Monday, August 18, 2008

အိမ်မက်ဆိုး

မင်းပါးစပ်ထဲ ပေါင်မုန့်တွေ အပြည့်ရှိတော့ ပလုတ်ပလောင်းနဲ့မင်း ချို့တဲ့မှုကို ရယ်မောပြီပေါ့။
အကြွယ်ဝဆုံး သူစိမ်းတွေရဲ့ ခန္ဓာကိုယ်ကင်မရာနဲ့ မင်းခန္ဓာကိုယ်အတွင်းသားကို ရိုက်ကူးခံ နေပြီပေါ့။ ငါ့ကိုဘယ်သူ ဘေးဖယ်ထားသလဲ။
(ရှင့်ကိုလက်ခံရင် ကျွန်မအရိုးပဲ ရနိုင်မယ်။ ရှင်က ကျွန်မကို အရွတ်တွေပဲ ပေးနိုင်မယ်။)
မဟုတ်ဘူး။
ရင်ကရားက ဆူဝေနေတဲ့ ခံစားမှုကို
မင်းဘာထင်သလဲ။
တဒုတ်ဒုတ်ခုန်နေတာကို ချင်န်နယ်အမျိုးမျိုးနဲ့ ဖမ်းယူကြည့်။
လမ်းစရိုက်တွေကိုရှောင်ရမယ်။ စိန်ရောင်လက်နေတဲ့ အမှောင်နွံတွေကို ထည့်စဉ်းစား။
မင်းကျွံသွားမယ်။
ကျသွားမယ်။ အရေခွံအရွဲပဲ ကျန်လိမ့်မယ်။

(ရှင့်ကို ကျွန်မမချစ်ဘူး)။
မှန်ပါတယ်။ ၀မ်းနည်းပါတယ်။
ဆာလောင်အိမ်လမ်းကြောင်းကနေ အမှားစကြ၀ဠာအထိ မျှော်လင့်ချက်အမျိုးမျိုး ခြေလှမ်းတွေနဲ့ မင်းရွေ့ခဲ့တာ။ ပြောင်းလဲခဲ့တာ မှန်ပါတယ်။
သူစိမ်းတွေနဲ့ ပိန်းပိတ်ညတွေထဲ မင်း
ဘယ်အချိန် မီးခလုတ်ကို ဖွင့်မလဲ။ မင်းဘယ်လို ပွင့်လာမလဲ။
မင်းဘယ်လို ရုန်းထွက်လာမလဲ
သံယောဇဉ်၊ ရင်ခုန်သံနဲ့ ကြင်နာမှုဆိုတာ တစ်ခါသုံးညတွေ မဟုတ်ဘူးလို့ မင်းညည်းညူသံတွေ
နဲ့ လောကကဗျာတစ်ပုဒ်ကို မင်းရေးကြည့်။
မင်းဘ၀ပုံတူတွေကို မင်းရေးကြည့်။
မင်းလမ်းကိုပဲ မင်းလျှောက်ကြည့်။
အိမ်မက်ဆိုးတွေကိုရော ပျော်စရာလို့ ထင်နေသလား။
ပျော်ပေါ့။

စိုးမင်းအောင်

No comments: