Thursday, January 3, 2013

မဆုံးည(အက်ဆေး)


မဆုံးည (အက်ဆေး)
    ညတာရှည်တဲ့ ဆောင်းညတစ်ည အအေးဓာတ်တွေ ကင်းပျောက်နေပေမယ့် ရင်ထဲမှာတော့ အအေးဓာတ်လေး များရလေမလားဆိုတဲ့ အတွေးနဲ့ ရှာကြည့်မိတယ်။ ဒါပေမယ့် ပူပြင်းလှတဲ့ တုန်လှုပ်စရာတွေက တန်းစီပြီးကျရောက်လာ ခဲ့တယ်။ အောင်မြင်မှုတွေကလည်း ငါ့ဆီမလာဘူး။ ပျော်ရွှင်မှုတွေကလည်း ငါ့ဆီမလာဘူး။ မေတ္တာဓာတ်တွေကလည်း ငါ့ထံ စီးဆင်းမလာဘူး။ တမ်းတမ်းတတ အတိတ်ကို လည်ပြန်ငေးတော့ အရိပ်မည်းတွေက အတွေးကို လွှမ်းခြုံသွား တယ်။ ဟုတ်တယ် နာကျင်ခံခက်တွေနဲ့ သန္ဓေတည်လာတဲ့ ဘဝအကျဉ်းသားဟာ ဘဝလမ်းပေါ်ရောက်တော့လည်း ပြေးလမ်းတွေက ပိတ်ဆို့နေဆဲ။ သန့်ရှင်းသော လူသားဘဝရဲ့ တစ်ပိုင်းတစ်စ အသက်ရှင်မှုဟာ နာကျင်မှုတွေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်။  တိတ်တဆိတ်ထွက်သွားချင်ပေမယ့် မအောင်မြင်တဲ့ ဘဝနေနည်းတွေကို အဆုံးသတ်ဖို့
အသိစိတ်က ချုပ်ကိုင်ထားတယ်။ ရှည်လျားတဲ့အတွေးတွေက လွမ်းဆွတ်ကြေကွဲစရာစရာ အပြည့်နဲ့။
   
    ထိုးချေနေမိတဲ့ ဆေးလိပ်တိုတွေရဲ့ အသက်ရှုသံက ပါးပါးလျလျ။ ဖြာကျနေတဲ့ အတွေးစတွေက မီးခိုးငွေ့တွေလို အူတယ်။ ပြာတယ်။ လေဆောင်ရာ ပါသွားတယ်။ အသစ်တွေဆိုတာ အဟောင်းတွေလောက် မကောင်းပါဘူး။ မဟုတ်ဘူး အဟောင်းတွေဆိုတာ အသစ်လောက် မပီပြင်ပါဘူး။ ဒီလို ဒွိဟစိတ်တွေနဲ့ ရောပြွမ်းနေတဲ့ ချုပ်နှောင်မှုက လူသားရဲ့စည်းကို ကိုက်ဖြတ်ပစ်လိုက်တယ်။ အဆိုးဆုံးဆိုတာတွေက ငါခံစားနေရတဲ့ တစ်စိတ်တစ်ပိုင်းလောက်တောင် မရှိပါဘူး။ မျှော်လင့်ခြင်းတွေ ပြန်လည်မွေးဖွားစေဖို့ ရောင်ခြည်လေးတစ်ခုတောင် ဖြာကျမလာဘူး။ ငါလည်း လူသားပါ။ ငါလည်း နာကျင်တတ်တယ်။ ငါလည်း ခံစားတတ်တယ်။ ငါ့ကိုငါ ပျောက်နေတဲ့ နေရက်တွေဟာ ငါ့ကိုယ်ငါ ပြန်လည်ဖမ်းဆုပ်လို့ မရတဲ့စိုးစိတ်တွေဘဲ။  မြွေတစ်ကောင်လို ပါးနပ်စွာ ရှောင်ထွက်သွားတဲ့ မနက်ဖြန်တွေဟာ ငါ့ဆီကို တည့်တည့်တိုးမလာဘူး။ အဆိုးဆုံးက အယဉ်ဆုံးဖြစ်နေခဲ့တယ်။ ပါးနပ်စွာ ရှောင်ထွက်သွားတဲ့ ကိုယ်သင်းနံ့ လေးတွေဟာ မွှေးမြသင်းပျံ့နေခဲ့ပေမယ့် ရက်စက်မှု အငွေ့အသက်တွေနဲ့ ရနံ့တွေ သင်းနေခဲ့တယ်။

    ကောင်းကင်မှာ မည်းမှောင်နေတဲ့ တိမ်လွှာတွေက ညကို ပိုမို နက်ရှိုင်းစေခဲ့တယ်။ ဘဝအမောတွေကို တမ်းချင်းတွေနဲ့ ဖြေဖျောက်ခဲ့ကြတယ်။  တချို့ကတော့ သီချင်းလေးတွေနဲ့ တချို့ကတော့ ကဗျာလေးတွေနဲ့ ဖြေဖျောက်ခဲ့ကြတယ်။ မဆီမဆိုင်လို့ပဲ ပြောပြော မျှော်ငေးတဲ့ ကဗျာလေးက ခေါင်းထဲ လှစ်ခနဲ့ ဆောင့်ထွက်လာတယ်။ ဆရာဇော်ဂျီရဲ့ လွမ်းသံလေးပါပဲ။  ဒီမှာတော့ အမှောင်ညက ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ တရားစီရင်နေခဲ့တယ်။

နေလုံးရယ်နီ
တိမ်ပန်းချီ နေသွေးနဲ့ ၊ နတ်ရေးသည်သို့။
ဒီ အကျပေမို့
အလှလတာပြင်က ၊ ကျူရိုးရှင် လှေကလေးနဲ့
မျှော်ငေးလိုလို့။
    ဒီမှာတော့ နေလုံးကြီးလည်း မနီခဲ့တော့။ ကောင်းကင်ကို မော့ကြည့်တော့ တိမ်များက ပန်းချီနေသွေးနဲ့ နတ်ရေးသလိုမဟုတ် အမှောင်ထုကြီးဖုံးလွှမ်းနေခဲ့တယ်။ အဲဒီလိုပါပဲ၊ ဘဝအမှောင်ကြီးကလည်း ဒီလှိုင်းလို တက်လိုက်၊ ကျလိုက်နဲ့။ လှေကလေးတစ်စီးနဲ့ လှော်ခတ်သွားနေတဲ့ လူသားတစ်ယောက်ရဲ့ အေးမြမှုမျိုးမဟုတ်။ စိတ်ရိုင်းတွေ နဲ့လှော်ခတ်သွားတဲ့ ကိုယ်သင်းနဲ့လေးကို မျှော်ငေးရင်း လွမ်းစိတ်ပိုခဲ့ပေမယ့် အလှလတာပြင်ကြီးလို မလှနိုင်ဘူး။ မလွတ်လပ်နိုင်ဘူး။ စိုးထိတ်မှုတွေက အရောင်တလက်လက် ထထောက်နေဆဲ။ အလွမ်းတွေက ဆက်လက် အူနေဆဲ။

သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငပျံလတာစွန်းမှာ၊ သူ့ က၊ွမ်းသံချည့်။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘုတ်မ ခုနှစ်သံနဲ့
တညံညံ လတာစွန်းမှာ ၊ သူ့ လွမ်းသံချည့် ။

    သူ့ကိုယ်သူ တကယ်ဘာထင်မယ် မသိပါဘူး။ အဲဒီလိုပါပဲ ကိုယ့်ကိုယ်လည်း ဘာကောင်မှန်းမသိလောက် အောင် စိတ်တွေမိုက်ရိုင်းထွားကြိုင်ခဲ့ပါတယ်။ ငါးပျံတစ်ကောင်လိုတော့မဟုတ်ဘူး ငါးခုံးမလို ပုတ်ခဲ့ရတဲ့ ဒဏ်ရာတွေက အူသံမစဲတော့ဘူး။ တကယ်တော့ နှလုံးသားကို အသိတရားနဲ့ မဖမ်းဆုပ်နိုင်မှုရဲ့ ရလဒ်ပါပဲ။ ကိုယ့်တာကို ကိုယ် မလုံခြုံခြင်းဟာ စိတ်ဖောက်ပြန်မှုရဲ့ ထိုးနှက်ချက်ပဲ။ အရောင်တွေရဲ့နောက်ကို က၊ွမ်းထိုးမှောက်ခုန် ထိုးလိုက်။ မပီပြင်တဲ့ အသွင်သဏ္ဍာန်တစ်ခုကို ပုံဖော်ပြလိုက်ခြင်းဟာ အရူးတစ်ယောက်ရဲ့ ငြီးတွားသံလိုပါပဲ။ မလေးနက်ဘူး။ ရော့ ယူလိုက်။ ဒါတွေဟာ ငါပိုင်မှုရဲ့ ရိုးစင်းတဲ့ ပေးဆပ်ခြင်းတွေပဲ။ ဆာလောင်နေတဲ့ အသံတွေနဲ့ ငါအော်မယ်။ ရင်ဘတ်ထဲမှာ ဗလောင်ဆူနေတဲ့ မသေချာခြင်းတွေက ဖမ်းဆုပ်လို့မရတဲ့ မိုးတိမ်တွေလား။ ဘယ်လိုဖြစ်ဖြစ်ပါ ငါမင့်ကို တမ်းတမ်းတတ ရှိလှပါတယ်။ လွမ်းသံတွေ မကူခ၊ွဲချင်ပေမယ့် အူသံတွေကတော့ မစဲသေးပါဘူး။

အိုအချင်း ကျူရိုးရှင်။
သူ့မူရာ သူ့အတင်း ၊ မင်း ဆိုခဲ့စဉ်။
မင်းကိုယ်လည်း မင်းပင်လျှင်၊
ဘာထင်လို့လေလဲ။
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ပဲ။
    အခုတော့ ဒါတွေဟာ ပြီးဆုံးသွားခဲ့ပြီ။  အစုန်အဆန် ခရီးလမ်းမှာလည်း မင်းရော၊ ငါရော ပန်းခဲ့ကြပါတယ်။ အခုတော့ မနေနိုင်တဲ့ ငါ့စိတ်ကို ငါပြန်ဆုပ်ကိုင်ထားလိုက်ပါတယ်။ တင်းကျပ်နေပေမယ့် နေပျော်ပါတယ်။ မင်းလမ်းဟာ မင်းထွင်မဲ့လမ်း။ ငါလမ်းဟာ ငါဖောက်မဲ့လမ်း။ ဒါပေမယ့် အတိတ်ကိုတော့ လည်ပြန်ငေးခွင့် ရှိတယ်။ အတိတ်ရဲ့ အရိပ်တွေ လွှမ်းမိုးခြင်း မခံရအောင်တော့  နာနာကျင်ကျင်နဲ့  ခွာချနေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ပြီးခဲ့တာ တွေလည်း ပြီးဆုံးခဲ့ပါပြီ။ အရှင်လတ်လတ် သဂြိုဟ်ခံလိုက်ရတဲ့ မျှော်လင့်ခြင်းတွေကို ငါပြန် မလိုချင်တော့ဘူး။ ငါ့ကို ထွက်ခွာခွင့်ပေး။ ငါ့ဖြစ်တည်မှုအောက်မှာ လှပတဲ့မနက်ဖြန်များစွာဟာ  ရှင်သန်စပြုနေပါပြီ။ ဆုပ်ကိုင်ထားတဲ့ ပြဿနာသစ်ပင်တစ်ပင်ရဲ့ အဆိပ်ရည်တွေနဲ့လည်း နေပျော်ပါပြီ။ သေပျော်ပါပြီ။ လန်းဆန်းနေတဲ့ အသိစိတ်တွေဟာ နောက်ကြည့်မှန်တစ်ချပ်လို လည်ပြန်မငေးချင်တော့ဘူး။ တောင်းတမှုတွေဟာ တမ်းတမှုတွေရဲ့ တရားတွေပါပဲ။ မျက်လုံးစုံမှိတ် ခဏလောက် အသက်အောင့်ထား၊ ပြီး မှုတ်ထုတ်လိုက် ၊ ပြီး အတွေးမျှင်တွေကို ပြန်လည်ရှုသွင်း၊ ပြီးတော့ ဟိုးအဝေးကြီးဆီကို မှုတ်ထုတ်ပစ်လိုက်။ ဘာမှ မကြာလိုက်ပါဘူး။
     မဆုံးတဲ့ ညဟာ ညတာရှည်တယ်။ ညတာရှည်တဲ့ မဆုံးညမှာ တစ်ယောက်တည်း အတွေးတွေကို မဆုံးစေဘဲ ညကို ဆွဲဆန့်နေခဲ့တယ်။ အဲဒီမဆုံးညဟာ တကယ်တော့ အဆုံးညလည်း ဖြစ်ခဲ့ပါတယ်။
မောင်မင်းစိုး



No comments: