Wednesday, August 20, 2008

အရိုးထဲထိကြားအောင် စိတ်နဲ့ပဲ ပြောမယ်

ဘာမဆို မမြဲဘူး။
လှိုင်းလုံးလေးတွေလိုပဲ ပျောက်သွားတတ်တယ်
ငါရတဲ့ လူ့ဘ၀လည်း ပျောက်သွားမှာပဲ
အချိန်က ညနေလေးနာရီ မိုးရေစက်များ
မြို့တော်ကို ဖောက်ထွင်းဝင်လာချိန်
အေးချမ်းမှုများကို ချိုသာသည့် ဈေးနှုန်းများဖြင့် ရောင်းချသော်လည်း
မ၀ယ်နိုင်ပါ။
စီးကရက်ထဖွာ၊ ကောက်ဖီမစ်တစ်ခွက်၊
ငါ့ခေတ်ရဲ့ဖက်ရှင်များ ဆန်းဆန်းပြားပြား
ပွေလိမ်။

ပင့်သက်အမောတွေနဲ့ကြည့်
ငါက ကဗျာကို နှလုံးသားအတွင်းထဲ နစ်မြုပ်ထားတာ
လောက အပူဒဏ်ကြောင့် အသွေးအသား ပျက်စီးမဲ့ဒဏ်က ကာကွယ်ဖို့ပေါ့
မင်းတို့ ကိုးကွယ်မှုဆိုင်ရာ သူဌေးဖြစ်နည်း
အသက်ရှင်မှုအပေါ် အယူအဆအလွဲ၊ သုံးစွဲမှုအမှား
ဒါတွေဟာ သန့်စင်ခန်းက အနံ့သက်တွေပါ
အိုး လား…လား…..သိပ်မကွာဘူး။

ပြည့်စုံပျော်ရွှင်တဲ့ ဘ၀တစ်ခုရဖို့ဆိုတာ ကဗျာနဲ့မသေချာပေမယ့်
ကမ္ဘာလွန်သော်လည်း ကဗျာအပေါ် ငါ့ရည်ရွယ် ချစ်မက်မှုကတော့
ပြောင်းလဲမှာ မဟုတ်ပါဘူး။
မပြောင်းပါဘူး

ငါရပ်တည်နေတဲ့ မြေကမ္ဘာကရော မြေသားအမှန်လား
ငါ့အပေါ်မှာ တည်နေတဲ့ ကောင်းကင်ကရော ကောင်းကင်အမှန်လား
ပုံပျက်၊ ဖရိုဖရဲ၊ ကစဥ့်ကလျားတွေကတော့ အနားတစ်ဝန်းလုံးမှာနော်
စကြ၀ဠာနဲ့ ခွဲခွါပြီး နေထိုင်ဖို့ ဆုံးဖြတ်ပြုလုပ်ရဲခဲ့ရင်
ငြိမ်းချမ်းလွတ်မြောက်မှုရမှာကရော ငါတွေးထင်ထားသလို မှန်သလား
ငါ့ကိုယ်ငါလည်း မချစ်တော့ပါဘူး

သန့်စင်ခန်းလို စိုထိုင်းနေတဲ့ မင်းအရေပြားတွေကိုလည်း မစွဲမက်ချင်တော့ဘူး
ဘယ်တော့ဖြစ်ဖြစ် လိမ်မပြောပါဘူး
အစာကို ရှင်သန်ဖို့အတွက် စားသုံးရတာ ညစ်ထေးမှုလို့ ငါမြင်လာတယ်
အန္တရာယ်တွေကို ယာယီပျောက်ကင်းအောင် ကုသမှုတွေကို စိတ်ပျက်ဖွယ်ရာဖြစ်
နာကျင်လာတယ်

မသင့်တော်တဲ့ ကူးစက်မှုများ၊ ဘေးထွက်ဆိုးကျိုးများ၊ ထိတ်လန့်ဖွယ်ရလာဒ်များ
ငါ့အသက်ရှုလမ်းကြောင်းတွေကို ပိတ်ဆို့စေတဲ့ ကမ္ဘာနာများ
ချောက်ချားမိတယ်
တလိမ့်တုံးတွေနဲ့ ငါ့ခန္ဓာကို လှိမ့်နေသလိုပဲ
မင်းတို့အမြဲပြောတဲ့ ဘ၀အောင်မြင်ရေးကမ်းခြေဆိုတာ ဘာလဲ
ငါ့ကဗျာကို နှလုံးသားဖွေးဖွေးဖြင့်သာ ၀ယ်ယူရရှိနိုင်ပါတယ်။
ဇော်မျိုးအောင်

No comments: