ငါတို့ဟာ မတူညီတဲ့ ဆုံမှတ်တွေကို လှော်ခတ်ရင်း ရွက်လွှင့်နေကြတာ
မချစ်သော်လည်း အောင့်ကာနမ်းခဲ့ပေမယ့် ပန်းတိုင်းက
ဝေးတယ် လွဲမှားတဲ့အမြင်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်
တုပ်နှောင်ရင်း
အနာပေါ် ဒုက်ကျသလို နာနာကျင်ကျင်နဲ့ ထုဆစ်ပုံဖော်ခဲ့ကြတယ်
လှိုင်းတံပိုးတွေ ပြင်းထန်လှတဲ့ ပင်လယ်ထဲ မမောမပမ်း
ခြေကုန်လက်ပမ်း ကူးခတ်လို့
ရင်းစားပြန်မရတဲ့ ပေးဆပ်မှုတွေနဲ့ နေနေခဲ့ရတယ်
ခံစားမှုလွန်ကဲတဲ့
အတွေးနဲ့ အသိဥာဏ်ဦးစီးတဲ့အမြင်ဟာ လှပစွာ မှားယွင်းပြီး
တေ့လွဲလွဲနေခဲ့ကြတယ် သဲသဲကွဲကွဲ မမြင်နိုင်တဲ့ လောကအမှောင်ထဲ
စမ်းတ၀ါးဝါးလျှောက်လို့
မိုးမျှော်တိုက်တွေ ယိုင်နဲ့လာတယ်
ဆွေးမြေ့လာတယ် ကျိုးပဲ့လာတယ်
ကြီးမားတဲ့ အက်ကြောင်းတွေ
ဟိုတစ်စ ဒီတစ်စဆိုသလို ထလာခဲ့တယ်
ရှေးရိုးစွဲမူဝါဒတွေက
တွင်တွင်ကျယ်ကျယ်နဲ့ အခုထိ မင်းမူနေခဲ့တယ်
တွေးလေတွေးလေ
အငတ်မပြေနိုင်တဲ့ မူလဘူတလမ်းကြောင်းဟာ
တောကြီးမျက်မည်းထဲ
ဟီးထလောက်အောင် သောင်းကြမ်းနေခဲ့တယ်
နှလုံးသားရေးမှာ
ကံမကောင်းခဲ့သလို အပြုံးတရားရေးရာမှာ နိမိတ်မကောင်းခဲ့ဘူး
အတိတ်ကို ငေးမောရင်း ကံစီမံရာအတိုင်းနဲ့ ဖြေသာနေခဲ့ပေမယ့်
မနက်ဖြန်များစွာက ဘယ်ခလုတ်နှိပ်နှိပ် အဆို့အပိတ်တွေကို
ဖောက်ထွက်နိုင်မှာမဟုတ်ဘူး
ရှားပါးလှတယ်ဆိုတဲ့ မျိုးစိတ်တစ်ခုအတွက်
ကိုယ့်နှလုံးသားကို အန်ကျွေးသင့်ရင်
လက်ထိုးအန်ချလိုက်ပါမယ်
တစ်ဆို့နေခဲ့တဲ့ မာနကိုလည်း ဖြိုလှဲပေးလိုက်ပါမယ်
တဖြည်းဖြည်း
မှုန်ဝါးသွားတဲ့ ကြယ်ကလေးရဲ့ လာရာလမ်းကို ငေးမောကြည့်ရင်း
ဘ၀ကို ခပ်ပါးပါးလေး ပုတ်ကြည့်လိုက်တော့
အောင်မြင်မှုတွေ
လမ်းပျောက်နေသလို
ပျော်ရွှင်မှုတွေ သွေဖယ်နေခဲ့ပါတယ်။
မောင်မင်းစိုး
(၁၈-၄-၂၀၁၃)
No comments:
Post a Comment