Tuesday, July 21, 2015

လူငယ်နဲ့ စိုးရိမ်စိတ်

စိုးရိမ်စိတ်ဟာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးသလိုဖြစ်တတ်ပါတယ်။ အရာရာမှာ စိုးရိမ်စိတ်တွေ လွန်ကဲနေရင်တော့ အောင်မြင်မှုတွေလည်း တန့်သွားနိုင်သလို၊ ပူလောင်မှုတွေလည်း တိုးပွားစေမှာ ဖြစ်ပါတယ်။ လူတိုင်းကတော့ စိုးရိမ်စိတ်တွေရှိကြပါတယ်။ ရှိသင့်သလောက်ရှိတာက မသိသာပေမယ့် အရမ်းကြီးလွန်ကဲနေရင်တော့ လမ်းကြောင်းတွေလည်း ပျောက်ဆုံးသွားနိုင်ပါတယ်။ အပိတ်ဝါဒနဲ့ အဖွင့်ဝါဒကို နားလည်ထားဖို့ လိုအပ်ပါတယ်။

    ဟိုတလောက လူငယ်တစ်ယောက်နဲ့စကားပြောဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိအခြေအနေလေးကနေ အကြောင်းတစ်ခုခုကြောင့် လက်လွှတ်ဆုံးရှုံးလိုက်ရမှာကို အရမ်းစိုးရိမ်နေမိကြောင့် ပြောပါတယ်။ သူပြောသလိုပါပဲ၊ သူ့အတွက်တော့ ဒီနေရာလေးက တကယ်ပဲ အဆင်ပြေပါတယ်။ သူ့အတွက်တင်မကပါဘူး၊ သူ့မိသားစုအတွက်လည်း အဆင်ပြေစေတဲ့ နေရာလေးပါပဲ။ ဒါပေမယ့်၊ စိုးရိမ်စိတ်တွေများလွန်းနေတာဟာ အန္တရာယ်တစ်ခုပါပဲ။ ဒါကြောင့် သူ့ကိုပြောဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေ၊ စကားလေးတွေကို ပြန်လည်ပြီးတော့ ပြောပြချင်ပါတယ်။

    လက်ထဲကရှိနေတဲ့ ငှက်တစ်ကောင်ဟာ၊ သစ်ပေါ်မှာရှိတဲ့ ငှက်ခြောက်ကောင်ထက် ပိုပြီးသေချာတယ်။ မှန်ပါတယ်။ သူပြောသလိုပါပဲ လက်ထဲမှာရှိနေတဲ့ အလုပ်ဟာ အခြားဘာမှမမြင်ရသေးတဲ့ လုပ်ငန်းများစွာတွေထက် သေချာမှုရှိပါတယ်။ သို့သော်လည်း ဒီငှက်က မသေတော့ဘူးလား၊ တကယ်လို့ သေသွားခဲ့ရင် အားလုံးဆုံးရှုံးသွား သလို ဖြစ်မနေဘူးလားဆိုတာ စဉ်းစားဖို့ပြောပြပါတယ်။

    ဒီကိစ္စကို စဉ်းစားကြည့်ပါ။ သူပြောသလို လက်ထဲကငှက်ကလေး မသေအောင်၊ မဆုံးရှုံးအောင် အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်နေမယ်။ လိုအပ်တာထက် လွန်ကဲပြီးတော့ ငှက်ကလေးကို အားတိုင်း၊ အစာတွေ ကျွေးနေမယ်၊ လက်ထဲယူပြီးတော့ ဆော့ကစားနေမယ်၊ စိုးရိမ်စိတ်လွန်ပြီး မပျံနိုင်အောင် အတောင်ပံတွေကို ကပ်ကြေးနဲ့ ညှပ်ထားမယ်၊ ကြိုးချည်ထားမယ်၊ လှောင်အိမ်ထဲမှာ အချိန်ပြည့် ထည့်ထားမယ်၊ မလိုအပ်ဘဲ သန့်ရှင်း အတွက် ရေချိုးပေးမယ်စသဖြင့် လက်ထဲကငှက်ကလေးကို လိုအပ်တာထက် ပိုမိုပြီးတော့ ဂရုစိုက်လွန်းရင်၊ သို့မဟုတ် စိုးရိမ်စိတ်လွန်ကဲနေရင်တော့ အဲဒီငှက်ကလေးဟာ သေသွားနိုင်ကြောင်း ပြောပြလိုက်ပါတယ်။

    အခုလဲ သူ့နေရာလေးကို စိုးရိမ်စိတ်လွန်ပြီးတော့ အထက်ကလူကြီးကို ဖားလို့ပဲဖြစ်ဖြစ် မလုပ်သင့်တာတွေ လုပ်မိမယ်။ ကိုယ့်နေရာလေးကို အခြားသူတစ်ယောက်နဲ့ အစားထိုးလိုက်မှာကို စိုးရိမ်လို့ဖြစ်ဖြစ် အခြားသူကို ချောက်တွန်းမယ်ဆိုရင်တော့ အဲဒီမကောင်းတဲ့ ယုတ်မာတဲ့ စိတ်ဓာတ်က ပြန်လည်ပြီးတော့ ကိုယ့်ကိုယ်ကို သတ်ပစ် လိုက်သလို ဖြစ်တတ်ပါတယ်။ ဒီတော့ လက်ရှိလုပ်ငန်းမှာ ဒီရာထူးလေးနဲ့ အဆင်ပြေနေတာကို သန့်ရှင်းစွာနဲ့ ရပ် တည်နိုင်ဖို့၊ လိုအပ်တာထက် ပိုမနေဖို့ သူ့ကို ပြောပြဖြစ်ပါတယ်။

    နောက် သစ်ပင်ပေါ်က ငှက်ခြောက်ကောင်ကိစ္စ၊ ဒါဟာလည်း သေချာပါတယ်၊ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ငှက်တစ်ကောင်လောက်တော့ တန်ဖိုးမရှိပါဘူး။ ဒီတော့ ဒီငှက်က ကိုယ်နဲ့ဘာမှမဆိုင်ဘူးဆိုပြီး လျစ်လျူရှုထားလိုက် လိုက်ရမလား၊ အရေးကြီးကိစ္စလို့ မထင်ဘဲ ဘာသိဘာသာ နေခဲ့လိုက်မလား၊ ဒါဟာလည်း စဉ်းစားစရာကောင်းတဲ့ မေးခွန်းပါပဲ။ ထောင်မြင်ရာစွန့်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာရာဟာ ဘာမှ မတည်မြဲပါဘူး။ မတည်မြဲတဲ့အရာကို လက်ကိုင်ထားပြီးတော့ ကျေနပ်နေမယ်ဆိုရင်တော့ အခြားဖြစ်သင့်တာတွေ ဟာ ကိုယ့်ဆီကို သူ့အလိုလို အလျှိုလျှိုတော့ ဝင်ရောက်လာမှာ မဟုတ်ပါဘူး။ ဒီတော့ အခြားသစ်ပင်ပေါ်က ငှက် ခြောက်ကောင်ကိစ္စကိုလည်း ကိုယ့်အနေနဲ့ စဉ်းစားထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

    ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဖြစ်သွားရင် ဘာလုပ်မလဲ၊ မိုးဆိုတာ မပြိုပါဘူးကွာ၊ ဒါပေမယ့် တကယ်လို့ ပြိုလာရင် ဘာလုပ်မလဲ။ ဒါကိုလည်း ထည့်တွက်ထားဖို့ သူ့ကိုပြောဖြစ်ပါတယ်။ ပြောတဲ့ အတိုင်းပါပဲ၊ မကြာပါဘူး သူ့တို့ကုမ္ပဏီဟာ ကိစ္စတစ်ခုနဲ့ ရပ်လိုက်ရပါတယ်။ ဒီတော့ သူလည်း မဖြေဆည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူစိတ်ဓာတ်တွေအရမ်းကျနေခဲ့ပါတယ်။ ဒါဟာ အစပဲရှိသေးတာ၊ ဘာမှ စိုးရိမ်မနေနဲ့ အလုပ်ဆိုတာ ဒီတစ်ခုတည်းရှိတာမဟုတ်ဘူး၊ အများကြီးရှိတယ်။ စိတ်ဓာတ်ကို ပြန်လည်မွေးပါ၊ အခြားကုမ္ပဏီတစ်ခု ကို အလုပ်လျှောက်ပါ။ ဒါထက်ကောင်းတဲ့ အခွင့်အရေးတွေ မရနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကြိုးစားမယ်၊ အလုပ်ပေါ်မှာ တာဝန်ကျေမယ်၊ အချင်းချင်းအပေါ်မှာ ကူညီမယ်၊ စိတ်ဓာတ်ဖြူစင်စွာနဲ့ ကိုယ့်အလုပ်ကို လုပ်မယ် ဆိုရင်တော့ ဒါထက်သာလွန်တာတွေ ရောက်လာနိုင်ပါတယ်လို့ ပြောလိုက်ပါတယ်။

    မကြာပါဘူး၊ သူ့အတွက် အလုပ်တစ်ခု ထပ်မံရှာဖွေတာ အဆင်ပြေသွားခဲ့ပါတယ်။ အရင်အလုပ်လိုတော့ သိပ်ပြီးအဆင်မပြေဘူးလို့ သူပြောပါတယ်။ အစပဲ ရှိသေးတယ်ဆိုတာ မေ့မထားဖို့ သတိပေးလိုက်ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သူ့နဲ့စကားတွေ အတော်များများ ပြောဖြစ်ခဲ့ပါတယ်။ နောက်ပြီး အကြောင်းအရာလေးတစ်ခု ကိုလည်း ပြောပြလိုက်ပါတယ်။

    တစ်ခါက အိမ်နောက်ဘေးက မီးဖိုချောင်နားမှာ နားနေတဲ့ ကျီးတစ်ကောင်ရှိတယ်။ သူ့အနေနဲ့ကတော့ ဒီနေရာလေးမှာ အမြဲလိုလို ရှိနေတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရှင်မက မီးဖိုချောင်ကိစ္စကို လုပ်ကိုင်ဆောင် ရွက်နေတဲ့အခါ အသားတွေ ခုတ်လှီးလို့ဖြစ်ဖြစ်၊ အရိုးတွေ ထွင်ပစ်လို့ဖြစ်ဖြစ် ဆေးကြောလိုက်ပြီး သွန်ပစ်လိုက်တဲ့ ရေထဲမှာ အရိုး သို့မဟုတ် အသားလေးများ ပါမလားဆိုပြီး အဲဒီနေရာလေးမှာ ရစ်သီရစ်သီလုပ်လုပ်နေခဲ့တာပေါ့။

    တစ်နေ့တော့ သူမျှော်လင့်ထားသလို အိမ်ရှင်သွန်ပစ်လိုက်တဲ့ ရေထဲမှာ အရိုးတစ်ခုပါသွားခဲ့တယ်။ ဒါကို ကျီးကန်လည်း မြင်တယ်ဆိုတာနဲ့ အတင်းထိုးဆင်းလိုက်ပြီးတော့ အရိုးကို ချီသွားခဲ့ပါတယ်။ နှုတ်သီးနဲ့ မြဲမြံစွာ ကိုက်ချီသွားတဲ့ အမဲရိုးကို အခြားကျီးတွေ မြင်လိုက်ပါတယ်။ မြင်တော့ သူတို့ဟာလည်း အရိုးချီသွားတဲ့ ကျီးကန်း နောက်ကို တဟုန်းထိုး လိုက်ကြပါတယ်။

    ဒီလိုနဲ့ အရိုးကို ပြုတ်မကျအောင် ကျီးဟာ ချီသွားပြီးတော့ အပေါ်အမြင့်ဆုံးကို အားကုန်တက်သွားခဲ့ပါတယ်။ ဒါပေမယ့် အခြားကျီးတွေကလည်း နောက်ကနေ အမီလိုက်ကြပါတယ်။ အကောင်တွေကလည်း များတဲ့အတွက် အရိုးချီသွားတဲ့ ကျီးကန်ဟာ စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ ဒါကြောင့် သူချီထားတဲ့ အရိုးကို လွှတ်ချပစ်လိုက်ပါတော့ တယ်။ သူအနေနဲ့ တစ်ခါမှလည်း ဒီလောက်မြင့်အောင် မပျံတက်ခဲ့ပါဘူး။ အစာအတွက်၊ အခြားကျီးတွေ မလုနိုင် အောင်ဆိုပြီး အားကုန်ဆိုသလို အမြင့်ဆုံးကို ပျံတက်ခဲ့ခြင်း ဖြစ်ပါတယ်။ လွှတ်ချလိုက်တဲ့ အရိုးနောက်ကို အခြားကျီးတွေ အလုအယက်ဆိုသလို လိုက်သွားခဲ့ပါတယ်။ သူကတော့ လိုက်မသွားခဲ့တော့ပါဘူး။ သူအောက်ကို ငုံ့ကြည့်လိုက်ပါတယ်။ အင်မတန်မှ သာယာလှတဲ့ ရှုခင်းကို မြင်လိုက်ရပါတယ်။ နောက်ပြီးတော့ သူ့အနေနဲ့ စိတ်ထဲမှာ ကြည်နူးသွားပြီးတော့-

    ''တကယ်လို့သာ၊ ငါဟာ ဒီအမဲရိုးကို လွှတ်မချလိုက်ခဲ့ဘူးဆိုရင် ဒီလောက်လှပတဲ့ မြင်ကွင်းကို မြင်ရမှာ မဟုတ်ဘူး''လို့ တွေးမိလိုက်ပါတယ်တဲ့။


    ဒီလိုပါပဲ၊ သူ့ကို ဒီအကြောင်းအရာလေးကို ပြောဖြစ်လိုက်ပါတယ်။ သူဆက်ပြီးတော့ ကြိုးစားမယ်လို့ ဆိုပါတယ်။ စိုးရိမ်စိတ်ကိုလည်း အရမ်းကြီးလွန်ကဲတာမျိုး မဖြစ်အောင် သတိထားမယ့်အကြောင်း၊ အလုပ်ပေါ်မှာ၊ အလုပ်ရှင်ပေါ် မှာ၊ အခြားလုပ်ဖော်ကိုင်ဘက်တွေအပေါ်မှာ စေတနာထားမယ်၊ ကူညီမယ်၊ ရိုင်းပင်မယ်လို့ ကတိပေးသွားခဲ့ပါတယ်။ တကယ်တော့ လူငယ်တွေဆိုတာ အထက်ကိုပဲ တက်ချင်ကြတဲ့လူတွေပါပဲ။ ဒါပေမယ့် အထက်ကိုတက်တဲ့အခါမှာ သန့်ရှင်းစွာ တက်နိုင်အောင်တော့ သတိထားရပါလိမ့်မယ်။ နောက်တစ်ခုကတော့ တကယ်လို့ တက်ရင်းတက်ရင်းနဲ့ မတော်တဆလဲ အောက်ကို ပြုတ်ကျနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ်ကို လျော့ချပြီးတော့ ပိုမိုကောင်းမွန်တဲ့ နေရာတွေဆီကို ဦးတည်သွားနိုင်ကြပါစေကြောင်း။




 မောင်မင်းစိုး
အတွဲ ၂၊ အမှတ်- ၂။ The Myanmar Review ဂျာနယ်၊၂ဝ၁၅။

No comments: