Sunday, August 17, 2008

ဝေးဝေးသွားတဲ့ ပုံရိပ်တွေ


လွန်ခဲ့တဲ့ နှစ်များစွာက
အတွေးအခေါ်အသေတွေနဲ့ ကြီးပြင်းလာခဲ့ရင်း
အခုသေနေတဲ့ အတွေးအခေါ်တွေနဲ့
လူ့အသိုင်းဝန်းထဲ ကြွေအန်ကစားတတ်လာခဲ့တယ်။

ဘ၀တွေ၊ မျှော်လင့်ချက်တွေ၊ ၀င်္ကပါတွေ
ရှုတ်ထွေးခဲ့၊ေ၀၀ါးခဲ့၊ ရှည်လျားခဲ့
နာရေးသတင်း နေ့တိုင်းဖတ်ပေမဲ့ သံဝေဂမရခဲ့
အိုမင်းရင့်ရော်ခြင်း၊ ဖျားနာခြင်း၊ နောက်ဆုံးထွက်သက်
ဘယ်အရာမှ တည်မြဲမနေဘူး။

ဒီအရပ်မှာ ဒီဇာတ်နဲ့ထိုက်တန်ခဲ့သလား
ကျိန်စာသင့်နေတဲ့ ဘ၀အသေတွေနဲ့ နီးနီးလာခဲ့
အပူဒဏ်တွေ ကြီးပြင်းလာခဲ့ရင်း
အန္တရာယ်တွေနဲ့ နေထိုင်တတ်လာခဲ့တယ်။

မိုးပြိုတိုင်း ပြိုကျဖို့မျှော်ခဲ့ရတာအမော
ဖိုးမောင်ရဲ့ အိမ်ပြန်လမ်းလို ခွေးအူသံတွေကြားကြားနေရ
ဆန့်ထုတ်လိုက်တော့ တနံတလျားမြင်ကွင်းက မပြောင်းလဲဘူး
အရွေ့၊ သိပ်သည်းစ၊ အလင်းနှစ်
ဘာဖြစ်ဖြစ်ပေါ့၊ မိုးရေနဲ့အဖျားပျောက်ခဲ့တုန်းပဲ
ဝလုံးဝိုင်းအောင်ရေးတတ်ဖို့ လက်ဆစ်တွေအသမာတက်ခဲ့တယ်
အသက်ရွယ်အရ ၀လုံးတွေဝိုင်းအောင်မရေးတတ်တော့ဘူး
လူသားနဲ့လူတွေထုဆစ်လို့လူပီသရင်း
ဈာပနပွဲတွေ တက်တတ်လာခဲ့တယ်။

မိုးကိုမျှော်တတ်သလို နွေဦးကိုလည်းလွမ်းတတ်တယ်
ဒီဇင်ဘာအအေးဓာတ်နဲ့မိတ်ဖွဲ့ရင်း စိတ်တွေအေးခဲခဲ့ရ
မနက်ဖန်ရာသီဥတု မညီမျှရင်
လူးလူးလွင့်လွင့် လွင့်ထွက်နေတဲ့အတွေးနဲ့
အိုဇုန်းလွှာအပေါက်ကို လက်နဲ့ကာရင်း
အပူဒဏ်တွေ၊ ဒဏ်ရာအနာတရတွေ၊ ဘ၀အသေတွေနဲ့
နေထိုင်တတ်လာခဲ့တယ်။
မောင်မင်းစိုး(ရွှေနံ့သာ)

No comments: