Wednesday, November 18, 2015

လူငယ်နဲ့ ကျန်းမာရေး

        အခုတလော ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အခွေတွေနားထောင်ဖြစ်၊
လာရောက်ဟောပြောမှုတွေ နား ထောင်ဖြစ်၊ နောက်ပြီးတော့ ကိုယ့်အသိတွေထဲကလည်း
ဟိုရောဂါ၊ ဒီရောဂါစတဲ့ ရောဂါအဆန်းအပြားတွေ ဖြစ်နေ တာတွေ့ရ ကြားနေရပါတယ်။
တကယ်တော့ ကျန်းမာရေးဟာလည်း အရေးပါတဲ့အချက်ပါပဲ။ ဒါကြောင့် မြတ်ဗုဒ္ဓ
ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တဲ့ အာရောဂျ ပရမာ လာဘာ-ဆိုပြီး
ဟောတော်မူခဲ့ပါတယ်။ ဒါကိုပဲ မြန်လို ဘာသာပြန်တော့ ကျန်းမာခြင်းဟာ
လာဘ်တစ်ပါးလို့ ဆိုပါတယ်။

        မြန်မာနိုင်ငံဟာလည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့
အဆင့်သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၁၉ဝ-ကျော်မှာ အဆင့်အနေလည်း
၁၉ဝ-မှာရှိနေခဲ့တယ်လို့ သိရပါတယ်။ ရောဂါဆိုတာတွေကလည်း
တစ််မျိုးပြီးတစ်မျိုးပါပဲ။ အသစ်အဆန်းတွေ ကြားသိနေခဲ့ရပါတယ်။ အခုတလော
အရေးကြီးဆုံး၊ အဖြစ်များဆုံး ရောဂါကတော့ ကင်ဆာရောဂါပဲဖြစ်ပါတယ်။ ကမ္ဘာမှာ
မြန်မာနိုင်ငံဟာ ကင်ဆာရောဂါအဖြစ်များဆုံး(၁ဝ)နိုင်ငံထဲ မှာ စာရင်းဝင်ပြီး
ပါဝင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ မိသားတစ်စုတည်းမှာကိုပဲ
ကင်ဆာဝေဒနာ(၃)ဦးထက် မနည်း တွေ့နေရပြီလို့ သိရပါတယ်။ ဒါဟာ တကယ့်ကို
ကြောက်စရာကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

        ဟိုနေ့က ခရီးသွားတော့ ကားပေါ်မှာ လူတစ်ယောက်နဲ့တွေ့လို့
စကားပြောဖြစ်ပါတယ်။ အစားအသောက် တွေအကြောင်းပါပဲ။ သူပြောတဲ့အချက်တည်းမှာ
ဆုပ်ကပ်ခေတ်ကြီးထဲ ရောက်လာပြီ။ တဖြည်းဖြည်းနဲ့ သက်တမ်း တွေလည်း
ဆုတ်ယုတ်လာနေခဲ့ပြီ။ (၁ဝ)နှစ်တန်းဆိုတာတွေဟာ ဒီလိုပဲတဖြည်းဖြည်းဆိုသလို
ရောက်လာတော့မယ် ထင်ပါတယ်လို့ သူ့ရဲ့အမြင်၊ မှတ်ချက်တွေ ပြောပါတယ်။ ဒါတွေက
အဓိကကတော့ လူတွေရဲ့ စိတ်ဓာတ်တွေ ကြောင့်ပါပဲ။

        ဒါတွေကိုအဓိက ဘယ်ကဝင်ရောက်လာတယ်လို့ ခြေရာခံကြည့်တော့
အိမ်နီးနားချင်းနိုင်ငံတွေကတဆင့် ဝင်ရောက်ခြင်းလို့ သိရပါတယ်။
အထူးသဖြင့်တော့ တရုတ်ကနေ တံဆိပ်မျိုးစုံနဲ့ တင်သွင်းလာတဲ့ နို့မှုန်တွေ၊
မုန့် အမျိုးစုံတွေဟာ ကလေးတွေရဲ့အဓိကအစာဖြစ်နေတော့ အဲဒီကနေ
ပိုမိုပြီးတော့အဖြစ်များတယ်လို့ သိရပါတယ်။  ဒါကြောင့်
ကျောင်းအသီးသီးမှာရောင်းချနေတဲ့ မုန့်မျိုးစုံကို လိုက်လံစစ်ဆေးပြီး
မစားသင့်တဲ့အစာအဖြစ် ကြေငြာ နေရတဲ့အနေအထားအထိ ဖြစ်နေခဲ့ပါတယ်။
တချို့ကျောင်းတွေမှာဆို တရုတ်နို့မှုန့်စားပြီး ကျောင်းသား(၇)ဦးတစ်ပြိုင်
နက် အစာအဆိပ်သင့်တယ်စတဲ့ အဖြစ်အပျက်တွေလည်း မကြားချင်မှအဆုံး
ကြားနေခဲ့ရပါတယ်။

        အထူးသဖြင့်တော့ ကလေးတွေအနေနဲ့ အမြဲတမ်းထိတွေ့နေရတဲ့၊ စားသောက်နေရတဲ့
မုန့်မျိုးစုံဟာ တရုတ် ပြည်ကနေ တင်သွင်းလာတဲ့ တံဆိပ်မျိုးစုံကပ်ထားတဲ့
မုန့်မျိုးစုံပါပဲ။ ဒီမုန့်တွေမှာ တားမြစ်ဆေးတွေ အသုံးပြုထား ခြင်း၊
တာရှည်ခံဆေးများ အလွန်အကျွံအသုံးပြုထားခြင်း၊ အန္တရာယ်ရှိတဲ့
နို့မှုန့်များပါဝင်စေခြင်း၊ ထုတ်လုပ်သည့် ရက်စွဲ၊
ပါဝင်တဲ့ပစ္စည်းအမျိုးအစား၊ လုပ်ငန်းလိပ်စာ၊ သက်တမ်းကုန်ဆုံးရက်များ
တိကျစွာမပါဝင်ခြင်းတို့ကြောင့် ကလေးများအတွက် မစားသင့်တာကြောင့်
ဆိုင်များအနေနဲ့လည်း လုံးဝမရောင်းသင့်တဲ့ အစားအစာများ၊ မုန့်များ
ဖြစ်ပါတယ်။ ဒါတွေကတော့ ကလေးများနဲ့ပတ်သက်ပြီးလို့ အနည်းငယ်သဘောပါ။

        တကယ်တော့ လူကြီးတွေ၊ လူတိုင်းအနေနဲ့ စားသောက်နေခဲ့ကြတဲ့
အစားအသောက်မျိုးစုံဟာလည်း စား သောက်ဖို့ မသင့်တဲ့အစားအစာတွေချည်းလို
ဖြစ်နေခဲ့ပါပြီ။ အသားမျိုးစုံ၊ အသီးအရွက်မျိုးစုံ၊ သောက်စရာ အအေး
မျိုးစုံစသဖြင့် ရှောင်စရာတွေချည်းပဲဖြစ်နေခဲ့ပါပြီ။ အသစ်အရွက်များဟာ
ဟိုယခင်က ကျန်းမာရေးအတွက်အဓိက အထောက်အကူပြုပြီး
လူတိုင်းစားသင့်တဲ့အစားအစာများြဖစ်ပေမယ့် ယခုအချိန်မှာတော့ အသစ်အရွက်ကို
အဆမတန် ကြီးထွားအောင်ဆိုပြီး ဓာတုဟော်မုန်းဆေးများ အသုံးပြုထားခြင်း၊
ပိုးသတ်ဆေးအပြင်းအစားများ သုံးထားခြင်းအတွက်
ရှောင်ကြဉ်ရတော့မယ့်အခြေအနေဖြစ်နေခဲ့ပါပြီ။ မိမိတို့ငယ်ငယ်က
ငှက်ပျောသီးမှည့်ဖို့ မြေကျင်းတူ၊ အရွက်တွေ၊ အဝတ်တွေနဲ့ ထုပ်ပိုးပြီးတော့
မှည့်လာအောင် ရက်အနည်းငယ်ကြာအောင် ထားရပါတယ်။ အခုအချိန်မှာတော့ နာရီ
ပိုင်းအတွင်းမှာပဲ မှည့်ဝင်းစေမယ့် ဆေးအပြင်းစားများကို
အသုံးပြုလာခြင်းဟာ လူတွေကိုကြီးမားတဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်။

        ထိုနည်းတူစွာ အရောင်ဆန်းဆန်းလှလှလေတွေကြိုက်တာကြောင့် မုန့်တွေကို
အရောင်မျိုးစုံဆေးခြယ်ပြီး တော့ စားသောက်နေတာဟာလည်း အန္တရာယ်နဲ့ ရောဂါကို
လက်ရပ်ခေါ်သလို ဖြစ်နေခဲ့ပါပြီ။ ဖော်လမင်လို့ခေါ်တဲ့
ဖော်မယ်ဒီဟိုက်(အဆိပ်ဓာတ်)ဟာ ကင်ဆာရောဂါဖြစ်စေနိုင်တာကြောင့် ပဲပြား၊
ချက်နို့ဆီ၊ မုန့်ဟင်းခါးဖတ်၊ မုန့် တီဖက်များဟာလည်း ဖော်လမင်ကို
အသုံးပြုထားတာကြောင့် ရှောင်ကြဉ်ရမယ့် အစာများဖြစ်လာပါပြီ။

        အသားများမျိုးစုံ၊ အသီးအရွက်မျိုးစုံစသဖြင့် ရှောင်ကြဉ်ရမယ့်အထဲမှာ
ရေချိုငါးပိ၊ ငါးခြောက်၊ ငံပြာရည် များပါ ပါဝင်လာတာကြောင့် ဘာမှကို
စားစရာမရှိအောင် ဖြစ်နေခဲ့ပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပစ္စည်း
တွေမှာလည်း ယူရီယားဓာတ်မြေသြဇာများ ထည့်သွင်းလာခဲ့တယ်လို့ သိနေရပါတယ်။
နောက်ပြီး နေလှန်းစဉ်မှာလည်း ယင်မနားအောင်၊ လောက်မတက်အောင်ဆိုပြီး
တရုတ်ကတင်သွင်းလာတဲ့ ပိုးသတ်ဆေးများ အသုံးပြုထားခြင်းကြောင့် လို့
သိရပါတယ်။ ဟိုယခင်က အချိုမှုန့်၊ ကြက်သားမှုန့်တို့မှတဆင့်
ကင်ဆာဖြစ်စေနိုင်တာလောက်ပဲ သိနေခဲ့ခြင်း ဖြစ်ပါတယ်။ ယခုတော့
အစားအသောက်မျိုးစုံမှာပါဝင်တဲ့ အသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေကြောင့်
ကင်ဆာဖြစ်စေ နိုင်တဲ့အစားချည်းတွေ့လာရပါပြီ။ ကော်ဖီမစ်တို့အထိတောင်
ကျယ်ပြန့်လာတော့ တကယ့်ကို ဘာမှကိုစားသောက်ဖို့၊ မကျန်တော့လောက်အောင်
ကြောက်စရာကောင်းနေခဲ့ပါတယ်။ ဒါတွေကို ဘယ်လို ကုစားမလဲ။ သေချာတာကတော့
အောက်ခြေလူတန်းစားတွေထက် တာဝန်ရှိတဲ့ အစိုးရတွေက မပူးပေါင်းရင်၊
ဘာသိဘာသာနေခဲ့မယ်ဆိုရင်၊ တင်းကျပ် တဲ့အရေးယူမှု မလုပ်ရင်၊ လူသားများအသိပညာ
ဖြန့်ဝေတာတွေကို မီဒီယာမျိုးစုံက မဆောက်ရွက်ဘူးဆိုရင်တော့ ဒါထက်
ပိုမိုဆိုးရွားတဲ့ ရောဂါကပ်ဘေးကြီးတွေ ဆိုက်လာခဲ့မယ်ဆိုတာပါပဲ။

        ဟိုတလောလေးက ဒေါက်တာဒေါ်ခင်ခင်ရီအနေနဲ့ သူ့အသိစိတ်ဓာတ်နဲ့
ဘုန်းတော်ကြီးကျောင်း အသီးသီး၊ သီလရှင်ကျောင်းအသီးသီး၊
ဆွမ်းချက်ဓမ္မာရုံအသီးသီး၊ ဓမ္မစကူးလ်အသီးသီးရှိ ကလေးသူငယ်များကို သူ့အဖွဲ့
အစည်းကနေ လိုက်လံဟောပြောရင်း အသိပညာပေးဟောပြောပွဲတွေ လုပ်နေခဲ့ပါတယ်။
ဒါပေမယ့် တာဝန်သိစိတ်ဟာ တစ်ဦးတစ် ယောက်တည်းနဲ့တော့ မဖြစ်တော့ဘူး။
ဒါတွေကို အထက်ပိုင်းလူကြီးများ၊ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ အစည်း
အသီးသီးများအထိ ကျန်းမာရေးအသိပညာပေးတွေ လေ့လာသင့်ကြောင်း၊
ဟောပြောသင့်ကြောင်း၊ သူတို့ ကနေတဆင့် မီဒီယာကို အသုံးပြုလို့ပဲဖြစ်ဖြစ်၊
နောက်ပြီးတော့ ထိရောက်တဲ့ကာကွယ်မှုတွေ လုပ်လို့ပဲဖြစ်ဖြစ် အရေးယူဆောင်
ရွက်မှုတွေနဲ့ အစားအသောက်တွေကို တင်းကျပ်စွာ ကိုင်တွယ်မယ်၊
အလေးတမူလုပ်မယ်ဆိုရင်တော့ သက်သာလာ နိုင်ကောင်းရဲ့လို့ တွေးမိပါတယ်။

        တကယ်တော့ ဒါတွေဟာ လူတွေက ဖန်တီးတာပါ။ လူတွေက
ဘာဖြစ်လို့ဖန်တီးတာလည်းဆိုတော့ လော ဘကြောင့်ပါပဲ။ ရေရှည်ခံအောင်၊
ကိုယ့်ပစ္စည်းရောင်းတန်းဝင်အောင်၊ ခဏတွင်းမှာ အလုပ်ဖြစ်အောင်ဆိုတဲ့ ယုတ်
မာတဲ့ စိတ်ဓာတ်တွေနဲ့ အစားအသောက်မျိုးစုံကို ဓာတုပစ္စည်းမျိုးစုံ
အသုံးပြုပြီးတော့ တာရှည်ခံအောင်၊ ကြီးထွား အောင်
လုပ်ဆောင်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ တကယ်တော့
မိမိတို့နေ့စဉ်စားသောက်နေရတာတွေက အာဟာရ မဟုတ်တော့ဘဲ
အဆိပ်တွေပဲဖြစ်နေခဲ့တယ်ဆိုတာ သိနေရပါတယ်။

        ဒါကြောင့်လူတိုင်း၊ လူငယ်တိုင်းဟာ မိမိတို့ရဲ့
တစ်ကိုယ်ရည်ကျန်းမာရေးမှတဆင့် တစ်အိမ်လုံး၊ တစ်ဖွဲ့ စည်းလုံး၊
တစ်မြို့လုံး၊ တစ်ရွာလုံး၊ တစ်နိုင်ငံလုံး ကျန်းမာလာအောင်
အသိပညာပေးဟောပြောမှုတွေ လုပ်ဖို့၊ ကိုယ်တိုင်လေ့လာဖို့၊ ရှောင်ကြဉ်ဖို့
အထူးအထူးကိုပဲ လိုအပ်နေပါကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

မောင်မင်းစိုး

အတွဲ ၂၊ အမှတ် ၁၉၊ ၂၀၁၅
Myanmar Review ဂျာနယ်။

No comments: