Thursday, January 3, 2013

မြရောင်လက်လက် ထနေတဲ့ မိုး(အက်ဆေး)

မြရောင် လက်လက် ထနေတဲ့ မိုး(အက်ဆေး) ဆောင်းရာသီမှာ ထူးကဲစွာ မိုးရွာနှုံးက စံချိန်တင်သွားတယ်။ တစ်ခါတည်းဆိုသလို ဆောင်းရနံ့လည်း ပျောက်သွားတယ်။ အအေးကြိုက်တတ်သူအတွက်တော့ မိုးတွေက နှိပ်စက်တယ်။ မိုးရွာပြီးစဆိုတော့ နေရာ အနှံ့အပြားမှာလည်း ရွံ့ဗွက်တွေက နေရာတကာ။ တမျှော်တခေါ် လှမ်းကြည့်လိုက်တော့ မြစိမ်းရောင် လယ်ယာရှုခင်း တွေဟာ ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။ မိုးတစ်ယောက် စိတ်ပြေလက်ပျောက်အနေနဲ့ ရင်ဘတ်ကို ဖွင့်ပြီး လေကောင်းလေသန့် ရှုသွင်းချင်တာကြောင့် ကမ်းနားဘက်ကို ထွက်လာခဲ့တယ်။ သစ်ပင်လေးတွေပေါ်မှာတော့ မိုးသီးလေးတွေက ဖွေးဖွေးလှုပ်ပြီး တင်နေခဲ့တယ်။ ကမ်းစပ်မှာတော့ အတိတ်က အရိပ်တွေဟာ တရိပ်ရိပ် တက် လာပါတော့တယ်။ ရာသီစက်ဝန်းရဲ့ တစ်ပတ်လည်မှုများဟာ တစ်စင်းပြီး တစ်စင်း။ တိုတောင်းလှတဲ့ ဖြစ်တည်မှုမှာ ခရီးကြမ်းတွေပဲ ကြီးစိုးလို့။ ထွက်ခွါသွားသူများရဲ့အူသံများက ရှည်လျားစွာ မြည်သံစွဲနေခဲ့တယ်။ အသည်းခိုက်အောင် နာကျင်ရတာပါလို့ ကွန်ယက်နဲ့ကမ္ဘာကြီးကို လွှမ်းခြုံပြီး ဖြန့်ကြက်ကြည့်ပေမယ့် ဘယ်သူက အသိမှတ်ပြုမှာမို့လဲ။ ဘယ်သူက လာပြီး လိုက်ခ်လုပ်ကြမှာမို့လဲ။ ဘယ်သူတွေက ကိုယ့်ဘဝကို လာပြီး ရှယ်ယာလုပ်ကြမှာမို့လဲ။ ဘယ်သူတွေကလာပြီး ကွန်မန့်တွေပေးပြီး အသိအမှတ်ပြုကြမှာမို့လဲ။ တိတ်တိတ်လေး နေပေးပါ။ မလှောင်ပါနဲ့။ နေရောင်နဲ့ အပူမိနေသူ တစ်ယောက်ရဲ့ ဘဝဟာလည်း နွမ်းနယ်လှပါတယ်။ သူ့နာမည်က မြရောင်တွေ တလက်လက်ထနေတဲ့ မိုး။ ဘာကိုမှ အစိုးမရတဲ့ မိုး။ အုံ့ဆိုင်းမှုတွေ ရစ်ပတ်နေတဲ့ စိုထိုင်းထိုင်း မိုး။ ဘယ်တော့မှ မလင်းတော့မဲ့ မိုး။ အခုတော့ မိုး အမှောင်တွေ ကျနေခဲ့ပြီ။ အရာရာကို လက်တွေ့ဆန်မှ ယုံတတ်တယ်။ ဒါပေမယ့် စိတ်ကူးယဉ်ကမ္ဘာမှာ သူမ မျောပါသွားတယ်။ လက်ခံထားတာတွေကို ဖြေချလိုက်တော့ တရိပ်ရိပ်တက်လာတဲ့ အတွေးတွေက လည်တဆန့်ဆန့်နဲ့ သံသရာကို ဆွဲဆန့်တတ်သူတစ်ယောက်လို ရှည်လျားနေခဲ့တယ်။ တမ်းတစိတ်တွေနဲ့ ယဉ်ပါးလာတဲ့ ဘဝခပ်ပါးပါးမှာ မေတ္တာဆိုတဲ့ အသံဟာ တိမ်သယောင်နဲ့ နက်နေခဲ့တယ်။ မျှော်လင့်ခဲ့ရတဲ့ ဘဝအမောတွေက သူမအတွက်တော့ လိုက်လေ ဝေးလေဖြစ်နေခဲ့တယ်။ လေအဝှေ့မှာ လက်လက်ထနေတဲ့ ကမ်ရေပြင်မှာ သူမရှာနေတဲ့ အရာဝတ္ထုကို သိမ်သိမ်မွေ့မွေ့ တွေ့ရှိလိုက်တယ်။ တကယ်တော့ သူမဟာ အလင်းပျောက်နေခဲ့တဲ့ ငှက်တစ်ကောင်လို အာရုံတွေ ထွေပြားလာလေတိုင်း ကမ်ရေပြင်ကို ငေးမောကြည့်ရင်း နာမည်တွေကို အစုလိုက် အစုံလိုက် အော်ခေါ်နေခဲ့မိတယ်။ ကြင်နာခြင်းတွေ ပေးပါ။ စာနာခြင်းတွေ ပေးပါ။ ခွင့်လွှတ်ခြင်းတွေ ပေးပါ။ သည်းခံခြင်းတွေ ပေးပါ။ မနာလိုမှု၊ မုန်းတီးမှု၊ ရက်စက်မှု၊ နာကျည်းမှုတွေကို ဝေးကွာသွားဖို့ အော်ဟစ်ပစ်လိုက်မိတယ်။ တစ်ထစ်ချင်း လှမ်းတက်သွားခဲ့ပေမယ့် ခြေလှမ်းတွေဟာ သွေးစတွေ စွန်းထင်းနေခဲ့ရတယ်။ ပူလောင်မှု ဝင်္ကပါမှာ လမ်းစတွေဟာ မှုန်ဝါးဝါးနိုင်လွန်းတယ်။ အတိတ်က အရိပ်တွေက နောက်က ထပ်ကြပ်မကွာ လိုက်နေတော့တယ်။ သူမရဲ့ မျက်ဝန်း အစုံဟာ ကမ်းစပ်ကို တလိမ့်လိမ့်၊ တလိပ်လိပ်တက်လာတဲ့ လှိုင်းဂယက်တွေကို တွေတွေဝေဝေ ငေးမောကြည့်နေခဲ့တယ်။ ဘဝရဲ့ လှိုင်းတွေဟာလည်း တလိမ့်လိမ့်၊ တလိပ်လိပ်တလူးလူး တက်လာနေဆဲ။ ခေါ်သံတွေ ဆူညံသွားပေမယ့် ပြန်ထူးသံမကြားရဘူး။ ဘဝတစ်ခုကို လွမ်းလွမ်းဆွတ်ဆွတ် အော်ခေါ်မိခဲ့တယ်။ မြင့်မြတ်ခြင်း သရဖူတွေကို လက်လွှဲပြီး တဒင်္ဂအတွက် ဘဝတွေကို ထိုးကေ၊ွးသွားတာကို မစဉ်းစားချင်ပေမယ့် ဝမ်းနည်းစွာနဲ့ မြည်တမ်းရင်း စိတ်အတွက်အဆာပြေအဖြစ် ငိုရှိုက်သံနဲ့အတူ ခေါ်သံတွေ မစဲအောင် အော်မိတယ်။ တဆိတ်လောက်ပါ။ စုံမှိတ်ထားတဲ့ မျက်ဝန်းအစုံကို ရွှန်းလဲ့လဲ့မျက်ရည်ဥတွေမှ တိတ်ဆိတ်ခွင့်ပြုပါ။ ဆို့တက်လာတဲ နာကျင်မှုက လှိုင်းဂယက်တွေလို မြင့်လိုက် တက်လိုက်။ ပိုင်ဆိုင်မှုဆိုတာ ‘ဒါတွေမဟုတ်ဘူး။ အရေးကြီးတဲ့ ပြကွက်တွေက အဆန်းတကြယ် မဟုတ်ဘူး။ ဒါပေမယ့် မရိုးနိုင်တဲ့ မေတ္တာဓာတ်တွေ စီးဝင်နေခဲ့တယ်။ အဆက်မပြတ် စီးဆင်းနေတဲ့ ရေပြင်ကြီးလို ဖွေးဖွးလှုပ်ကာ စီးဆင်းနေတဲ့ မေတ္တာရေစီးတွေက သန်မနေခဲ့ဘူး။ စိတ်ကူးယဉ်သမားလို့ အများက သတ်မှတ်ပေမယ့် တကယ်တော့ ‘ဒါတွေဟာ တကယ့်စိတ်ကူးတွေ မဟုတ်ပါ ဘူး။ လက်တွေ့မှာတော့ ပုရစ်လေးတွေလို စူးစူးဝါးဝါး အော်သံနဲ့ ရုန်းကန်နေခဲ့ရတယ်။ မလာချင်နေပါ ပြန်တော့မသွားနဲ့။ မျှော်လင့်ခြင်းတွေကို ထပ်ပြီး မျှော်နေရတာ ခက်ခဲပင်ပန်းလှတယ်။ ကမ္ဘာကြီးရဲ ဝပ်ကျဉ်းလေးမှာ နားခိုရာ လွင်ပြင်ဟာ ကြယ်လွန်းပေမယ့် တကယ့်နားခိုးစရာက ‘ဒီလောက်မလိုပါဘူး။ ဒါပေမယ့် ‘ဒီလိုရင်ခွင်တွေဟာ အဝေးကြီးဆီကို ရောက်နေခဲ့တယ်။ ပြန်မလာတော့ဘူးဆိုပေမယ့် နာကျည်းမှုနဲ့ ရက်ရက်စက်စက် စွန့်ပစ်လိုက်တာတော့လည်း မဟုတ်ပါဘူး။ သာယာလှပနေခဲ့တဲ့ အသိုပ်အမြုံလေးတွေကို တွေ့တိုင်း ပူလောင်မှုတွေက ရင်ထဲကို ဆို့တက်လာခဲ့တယ်။ အဝေးမှာ လှော်ခတ်လာတဲ့ လေငက်လေးဟာ မှုန်ဝါးဝါးမြူနှင်းတွေအောက်မှာ အားကုန်လှော် ခတ်ရင်း ရုန်းကန်နေရသလို၊ ဘဝကလည်း ခက်ခဲပင်ပန်းစွာနဲ့ပဲ အားကုန်လှော်ခတ်လို့၊ ရွက်လွှင့်လို့ ဘဝပြေးလမ်းပေါ်ကို ထိုးထိုးတက်နေခဲ့တယ်။ အားကုန်လို့ လိမ့်ကျလိုက်၊ ပြန်တက်လိုက်နဲ့ နေ့မှ လသည်၊ လမှ နှစ်သည် ဒီဂရီတွေ တက်လာခဲ့တယ်။ အစုံအဆန်မျောပါသွားတဲ့ စင်ယော်ငှက်လေးတွေရဲ့ လှိုင်းစီးမှုဟာ သာယာကြည်နူးဖွယ်ကောင်းပေမယ့် လူ့ဘဝရဲ့ အတက်၊ အကျ မညီမျှမှု၊ အစုံအဆန် ခရီးလမ်းဟာ ကြမ်းတမ်းလွန်းပါတယ်။ ဒါပေမယ့်လည်း အစိတ်အပိုင်းတစ်ခုချင်းဆီကို တစ်လွှာချင်းဆီ ခွါချကြည့်တော့ အနှစ်မဲ့လှတဲ့ လူသားဘဝရဲ့ မပီဝိုးတဝါး ပုံရိပ်ဟာ လှေငယ်တစ်စီးနှယ်။ အာရုံငါးပါးနဲ့ တိုက်ခိုက်လာတဲ့ လေနုကြမ်းတွေကလည်း အနာဂတ်ကို ကောင်းမွန်စွာ ပုံဖော်နိုင်ဖို့ ခက်ခဲလွန်းလှပါတယ်။ တကယ်တော့ စိတ်အစဉ်ဟာ တရိပ်ရိပ်တက်တက်လာတဲ့ ‘ဒီလှိုင်းလေးတွေလို နိမ့်တုံမြင့်တုံနဲ့ လှိုင်းလေးတွေလောက်တောင် မငြိမ့်ညောင်းလှပါဘူး။ ဆို့ပိတ်မှုများကို ရိုက်ဖွင့်လိုက်ဖို့ စွမ်းအင်ကို ထုတ်ထုတ် သုံးကြည့်ပေမယ့် လက်တွေထုံအနေခဲ့ရတယ်။ မျှော်လင့်ခြင်းတွေဟာ အိပ်မက်တစ်ခုနှယ် ကွယ်ပျောက်သွားခဲ့ရပြန်တယ်။ ''က၊ွန်မလည်း လူးသားတစ်ယောက်ပါ'' စူးစူးဝါးဝါးနဲ့ ခပ်ထန်ထန်အော်ပစ်လိုက်ပေမယ့် လေနှင့်အတူ မျောပါသွားတဲ့ အသံလှိုင်းတွေဟာ ကိုယ့်နားထဲကိုပဲ ထပ်ထပ်ပြီး ရိုက်ခတ်နေဆဲ။ ဖြာထွက်လာတဲ့ အတွေးတွေက ရေပြင်ထက် ကျယ်ပြောလွန်းတယ်။ မရေရာမှုများ၊ မသေချာမှုများ။ အခိုက်အတန့်တစ်ခုလေး အတွင်းမှာပဲ တစစီပြိုကွဲ ပျက်စီးနေတဲ့ အရုပ်လေးတစ်ခုလို ဘဝကို ပြန်လည်ဆက်ကြည့်မိတယ်။ ဒါပေမယ့် ပကတိအလင်းတန်းတွေဟာ ကြီးမားခက်ထန်လှတဲ့ အမှောင်ထုရဲ့ ဝါးမြိုမှုနဲ့ အဆုံးသတ်သွားစေခဲ့တယ်။ နာကျင်ရတာတွေ တွေ့တိုင်း စိတ်ထဲသိုသိပ်စွာ မှတ်သားထားတဲ့ အမှတ်အသားလေးတွေကို တစ်ကွက်ချင်းစီ ပြန်စီကြည့်တော့လည်း သိမ်ငယ်စိတ်များကသာ စိုးပိုင်သွားခဲ့ရပါတယ်။ အလင်းရောင်တွေပေးပါ။ အလင်းရောင်တွေ ဘယ်အထိ ကွယ်ပျောက်နေမှာလဲဆိုတဲ့ တောင်းတ မှုတွေနဲ့အတူ လမိုက်ညတွေမှာ တစ်ကိုယ်ရေညီးတွားသံတွေက တိတ်ဆိတ်မှုကို ထုနှက်ပစ်လိုက်ရတဲ့ ညပေါင်းများစွာ။ အခုတော့ ‘ဒီအမှောင် တွေကဖလင်ကွက်တွေလို တစ်ခန်းပြီးတစ်ခန်း၊ တစ်ကွက်ပြီး တစ်ကွက်။ လှိုင်းလုံးလေးတွေက လည်း တစ်လုံးပြီးတစ်လုံး တက်လိုက် ကျလိုက်။ အုပ်စုဖွဲ့ ပျံသန်းလာတဲ့ ငှက်တစ်အုပ်နောက်ကို အသိစိတ်ကို ချုပ်ကိုင်ပြီးတော့ လိုက်သွားမိတယ်။ တဖျတ်ဖျတ် ပုတ်ခတ်ရင်း မမောမပန်း ပျံသန်းနေကြတဲ့ ငှက်ကလေးတွေရဲ့ ဘဝတွေဟာ ပျော်ရွှင်ကြည်နူးမှုကို ဖြစ်စေပါတယ်။ ငှက်တွေနဲ့အတူ ပျံသန်းကြည့်ပေမယ့် နောက်ကျောကနေ ချုပ်ကိုင်ထားတဲ့ ကြိုးစတွေက ရှေ့ကိုမရောက်ဘူး။ မလွတ်လပ်ဘူး။ မပျော်ရွှင်ဘူး။ ‘ဒီလိုတုပ်နှောက်ခံထားရတဲ့ ဘဝအကျဉ်းသားဟာ အစွန်အဖျားရဲ့ အကိုင်းအခက် လေးတစ်ခုအပေါ် နားခိုနေခဲ့မိတယ်။ ပြုတ်မကျအောင် မနည်းထိမ်းထားရတယ်။ လေပြင်းတွေကလည်း တဟုန်ထိုး တိုက်ခိုက်နေဆဲ။ ငှက်တွေနဲ့အတူ ပျံသန်းနေတဲ့ စိတ်အစဉ်ဟာ တင်းကျပ်လွန်းပြန်ပါတယ်။ မိုးရိပ်ဆင်လာခဲ့ပေမယ့် တကယ်တော့ ဘဝကအချိန်နှင့်အမျှဆိုသလို ဒီလိုပဲ မိုးရိပ်တွေဆင်နေခဲ့ပါတယ်။ ပြန်ဖို့ ထခဲ့လိုက်ပေမယ့် စိတ်တွေ လေးလံနေခဲ့တယ်။ ပြန်ထိုင်လိုက်တယ်။ ပြီးတော့ တစ်လုံးချင်း လွမ်းလွမ်းဆွတ်ဆွတ် အော်ဟစ်ပစ်လိုက်တယ်။ မျှတမှုတွေ ပေးပါ။ စာနာမှုတွေ ပေးပါ။ အကြင်နာတွေ ပေးပါ။ မေတ္တာတွေ ပေးပါ။ ပျော်ရွှင်မှုတွေ ပေးပါ။ ယူဆောင်သွားဖို့ လက်တွေဆန့်တန်းထားပေမယ့် တစ်စုံတစ်ခုဟာ ဆန့်တန်းထားတဲ့ လက်အစုံကို ပုတ်ချလိုက်တယ်။ ပြန်လည်ဆန့်တန်းထားလိုက် ပုတ်ချခံရလိုက်နဲ့ အကြိမ်းပေါင်းများစွာ။ ဝဋ်လား။ အမြစ်ပြတ်အောင် ထုတ်ဆောင်သွားပါ။ နှလုံးသားကလည်း အပိုမပါ။ အသိဥာဏ်ကို ချုပ်ကိုင်ထားတဲ့ စိတ်အစဉ်ဟာလည်း အပိုမပါဘူး။ မလိုမကျမှုတွေဟာ တစ်ကိုယ်လုံးကို နာကျင်ကိုက်ခဲနေစေခဲ့တယ်။ ''ဖေဖေရယ်၊ ပြန်မလာဘူးဆိုတာ သိပေမယ့် တစ်ချက်လောက်တော့ ငဲ့ကြည့်စေချင်ပါတယ်'' လှိုင်းပုတ်သံများ တဝုန်းဝုန်း ဆူညံတုန်းဟီးနေသလို ရင်ဘတ်ထဲမှာလဲ အဆမတန် ပြင်းထန်သော လှိုင်းလုံးများက တဝုန်းဝုန်းနဲ့ တစ်လုံးပြီးတစ်လုံး ရိုက်ခတ်နေခဲ့တယ်။ မငိုဘူးဆိုပေမယ့် ဆို့တက်လာတဲ့ ‘ဒဏ်ရာတွေကြောင့် မျက်ဝန်းအစုံဟာ မျက်ရည်ဥတွေ ဝေ့ဝဲ တက်လာခဲ့ တယ်။ လုံခြုံမှုဆီကို ပို့ပေးပါ။ တိတ်ဆိတ်မှုတွေကို လက်ခံပါရစေ။ ဆာလောင်နေတဲ့ အသံတွေကို မနားတမ်း အော်နေမိတော့တယ်။ မြန်မြန်ပြန်လာပါတော့လို့ မတောင်းတပေမယ့် ထွက်သွားမှုကိုတော့ လည်ပြန်ငေးကြည့်ချင်တယ်။ ''မေမေရယ် သမီးလည်း ဘဝတစ်ခုရဲ့ ဝဋ်ဒုက္ခကို ပိုင်စိုးထားရပါတယ်'' ရောက်ရာအရပ်ကနေ ကြားနိုင်ဖို့အတွက် လွမ်းဆွတ်သံတွေကို သီကျူးမိတယ်။ အခုတော့ စိတ်ထောင်းလို့ ကိုယ်ကျေခဲ့ရပြီပေါ့။ လမသာတဲ့ ညတစ်ညကိုလည်း ပိုင်ဆိုင်ရပြီ။ နေမသာတော့တဲ့ နေ့တွေကိုလည်း လက်ခံလိုက်ရပြီ။ တကယ် တော့ ဘဝတစ်ခုဟာ မြစိမ်းရောင်လက်လက် အေးချမ်းလှတဲ့ မိုးစက်လေးတွေနဲ့အတူ စိုစိုစွတ်စွတ် နေထိုင်ရဖို့ ဆာ လောင်မိခဲ့တယ်။ ‘ဒါပေမယ့် အစိမ်းရောင်က ပြင်းထန်လွန်းတယ်။ ကမ်းစပ်မှာတော့ လေပြင်းတွေ တိုက်ခတ်နေဆဲ။ မိုးရိပ်တွေ ထနေဆဲ။ လှိုင်းဂယက်တို့ လူးလွင့်နေဆဲ။ မောင်မင်းစိုး

No comments: