Thursday, February 4, 2021

သြဝါဒရှင်သို့ ဦးညွတ်ခြင်း



    ''ချစ်သားကပ္ပိန၊ ဥပုသ်ပြုခြင်း၊ ပါတိမောက်ပြခြင်းကို သင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များက အမြတ်တနိုး တန်ဖိုးထားပြီး ရိုသေလေးစားကြရမည်။ သင့်အနေနဲ့ ဥပုသ်ပြုရာသို့ မသွားပဲ မနေပါနဲ့။ သွားကိုသွားရမည်''

   
 မြတ်ဗုဒ္ဓတည်ထောင်ထားသော သာသနာတော်ကြီး၌ သာသနာတော်တွင်းသို့ ၀င်ရောက်လာသူများသည် အရွယ်စုံသည်။ လူတန်းစားစုံသည်။ ဇာတ်အားဖြင့်လည်း အနိမ့်အမြင့် စုံစုံလင်လင် ရှိသည်။ ထိုထဲတွင် ရှင်ဘုရင် များပင် ပါ၀င်ခဲ့သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ဘဒ္ဒိယမင်း၊ မဟာကပ္ပိနမင်း၊ ပုက္ကုသာတိစသည်ဖြင့် များပြားစွာ ၀င်ရောက်ခဲ့သည်။ သာသနာတော်ကြီးအား စောင့်ရှောက်ကြသည့် သာသနာပြုမင်းများလည်း များစွာ ပေါ်ထွက်ခဲ့လေသည်။ ယခု ထိုထဲတွင်ပါ၀င်သည့် မဟာကပ္ပိနမင်းအကြောင်းကို ပြောပြလိုပါသည်။


    ကုက္ကုဋ၀တီပြည်၌ မွေးဖွားခဲ့သည်။ နာမည်ကား ကပ္ပိနဖြစ်သည်။ ထို့ဖခင်ကွယ်လွန်သွားပြီးနောက် မင်းအဖြစ် ရရှိခဲ့သည်။ မဟာကပ္ပိနမင်းဟု ထင်ရှားသည်။ ထိုမင်းကြီး၏ မိဖုရားကြီးသည်ကား မဒ္ဒတိုင်း သာလဂမြို့မှ အနောဇာမည်သော မင်းသမီး ဖြစ်၏။ သူမ၏ ကိုယ်ရေအဆင်းသည် လိပ်ဆူးရွှေပန်းကဲ့သို့ အဆင်း ဝါ၀င်းသော အရောင်အသွေးနှင့် ပြည့်စုံသူဖြစ်သည်။ အရွယ်ရောက်သော် မဟာကပ္ပိနမင်းကြီး နန်းတော်သို့ ရောက်ရှိခဲ့ပြီး အနောဇာဒေဝီမိဖုရားကြီး ဖြစ်လာခဲ့သည်။ မဟာကပ္ပိနမင်းကြီး၏ ထူးခြားချက်မှာ အသိပညာ ဗဟုသုတနှင့် ပြည့်စုံသည်။ ထူးခြားသည့် သတင်းစကားများကို အမြဲတမ်း နားစွင့်တတ်သည်။ ထိုမင်းတွင် ဗလ, ဗလဝါဟန, ပုပ္ဖ, ပုပ္ဖဝါဟန, သုပတ္တမည်သော နာမည်ကျော် မြင်းလေးစီး ရှိသည်။ ထိုတွင် သုပတ္တိ အမည်ရှိသောမြင်းကို ကိုယ်တော်တိုင်စီးလျက်၊ အခြားမြင်းလေးကောင်နှင့် မြင်းစီးသူရဲကောင်းများကို အနယ်နယ်အရပ်အရပ်သို့ စေလွှတ်ကာ ဗဟုသုတ သတင်းစကားဆောင်ရာ၌ အသုံးပြုခဲ့သည်။ အထူးအားဖြင့် ရတနာသုံးပါးနှင့်ဆက်စပ်သည့် သတင်းစကားကို ဆောင်ယူစေရန်အတွက် အသုံးပြုခြင်း ဖြစ်သည်။


    ဤနေရာ၌ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သည့် ရှင်ဘုရင်များအနေဖြင့် အတုယူသင့်သည့်အချက်တစ်ခုပင် ဖြစ်သည်။ ခေါင်းဆောင်ကောင်းဟူသည် မိမိကိုယ်တိုင် အခိုင်းစေကျွန်အဖြစ် သဘောထားရသည်။ ထြွကလုံ့လ ရှိရသည်။ ဆင်ခြင်နိုင်စွမ်း ရှိရမည်။ ကောင်းသည် မကောင်းသည်ကို ဆုံးဖြတ်နိုင်စွမ်း ရှိရမည်။ ထို့အပြင် အခြားအခြားသော ထူးခြားသည့် သတင်းစကားများကို အမြဲနားစွင့်နေရမည်။ သူတစ်ပါးတို့ ချီတက်နေသည့် လမ်းကြောင်းအတိုင်း လိုက်စေခြင်းမျိုးမဟုတ်သော်ငြား မိမိကိုယ်တိုင် လမ်းကြောင်းအသစ်ကို ဖောက်ပြီး အများ အတွက် သတိဝီရိယထားကာ လျှောက်နေရမည်ဖြစ်သည်။

    တစ်ရက်တွင် မင်းကြီးသည် သုပတ္တမြင်းအား ကိုယ်တော်တိုင် စီးလျက် မိမိနှင့်ဘ၀ပေါင်းများစွာ အတူတကွ ရှင်သန်ခဲ့ကြသည့်  အမတ်ပေါင်း(၁၀၀၀)ခြံရံလျက် ဥယျာဉ်သို့ ထွက်ခဲ့သည်။ ထိုစဉ် သာ၀တ္ထိပြည်မှ ရောက်ရှိလာ သော ကုန်သည်များထံမှ ဂေါတမမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေကြောင်း သတင်းကို ကြားသိလိုက်သည်။ ဘုရားဆိုသည့် သတင်းစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် မဟာကပ္ပိနမင်းကြီးသည် အားရ၀မ်းသာ ပီတိဖြာလျက် ရှိခဲ့သည်။ သို့အတွက် ထိုဘုရားပွင့်နေပြီဆိုသည့် သတင်းပေးသော ကုန်သည်တို့အား အသပြာ(၁)သိန်းစီ ဆုလာဘ်ပေး၏။ ထိုနည်းတူစွာပင် တရားရတနာ၊ သံဃာရတနာအတွက်လည်း မင်းကြီးသည်ဆုလာဘ် အဖြစ်(၁)သိန်းစီ ဆုချတော်မူသည်။ ထို့နောက် မင်းကြီးသည် နန်းတော်သို့ ပြန်၀င်ခြင်းမပြုတော့ဘဲ တောထွက်ခဲ့ သည်။ ထီးနန်းစည်းစိမ်အားလုံးကိုလည်း နန်းတော်တွင်ကျန်ရှိခဲ့သည့် အနောဇာ မိဖုရားကြီးထံကို စာဖြင့်အကြောင်း ကြားသိစေလျက် ကုန်သည်များမှတဆင့် စွန့်လွှတ် လွှဲအပ်ခဲ့သည်။ မင်းကြီးနှင့်ပါသည့် အမတ်တစ်ထောင်တို့ သည်လည်း မိမိတို့၏မင်းကြီးနှင့်အတူ ရဟန်းပြုရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ထို့နောက် သာ၀တ္ထိပြည် မြတ်စွာဘုရားရှိရာသို့ ရည်မှန်း၍ တောထွက်တော်မူလေသည်။

    အနောဇာမိဖုရားကြီးသည်လည်း မင်းကြီးနည်းတူ ဘုရား၊ တရား၊ သံဃာဆိုသည့် သတင်းစကားကို ဆောင်လာသည့် ကုန်သည်များအား ရတနာတစ်ခုလျှင်(၃)သိန်းစီ ဆုတော်ချတော်မူလိုက်သည်။ ထို့နောက် မိမိတို့ သည်လည်း မဟာကပ္ပိနမင်းကြီးနည်းတူ မြတ်ဗုဒ္ဓရှိရာ သာ၀တ္ထိပြည်သို့ နောက်မှလိုက်ပါလာခဲ့ကြသည်။

    မင်းကြီးသည် အမတ်တစ်ထောင် ခြံရံလျက် မြင်းကိုယ်စီ စီး၍ တောထွက်လာခဲ့သည်။ လမ်းခရီးတွင်  အပရစ္ဆာအမည်ရသည့်မြစ်ကို တွေ့ရာတွင် မြတ်ဗုဒ္ဓ၏ဂုဏ်ကျေးဇူးကို ဆင်ခြင်ပွားများ အဓိဋ္ဌာန်ပြုကာ အောင်မြင်စွာ ကူးမြောက်နိုင်ခဲ့သည်။ ထို့နောက် နိလိဝါဟိနီအမည်ရသည့်မြစ်ကို တွေ့ရှိရာ တရားတော်၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်အောက်မေ့လျက် အဓိဋ္ဌာန်ပြုကာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့နောက်တွင် စန္ဒဘာဂါအမည်ရသည့် မြစ်တစ်စင်းကို ထပ်မံတွေ့ရှိရာတွင် သံဃာ့ဂုဏ်ကို ဆင်ခြင်အောက်မေ့ အဓိဋ္ဌာန်ပြုလျက် သာမန်မြေပြင်ပေါ်တွင် သွားရသလို လွယ်ကူစွာပင် ကူးမြောက်နိုင်ခဲ့သည်။ မိဖုရားကြီးတို့သည်လည်း ထိုကဲ့သို့ပင် နောက်မှလိုက်ပါသွားကြပြီး ကူးမြောက်နိုင်ခဲ့ကြသည်။
 
    မြတ်ဗုဒ္ဓသည် ယူဇနာ(၁၂၀)ရှိသော ခရီးကို ကိုယ်တော်တိုင်တစ်ပါးတည်း ထွက်ကြွလျက် စန္ဒဘာဂါ မြစ်ဆိပ်အနီးရှိ ပင်ညောင်ပင်ရင်း၌ ရောင်ခြည်တော်(၆)သွယ် လွှတ်တော်မူကာ မဟာကပ္ပိနမင်းတို့အလာကို စောင့်ကြို နေခဲ့သည်။ ထိုစဉ်မြတ်ဗုဒ္ဓသည် တရားဒေသနာ ဟောတော်မူသည်။ အားလုံး သောတာပန် တည်ကြသည်။ အားလုံး ဧဟိဘိက္ခု ရဟန်းအဖြစ် သာသနာတော်သို့ ၀င်ရောက်ကြသည်။ ထိုနည်းတူစွာပင် အနောဇာသို့ရောက်လာ၍ တရားဟောတော်မူသည် သောတာပန်တည်ကြသည်။ အနောဇာတို့ကို အရှင်မဥပ္ပလ၀ဏ်အား တန်ခိုးဖြင့် ခေါ်တော်မူ၍ ဘိက္ခုနီမကျောင်းသို့ခေါ်ဆောင်စေကာ ရဟန်းမပြုပေးခိုင်းသည်။ ထို့နောက် အရှင်မဟာကပ္ပိနမထေရ်သည် မိမိအတွက် ရဟန်းတရား ဆက်လက်ပွားများအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်ခဲ့သည်။

    ထိုမထေရ်သည် ပဒုမုတ္တိုရ်မြတ်စွာဘုရားလက်ထက်တွင် ဟံသာ၀တီမင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်ခဲ့ပြီး ဘိက္ခုသြဝါဒက=ရဟန်းတို့အား ဆုံးမဟောကြားရာ၌ ဧတဒဂ်ဘွဲ့ထူးကို တောင်းခဲ့သည်။ ထိုမှ လူပြည် နတ်ပြည်ဖြစ်ခဲ့ပြီး တစ်ခုသောဘ၀၌ ဗာရာဏသီပြည်၌ ယက်ကန်းသည်မှူးကြီး ဖြစ်ခဲ့သည်။ ထိုစဉ် ပစ္စေကဗုဒ္ဓါ (၁၀၀၀)တို့အား ဆွမ်းကိစ္စ၊ နေဖို့ကျောင်းဆောင်များကို တစ်ရွာလုံးဝိုင်၀န်းပြီး ဆောင်ရွက်လှူဒါန်းခဲ့ကြသည်။ ထိုစဉ် သူ၏ဇနီးသည်က ဦးဆောင်ခဲ့သည်ကို တွေ့ရသည်။

    တစ်ခါတလေ အလုပ်ကိစ္စတစ်ခုခုကို အမျိုးသမီးများ ဦးဆောင်လျက် ဖြေရှင်းရသည်မျိုး ရှိသည်။ ကောသလဘုရင်၏ အသဒိသဒါအလှူတွင် မလ္လိကာမိဖုရား ဦးစီးဆောင်ရွက်ခဲ့ခြင်းမျိုး ဖြစ်သည်။ ယခုလည်း အလျင်အမြန် ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအတွက် ယက်ကန်းသည်မှူး၏ ဇနီးဖြစ်သူမှ လိုလေသေးမရှိအောင် အကွက်စေ့စေ့ စီမံနိုင်ခဲ့သည်။ ထိုမှနောက်တွင် တာ၀တိံသာနတ်ပြည်တွင် အစုလိုက်အပြုံလိုက် ဖြစ်ခဲ့ကြသည်။ ခေါင်းဆောင် ကောင်းမှုကြောင့်ဟု ဆိုရပေလိမ့်မည်။ ထိုမှနောက် ကဿပဘုရားရှင်လက်ထက်တွင် ပြာသာဒ်(၁၀၀၀)တို့ကို ဦးဆောင်လျက် ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။ ဤကား မဟာကပ္ပိနမင်းကြီးတို့၏ အတိတ်ဘ၀ဇာတ်ကြောင့် အကျဉ်းဖြစ်သည်။


    အရှင်မဟာကပ္ပိနမထေရ်သည် သီလ၀န္တရဟန္တာ ဖြစ်ပါသည်။ သို့အတွက် တစ်ပါးတည်း နေတော်မူစဉ် စဉ်းစားမိသည်။ မိမိသည် သီလဖြူစင်သည်။ မည်သည့်အာပတ်ဟူ၍ ကျူးလွန်ထားခြင်းမျိုး မရှိ။ သို့အတွက် သံဃာ့ဥပုသ်ပြုရန်အတွက် ဥပုသ်သိမ်သို့ သွား၍ ပါတိမောက်ပြစရာမလိုဟူသော အတွေးကို ကြံစည်တွေးတော နေခဲ့သည်။ ထိုအတွေးကို တွေးနေသည့် အရှင်မြတ်၏ စိတ်အကြံအား မြတ်ဗုဒ္ဓ သိတော်မူ၍ တန်ခိုးတော်ဖြင့် ကြွတော်မူကာ မိန့်တော်မူသည်။

    ''ချစ်သား ကပ္ပိန၊ ဥပုသ်ပြုခြင်း၊ ပါတိမောက်ပြခြင်းကို သင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များက အမြတ်တနိုး တန်ဖိုးထားပြီး ရိုသေလေးစားကြရမည်။ သင့်အနေနဲ့ ဥပုသ်ပြုရာသို့ မသွားပဲ မနေပါနဲ့။ သွားကို သွားရမည်'' ဟု မိန့်ကြားတော်မူလေသည်။ မှန်ပါသည်။ တချို့ကား မိမိအနေနဲ့ လူကြီး၊ ခေါင်းဆောင်၊ ငါမပါလို့ ငါမသွား လို့ ဘာမှမဖြစ်ဘူးဆိုပြီး ကြောင့်ကြမဲ့ နေတတ်ကြသည်။ ထိုသို့ကြောင်းကြမဲ့နေခြင်းသည် အဖွဲ့အစည်း ပျက်စီးခြင်း၏ အကြောင်းတစ်ခု ဖြစ်သည်။

    ဤအချက်သည် သာသနာအတွက်များစွာ ကောင်းမွန်သည့် အချက်ဖြစ်သည်။ အဖွဲ့အစည်းတိုင်းသည်လည်း အလွန်ပင် အတုယူစရာကောင်းသည့် အချက်တစ်ခု ဖြစ်သည်။ အမှန်အားဖြင့် ဥပုသ်ပြုခြင်းသည် ညီညွတ်ခြင်းကို ဖြစ်စေသည့် အချက်ဖြစ်သည့်အတွက် သမဂ္ဂါနံ တပေါ သုခေါ=ဆိုသည့်အတိုင်း ညီညွတ်သူတို့၏ အကျင့်နှင့် လုပ်ရပ်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်သည်။

    တစ်ခါတလေ အများနှင့်ဆက်စပ်ရာ၌ မိမိ၏ချမ်းသာမှုကို ထိခိုက်စေသည်ဟူသော အတွေးဖြင့် အေးအေး လူလူနေတတ်ကြသည်။ မြတ်ဗုဒ္ဓသည် အများနှင့်နေသည့်အခါ ခေါင်းဆောင်များသည် ထိုကဲ့သို့ မိမိ၏ ချမ်းသာ သုခအတွက် တစ်ပါးတည်းအေးအေးလူလူ ကြောင့်ကြမဲ့နေခြင်းမျိုးကို အားမပေး။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ နှင်ထုတ်ခံရခြင်း၏ အဖြစ်အပျက်ကို လေ့လာကြည့်ခြင်းအားဖြင့် သိနိုင်သည်။ သို့အတွက် ဦးဆောင် သူသည် အများအတွက် ဦးဆောင်နိုင်ရမည်။ အပင်ပန်း ခံရမည်။ ထိရောက်သည့် သွန်သင်ချက်များဖြင့် ဆုံးမသြ ဝါဒ ပေးရမည်။

    အရှင်မဟာကပ္ပိနမထေရ်သည် ရဟန်းတရား ပွားများအားထုတ်သဖြင့် ရဟန္တာအဖြစ်သို့ ရောက်တော် မူပြီးနောက် အေးအေးလူလူ သမာပတ်၀င်စားပြီး ချမ်းချမ်းသာသာ နေလိုသည်။ သို့အတွက် မိမိ၏ အနီးနေ တပည့်ရဟန်းတစ်ထောင်တို့အား တရားဟောကြား ဆုံးမသြဝါဒပေးမှု မပြုဘဲ နေခဲ့သည်။ ရရှိထားသည့်  အရဟတ္တ ဖိုလ်သမာပတ် ချမ်းသာကို ၀င်စားခြင်းဖြင့် အချိန်ကို ကုန်လွန်စေသည်။ မြတ်စွာဘုရားသည် ထိုအကြောင်း ကြားသိခဲ့သည်။ သို့အတွက် မဟာကပ္ပိန၏ တပည့်များကို ခေါ်ကာ ဆုံးမသြ၀ါဒပေးမှု လုပ် မလုပ် မေးမြန်းခဲ့ သည်။ သြဝါဒပေးမှုမျိုး မရှိဘဲ တစ်ပါးတည်းသာ သမာပတ်၀င်စား၍နေကြောင်း သိရသည်ရှိသော် မဟာကပ္ပိန မထေရ်အား ခေါ်တော်မူ၍ တပည့်ရဟန်း(၁၀၀၀)တို့အား ဤနေ့မှစ၍ တရားဟောခြင်း သြဝါဒပေးဆုံးမခြင်း ပြုရန် တိုက်တွန်းစကား မိန့်ကြားတော်မူ၏။

    မြတ်စွာဘုရား၏ မိန့်ကြားချက်ကို နာယူပြီးနောက် အရှင်မဟာကပ္ပိနမထေရ်သည် ရဟန်းတစ်ထောင်တို့အား တရားဟောကြား သြဝါဒပေးဆုံးမရာ တပွဲတည်းဖြင့်ပင် ရဟန်း(၁၀၀၀)တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြ လေသည်။ ဤသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်သည် မဟာကပ္ပိန မထေရ်မြတ်အား ''ဘိက္ခု သြဝါဒက=ရဟန်းယောကျာ်းတို့ကို ဆုံးမသော အရာ၀ယ်အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏''ဟူ၍  ချီးကျူး မိန့်မြွက်ကာ ဧတဒဂ်အရာ၌ ထားတော်မူလေသည်။  သာသနာတော်၌ အထူးသဖြင့် ပရိယတ္တိသာသနာတော်၌ စာသင်တိုက် များရှိ ဦးစီးပဓာန နာယကဆရာတော်များသည် ထိုကဲ့သို့ ထိထိရောက်ရောက်ရှိသည့် စကားလုံးများ၊ အဆုံးအမ များဖြင့် မိမိတို့၏ ဆုံးမသြဝါဒပေးမှုများကို ပြုလုပ်ကြသည်။ ဤသို့ပြုလုပ်ခြင်းသည် မြတ်ဗုဒ္ဓ၏အလိုတော် အတိုင်းပင် ဖြစ်သည်။ သို့သော် ထိရောက်သည့် လက်ခံနိုင်သည့် ဗဟုသုတဖြစ်စေမည့် သြဝါဒမျိုးဖြစ်ဖို့ ဦးစွာ လေ့လာထားပြီး ဆုံးမသြဝါဒပေးတတ်ဖို့ လိုအပ်သည်။

    အရှင်မြတ်သည် ရဟန်းကိစ္စပြီးဆုံးပြီးနောက် တစ်ပါးတည်း ဖလသမာပတ်ချမ်းသာကို ခံစားလို၍ တော၊ တောင်၊ သစ်ပင်ရင်း၏ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် သီတင်းသုံးနေထိုင်၏။ မကြာခဏလည်း ထိုဆိတ်ငြိမ် မှုများကို အကြောင်းပြု၍ ''အဟော သုခံ၊ အဟော သုခံ=ချမ်းသာလိုက်တာ၊ ချမ်းသာလိုက်သာ''ဆိုပြီး ဥဒါန်း စကားကျူးရင့်နေတတ်သည်။ ထိုအခြင်းအရာကို သိ၍ ရဟန်းများသည် မင်းအဖြစ်ကို ပြန်လည်တမ်းတလျက် ဥဒါန်းကျူးသည်ဟု ထင်မြင်နေကြသည်။ ထိုထင်မြင်မှုကို အမြင်မှန်ရစေရန်အတွက် မြတ်ဗုဒ္ဓသည် ရဟန်းတို့အား တရားစကား ဟောကြားတော်မူသည်။

    ''တရား အရသာကို သောက်သုံးနေသူသည် ချမ်းသာစွာ အိပ်ရ၏။ ပညာရှိသူသည် ဘုရားအစရှိသော အရိယာသူတော်မြတ်တို့ ဟောကြားအပ်သော ဗောဓိပက္ခိယတရား၌ သန့်ရှင်ကြည်လင်သော စိတ်ဖြင့် အခါခပ်သိမ်း မွေ့လျော်နေ၏''

    မှန်ပါသည်။ မဟာကပ္ပိနသည် လူ့ဘ၀တွင် ရရှိခဲ့သည့် ရှင်ဘုရင်၏ စည်းစိမ်ထက်သာလွန်သည့် လောကုတ္တ ရာသုခ အမတစည်းစိမ်ချမ်းသာကို ခံစားတော်မူနေပြီဖြစ်သည်။ သို့အတွက် လောကီနယ်ပယ်တွင် ခံစားမှုမျိုးစုံ ဖန်တီး၍ရနိုင်သည့် ရှင်ဘုရင်၏ စည်းစိမ်ချမ်းသာကိုလည်း မတပ်မက်တော့။ မမက်မောတော့၊ မတွယ်တာတော့။ မခင်တွယ်တော့ပေ။ သန္တိသုခအစစ် နိဗ္ဗာန်စည်းစိမ်ကိုသာ ခံစားနေတော့မည်သာ ဖြစ်သည်။ သို့အတွက် ရဟန်းတို့အား ဆုံးမသြဝါဒပေးရာ၌ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသည့် အရှင်မြတ်အား ဦးညွတ်လိုက်ရပါသည်။

မောင်မင်းစိုး

No comments: