Thursday, January 3, 2013
ရေဒီယို
ON နဲ့ OFF ခလုတ်တွေ လိုင်းချိန်တဲ့ ခလုတ်တွေကို ဖွင့်ကြည့်ခဲ့မိ။ အသံတွေ ရေးရေးထွက်နေ။ အပေါက်ထဲက အသံများ. ဂျိဂျိ တဂျိဂျိများ။ တိုင်တွေကိုလည်း ဆွဲလှည့်မိ. ပြန်သွင်းမိ။ အထစ်တွေ လိုတိုးပိုလျှော့လုပ်မိ ဓာတ်ခဲအားရော ရှိရဲ့လား ကျောဘက်ကရော ကျောအစစ်ဖြစ်နိုင်ပါ့မလား သံသယဖြစ်မိ။ နာရီအချိန်မှန်ပါ့မလား အခုနဲ့ ပြသနေတဲ့ အချိန်နဲ့ လွဲနေတာကရော ချန်မယ် ဘယ်လောက်မှာ ကိုယ့်အတွက် ဘာအသံရှိနေမလဲ လိုချင်တဲ့ အသံထွက်လာနိုင်မလား အားလုံးတစ်ခုမှ မဖြစ်နိုင်။ အထစ်ဆိုတာကလည်း ဆွဲလို့မရ ရေဒီယိုရဲ့ဓာတ်ပုံတစ်ပုံပဲ ဓာတ်ခဲက အားရှိသော်လည်း ဂျစ်ဂျစ်သံလောက်သာ နာရီကလည်း အချိန်မမှန် ဆိုနီရေဒီယိုလေးပဲ မောင်မင်းစိုး ပိုင်ဆိုင်မှုပဲ ဆိုနီဆိုပေမယ့် ပိုမြည်မလား ၀ယ်ထားတာ တရုပ်လေးပါ။ ICF-329 = မောင်မင်းစိုး ထိရောက်မှုအားပြင်းနေတဲ့ ရေဒီယိုလေးပေါ်က အလင်း အလင်းကြောတယ်။ ဒီအလင်းက ကင်မရာအလင်း။ ရက်စ် ဒါမောင်မင်းစိုးပိုင်ဆိုင်မှုပါ ဒါဒါ ရေဒီယိုဓာတ်ပုံလေး တစ်ပုံမှ အသံလွှင့်နေပါသည်ခင်ဗျာ နှစ်သစ်မှာ ကျန်းမာစေကြောင်း ဆုတောင်းတဲ့ သီချင်းလေးလည်း လွှင့်တယ်။ သတင်းအမှန်၊ အမှားတွေလည်း လွှင့်တယ်။ သီချင်းမျိုးစုံလည်း လွှင့်တယ်။ ရေဒီယိုဓာတ်ပုံရဲ့ အသံလွှင့်မှု ကြားရဲ့လား ဒါပေမယ့် စံတော်မကိုက်တဲ့ နားဆင်မှုမျိုးနဲ့ နားသောတဆင်နိုင်ဖို့ပါပဲ။ ဘယ်သူငြင်းချက်ထုတ်မှာလဲ ဒါကဗျာတစ်ပုဒ်ပဲပေါ့။ မောင်မင်းစိုး၊ စိုးမင်းအောင်။ မှတ်ချက်။ အပေါ်က ရေဒီယိုလေးကို ကြည့်ပြီး အတွေးတွေကို ကဗျာဟုထင်သဖြင့် တင်လိုက်ပါသည်။
ပြိုသံ
· မျက်ဆံအလှုပ် ကြွတက်လာခန္ဒာ တစ်ဒိန်းဒိန်းအခုန် ကိုယ်/သင်
ကရပေဦးမည် ဘ၀နဲ့ ဟန်ချက်ညီ ယိမ်းထွက်ဖို့ ပြင်ဆင်
ကာချယ်ပါးပါးသ နေအထွက်ကို နုတ်ဆက်လိုက်တယ် ဟောင်း..ဒူး..ယူ..ဒူး။
 အိုကေ။ လိုင်းကောင်းပါတယ်။ သင်ကောင်းရင်ကျွန်ုပ်မဆိုးပါ
 အရောင်စုံများ စူးစူးဝါးဝါး အော်သံ ကြားလိုက်သလို အရှေ့က
 အနောက်က အရပ်လေးမျက်နှာက ဟန်ကျ ပန်မကျ နှင်းဆီစိမ်းရဲ့ ညှို့ငင်နံ့ 
 မျက်နှာဖုံးတွေဈေးချိုသွားတယ် တန်ဖိုးနည်းဝန်ဆောင်မှုတွေကြား သစ္စာခင်းပိုးကျသွား ရေအောက်ကမ္ဘာရဲ့  ပွဲတော်တည်မှုဟာ မွန်းတယ် မောတယ် ဆင်တွေရဲ့ ထူးခတ်ခြင်းကိုခံနေရသလို အင်ဂျင်သံမယ်ဲ့  ၀ပ်ကာမှောက် လှန်ကြည့်သမျှ ကွက်ကွက်ကွင်းကွင်း မကျွတ်တော့တဲ့ သစ်သားနံရံမှာ့ 
 မီးသွေးမှိုင်းတွေတက်လို့  လေးနက်လာ လေရူသံ တိုးလာလိုက် ကျယ်သွားလိုက် ကုပ်ပိုးပြင် အသားတက်လာ မာသလို ၀ါသလို ၀ါးနေသလို အမြင်ဟာ မကြည်လင် ဖိလင် ဖြီးးလာပါ ရုပ်ထွက်ကောင်းမှကြိုက်တတ်လို့  ဟိုချန်နယ် မကြိုက် ဒီချန်နယ်
Sky Net ကောင်းကင်တိုင်းနက်လာတယ် ကိုယ်/သင် ကိုယ်ပိုင် တံဆိပ် ၀ဲရင်ညွှန့် တွဲလွဲကျ လက်ထောင်ပြပါ
ကိုယ်ကိုင်းညွတ်ပါ ပလက်တီနမ် လည်ဆွဲခဲ့ စိတ္တဇဆန်ဆန် စုန်ဆင်းလာလိုက်တာ
 အရှေ့ကိုမျှော်ရင်း ရူမျှော်ခင်း နွေနေ့လယ်မှာ ဟာလာဟင်းလင်း
ကိုယ်ရိတ်သိမ်း လုံထိန်း ရဲမဟုတ် ခဲမဟုတ် နှဲမဟုတ် မှုတ်သံပေး မုန်ယိုနေသော ဆင်တစ်ကောင် နှစ်ကောင် သုံးကောင် တံတွေးဆွတ်
 ရေတွက်နေမှုဟာ ရော်ဂင်ရဲ့  ပန်းချီချပ်လို့ အရှက်မဲ့ ခြေမဲ့  လက်မဲ့ ကိုယ်ဟာခွက်(အလင်း) ပျောက်သူပါ။သင်ဟာ။ ညစ်ညမ်းတေးသွားလိုက် ကတုပ်ကျင်းကောင်းကောင်းခြေကုပ်ယူထားသူ အနှစ်မဲ့ နီတိ နဲ့ 
 ဟ သွတ်သွင်းကြ ရမ္မက်ချိုချို အထင် ဟန်မူပိုပို နတ်ဆိုးဟာ
 ပီယာနို နဲ့ ချွဲချွဲနွဲ့ နွဲ့  ကလေး အရိပ်အောက်သွားပါ ဒါ
ဆင်ဆာမဲ့ပစ္စည်းပါ လူမျိုးရေးကင်းမဲ့ဇုန်ပါ အသံစုံတီးဝိုင်းပဲါ့ ဗိုင်းရပ်လ်
ကိုယ့်ကိုထူပါ သင်ထပါ ရှေ့မှာ ဗို့ အား 1000 သတိ ဖောင်ကဖျက်ခဲ့ပြီ ကန့်လန့်ဖြတ် ဒဏ်ရာ သွေဖည်လာတဲ့  သွေးဆာမှု သတ်ပါ သတ်ပုံမှားတဲ့ကျမ်း
ဘယ်ဘုရားသခင်ကောင်းချီးပေးမလဲ ကြပ်ကြပ်လိပ်စည်းပါ
မစ္စတာမှိုင်းရဲ့ လေးချိုးကြိး နဲ့ ဧယဉ်ကျူးခဲ့တယ်။ ။
 မြ
 (၁.၄.၂၀၁၂)
ကဗျာဟောင်းတစ်ပုဒ်ကို ခေါင်းစဉ်ပြောင်းလဲ၍ ပြန်လည်တင်ဆက်လိုက်သည်။
မြရောင်လက်လက် ထနေတဲ့ မိုး(အက်ဆေး)
မြရောင် လက်လက် ထနေတဲ့ မိုး(အက်ဆေး) ဆောင်းရာသီမှာ ထူးကဲစွာ မိုးရွာနှုံးက စံချိန်တင်သွားတယ်။ တစ်ခါတည်းဆိုသလို ဆောင်းရနံ့လည်း ပျောက်သွားတယ်။ အအေးကြိုက်တတ်သူအတွက်တော့ မိုးတွေက နှိပ်စက်တယ်။ မိုးရွာပြီးစဆိုတော့ နေရာ အနှံ့အပြားမှာလည်း ရွံ့ဗွက်တွေက နေရာတကာ။ တမျှော်တခေါ် လှမ်းကြည့်လိုက်တော့ မြစိမ်းရောင် လယ်ယာရှုခင်း တွေဟာ ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။ မိုးတစ်ယောက် စိတ်ပြေလက်ပျောက်အနေနဲ့ ရင်ဘတ်ကို ဖွင့်ပြီး လေကောင်းလေသန့် ရှုသွင်းချင်တာကြောင့် ကမ်းနားဘက်ကို ထွက်လာခဲ့တယ်။ သစ်ပင်လေးတွေပေါ်မှာတော့ မိုးသီးလေးတွေက ဖွေးဖွေးလှုပ်ပြီး တင်နေခဲ့တယ်။ ကမ်းစပ်မှာတော့ အတိတ်က အရိပ်တွေဟာ တရိပ်ရိပ် တက် လာပါတော့တယ်။ ရာသီစက်ဝန်းရဲ့ တစ်ပတ်လည်မှုများဟာ တစ်စင်းပြီး တစ်စင်း။ တိုတောင်းလှတဲ့ ဖြစ်တည်မှုမှာ ခရီးကြမ်းတွေပဲ ကြီးစိုးလို့။ ထွက်ခွါသွားသူများရဲ့အူသံများက ရှည်လျားစွာ မြည်သံစွဲနေခဲ့တယ်။ အသည်းခိုက်အောင် နာကျင်ရတာပါလို့ ကွန်ယက်နဲ့ကမ္ဘာကြီးကို လွှမ်းခြုံပြီး ဖြန့်ကြက်ကြည့်ပေမယ့် ဘယ်သူက အသိမှတ်ပြုမှာမို့လဲ။ ဘယ်သူက လာပြီး လိုက်ခ်လုပ်ကြမှာမို့လဲ။ ဘယ်သူတွေက ကိုယ့်ဘဝကို လာပြီး ရှယ်ယာလုပ်ကြမှာမို့လဲ။ ဘယ်သူတွေကလာပြီး ကွန်မန့်တွေပေးပြီး အသိအမှတ်ပြုကြမှာမို့လဲ။ တိတ်တိတ်လေး နေပေးပါ။ မလှောင်ပါနဲ့။ နေရောင်နဲ့ အပူမိနေသူ တစ်ယောက်ရဲ့ ဘဝဟာလည်း နွမ်းနယ်လှပါတယ်။ သူ့နာမည်က မြရောင်တွေ တလက်လက်ထနေတဲ့ မိုး။ ဘာကိုမှ အစိုးမရတဲ့ မိုး။ အုံ့ဆိုင်းမှုတွေ ရစ်ပတ်နေတဲ့ စိုထိုင်းထိုင်း မိုး။ ဘယ်တော့မှ မလင်းတော့မဲ့ မိုး။ အခုတော့ မိုး အမှောင်တွေ ကျနေခဲ့ပြီ။ အရာရာကို လက်တွေ့ဆန်မှ ယုံတတ်တယ်။ ဒါပေမယ့် စိတ်ကူးယဉ်ကမ္ဘာမှာ သူမ မျောပါသွားတယ်။ လက်ခံထားတာတွေကို ဖြေချလိုက်တော့ တရိပ်ရိပ်တက်လာတဲ့ အတွေးတွေက လည်တဆန့်ဆန့်နဲ့ သံသရာကို ဆွဲဆန့်တတ်သူတစ်ယောက်လို ရှည်လျားနေခဲ့တယ်။ တမ်းတစိတ်တွေနဲ့ ယဉ်ပါးလာတဲ့ ဘဝခပ်ပါးပါးမှာ မေတ္တာဆိုတဲ့ အသံဟာ တိမ်သယောင်နဲ့ နက်နေခဲ့တယ်။ မျှော်လင့်ခဲ့ရတဲ့ ဘဝအမောတွေက သူမအတွက်တော့ လိုက်လေ ဝေးလေဖြစ်နေခဲ့တယ်။ လေအဝှေ့မှာ လက်လက်ထနေတဲ့ ကမ်ရေပြင်မှာ သူမရှာနေတဲ့ အရာဝတ္ထုကို သိမ်သိမ်မွေ့မွေ့ တွေ့ရှိလိုက်တယ်။ တကယ်တော့ သူမဟာ အလင်းပျောက်နေခဲ့တဲ့ ငှက်တစ်ကောင်လို အာရုံတွေ ထွေပြားလာလေတိုင်း ကမ်ရေပြင်ကို ငေးမောကြည့်ရင်း နာမည်တွေကို အစုလိုက် အစုံလိုက် အော်ခေါ်နေခဲ့မိတယ်။ ကြင်နာခြင်းတွေ ပေးပါ။ စာနာခြင်းတွေ ပေးပါ။ ခွင့်လွှတ်ခြင်းတွေ ပေးပါ။ သည်းခံခြင်းတွေ ပေးပါ။ မနာလိုမှု၊ မုန်းတီးမှု၊ ရက်စက်မှု၊ နာကျည်းမှုတွေကို ဝေးကွာသွားဖို့ အော်ဟစ်ပစ်လိုက်မိတယ်။ တစ်ထစ်ချင်း လှမ်းတက်သွားခဲ့ပေမယ့် ခြေလှမ်းတွေဟာ သွေးစတွေ စွန်းထင်းနေခဲ့ရတယ်။ ပူလောင်မှု ဝင်္ကပါမှာ လမ်းစတွေဟာ မှုန်ဝါးဝါးနိုင်လွန်းတယ်။ အတိတ်က အရိပ်တွေက နောက်က ထပ်ကြပ်မကွာ လိုက်နေတော့တယ်။ သူမရဲ့ မျက်ဝန်း အစုံဟာ ကမ်းစပ်ကို တလိမ့်လိမ့်၊ တလိပ်လိပ်တက်လာတဲ့ လှိုင်းဂယက်တွေကို တွေတွေဝေဝေ ငေးမောကြည့်နေခဲ့တယ်။ ဘဝရဲ့ လှိုင်းတွေဟာလည်း တလိမ့်လိမ့်၊ တလိပ်လိပ်တလူးလူး တက်လာနေဆဲ။ ခေါ်သံတွေ ဆူညံသွားပေမယ့် ပြန်ထူးသံမကြားရဘူး။ ဘဝတစ်ခုကို လွမ်းလွမ်းဆွတ်ဆွတ် အော်ခေါ်မိခဲ့တယ်။ မြင့်မြတ်ခြင်း သရဖူတွေကို လက်လွှဲပြီး တဒင်္ဂအတွက် ဘဝတွေကို ထိုးကေ၊ွးသွားတာကို မစဉ်းစားချင်ပေမယ့် ဝမ်းနည်းစွာနဲ့ မြည်တမ်းရင်း စိတ်အတွက်အဆာပြေအဖြစ် ငိုရှိုက်သံနဲ့အတူ ခေါ်သံတွေ မစဲအောင် အော်မိတယ်။ တဆိတ်လောက်ပါ။ စုံမှိတ်ထားတဲ့ မျက်ဝန်းအစုံကို ရွှန်းလဲ့လဲ့မျက်ရည်ဥတွေမှ တိတ်ဆိတ်ခွင့်ပြုပါ။ ဆို့တက်လာတဲ နာကျင်မှုက လှိုင်းဂယက်တွေလို မြင့်လိုက် တက်လိုက်။ ပိုင်ဆိုင်မှုဆိုတာ ‘ဒါတွေမဟုတ်ဘူး။ အရေးကြီးတဲ့ ပြကွက်တွေက အဆန်းတကြယ် မဟုတ်ဘူး။ ဒါပေမယ့် မရိုးနိုင်တဲ့ မေတ္တာဓာတ်တွေ စီးဝင်နေခဲ့တယ်။ အဆက်မပြတ် စီးဆင်းနေတဲ့ ရေပြင်ကြီးလို ဖွေးဖွးလှုပ်ကာ စီးဆင်းနေတဲ့ မေတ္တာရေစီးတွေက သန်မနေခဲ့ဘူး။ စိတ်ကူးယဉ်သမားလို့ အများက သတ်မှတ်ပေမယ့် တကယ်တော့ ‘ဒါတွေဟာ တကယ့်စိတ်ကူးတွေ မဟုတ်ပါ ဘူး။ လက်တွေ့မှာတော့ ပုရစ်လေးတွေလို စူးစူးဝါးဝါး အော်သံနဲ့ ရုန်းကန်နေခဲ့ရတယ်။ မလာချင်နေပါ ပြန်တော့မသွားနဲ့။ မျှော်လင့်ခြင်းတွေကို ထပ်ပြီး မျှော်နေရတာ ခက်ခဲပင်ပန်းလှတယ်။ ကမ္ဘာကြီးရဲ ဝပ်ကျဉ်းလေးမှာ နားခိုရာ လွင်ပြင်ဟာ ကြယ်လွန်းပေမယ့် တကယ့်နားခိုးစရာက ‘ဒီလောက်မလိုပါဘူး။ ဒါပေမယ့် ‘ဒီလိုရင်ခွင်တွေဟာ အဝေးကြီးဆီကို ရောက်နေခဲ့တယ်။ ပြန်မလာတော့ဘူးဆိုပေမယ့် နာကျည်းမှုနဲ့ ရက်ရက်စက်စက် စွန့်ပစ်လိုက်တာတော့လည်း မဟုတ်ပါဘူး။ သာယာလှပနေခဲ့တဲ့ အသိုပ်အမြုံလေးတွေကို တွေ့တိုင်း ပူလောင်မှုတွေက ရင်ထဲကို ဆို့တက်လာခဲ့တယ်။ အဝေးမှာ လှော်ခတ်လာတဲ့ လေငက်လေးဟာ မှုန်ဝါးဝါးမြူနှင်းတွေအောက်မှာ အားကုန်လှော် ခတ်ရင်း ရုန်းကန်နေရသလို၊ ဘဝကလည်း ခက်ခဲပင်ပန်းစွာနဲ့ပဲ အားကုန်လှော်ခတ်လို့၊ ရွက်လွှင့်လို့ ဘဝပြေးလမ်းပေါ်ကို ထိုးထိုးတက်နေခဲ့တယ်။ အားကုန်လို့ လိမ့်ကျလိုက်၊ ပြန်တက်လိုက်နဲ့ နေ့မှ လသည်၊ လမှ နှစ်သည် ဒီဂရီတွေ တက်လာခဲ့တယ်။ အစုံအဆန်မျောပါသွားတဲ့ စင်ယော်ငှက်လေးတွေရဲ့ လှိုင်းစီးမှုဟာ သာယာကြည်နူးဖွယ်ကောင်းပေမယ့် လူ့ဘဝရဲ့ အတက်၊ အကျ မညီမျှမှု၊ အစုံအဆန် ခရီးလမ်းဟာ ကြမ်းတမ်းလွန်းပါတယ်။ ဒါပေမယ့်လည်း အစိတ်အပိုင်းတစ်ခုချင်းဆီကို တစ်လွှာချင်းဆီ ခွါချကြည့်တော့ အနှစ်မဲ့လှတဲ့ လူသားဘဝရဲ့ မပီဝိုးတဝါး ပုံရိပ်ဟာ လှေငယ်တစ်စီးနှယ်။ အာရုံငါးပါးနဲ့ တိုက်ခိုက်လာတဲ့ လေနုကြမ်းတွေကလည်း အနာဂတ်ကို ကောင်းမွန်စွာ ပုံဖော်နိုင်ဖို့ ခက်ခဲလွန်းလှပါတယ်။ တကယ်တော့ စိတ်အစဉ်ဟာ တရိပ်ရိပ်တက်တက်လာတဲ့ ‘ဒီလှိုင်းလေးတွေလို နိမ့်တုံမြင့်တုံနဲ့ လှိုင်းလေးတွေလောက်တောင် မငြိမ့်ညောင်းလှပါဘူး။ ဆို့ပိတ်မှုများကို ရိုက်ဖွင့်လိုက်ဖို့ စွမ်းအင်ကို ထုတ်ထုတ် သုံးကြည့်ပေမယ့် လက်တွေထုံအနေခဲ့ရတယ်။ မျှော်လင့်ခြင်းတွေဟာ အိပ်မက်တစ်ခုနှယ် ကွယ်ပျောက်သွားခဲ့ရပြန်တယ်။ ''က၊ွန်မလည်း လူးသားတစ်ယောက်ပါ'' စူးစူးဝါးဝါးနဲ့ ခပ်ထန်ထန်အော်ပစ်လိုက်ပေမယ့် လေနှင့်အတူ မျောပါသွားတဲ့ အသံလှိုင်းတွေဟာ ကိုယ့်နားထဲကိုပဲ ထပ်ထပ်ပြီး ရိုက်ခတ်နေဆဲ။ ဖြာထွက်လာတဲ့ အတွေးတွေက ရေပြင်ထက် ကျယ်ပြောလွန်းတယ်။ မရေရာမှုများ၊ မသေချာမှုများ။ အခိုက်အတန့်တစ်ခုလေး အတွင်းမှာပဲ တစစီပြိုကွဲ ပျက်စီးနေတဲ့ အရုပ်လေးတစ်ခုလို ဘဝကို ပြန်လည်ဆက်ကြည့်မိတယ်။ ဒါပေမယ့် ပကတိအလင်းတန်းတွေဟာ ကြီးမားခက်ထန်လှတဲ့ အမှောင်ထုရဲ့ ဝါးမြိုမှုနဲ့ အဆုံးသတ်သွားစေခဲ့တယ်။ နာကျင်ရတာတွေ တွေ့တိုင်း စိတ်ထဲသိုသိပ်စွာ မှတ်သားထားတဲ့ အမှတ်အသားလေးတွေကို တစ်ကွက်ချင်းစီ ပြန်စီကြည့်တော့လည်း သိမ်ငယ်စိတ်များကသာ စိုးပိုင်သွားခဲ့ရပါတယ်။ အလင်းရောင်တွေပေးပါ။ အလင်းရောင်တွေ ဘယ်အထိ ကွယ်ပျောက်နေမှာလဲဆိုတဲ့ တောင်းတ မှုတွေနဲ့အတူ လမိုက်ညတွေမှာ တစ်ကိုယ်ရေညီးတွားသံတွေက တိတ်ဆိတ်မှုကို ထုနှက်ပစ်လိုက်ရတဲ့ ညပေါင်းများစွာ။ အခုတော့ ‘ဒီအမှောင် တွေကဖလင်ကွက်တွေလို တစ်ခန်းပြီးတစ်ခန်း၊ တစ်ကွက်ပြီး တစ်ကွက်။ လှိုင်းလုံးလေးတွေက လည်း တစ်လုံးပြီးတစ်လုံး တက်လိုက် ကျလိုက်။ အုပ်စုဖွဲ့ ပျံသန်းလာတဲ့ ငှက်တစ်အုပ်နောက်ကို အသိစိတ်ကို ချုပ်ကိုင်ပြီးတော့ လိုက်သွားမိတယ်။ တဖျတ်ဖျတ် ပုတ်ခတ်ရင်း မမောမပန်း ပျံသန်းနေကြတဲ့ ငှက်ကလေးတွေရဲ့ ဘဝတွေဟာ ပျော်ရွှင်ကြည်နူးမှုကို ဖြစ်စေပါတယ်။ ငှက်တွေနဲ့အတူ ပျံသန်းကြည့်ပေမယ့် နောက်ကျောကနေ ချုပ်ကိုင်ထားတဲ့ ကြိုးစတွေက ရှေ့ကိုမရောက်ဘူး။ မလွတ်လပ်ဘူး။ မပျော်ရွှင်ဘူး။ ‘ဒီလိုတုပ်နှောက်ခံထားရတဲ့ ဘဝအကျဉ်းသားဟာ အစွန်အဖျားရဲ့ အကိုင်းအခက် လေးတစ်ခုအပေါ် နားခိုနေခဲ့မိတယ်။ ပြုတ်မကျအောင် မနည်းထိမ်းထားရတယ်။ လေပြင်းတွေကလည်း တဟုန်ထိုး တိုက်ခိုက်နေဆဲ။ ငှက်တွေနဲ့အတူ ပျံသန်းနေတဲ့ စိတ်အစဉ်ဟာ တင်းကျပ်လွန်းပြန်ပါတယ်။ မိုးရိပ်ဆင်လာခဲ့ပေမယ့် တကယ်တော့ ဘဝကအချိန်နှင့်အမျှဆိုသလို ဒီလိုပဲ မိုးရိပ်တွေဆင်နေခဲ့ပါတယ်။ ပြန်ဖို့ ထခဲ့လိုက်ပေမယ့် စိတ်တွေ လေးလံနေခဲ့တယ်။ ပြန်ထိုင်လိုက်တယ်။ ပြီးတော့ တစ်လုံးချင်း လွမ်းလွမ်းဆွတ်ဆွတ် အော်ဟစ်ပစ်လိုက်တယ်။ မျှတမှုတွေ ပေးပါ။ စာနာမှုတွေ ပေးပါ။ အကြင်နာတွေ ပေးပါ။ မေတ္တာတွေ ပေးပါ။ ပျော်ရွှင်မှုတွေ ပေးပါ။ ယူဆောင်သွားဖို့ လက်တွေဆန့်တန်းထားပေမယ့် တစ်စုံတစ်ခုဟာ ဆန့်တန်းထားတဲ့ လက်အစုံကို ပုတ်ချလိုက်တယ်။ ပြန်လည်ဆန့်တန်းထားလိုက် ပုတ်ချခံရလိုက်နဲ့ အကြိမ်းပေါင်းများစွာ။ ဝဋ်လား။ အမြစ်ပြတ်အောင် ထုတ်ဆောင်သွားပါ။ နှလုံးသားကလည်း အပိုမပါ။ အသိဥာဏ်ကို ချုပ်ကိုင်ထားတဲ့ စိတ်အစဉ်ဟာလည်း အပိုမပါဘူး။ မလိုမကျမှုတွေဟာ တစ်ကိုယ်လုံးကို နာကျင်ကိုက်ခဲနေစေခဲ့တယ်။ ''ဖေဖေရယ်၊ ပြန်မလာဘူးဆိုတာ သိပေမယ့် တစ်ချက်လောက်တော့ ငဲ့ကြည့်စေချင်ပါတယ်'' လှိုင်းပုတ်သံများ တဝုန်းဝုန်း ဆူညံတုန်းဟီးနေသလို ရင်ဘတ်ထဲမှာလဲ အဆမတန် ပြင်းထန်သော လှိုင်းလုံးများက တဝုန်းဝုန်းနဲ့ တစ်လုံးပြီးတစ်လုံး ရိုက်ခတ်နေခဲ့တယ်။ မငိုဘူးဆိုပေမယ့် ဆို့တက်လာတဲ့ ‘ဒဏ်ရာတွေကြောင့် မျက်ဝန်းအစုံဟာ မျက်ရည်ဥတွေ ဝေ့ဝဲ တက်လာခဲ့ တယ်။ လုံခြုံမှုဆီကို ပို့ပေးပါ။ တိတ်ဆိတ်မှုတွေကို လက်ခံပါရစေ။ ဆာလောင်နေတဲ့ အသံတွေကို မနားတမ်း အော်နေမိတော့တယ်။ မြန်မြန်ပြန်လာပါတော့လို့ မတောင်းတပေမယ့် ထွက်သွားမှုကိုတော့ လည်ပြန်ငေးကြည့်ချင်တယ်။ ''မေမေရယ် သမီးလည်း ဘဝတစ်ခုရဲ့ ဝဋ်ဒုက္ခကို ပိုင်စိုးထားရပါတယ်'' ရောက်ရာအရပ်ကနေ ကြားနိုင်ဖို့အတွက် လွမ်းဆွတ်သံတွေကို သီကျူးမိတယ်။ အခုတော့ စိတ်ထောင်းလို့ ကိုယ်ကျေခဲ့ရပြီပေါ့။ လမသာတဲ့ ညတစ်ညကိုလည်း ပိုင်ဆိုင်ရပြီ။ နေမသာတော့တဲ့ နေ့တွေကိုလည်း လက်ခံလိုက်ရပြီ။ တကယ် တော့ ဘဝတစ်ခုဟာ မြစိမ်းရောင်လက်လက် အေးချမ်းလှတဲ့ မိုးစက်လေးတွေနဲ့အတူ စိုစိုစွတ်စွတ် နေထိုင်ရဖို့ ဆာ လောင်မိခဲ့တယ်။ ‘ဒါပေမယ့် အစိမ်းရောင်က ပြင်းထန်လွန်းတယ်။ ကမ်းစပ်မှာတော့ လေပြင်းတွေ တိုက်ခတ်နေဆဲ။ မိုးရိပ်တွေ ထနေဆဲ။ လှိုင်းဂယက်တို့ လူးလွင့်နေဆဲ။ မောင်မင်းစိုး
မဆုံးည(အက်ဆေး)
မဆုံးည (အက်ဆေး)
    ညတာရှည်တဲ့ ဆောင်းညတစ်ည အအေးဓာတ်တွေ ကင်းပျောက်နေပေမယ့် ရင်ထဲမှာတော့ အအေးဓာတ်လေး များရလေမလားဆိုတဲ့ အတွေးနဲ့ ရှာကြည့်မိတယ်။ ဒါပေမယ့် ပူပြင်းလှတဲ့ တုန်လှုပ်စရာတွေက တန်းစီပြီးကျရောက်လာ ခဲ့တယ်။ အောင်မြင်မှုတွေကလည်း ငါ့ဆီမလာဘူး။ ပျော်ရွှင်မှုတွေကလည်း ငါ့ဆီမလာဘူး။ မေတ္တာဓာတ်တွေကလည်း ငါ့ထံ စီးဆင်းမလာဘူး။ တမ်းတမ်းတတ အတိတ်ကို လည်ပြန်ငေးတော့ အရိပ်မည်းတွေက အတွေးကို လွှမ်းခြုံသွား တယ်။ ဟုတ်တယ် နာကျင်ခံခက်တွေနဲ့ သန္ဓေတည်လာတဲ့ ဘဝအကျဉ်းသားဟာ ဘဝလမ်းပေါ်ရောက်တော့လည်း ပြေးလမ်းတွေက ပိတ်ဆို့နေဆဲ။ သန့်ရှင်းသော လူသားဘဝရဲ့ တစ်ပိုင်းတစ်စ အသက်ရှင်မှုဟာ နာကျင်မှုတွေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်။  တိတ်တဆိတ်ထွက်သွားချင်ပေမယ့် မအောင်မြင်တဲ့ ဘဝနေနည်းတွေကို အဆုံးသတ်ဖို့
အသိစိတ်က ချုပ်ကိုင်ထားတယ်။ ရှည်လျားတဲ့အတွေးတွေက လွမ်းဆွတ်ကြေကွဲစရာစရာ အပြည့်နဲ့။
    ထိုးချေနေမိတဲ့ ဆေးလိပ်တိုတွေရဲ့ အသက်ရှုသံက ပါးပါးလျလျ။ ဖြာကျနေတဲ့ အတွေးစတွေက မီးခိုးငွေ့တွေလို အူတယ်။ ပြာတယ်။ လေဆောင်ရာ ပါသွားတယ်။ အသစ်တွေဆိုတာ အဟောင်းတွေလောက် မကောင်းပါဘူး။ မဟုတ်ဘူး အဟောင်းတွေဆိုတာ အသစ်လောက် မပီပြင်ပါဘူး။ ဒီလို ဒွိဟစိတ်တွေနဲ့ ရောပြွမ်းနေတဲ့ ချုပ်နှောင်မှုက လူသားရဲ့စည်းကို ကိုက်ဖြတ်ပစ်လိုက်တယ်။ အဆိုးဆုံးဆိုတာတွေက ငါခံစားနေရတဲ့ တစ်စိတ်တစ်ပိုင်းလောက်တောင် မရှိပါဘူး။ မျှော်လင့်ခြင်းတွေ ပြန်လည်မွေးဖွားစေဖို့ ရောင်ခြည်လေးတစ်ခုတောင် ဖြာကျမလာဘူး။ ငါလည်း လူသားပါ။ ငါလည်း နာကျင်တတ်တယ်။ ငါလည်း ခံစားတတ်တယ်။ ငါ့ကိုငါ ပျောက်နေတဲ့ နေရက်တွေဟာ ငါ့ကိုယ်ငါ ပြန်လည်ဖမ်းဆုပ်လို့ မရတဲ့စိုးစိတ်တွေဘဲ။  မြွေတစ်ကောင်လို ပါးနပ်စွာ ရှောင်ထွက်သွားတဲ့ မနက်ဖြန်တွေဟာ ငါ့ဆီကို တည့်တည့်တိုးမလာဘူး။ အဆိုးဆုံးက အယဉ်ဆုံးဖြစ်နေခဲ့တယ်။ ပါးနပ်စွာ ရှောင်ထွက်သွားတဲ့ ကိုယ်သင်းနံ့ လေးတွေဟာ မွှေးမြသင်းပျံ့နေခဲ့ပေမယ့် ရက်စက်မှု အငွေ့အသက်တွေနဲ့ ရနံ့တွေ သင်းနေခဲ့တယ်။
    ကောင်းကင်မှာ မည်းမှောင်နေတဲ့ တိမ်လွှာတွေက ညကို ပိုမို နက်ရှိုင်းစေခဲ့တယ်။ ဘဝအမောတွေကို တမ်းချင်းတွေနဲ့ ဖြေဖျောက်ခဲ့ကြတယ်။  တချို့ကတော့ သီချင်းလေးတွေနဲ့ တချို့ကတော့ ကဗျာလေးတွေနဲ့ ဖြေဖျောက်ခဲ့ကြတယ်။ မဆီမဆိုင်လို့ပဲ ပြောပြော မျှော်ငေးတဲ့ ကဗျာလေးက ခေါင်းထဲ လှစ်ခနဲ့ ဆောင့်ထွက်လာတယ်။ ဆရာဇော်ဂျီရဲ့ လွမ်းသံလေးပါပဲ။  ဒီမှာတော့ အမှောင်ညက ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ တရားစီရင်နေခဲ့တယ်။
နေလုံးရယ်နီ
တိမ်ပန်းချီ နေသွေးနဲ့ ၊ နတ်ရေးသည်သို့။
ဒီ အကျပေမို့
အလှလတာပြင်က ၊ ကျူရိုးရှင် လှေကလေးနဲ့
မျှော်ငေးလိုလို့။
    ဒီမှာတော့ နေလုံးကြီးလည်း မနီခဲ့တော့။ ကောင်းကင်ကို မော့ကြည့်တော့ တိမ်များက ပန်းချီနေသွေးနဲ့ နတ်ရေးသလိုမဟုတ် အမှောင်ထုကြီးဖုံးလွှမ်းနေခဲ့တယ်။ အဲဒီလိုပါပဲ၊ ဘဝအမှောင်ကြီးကလည်း ဒီလှိုင်းလို တက်လိုက်၊ ကျလိုက်နဲ့။ လှေကလေးတစ်စီးနဲ့ လှော်ခတ်သွားနေတဲ့ လူသားတစ်ယောက်ရဲ့ အေးမြမှုမျိုးမဟုတ်။ စိတ်ရိုင်းတွေ နဲ့လှော်ခတ်သွားတဲ့ ကိုယ်သင်းနဲ့လေးကို မျှော်ငေးရင်း လွမ်းစိတ်ပိုခဲ့ပေမယ့် အလှလတာပြင်ကြီးလို မလှနိုင်ဘူး။ မလွတ်လပ်နိုင်ဘူး။ စိုးထိတ်မှုတွေက အရောင်တလက်လက် ထထောက်နေဆဲ။ အလွမ်းတွေက ဆက်လက် အူနေဆဲ။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငပျံလတာစွန်းမှာ၊ သူ့ က၊ွမ်းသံချည့်။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘုတ်မ ခုနှစ်သံနဲ့
တညံညံ လတာစွန်းမှာ ၊ သူ့ လွမ်းသံချည့် ။
    သူ့ကိုယ်သူ တကယ်ဘာထင်မယ် မသိပါဘူး။ အဲဒီလိုပါပဲ ကိုယ့်ကိုယ်လည်း ဘာကောင်မှန်းမသိလောက် အောင် စိတ်တွေမိုက်ရိုင်းထွားကြိုင်ခဲ့ပါတယ်။ ငါးပျံတစ်ကောင်လိုတော့မဟုတ်ဘူး ငါးခုံးမလို ပုတ်ခဲ့ရတဲ့ ဒဏ်ရာတွေက အူသံမစဲတော့ဘူး။ တကယ်တော့ နှလုံးသားကို အသိတရားနဲ့ မဖမ်းဆုပ်နိုင်မှုရဲ့ ရလဒ်ပါပဲ။ ကိုယ့်တာကို ကိုယ် မလုံခြုံခြင်းဟာ စိတ်ဖောက်ပြန်မှုရဲ့ ထိုးနှက်ချက်ပဲ။ အရောင်တွေရဲ့နောက်ကို က၊ွမ်းထိုးမှောက်ခုန် ထိုးလိုက်။ မပီပြင်တဲ့ အသွင်သဏ္ဍာန်တစ်ခုကို ပုံဖော်ပြလိုက်ခြင်းဟာ အရူးတစ်ယောက်ရဲ့ ငြီးတွားသံလိုပါပဲ။ မလေးနက်ဘူး။ ရော့ ယူလိုက်။ ဒါတွေဟာ ငါပိုင်မှုရဲ့ ရိုးစင်းတဲ့ ပေးဆပ်ခြင်းတွေပဲ။ ဆာလောင်နေတဲ့ အသံတွေနဲ့ ငါအော်မယ်။ ရင်ဘတ်ထဲမှာ ဗလောင်ဆူနေတဲ့ မသေချာခြင်းတွေက ဖမ်းဆုပ်လို့မရတဲ့ မိုးတိမ်တွေလား။ ဘယ်လိုဖြစ်ဖြစ်ပါ ငါမင့်ကို တမ်းတမ်းတတ ရှိလှပါတယ်။ လွမ်းသံတွေ မကူခ၊ွဲချင်ပေမယ့် အူသံတွေကတော့ မစဲသေးပါဘူး။
အိုအချင်း ကျူရိုးရှင်။
သူ့မူရာ သူ့အတင်း ၊ မင်း ဆိုခဲ့စဉ်။
မင်းကိုယ်လည်း မင်းပင်လျှင်၊
ဘာထင်လို့လေလဲ။
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ပဲ။
    အခုတော့ ဒါတွေဟာ ပြီးဆုံးသွားခဲ့ပြီ။  အစုန်အဆန် ခရီးလမ်းမှာလည်း မင်းရော၊ ငါရော ပန်းခဲ့ကြပါတယ်။ အခုတော့ မနေနိုင်တဲ့ ငါ့စိတ်ကို ငါပြန်ဆုပ်ကိုင်ထားလိုက်ပါတယ်။ တင်းကျပ်နေပေမယ့် နေပျော်ပါတယ်။ မင်းလမ်းဟာ မင်းထွင်မဲ့လမ်း။ ငါလမ်းဟာ ငါဖောက်မဲ့လမ်း။ ဒါပေမယ့် အတိတ်ကိုတော့ လည်ပြန်ငေးခွင့် ရှိတယ်။ အတိတ်ရဲ့ အရိပ်တွေ လွှမ်းမိုးခြင်း မခံရအောင်တော့  နာနာကျင်ကျင်နဲ့  ခွာချနေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ပြီးခဲ့တာ တွေလည်း ပြီးဆုံးခဲ့ပါပြီ။ အရှင်လတ်လတ် သဂြိုဟ်ခံလိုက်ရတဲ့ မျှော်လင့်ခြင်းတွေကို ငါပြန် မလိုချင်တော့ဘူး။ ငါ့ကို ထွက်ခွာခွင့်ပေး။ ငါ့ဖြစ်တည်မှုအောက်မှာ လှပတဲ့မနက်ဖြန်များစွာဟာ  ရှင်သန်စပြုနေပါပြီ။ ဆုပ်ကိုင်ထားတဲ့ ပြဿနာသစ်ပင်တစ်ပင်ရဲ့ အဆိပ်ရည်တွေနဲ့လည်း နေပျော်ပါပြီ။ သေပျော်ပါပြီ။ လန်းဆန်းနေတဲ့ အသိစိတ်တွေဟာ နောက်ကြည့်မှန်တစ်ချပ်လို လည်ပြန်မငေးချင်တော့ဘူး။ တောင်းတမှုတွေဟာ တမ်းတမှုတွေရဲ့ တရားတွေပါပဲ။ မျက်လုံးစုံမှိတ် ခဏလောက် အသက်အောင့်ထား၊ ပြီး မှုတ်ထုတ်လိုက် ၊ ပြီး အတွေးမျှင်တွေကို ပြန်လည်ရှုသွင်း၊ ပြီးတော့ ဟိုးအဝေးကြီးဆီကို မှုတ်ထုတ်ပစ်လိုက်။ ဘာမှ မကြာလိုက်ပါဘူး။
     မဆုံးတဲ့ ညဟာ ညတာရှည်တယ်။ ညတာရှည်တဲ့ မဆုံးညမှာ တစ်ယောက်တည်း အတွေးတွေကို မဆုံးစေဘဲ ညကို ဆွဲဆန့်နေခဲ့တယ်။ အဲဒီမဆုံးညဟာ တကယ်တော့ အဆုံးညလည်း ဖြစ်ခဲ့ပါတယ်။
မောင်မင်းစိုး