ငန်းဆောင်တာတွေကလည်း များပြားစွာ တည်ရှိနေပါတယ်။ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ကူညီပါဝင်ဆောင်ရွက်နိုင်ဖို့ မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။ ခတ္တိယာ စ နာမ ဗဟုမာယာ၊ မနုဿာ နာမ ဗဟုမာယာ၊ ဘိက္ခူ နာမ မုဒုဟဒယာ-ဆိုပြီး အဌကထာဆရာဖွင့်ပြမှုကို သတိရမိပါတယ်။ မင်းတို့၊ လူတို့မည်သည် မာယာအလွန် များပြားတယ်။ ရဟန်းတို့မည်သည် နှလုံးသားပျော့ပြောင်းတယ်လို့ ဆိုပါတယ်။ သတင်းများကပြောတဲ့ ဆင်ခြင်ဖွယ်ရာအဖြစ်ပဲ ထုတ်ပြခြင်းဖြစ်တဲ့အတွက် အားလုံးဆင်ခြင်နိုင်ဖို့ နောက်ထပ်သတင်းကိုလည်း လူတိုင်းသိပြီးဖြစ်သော်လည်း ထုတ်ဆောင်ပြချင်ပါ တယ်။ ဒါကတော့ အထူးအထွေမဟုတ်ပါဘူး။ သတင်းအနေနဲ့ အားလုံးသိပြီးလို့ အထူးအထွေမဟုတ်ဘူးဆိုပေမယ့် အဖြစ်အပျက် ကတော့ အလွန်မှပဲထူးထွေ ဆန်းပြားလှပါတယ်။ လောလောလတ်လတ်မှာတော့ ထိပ်ဆုံးရောက်နေတဲ့ သတင်းဆိုတော့ အားလုံး သိပြီးဖြစ်တဲ့ လက်ပံတောင်းတောင် ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကိုမင်းကိုနိုင်က သူရဲ့ရင်ထဲကို နင့်နေအောင် ထိခိုက်ခံစား သွားရတဲ့ အဖြေလေးဆိုပြီး ဂျာနယ်တစ်စောင်ရဲ့ မျက်နှာဖုံးမှာ တွေ့လိုက်ရပါတယ်။ - ဦးဇင်း ဘယ်လိုခံစားနေရပါသလဲဘုရား။ - ကျုပ် ဘယ်လိုခံစားနေရလဲဆိုတော့ ဒကာကြီး ကျုပ်အမြန်ဆုံးသေချင်တာပဲ။ ဆက်မခံစားချင်တော့ဘူး။ ဆိုတဲ့အမေး အဖြေလေးပဲ ဖြစ်ပါတယ်။ အထက်ကပြောခဲ့သလို မင်းတို့၊ လူတို့ဆိုတာ အလွန်မှ မာယာများပါတယ်။ ရဟန်းတွေကတော့ အလွန်မှပဲ စိတ်နှလုံးနူးညံ့ကြပါတယ်။ ဒီဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် ဒါဟာ နိုင်ငံရေးမဟုတ်ပါဘူး။ အမျိုးသားရေး၊ သဘာဝပတ် ဝန်းကျင်အရေးဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးလူမဆန်စွာ နှိမ်နင်းဖြိုခွဲမှုဟာ အတော်လေးကို လူသားမဆန်တဲ့ တုန့်ပြန်မှုဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာက ဘယ်လိုလာမယ်ဆိုတာ မသိသေးပေမယ့် ဒါဟာ အစိုးရအဖွဲ့အတွက် နောက်ထပ်စိန်ခေါ်မှု တစ်ရပ်ဖြစ်သွားပါပြီ။ ဒါကိုတော့ နိုင်ငံရေးဆန်တယ်ဆိုရင် ခဏထားလိုက်ပါ။ အဓိကပြောချင်တာကတော့ လူသားမဆန်မှုကို ပြောချင်ပါတယ်။ ဒီလုပ်ရပ်အတွက် ဘယ်သူ့ရဲ့ခိုင်းစေမှုဆိုတာ အခုအထိ ဘယ်သူကမှ ထုတ်ဖော်ဝန်ခံထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဒီလုပ်ရပ်ဟာ တာဝန်ရှိသူတွေအနေနဲ့ အရေးစိုက်ဖို့ လိုအပ်ပါတယ်။ မင်းတို့၊ လူတို့ဆိုတာ မာယာများတယ်။ ဟုတ်ပါတယ်။ ဒီကိစ္စမှာလည်း မင်းနဲ့လည်းဆိုင်ပါတယ်။ ဘာဖြစ်လို့လည်း ကိုယ် ဦးဆောင်ပြီး နိုင်ငံရဲ့အရွေ့တစ်ခုကို သွားနေချိန်မှာ ဒါမျိုးတွေဖြစ်တယ်ဆိုတာ မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ ကျူးလွန်သူများကို ထိရောက်စွာအရေးယူဖို့တော့ လိုအပ်ပါလိမ့်မယ်။ အမြန်ဆုံးလည်း ဖော်ထုတ်နိုင်ဖို့ လိုအပ် ပါတယ်။ မင်းတို့ရဲ့ မာယာများမှုမျိုး မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ မနုဿာ နာမ ဗဟုမာယာ-လူတို့မည်သည် မာယာများကုန်၏လို့ ဆိုပါတယ်။ ဒါဟာ လောကီလူသားတွေရဲ့ အရေးလို့ ဆိုရပေမယ့် နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ရဟန်း ရှင်လူများ အားလုံးနဲ့ဆိုင်ပါတယ်။ ခုနကပြောသလို ဒါဟာ အမျိုးသားရေး၊ သဘာဝပတ်ဝန်းကျင်အရေး ဖြစ်နေလို့ပါပဲ။ ဒီနေရာမှာတော့ လူတို့ဆိုတာ ဦးပိုင်နဲ့ ဝမ်ပေါင်တို့ကို ဆိုလိုပါတယ်။ အရင်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အသက်ဝင်နေတယ်ဆိုရင် ဆက်လုပ်မှာပဲဆိုတဲ့ ဆင်ခြေလောက်နဲ့တော့ ဒီလိုအခြေအနေမျိုးမှာ ထင်ရာ စိုင်းဝါဒကို ဆုပ်ကိုင်ထားလို့ မဖြစ်တော့ပါဘူး။ ဒါကို အမျိုးသားရေး၊ သဘာဝပတ်ဝန်းကျင်အရေးကို အခြေခံပြီး ဘာသာရေးမှာလည်း အထင်ကရနေရာအဖြစ် လယ်တီဆရာတော်ကြီးရဲ့ အရေးကို အခြေခံတာဟာ နိုင်ငံရေးမဟုတ်ပါဘူး။ ဆိုလိုတာကတော့ နိုင်ငံရေး ဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အရေးမှန်သမျှဟာ နိုင်ငံရေးဆိုပေမယ့် ရဟန်းတော်များဟာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သပိတ်စခန်းဆင်နွဲတာဟာ တိုက်ရိုက်နိုင်ငံရေးအဖြစ် မထည့်သွင်းချင်ပါဘူး။ ဒါပေမယ့်လည်း နိုင်ငံရေးအဖြစ် ထည့်စဉ်းစားမယ် ဆိုရင်လည်း ဒီနိုင်ငံရေးမျိုးဟာ လုပ်ဆောင်သင့်တယ်လို့ပဲ သဘောထားပါတယ်။ ဒါကတော့ မိမိတစ်ဦးရဲ့ အမြင်ပါ။ ဘုရားရှင်က လည်း ဝိနည်းဥပဒေအဖြစ် ဆန္ဒပြသင့်ရင်ပြဖို့ ပတ္တနိကုဇ္ဇကံဆိုတာ ဟောထားတာရှိပါတယ်။ ပညတ်ထားတာရှိပါတယ်။ ဒီနေရာမှာ လယ်တီဆရာတော်ရဲ့ အရေးကို လျစ်လျူရှုထားလို့မရပါဘူး။ ဆိုတော့ အထူးသဖြင့်ပြောချင်တာကတော့ နူးညံ့တဲ့စိတ်ထားတွေနဲ့ လုပ်ဆောင်သင့်တာကို လုပ်ဆောင်နေတဲ့ ရဟန်းတော်များကို လူမဆန်ဘဲ အတင်းအဓမ္မဖြိုးခွင်းလိုက်တာဟာ ကြားလို့မှမတော်ပါ ဘူး။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေကို နောက်နောင်မဖြစ်စေဖို့ ဒီသတင်းလေးကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။ ဆင်ခြင်ဖွယ် ရာအဖြစ်၊ သင်္ခန်းစာယူစရာအဖြစ် လောလောလတ်လတ်အရေးလေးကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ အထက်အောက်ဆိုတဲ့ နေရာမှာ အထက်က လူကတစ်မျိုး အောက်က လူကတစ်မျိုးဆိုရင်တော့ နောက်ဆုံး အားလုံးဒုက္ခ ရောက်သွားနိုင်ပါတယ်။ အထက်ကမခိုင်းဘဲ အောက်ကလုပ်တာလား။ သို့မဟုတ်ရင် အထက်ကပဲ တကယ်ခိုင်းစေတာလား ဘာမှ မရေးရာသေးတဲ့ ပြဿနာမြစ်ပွားနာကြီးပါပဲ။ ဒီနေရာမှာတော့ ပုံပြင်လေးတစ်ပုဒ်ကို ပြောပြလိုပါတယ်။ '' တစ်ခါက မြွေအမြီးဟာ သူရဲ့ဦးခေါင်းနဲ့ ရန်ဖြစ်နေခဲ့တယ်။ အမြီးက “မင်းဦးဆောင်နေတာကြာပြီ၊ ဒီတစ်ခါ မင်းကိုငါ ဦးဆောင်ရမယ့် အလှည့်ပဲလို့ ပြောပါတယ်။ ဦးခေါင်းကလည်း “ ငါသာ ဦးဆောင်သင့်တယ်။ ငါ့မှာ မျက်စိနှင့် ပါးစပ်ရှိတယ် လို့ ပြန်ပြောပါတယ်။ အမြီးကလည်း “ မင်းရွေ့လျောသွားနိုင်ဖို့ ငါ့ကို လိုတယ်။ ငါမရှိရင် မင်းဘယ်ကိုမှ သွားလို့မရဘူးဆိုပြီး ပြောပြန်တယ်။ အဲဒီနောက် အမြီးဟာ သစ်ကိုင်းတစ်ခုကို ဖမ်းဆွဲရစ်ပတ်ပြီး မလွှတ်ဘဲထားလိုက်တယ်။ ဦးခေါင်းက အလျှော့ပေးလိုက်ပြီး အမြီးကို ဦးဆောင်စေတယ်။ ဒါပေမယ့် မြွေဦးခေါင်းဟာ အမြီးကို မကူညီလိုဘူး။ ဒါကြောင့် အမြီးဟာ ဘယ်ကိုသွားနေတယ်ဆိုတာကို မမြင်ဘူး။ အဲဒီနောက်မှာတော့ မြွေဟာ မီးတွင်းထဲသို့ ပြုတ်ကျပြီး မီးလောင်သေဆုံး သွားခဲ့ပါတယ်'' ဒီနေရာမှာ အထူးပဲဆင်ခြင် ဖွယ်ရာ ပုံပြင်လေးဖြစ်ပါတယ်။ လုပ်ချင်တာကို အတင်းရမ်းပြီး လုပ်မယ်ဆိုရင်တော့ မထင်မှတ်ဘဲ အားလုံးသေတွင်းထဲ ထိုးကျ သွားနိုင်ပါတယ်။ တချို့ကိစ္စတွေမှာ အထက်မခိုင်းဘဲ၊ သို့မဟုတ် အထက်နဲ့အောက် မသင့်မြတ်ဘဲ လုပ်ဆောင်နေမယ်ဆိုရင်တော့ ဒီလိုပဲ ဒုက္ခလှလှတွေ့ရနိုင်ပါတယ်။ ဆင်ခြင်နိုင်ပါစေ။ နောက်သတင်းတစ်ပုဒ်ကတော့ အနုပညာသမားအချင်းချင်း ပြောရတာဆိုတော့ မကောင်းလှပါဘူး။ ဒါပေမယ့် ပြောစရာ ရှိတာကိုတော့ ပြောရမှာပဲပေါ့။ ပြောသင့်တာကို မပြောရင် လူမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ပြောဖို့ဝန်လေးနေပေမယ့် ပြောပြချင်သေးတဲ့ သတင်းတစ်ပုဒ်ကတော့ ရန်ကုန်မြို့နေရာအနှံ့အပြား လူမြင်ကွင်းတွေမှာ Graffiti ရေးဆွဲတာတွေနဲ့ ပတ်သက် ပြီးတော့ ပြောချင်ပါတယ်။ တချို့ကတော့ ဒါကိုလက်ခံပါတယ်။ တချို့ကတော့လည်း လက်မခံနိုင်ကြပါဘူး။ အဲဒီနှစ်မျိုးထဲမှာတော့ လက်မခံနိုင်တဲ့ဘက်ကနေ ရပ်တည်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာလည်း မလုပ်သင့်တာတွေကို လုပ်ဆောင်လို့လို့ သာမန်ပြောလိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာအနုပညာပဲ ဖန်းတီမှုပဲဆိုပြီး အနုပညာကို ဘယ်လိုပုံဖော်ဖော် လက်ခံရမှာ ပဲဆိုတာ မဖြစ်သင့်ဘူး။ ဒါမျိုးတွေကို အရေးမယူဘူးဆိုရင်တော့ တံတိုင်းရှိသမျှဟာ ဒီလိုလူတွေရဲ့ စိတ်ကြိုက်ရေးဆွဲမှုနဲ့ ဖြစ်ချင် တိုင်းဖြစ်ပြီး ညစ်ပတ်နေတော့မှာ ဖြစ်ပါတယ်။ အနုပညာတိုင်းရဲ့ လွတ်လပ်မှုဆိုတာ လူသားဆန်တယ်လားဆိုတာ စဉ်းစားရမယ့် အချက်ပဲဖြစ်ပါတယ်။ အနုပညာတိုင်းလက်ခံမယ်ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ မဆီလျော်တဲ့ ပုံတွေဟာ လူမြင်ကွင်းတွေမှာ လွှမ်းမိုးလာမယ်ဆိုရင် လက်ခံကြမလား။ ဒါကို လျစ်လျူရှုထားလို့တော့ မဖြစ်ဘူး။ ဒီလိုတာ လျစ်လျူရှုထားမယ်ဆိုရင်တော့ ဘုရား ကျောင်းကန်တွေအထိ တက်မလာနိုင်ဘူးဆိုတာ ဘယ်သူကတာဝန်ခံမှာလဲ။ ဒီလိုအနုပညာသည်တိုင်းဟာ ဗုဒ္ဓဘာသာတွေချည်းပဲ လား။ အခြားဘာသာဝင်တွေကော မပါနိုင်ဘူး။ မဖြစ်နိုင်ပါဘူးဆိုတဲ့ သာမညအပြောလောက်နဲ့တော့ အနုပညာပဲဆိုတဲ့အနေနဲ့ လက်ခံသင့်သလား။ စဉ်းစားပါ။ မိမိလည်း အနုပညာသမားတစ်ယောက်ပါ။ ဒါကို ကန့်ကွက်ခြင်းကြောင့် အနုပညာသည်မဟုတ် တော့ဘူးလား။ ဒီတော့ ရပ်တန်းကရပ်ကြဖို့ လိုအပ်ပါတယ်။ ဟုတ်ပြီ ဒီလိုရပ်စေချင်ရင် ဘာလုပ်ပေးရမှာလည်း။ နေရာသတ်မှတ်ပေးဖို့ သူတို့တောင်းဆိုနေတယ်။ ဖြစ်နိုင်ရင် လိုက်လျောပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဆိုဘယ်နေရာတွေမှာ သွားဆွဲရမှာလည်း အများအတွက် အနှောက်အယှက်မဖြစ်တဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ဆိုင်တဲ့ နေရာမှာ ရေးဆွဲပေါ့။ နေရာမရှိဘူးဆိုရင်ရော။ မရေးဆွဲနဲ့ပေါ့။ ဒီလိုပဲ ပြောဆို ချင်ပါတယ်။ ဘယ်သူ့ကိုမှ စော်ကားလို့ ဒီလို ခါးခါးသီးသီး ငြင်းပယ်နေတာ မဟုတ်ပါဘူး။ ကိုယ့်နဲ့သိကျွမ်းတဲ့ လူတွေလည်း တစ်ယောက်မှ မပါသလို၊ ကိုယ်နဲ့ မသင့်မြတ်တဲ့လူလည်း တစ်ယောက်မှ မပါပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှု၊ ဘာသာရေးကိုပဲ မြင် ယောင်ပြီး ဒါမျိုးတွေကို မလုပ်ဆောင်သင့်ကြောင့် ကိုယ့်အမြင်ကိုသာ ရေးပြလိုက်ခြင်းဖြစ်ပါတယ်။ လက်ခံ၊ မခံကတော့ သူတို့အရေး ပြောရမှာက ကိုယ့်အရေး။ ဒီလိုမတူညီတဲ့ အမြင်ဟာလည်း လှပတဲ့အနုပညာပါပဲ။ မောင်မင်းစိုး (စတိုင်သစ်မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂ဝ၁၃)