Friday, August 22, 2008

ကဗျာရေးတဲ့ ကဗျာ

လူတွေကို မျှားဖို့
ဖိုမ ကိစ္စ အစာတပ်နေကြတဲ့ အနုပညာသည်ကြီးများ
လေလုံးကြီးတွေ ထွားပါစ။

မိုးတွင်းကားလမ်းမများ
ငါ့ရှေ့ကျ ပြဒါးမြွေ အသေတစ်ကောင်
ပုဏ္ဏမီမှတ်တိုင်ဟာ
ကြေးစားမိန်းမလို သူစိမ်းမျိုး။

အများအမြင်မှာ ကြောင်ပျင်းတစ်ကောင်လို ထိုင်နေပေမယ့်
လူတွေဆီ ကျွန်တော့်အကြည့်ရဲ့ နာမည်က
”လှောင်ရယ်”။

ဘ၀ကို အပြင်းလျှောက်ရတဲ့အခါ
အခြားအရသာတွေ ပေါ့ပျက်လာရစမြဲ
ဒါ…ငါတို့ကဗျာကို ကျားကန်ထားရတဲ့ခေတ်
ခင်များ နားလည်သင့်တယ်။

အမှန်တရားရဲ့ မာကျောမှုမှာ
အစီအရီခေါက်သိမ်းထားရတာတွေက
ဒဏ်ရာ အကျရှုံးများ။

ကိုယ်ကြိုက်တဲ့ သီးချင်းတွေ ဘယ်ကဖေးဆိုင်မှာမှ မရတော့ဘူး
အိပ်မက်နဲ့ စိတ္တဇထဲ ဖေဖေဟာ
နောက်ထပ်
ဘယ်တော့မှ ပျောက်ကွယ်မသွားတော့ဘူး။

သူရ ၅-လမ်းဟာ
ကျွန်တော့် ဂေဟစနစ်တွေကို ဖျက်ပစ်လိုက်ပါပြီ
လရောင်နဲ့ဖေ့ဖေ့ဆီ
ရူးနှမ်းစွာ တောင့်တတတ်ခဲ့ပြီ
မေမေ နဲ့ ကျွန်တော်
ကျွန်တော် နဲ့ အနုပညာ
ရုန်းရင်း ဆန်ခတ်။

ဖိုးဆောင်း

Wednesday, August 20, 2008

အချိန်တွေ ပြေးနေခဲ့တယ်

တစ်လောကလုံး အမှောင်ထု ဖုံးလွှမ်းနေခဲ့ပြီး။ ခုနှစ်စဉ်ကြယ် အမြီးထောင်တာ ကြာခဲ့ပေါ့။ ရှေ့မှာ မရောက်သေးတဲ့ ရှေ့မှာ လူသွားလမ်းတွေ ဖြောင့်စင်းနေခဲ့ပြီ။ ဆက်လျှောက်ဖို့ ခွန်အားမွေးထားဖို့လိုတယ်။ ““ အကယ်၍ မင်းအသိုင်းဝိုင်းက ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် ““ ကုန်ဆုံး သွားတဲ့ အချိန်နေ့ရက် နာရီတွေကို လည်ပြန်တွေးမနေပါနဲ့။ အရှုံးဆိုတာ အောင်မြင်မှုရဲ့ ပထမဆုံးသော လမ်းကြောင်းပါပဲ။ ဒီတော့ ဆက်လျှောက်ရမဲ့လမ်းတွေမှာ ဆူးငြောင့်ခလုတ်တွေရှိနေခဲ့ရင် ခုတ်ထွင်ရှင်းလင်းလိုက်ပါ။ တိမ်ကောစပြုနေသော မြစ်ချောင်းအင် အိုင်များကို ဆည်လုပ်ရန်တွေးတောနေခြင်းဟာ အမတန်သေးငယ်သော အတွေးအခေါ်ကို လက်ကိုင်ထားခြင်းဖြစ်တယ်။ နောက်တောင်မှာ လူသူအရောက်ပေါက်နည်းနေသေး သော ကျေးလက်များကို သင်မုချသွားရပေလိမ့်မယ်။ ဆိုတော့ အယူအဆ ပြင်းထန်နေ သော နံနက်ခင်းအချိန်တွေကို မေ့မပြစ်ဖို့လိုတယ်။

ပြေးလွှားနေသော တတိယလမ်းဟာ ခရီးရဲ့အစဆုံးကို လှမ်းမြင်နိုင်ကောင်းမြင် ပေလိမ့်မယ်။ သို့သော် မမြင်ခြင်း၊မြင်ခြင်းဟာ အဓိကရေသောက်မြစ်မဟုတ်။ သွားနေ တဲ့လမ်းကိုသာ ဆက်လျှောက်ရဲရန်လိုအပ်ပါတယ်။ တန်ဖိုးရှိသော အချိန်တွေကို ပြေး သွားနေသော်လည်း ထိုလမ်းခရီးအဆုံးမှာ ရောက်ရှိမယ့် ပန်းတိုင်သည်သာ ဦးတည်ရာ ဖြစ်ရပေလိမ့်မယ်။ ထို ပန်းတိုင်ရဲ့ ခိုင်မာမှု၊ မခိုင်မာမှုဟာ နောက်ဆုံးအနေနဲ့ ဆုံးဖြတ် ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လျှောက်ခဲ့တဲ့ လမ်းတွေများခဲ့ပြီ။ အမှန်တကယ်လဲ လမ်းများခြင်းဟာ ဇဝေဇ၀ါဖြစ်ခဲ့ပေမယ့် မရောက်ရင်တော့ ဘယ်တော့မှရောက်လိမ့်မယ် မဟုတ်ဘူးဆိုတာပါပဲ။

““ မင်းဟာ အနာဂတ်ကို ကိုယ်ဝန်ဆောင်နိုင်ရင် အနာဂတ်ကို မိခင်စိတ်နဲ့ အရိပ်တကြည့်ကြည့်ဖြစ်နေဖို့လိုတယ်။ ကိုယ်ဆောင်ထားရတဲ့ ကိုယ်ဝန်ကြောင့် မိမိကိုယ်ကို အသက်ဘေးကနေ ခြိမ်းခြောက်ခံနေရပေမယ့် ထိုဝန်လောက်ကိုတော့ တွေးပြီး ကြောက်စိတ်ဝင်နေခြင်းကို ရှောင်ရှားရမှာဖြစ်တယ်။ ဒီတော့ တစ်လောကလုံးကိုကြည့် လိုက်ပါ။ လိုအပ်မှုတွေ တစ်နေ့တခြားဆိုသလို တိုးတိုးလာနေခဲ့တယ်။ ဒီလိုအပ်မှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ မင်းသိဖို့လိုတယ် ““

တွန်သံတွေကြူးရင့်ခဲ့ကြရင်း အသက်တွေပျောက်ပျောက်သွားလိုက်တာ မနည်းမနော ဆိုပါတော့။ သမင်လည်ပြန်တွေးမောနေခဲ့ရင်း ဆံဖြူသွားကျိုး ဘ၀တွေကို ကြည့်ခဲ့ ပါ။ မင်းရင်ဆိုင်ရမယ့် အန္တရာယ်တွေဟာ ဒီလိုပဲ ဆံဖြူကောင်းဆံဖြူသွားမယ်။ ဒါပေမယ့် ဒီပေးဆပ်မျိုးလောက်နဲ့ မင်းရဲ့အနာဂတ် မျိုးဆက်တွေဟာ လူသားတစ်ယောက်အတွက် စစ်မှန်တဲ့ ဆာလောင်မှုအပေါင်းကနေ ကင်းဝေးပြီးတော့ သုခအစစ်ဖြစ်တဲ့ လူသားတစ် ယောက် ရပိုင်မှုအပေါင်းကို သုံးဆောင်နေရမယ်ဆိုတာ သိမြင်ခံစားနေဖို့ပါ။ အချိန်တွေ တရွေ့ရွေ့ပြေးနေခဲ့တယ်။ ရရှိဦးမယ့် အချိန်တိုင်းဟာ ကျုပ်တို့အားလုံးအတွက် အကျိုးရှိ ရှိ အသုံးချသွားဖို့လိုတယ်။
မောင်မင်းစိုး(ရွှေနံ့သာ)

အရိုးထဲထိကြားအောင် စိတ်နဲ့ပဲ ပြောမယ်

ဘာမဆို မမြဲဘူး။
လှိုင်းလုံးလေးတွေလိုပဲ ပျောက်သွားတတ်တယ်
ငါရတဲ့ လူ့ဘ၀လည်း ပျောက်သွားမှာပဲ
အချိန်က ညနေလေးနာရီ မိုးရေစက်များ
မြို့တော်ကို ဖောက်ထွင်းဝင်လာချိန်
အေးချမ်းမှုများကို ချိုသာသည့် ဈေးနှုန်းများဖြင့် ရောင်းချသော်လည်း
မ၀ယ်နိုင်ပါ။
စီးကရက်ထဖွာ၊ ကောက်ဖီမစ်တစ်ခွက်၊
ငါ့ခေတ်ရဲ့ဖက်ရှင်များ ဆန်းဆန်းပြားပြား
ပွေလိမ်။

ပင့်သက်အမောတွေနဲ့ကြည့်
ငါက ကဗျာကို နှလုံးသားအတွင်းထဲ နစ်မြုပ်ထားတာ
လောက အပူဒဏ်ကြောင့် အသွေးအသား ပျက်စီးမဲ့ဒဏ်က ကာကွယ်ဖို့ပေါ့
မင်းတို့ ကိုးကွယ်မှုဆိုင်ရာ သူဌေးဖြစ်နည်း
အသက်ရှင်မှုအပေါ် အယူအဆအလွဲ၊ သုံးစွဲမှုအမှား
ဒါတွေဟာ သန့်စင်ခန်းက အနံ့သက်တွေပါ
အိုး လား…လား…..သိပ်မကွာဘူး။

ပြည့်စုံပျော်ရွှင်တဲ့ ဘ၀တစ်ခုရဖို့ဆိုတာ ကဗျာနဲ့မသေချာပေမယ့်
ကမ္ဘာလွန်သော်လည်း ကဗျာအပေါ် ငါ့ရည်ရွယ် ချစ်မက်မှုကတော့
ပြောင်းလဲမှာ မဟုတ်ပါဘူး။
မပြောင်းပါဘူး

ငါရပ်တည်နေတဲ့ မြေကမ္ဘာကရော မြေသားအမှန်လား
ငါ့အပေါ်မှာ တည်နေတဲ့ ကောင်းကင်ကရော ကောင်းကင်အမှန်လား
ပုံပျက်၊ ဖရိုဖရဲ၊ ကစဥ့်ကလျားတွေကတော့ အနားတစ်ဝန်းလုံးမှာနော်
စကြ၀ဠာနဲ့ ခွဲခွါပြီး နေထိုင်ဖို့ ဆုံးဖြတ်ပြုလုပ်ရဲခဲ့ရင်
ငြိမ်းချမ်းလွတ်မြောက်မှုရမှာကရော ငါတွေးထင်ထားသလို မှန်သလား
ငါ့ကိုယ်ငါလည်း မချစ်တော့ပါဘူး

သန့်စင်ခန်းလို စိုထိုင်းနေတဲ့ မင်းအရေပြားတွေကိုလည်း မစွဲမက်ချင်တော့ဘူး
ဘယ်တော့ဖြစ်ဖြစ် လိမ်မပြောပါဘူး
အစာကို ရှင်သန်ဖို့အတွက် စားသုံးရတာ ညစ်ထေးမှုလို့ ငါမြင်လာတယ်
အန္တရာယ်တွေကို ယာယီပျောက်ကင်းအောင် ကုသမှုတွေကို စိတ်ပျက်ဖွယ်ရာဖြစ်
နာကျင်လာတယ်

မသင့်တော်တဲ့ ကူးစက်မှုများ၊ ဘေးထွက်ဆိုးကျိုးများ၊ ထိတ်လန့်ဖွယ်ရလာဒ်များ
ငါ့အသက်ရှုလမ်းကြောင်းတွေကို ပိတ်ဆို့စေတဲ့ ကမ္ဘာနာများ
ချောက်ချားမိတယ်
တလိမ့်တုံးတွေနဲ့ ငါ့ခန္ဓာကို လှိမ့်နေသလိုပဲ
မင်းတို့အမြဲပြောတဲ့ ဘ၀အောင်မြင်ရေးကမ်းခြေဆိုတာ ဘာလဲ
ငါ့ကဗျာကို နှလုံးသားဖွေးဖွေးဖြင့်သာ ၀ယ်ယူရရှိနိုင်ပါတယ်။
ဇော်မျိုးအောင်

Monday, August 18, 2008

အိမ်မက်ဆိုး

မင်းပါးစပ်ထဲ ပေါင်မုန့်တွေ အပြည့်ရှိတော့ ပလုတ်ပလောင်းနဲ့မင်း ချို့တဲ့မှုကို ရယ်မောပြီပေါ့။
အကြွယ်ဝဆုံး သူစိမ်းတွေရဲ့ ခန္ဓာကိုယ်ကင်မရာနဲ့ မင်းခန္ဓာကိုယ်အတွင်းသားကို ရိုက်ကူးခံ နေပြီပေါ့။ ငါ့ကိုဘယ်သူ ဘေးဖယ်ထားသလဲ။
(ရှင့်ကိုလက်ခံရင် ကျွန်မအရိုးပဲ ရနိုင်မယ်။ ရှင်က ကျွန်မကို အရွတ်တွေပဲ ပေးနိုင်မယ်။)
မဟုတ်ဘူး။
ရင်ကရားက ဆူဝေနေတဲ့ ခံစားမှုကို
မင်းဘာထင်သလဲ။
တဒုတ်ဒုတ်ခုန်နေတာကို ချင်န်နယ်အမျိုးမျိုးနဲ့ ဖမ်းယူကြည့်။
လမ်းစရိုက်တွေကိုရှောင်ရမယ်။ စိန်ရောင်လက်နေတဲ့ အမှောင်နွံတွေကို ထည့်စဉ်းစား။
မင်းကျွံသွားမယ်။
ကျသွားမယ်။ အရေခွံအရွဲပဲ ကျန်လိမ့်မယ်။

(ရှင့်ကို ကျွန်မမချစ်ဘူး)။
မှန်ပါတယ်။ ၀မ်းနည်းပါတယ်။
ဆာလောင်အိမ်လမ်းကြောင်းကနေ အမှားစကြ၀ဠာအထိ မျှော်လင့်ချက်အမျိုးမျိုး ခြေလှမ်းတွေနဲ့ မင်းရွေ့ခဲ့တာ။ ပြောင်းလဲခဲ့တာ မှန်ပါတယ်။
သူစိမ်းတွေနဲ့ ပိန်းပိတ်ညတွေထဲ မင်း
ဘယ်အချိန် မီးခလုတ်ကို ဖွင့်မလဲ။ မင်းဘယ်လို ပွင့်လာမလဲ။
မင်းဘယ်လို ရုန်းထွက်လာမလဲ
သံယောဇဉ်၊ ရင်ခုန်သံနဲ့ ကြင်နာမှုဆိုတာ တစ်ခါသုံးညတွေ မဟုတ်ဘူးလို့ မင်းညည်းညူသံတွေ
နဲ့ လောကကဗျာတစ်ပုဒ်ကို မင်းရေးကြည့်။
မင်းဘ၀ပုံတူတွေကို မင်းရေးကြည့်။
မင်းလမ်းကိုပဲ မင်းလျှောက်ကြည့်။
အိမ်မက်ဆိုးတွေကိုရော ပျော်စရာလို့ ထင်နေသလား။
ပျော်ပေါ့။

စိုးမင်းအောင်

Sunday, August 17, 2008

ဝေးဝေးသွားတဲ့ ပုံရိပ်တွေ


လွန်ခဲ့တဲ့ နှစ်များစွာက
အတွေးအခေါ်အသေတွေနဲ့ ကြီးပြင်းလာခဲ့ရင်း
အခုသေနေတဲ့ အတွေးအခေါ်တွေနဲ့
လူ့အသိုင်းဝန်းထဲ ကြွေအန်ကစားတတ်လာခဲ့တယ်။

ဘ၀တွေ၊ မျှော်လင့်ချက်တွေ၊ ၀င်္ကပါတွေ
ရှုတ်ထွေးခဲ့၊ေ၀၀ါးခဲ့၊ ရှည်လျားခဲ့
နာရေးသတင်း နေ့တိုင်းဖတ်ပေမဲ့ သံဝေဂမရခဲ့
အိုမင်းရင့်ရော်ခြင်း၊ ဖျားနာခြင်း၊ နောက်ဆုံးထွက်သက်
ဘယ်အရာမှ တည်မြဲမနေဘူး။

ဒီအရပ်မှာ ဒီဇာတ်နဲ့ထိုက်တန်ခဲ့သလား
ကျိန်စာသင့်နေတဲ့ ဘ၀အသေတွေနဲ့ နီးနီးလာခဲ့
အပူဒဏ်တွေ ကြီးပြင်းလာခဲ့ရင်း
အန္တရာယ်တွေနဲ့ နေထိုင်တတ်လာခဲ့တယ်။

မိုးပြိုတိုင်း ပြိုကျဖို့မျှော်ခဲ့ရတာအမော
ဖိုးမောင်ရဲ့ အိမ်ပြန်လမ်းလို ခွေးအူသံတွေကြားကြားနေရ
ဆန့်ထုတ်လိုက်တော့ တနံတလျားမြင်ကွင်းက မပြောင်းလဲဘူး
အရွေ့၊ သိပ်သည်းစ၊ အလင်းနှစ်
ဘာဖြစ်ဖြစ်ပေါ့၊ မိုးရေနဲ့အဖျားပျောက်ခဲ့တုန်းပဲ
ဝလုံးဝိုင်းအောင်ရေးတတ်ဖို့ လက်ဆစ်တွေအသမာတက်ခဲ့တယ်
အသက်ရွယ်အရ ၀လုံးတွေဝိုင်းအောင်မရေးတတ်တော့ဘူး
လူသားနဲ့လူတွေထုဆစ်လို့လူပီသရင်း
ဈာပနပွဲတွေ တက်တတ်လာခဲ့တယ်။

မိုးကိုမျှော်တတ်သလို နွေဦးကိုလည်းလွမ်းတတ်တယ်
ဒီဇင်ဘာအအေးဓာတ်နဲ့မိတ်ဖွဲ့ရင်း စိတ်တွေအေးခဲခဲ့ရ
မနက်ဖန်ရာသီဥတု မညီမျှရင်
လူးလူးလွင့်လွင့် လွင့်ထွက်နေတဲ့အတွေးနဲ့
အိုဇုန်းလွှာအပေါက်ကို လက်နဲ့ကာရင်း
အပူဒဏ်တွေ၊ ဒဏ်ရာအနာတရတွေ၊ ဘ၀အသေတွေနဲ့
နေထိုင်တတ်လာခဲ့တယ်။
မောင်မင်းစိုး(ရွှေနံ့သာ)