Monday, January 5, 2009

အပြန်လမ်း


ဖြစ်တောင့်ဖြစ်ခဲ ဒီဇာတ်မှာ
နေရမှာ ကြောက်သလို
သေရမှာလည်း ကြောက်တယ်။
နှစ်ဆယ့်တစ်ရာစုရဲ့ အ၀င်ဦးမှာ ဖူးပွင့်ခဲ့တဲ့ အတွေးက
တစ်ရွာမပြောင်း သူကောင်း မဖြစ်သလို
သေချင်တဲ့ကျား တောပြောင်းဆိုတာလည်း ရှိတယ်။
ဆိုတော့
လူ့အလို နတ်မလိုက်နိုင်တာ ဖြစ်မယ်။
ဘ၀ကိုချကျွေးရင်း စားလမ်းပေါ် ပြေးခဲ့
ဆို့နင့်ကြေကွဲဖွယ် အရပ်ဇာတ်ဟာ
မှုန်ပြပြ မီးရောင်အောက် မျက်ရည်တွေဝဲလို့
ညီမလေး၊ မင်းလည်း လူဖြစ်နေပြီပေါ့။
အတောင်ပံမစုံသေးတဲ့ ငှက်ကလေးရဲ့ အော်သံစူးစူး
တိမ်ကောသွားတဲ့ ဘ၀အသေတွေနဲ့
မိုးအဖြင့်မှာ မတ်တပ်ရပ်ပြီး ငိုခဲ့တယ်။
ဆုံးရှုံးမှုတွေ ရင်ဝယ်ပိုက်လို့
ရင့်ကျက်နေတဲ့ ဒဏ်ရာ အနာအဆာတွေကို
ကုစားဖို့
လာလမ်းအတိုင်း ပြန်လှည့်ခဲ့ပါလေ။

မောင်မင်းစိုး