Wednesday, October 28, 2015

လူငယ်နဲ့ အပြစ်

        ''သူတစ်ပါးကို ဆုံးမတဲ့နည်းအတိုင်း မိမိကိုယ်ကိုယ်လည်း လိုက်နာရမယ်။
မိမိကိုယ်တိုင် ယဉ်ကျေးအောင် ဆုံးမပြီးမှ သူတစ်ပါးကို ဆုံးမရမယ်။
မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်ခြင်းကတော့ ခဲယဉ်းလှတယ်''(ဓမ္မပဒ)

        မြန်မာစကားတစ်ခွန်းရှိပါတယ်။ ငါပြောသလို လုပ်၊ ငါလုပ်သလို
မလုပ်နဲ့ဆိုတာပါ။ ဒါကဘာကို ပြောလဲ ဆိုတော့ ငါကတော့ လုပ်ချင်တာလုပ်မှာပဲ၊
အာဏာရှိတယ်။ အေး မင်းတို့ကတော့ ငါခိုင်းတဲ့အတိုင်း တစ်သွေမသိမ်း
လိုက်လုပ်ကို လုပ်ရမယ်ဆိုတဲ့သဘောပါ။ အမှန်က သူတစ်ပါးကို
ပြောဆိုဆုံးမလိုသူဟာ ပထမဆုံး ကိုယ်တိုင်နူးညံ့ သိမ်မွေ့နေရမယ်။
ကိုယ်တိုင်လိုက်နာ ကျင့်သုံးရမယ်။ ပြီးမှသာ သူတစ်ပါးကို ဆုံးမနိုင်ရမယ်။
ဒါပေမယ့် ကိုယ်ကိုယ် ကို ဆုံးမဖို့၊ အပြစ်မြင်ဖို့ကတော့ ခက်ခဲပါတယ်။
အဲဒီခက်ခဲတဲ့ အလုပ်ကို လုပ်နိုင်မှလဲ ကိုယ်ဟာသူတော်ကောင်း၊
ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်မှာပါပဲ။ ဒီလိုမှမဟုတ်ရင်တော့
ကိုယ်ဘာပြောပြော၊ ဘာလုပ်လုပ် အရာမထင် ဖြစ်တတ်ပါတယ်။ ဒါကို
ကိုယ့်မျက်ချေးကိုကျတော့ မမြင်ဘူးလို့ ဆိုကြပါတယ်။

        ဒီနေရာမှာ ဝေဖန်တာနဲ့ ကဲ့ရဲ့တာမတူတဲ့အကြောင်း ပြောချင်ပါတယ်။
တချို့ကျတော့ တကယ့်ကို အပြု သဘောမဆောင်တဲ့ ဝေဖန်ခြင်းတွေနဲ့ သူတစ်ပါး
နာမခံသာအောင် ပြောဆိုတတ်ပါတယ်။ ဒါဟာ အပြုသဘော ဆောင်တဲ့
ဝေဖန်မှုမဟုတ်ပါဘူး။ အပြစ်ရှာပြီးတော့ အပြစ်တင်လိုတဲ့သဘောပါ။ ဒါတွေနဲ့
ပတ်သက်လို့ကတော့ အွန်လိုင်းပေါ်တက်လိုက်ပေါ့။ မမြင်ချင်မှအဆုံးပါပဲ။
ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကိုလည်း ရေးကြီးခွင်ကျယ်လုပ် ပြီး
အချိန်တွေကုန်ခံပြီး စခရင်ရှော့ခ်စတာတွေ ရိုက်ပြီးရင်း ဝေဖန်နေတာတွေ
တွေ့နေရတယ်။ အပြုသဘော ဆောင်တဲ့ အရေးအသား ဝေဖန်မှုမျိုးဆိုရင်တော့
လက်ခံနိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးထက်
သူတစ်ပါးကို အပုတ်ချပြီးတော့ အပြစ်မရ ရအောင် လိုက်ရှာပြီးတော့
ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်း၊ ရှုပ်ချခြင်းတွေ လုပ်နေတာက များပါတယ်။

        လူတိုင်းကတော့ ပြီးပြည့်စုံတဲ့လူမျိုး မရှိပါဘူး။ အပြစ်ဆိုတာမျိုးတွေကို
လုပ်မိခဲ့မယ်။ လုပ်ခဲ့ကြတယ်။ လုပ်နေကြပါတယ်။ ဒါပေမယ့် ခက်တာက
ကိုယ့်အပြစ်ကိုတော့ မမြင်ပါဘူး။ မမြင်တာထက် မမြင်ဟန်ဆောင်ခြင်း၊
မသိဟန်ဆောင်ခြင်းတွေကသာ များနေခဲ့ပါတယ်။ တချို့ကျပြန်တော့လည်း
ပညာသားပါပါနဲ့ တကယ့်ကို အပြုသဘော ဆောင်တဲ့ ဝေဖန်ခြင်းတွေ လုပ်နေတာ
တွေ့ရပါတယ်။ ဒါကိုတော့ လက်ခံပေးရမယ်။ ဆက်လက်ပြီးလည်း လုပ်ဖို့လည်း
တိုက်တွန်းပေးရမယ်။

        တစ်ခုရှိတာက အယူမဆမတူရုံနဲ့ ရန်သူလို့ သဘောထားရင်တော့ လူသားမပီးသပါဘူး။
ပညာရှင်မဆန်ပါ ဘူး။ လူပြောသူပြောများတဲ့ ဒီမိုကရေစီ မဆန်ပါဘူး။ မတူတာကို
ဘယ်လို ညှိနှိုင်းပြီး ဘက်နှစ်ဘက်ကို မြင်နိုင် မှသာ
ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ လူပီသတဲ့လူ ဖြစ်နေမှာပါ။ သေချာတာကတော့
ဘက်နှစ်ဘက်ထဲကနေ တစ်ဘက်ဘက်ကို ပြင်းပြင်းထန်ထန် စွဲစွဲလန်းလန်း
ရပ်တည်နေခဲ့မယ်ဆိုရင်တော့ အမှားအယွင်းတွေလည်း ရှိလာ နိုင်သလို၊
မလိုလားအပ်တဲ့ ဆိုးကျိုးတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါတွေကို လူငယ်တွေ
သတိထားသင့်ပါတယ်။ အဲဒီလို တစ်ဘက်ဘက်ကိုပဲ အယူအဆပြင်းထန်စွာနဲ့
ရပ်ပြီးနေခဲ့မယ်ဆိုရင်တော့ ဘုရားကျွတ်တောင်မှ ကျွတ်မယ့်
လူမျိုးမဟုတ်ပါဘူး။ ကောသမ္ဘီအရေးအခင်းကိုပဲ ကြည့်ပေါ့။ နောက်ဆုံး
ရဟန်းအချင်းချင်းကနေ ကွဲသွားလိုက်တာ နတ်ပြည်ခြောက်ထပ်အထိပါပဲ။ ဘယ်လိုမှ
မရတော့တဲ့အဆုံး ဘုရားရှင်လည်း တစ်ပါးတည်နေထိုင်ဖို့ တောထဲကို
ထွက်သွားခဲ့ရတဲ့ အနေအထားအထိ ဖြစ်ပေါ်ခဲ့ပါတယ်။

        သူတစ်ပါးကို ကဲ့ရဲ့လို၊ ပြစ်တင်လိုရင် သူတစ်ပါးရဲ့ အပြစ်ကိုပဲ
လိုက်ရှာနေရတော့ ပထမဆုံး သူတစ်ပါး ဆင်းရဲတာထက် အဲဒီလို လိုက်ရှာနေရတာကိုက
ကိုယ့်ကိုယ်တိုင် ဆင်းရဲရပါတယ်။ လိုက်ရှာလို့ တွေ့ပြီဆိုရင်လည်း ဒါကို
အကောင်အထည်ဖော်ဖို့အတွက် ကြိုးစားရတယ်။ အားထုတ်ရမယ်။ အဲဒီလို
လုပ်နေစဉ်မှာပဲ ကိုယ့်စိတ်တွေက မတည်ငြိမ်နိုင်တော့ဘူး။ ပူလောင်လာတယ်။
ဆင်းရဲလာတယ်။ မငြိမ်းချမ်းတော့ပါဘူး။ သူတစ်ပါးဆိုတာ အသာထား ပါ။ ပထမဆုံး
ကိုယ့်ကိုယ်ကို ဒီလိုအပူဒဏ်ခံရပြီးဆိုရင် အကောင်းအဆိုး သိပ်ပြီးတော့
ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ဘဲ ဒေါသော အတ္ထံ နာဇာတိ-ဆိုတဲ့အတိုင်း
ဘာမှမသိတော့ပါဘူး။ ဒါကိုလည်း သတိထားသင့်ပါတယ်။

        အပြစ်ဆိုတာကတော့ အထက်ကပြောခဲ့သလို ကင်းတဲ့လူရယ်လို့ မရှိပါဘူး။
အပြစ်မကင်းသော်လည်း အပြစ်နည်းအောင် တည်ဆောက်ရမှာကတော့
ကိုယ်တိုင်တာဝန်ရှိပါတယ်။ အရာရာကို မကောင်းမြင်စိတ်နဲ့ ရှုမြင် နေမယ်။
သုံးသပ်နေမယ်ဆိုရင်တော့ အကောင်းမြင်သမားမဟုတ်တော့ ဘာကမှလည်း
အကောင်းမြင်နိုင်မှမဟုတ် တော့တဲ့အတွက် မကောင်းမှုဖြစ်အောင်၊ ဒေါသ၊ လောဘ၊
မောဟတွေရဲ့ စေခိုင်းချက်အရ ကိုယ့်ရဲ့အဲဒီမကောင်း မြင်တဲ့စိတ်ဓာတ်ကို
ပိုမိုပြီးတော့ မကောင်းတဲ့အရောင်ထွက်အောင် ကြိုးစားလိုက်ကြတယ်။ ဒါနဲ့
ပတ်သက်ပြီးတော့ တဆင့်ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြောပြလိုပါတယ်။
အတိအကျမဟုတ်တောင် ဒီသဘောပါပဲ။

        တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့
ကလေးမလေး တစ်ယောက်ရှိတယ်။ မကောင်းမှုနဲ့ အသက်မွေးဝမ်းကြောင်းနေတယ်လို့
အားလုံးက သတ်မှတ်ထားခဲ့ကြတယ်။ ဒါကြောင့်  ရွာသားတွေက ဒီအမျိုးသမီးရဲ့
ပြည့်တန်ဆာအလုပ်ကြောင့် ရွာနာတယ်ဆိုပြီး ရွာအပြင်ထုတ်ဖို့ ပြောဆိုကြ တယ်။
ရွာအပြင်ရောက်တဲ့အခါမှာလည်း  ခဲတွေ ဒုက်တွေနဲ့ ထုရိုက်သတ်ဖြတ်ဖို့
လုပ်နေခဲ့ကြတယ်။ အဲဒီအချိန် ရွာမှာ သြဇာအာဏာအရှိဆုံး၊ သူ့စကားကိုလည်း
အားလုံးက လက်ခံကြတဲ့ ဘာသာရေးခေါင်းဆောင်တစ်ယောက် ရောက်လာပါတယ်။
ရောက်လာပြီးတော့ ဖြစ်စဉ်တွေအတွက် အကျိုးအကြောင်း မေးပါတယ်။ ဒီတော့
ရွာသားတွေ လည်း ဖြစ်စဉ်တွေကို အားလုံးချပြလိုက်၊ ပြောပြလိုက်ပါတယ်။

        ''ဟုတ်ပြီလေ၊ မင်းတို့အားလုံးက သူမကို အပြစ်ရှိလို့ ထုဖို့၊ ရိုက်ဖို့၊
သတ်ဖြတ်ကြမယ်ဆိုတော့လည်း ငါ့အနေနဲ့ မတားမြစ်ပါ။ မင်းတို့အားလုံး သူမကို
ထုပါ၊ သတ်ပါ၊ ဖြတ်ပါ။ ဒါပေမယ့် ငါခိုင်းတဲ့အတိုင်း၊ ငါပြောတဲ့အတိုင်း
တော့ လုပ်ရမယ်။ ငါက စတင်ပြီးတော့ ထုဖို့ ရိုက်ဖို့ သတ်ဖို့
ဖြတ်ဖို့ခိုင်းတဲ့လူကပဲ မိမိလက်ထဲမှာပါတဲ့ ခဲတွေ၊ ဒုက်တွေ၊ လက်နက်တွေနဲ့
စတင်ပြီးတော့ လုပ်ဆောင်ပါ''

        ဒီတော့ ရွာသားတွေလည်း လက်ထဲမှာရှိတဲ့ လက်နက်တွေ၊ ဒုက်တွေ၊ ခဲတွေကို
အဆင်သင့် ပြင်ထား လိုက်ပါတယ်။ ခဏနေတော့ ခေါင်းဆောင်ဖြစ်သူက
အသံပြည့်ပြည့်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ တစ်လုံးချင်း စတင်ဖို့
ပြောလိုက်ပါတယ်။

        ''ဟုတ်ပြီ၊ မင်းတို့အားလုံးက သူမကို အပြစ်ရှိလို့ဆိုပြီး သတ်ဖြတ်ကြ၊
ထုနှက်ကြမယ်ဆိုတော့၊ အပြစ်ရှိတဲ့လူကို အပြစ်မရှိတဲ့လူက လုပ်ဆောင်ကြတဲ့
သဘောပေါ့။ ဒါကြောင့် မင်းတို့အားလုံးဟာ ဘယ်သူပဲဖြစ်ဖြစ်ပေါ့၊
ကိုယ့်ကိုယ်ကို ဘဝတစ်လျောက်လုံးမှာ ဘာအမှားမှ၊ အပြစ်မှ မလုပ်ဖူးတဲ့လူက
စတင်ပြီးတော့ ထုပါ၊ ရိုက်ပါ'' လို့ ပြောလိုက်ပါတယ်။

         ဒါပေမယ့် ဘယ်သူကမှ စတင်ပြီးတော့ မထုရဲ၊ မရိုက်ရဲ၊ မသတ်ရဲပါဘူး။
သူမဘေးကနေ လူအုပ်ကြီးဟာ လက်ထဲက လက်နက်တွေ၊ ခဲတွေ၊ ဒုက်တွေကို
ချထားခဲ့ပြီးတော့ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ကြတယ်တဲ့။ ဟုတ်ပါတယ်။
လူသားတိုင်းဟာ အမှားနဲ့ မကင်းနိုင်ကြပါဘူး။ အပြစ်လည်း တစ်ခုမဟုတ်တော့
လုပ်မိကြမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အပြစ်ကို၊ ကိုယ့်အမှားကို
ကိုယ်တိုင်ဝန်ခံရမှ၊ သိမှ၊ သိတဲ့အလျောက်လည်း ပြန်လည်ပြီးတော့
နောင်မလုပ်မိအောင် ရှောင်ကြဉ်မယ်ဆိုတဲ့စိတ်မွေးပြီ
း ရှောင်ကြဉ်နိုင်မှသာ
ပိုမိုပြီးတော့ လူသားဆန်တဲ့၊ လူပီသတဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါလိမ့်မယ်။

        အမှားကိုလည်း အပြုသဘောဆောင်စွာနဲ့ ဝေဖန်ပါ၊ ထောက်ပြပါ။
အပြစ်တင်ချင်တဲ့စိတ်ပဲ ကြီးစိုးပြီးတော့ အရာရာ အကောင်းမြင်ဝါဒမရှိဘဲ
အပြစ်တင်ဖို့၊ ကဲ့ရဲ့ဖို့လောက်ပဲ မင်းမူနေခဲ့မယ်ဆိုရင်တော့ အဲဒီစိတ်ကပဲ
မိမိစိတ် ကို ပြန်လည်ပြီးတော့ ပူလောင်မှုတွေဆီကို
တွန်းပို့မှာဖြစ်ပါကြောင်း။

မောင်မင်းစိုး
အတွဲ ၂၊ အမှတ်  ၁၇၊ Myanmar Review ဂျာနယ်။ ၂၀၁၅

No comments: