Thursday, February 4, 2021

ကဗျာရှင်သို့ ဦးညွတ်ခြင်း



    '''ဝင်္ဂီသကို တွေ့တဲ့သူ၊ မြင်တဲ့သူဟာ ချမ်းသာမယ်။ အခြံအရံအကျော်အစော ရှိမယ်။ နတ်ရွာကို လားရောက်ရမယ်''ဆိုပြီး ဝါဒဖြန့်လျက် ဒေသခံလူများအား စည်းရုံးလှုံ့ဆော်ကြသည်။

    မြတ်ဗုဒ္ဓခေတ်တွင် ထင်ရှားကျော်ကြားခဲ့သည့် ကဗျာဆရာတစ်ပါးပေါ် ထွက်ခဲ့သည်။ အကြောင်းအရာ တစ်ခုခုကို လက်သန်းအနေဖြင့် တဒင်္ဂအတွင်းမှာပင် ဂါထာကဗျာရေးဖွဲ့နိုင်လောက်အောင် ပဋိညာန်ရှိသည်။ မြတ် ဗုဒ္ဓသည် ''ရဟန်းတို့ ဆန်းကြယ်သောဉာဏ်ပဋိဘာန်ရှိသော အရာ၀ယ်(ဂါထာကဗျာကို စပ်ဆိုနိုင်ရာ၀ယ်) ၀င်္ဂီသ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ''ဟု မိန့်ဆိုလျက် ဧတဒဂ်ရာထူးဖြင့် ချီးကျူးတော်မူခဲ့ရသည့်အထိ လက်ရာက တောက်ပြောင်သည်။ အစွမ်းထက်သည်။ လက်စောင်းထက်ပေသည်။ ထိုနည်းတူစွာပင် မြန်မာ့စာပေ သမိုင်းတွင်လည်း အင်း၀ခေတ်တွင် အထူးအားဖြင့် သိသာထင်ရှားသည့် ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ၊ ရှင်တေဇောသာရစသည့်ရဟန်းတော်များနှင့် မျက်မှောခေတ်အထိ ရဟန်းစာဆိုများ ပေါ်ထွက်ခဲ့သည်။

    အရှင်ဝင်္ဂီသအကြောင်းကို လေ့လာလျှင် သဂါထာ၀ဂ္ဂပါဠိတော်၊ ဝင်္ဂီသသံယုတ်တွင်လာသည့်  နိက္ခန္တသုတ်၊ အရတီသုတ်၊ သုဘာသိတသုတ်၊ သာရိပုတ္တသုတ်၊ ပရောသဟဿသုတ်၊ ကောဏ္ဍညသုတ်၊ မောဂ္ဂလာနသုတ်၊ ဂဂ္ဂရာသုတ်၊ ဝင်္ဂီသသုတ်တို့ကို လေ့လာကြည့်လျှင် အရှင်မြတ်၏ ကဗျာအစွမ်းအစကို ထိထိမိမိ သိနိုင်ပေလိမ့်မည်။ သို့အတွက် မထေရ်မြတ်၏ အကြောင်းကို ဦးစားပေးပြီး ပြည့်ပြည့်စုံစုံ ဖော်ပြအပ်ပါသည်။

    အရှင်ဝင်္ဂီသမထေရ်အလောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက် ဟံသာ၀တီမင်းနေပြည်တော်တွင် ချမ်း သာသည့်အမျိုး၌ ဖြစ်ခဲ့သည်။ တစ်ရက် ကျောင်းတော်သို့ သွားရာတွင် ပဒုမုတ္တိုရ်မြတ်စွာဘုရားရှင်မှ တပည့် ရဟန်းတစ်ပါးအား 'ဆန်းကြယ်သောဉာဏ်-ပဋိဘာန်ရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး(ကဗျာ ရေးသားဖွဲ့သီရာတွင် အသာဆုံး)ဧတဒဂ်ရာထူးကို ပေးအပ်နေသည့်အချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။ သို့အတွက် မိမိသည်လည်း အဆိုပါရဟန်းကဲ့သို့ ဂါထာကဗျာဖွဲ့သီရာတွင် အသာဆုံးဧတဒဂ်ရာထူး ရရန်အတွက် ဆုတောင်း ခဲ့သည်။ ယင်းပဒုမုတ္တိုရ်ဘုရားရှင် ထံမှပင် ဗျာဒိတ်စကားကို ရခဲ့သည်။

    သူသည် ထိုဘ၀မှစုတေ၍ ဘ၀ပေါင်းများစွာ လူပြည် နတ်ပြည်တို့တွင် စုံဆန်လှည့်လည်ခဲ့ပြီး၍ နောက်ဆုံး ပစ္ဆိမဘ၀တွင် ဂေါတမဘုရားရှင်လက်ထက်၀ယ် သာ၀တ္ထိပြည်၌ ပုဏ္ဏားအမျိုးတွင် လူလာဖြစ်ခဲ့သည်။ သူ့နာမည် ကိုလည်း ဝင်္ဂီသဆိုပြီး မှည့်ခေါ်ခဲ့ကြသည်။ သူသည် ဉာဏ်ပညာ အလွန်ကောင်းသူပင် ဖြစ်သည်။ မိမိဆရာထံမှ ''ဆ၀သီသမန္တာန်'' ဦးခေါင်းခွံကို မန်းမှုတ်၍ ခေါက်ကြည့်လျှင် ထိုဦးခေါင်းခွံပိုင်ရှင်သည် မည်သည့် ဘ၀တွင်ရောက် ရှိနေသည်ကို သိခြင်းဆိုသည့် အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာ တတ်မြောက်သည်။ မှားသွားသည်ဟူ၍ မရှိ။

    ယင်းအတတ်ပညာသည် ပုဏ္ဏာများအတွက် အထောက် အပံ့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပုဏ္ဏား ကြီးများသည် ငယ်ငယ်ရွယ်ရွယ်ရှိသေးသော ဝင်္ဂီသကို အားကိုးလျက် သူ၏ အတတ်ပညာစွမ်းအားဖြင့် အရပ်ရပ် ဟောပြောစေပြီး ရရှိလာသည့် ဟောပြောခများဖြင့် ဘ၀ကို ရပ်တည်နေခဲ့ရခြင်း ဖြစ်သည်။ သို့အတွက် ဝင်္ဂီသသည် မိမိပုဏ္ဏား အမျိုးများအတွက် တန်ဖိုးဖြတ်မရသည့် ရတနာတစ်ပါးပင် ဖြစ်သည်။

    ထိုသို့ အရပ်ရပ်နေပြည်တော်များသို့ လှည့်လည်ကြရာတွင် ပုဏ္ဏားများသည် ဝင်္ဂီသကို အများမမြင်စေရန် လုံခြုံစွာ ကာရံလျက် လှည့်လည်ကြခြင်းဖြစ်သည်။ ရောက်ရှိသည့် နေရာတိုင်းတွင် သူတို့သည် စခန်းချလိုက် လူများအားစုရုံးစေပြီး ဝင်္ဂီသနှင့် တွေ့ကြရန် ဟောပြောကြသည်။ နောက် ဝင်္ဂီသအထံမှ လူသေကောင်၏ ဦးခေါင်းခွံကို ခေါက်လျက်ဖြစ်ရာ ဘ၀များကို မေးမြန်းခြင်းကို ပြုလုပ်ကြရန် တိုက်တွန်းကြသည်။

    ''ဝင်္ဂီသကို တွေ့တဲ့သူ၊ မြင်တဲ့သူဟာ ချမ်းသာမယ်။ အခြံအရံအကျော်အစော ရှိမယ်။ နတ်ရွာကို လားရောက်ရမယ်'' ဆိုပြီး ဝါဒဖြန့်လျက် ဒေသခံလူများအား စည်းရုံးလှုံ့ဆော်ကြသည်။ ရောက်လာသည့်လူများသည် ဝင်္ဂီသကို ငွေကြေးအသပြာပေး၍ ကြည့်ရှုကြသည်။ သေသူ၏ဦးခေါင်းခွံကို ခေါက်လျက် ရောက်ဘုံဌာန အသီးသီးကို မေးမြန်းကြသည်။ အလကားတော့ မရ။ အခကြေးငွေတော့ ပေးကြရသည်။ ဤကဲ့သို့ ပုဏ္ဏားများသည် ဝင်္ဂီသအား မျောက်ပြလျက် ဆန်တောင်းခြင်းကဲ့သို့ ဘ၀ရပ်တည်ရေးအတွက် ဖြေရှင်းကြရသည်။ သူတို့အတွက် ဝင်္ဂီသသည် မဟာကျေးဇူးရှင်ကြီးဖြစ်သည်။ အဘိုးအနဂ္ဂထိုက်တန်သည့် ရတနာခဲကြီးလည်း ဖြစ်နေခဲ့သည်။ ယင်းသို့ အရပ်ရပ် ဌာနအသီးသီးသို့ လှည့်လည်လျက် ငွေကြေးအသဖြာရှာပြီးနောက် မိမိ၏ နေရပ်ဖြစ်သည့် သာ၀တ္ထိပြည်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။

    ထိုသို့ဖြင့် ဇေတ၀န်ကျောင်းအနီးသို့ ရောက်ရှိနေစဉ်အတွင်း ဝင်္ဂီသ၏စိတ်ထဲတွင် အလိုလို ဂေါတမဗုဒ္ဓ၏ ဂုဏ်သတင်းက ၀င်ရောက်လာခဲ့သည်။ 'ရဟန်းဂေါတမကို လူတွေက ပညာရှိလို့ ပြောနေကြတယ်၊ ဒါကြောင့် ဒီပညာရှိကြီးထံကို ငါသွားရောက်ဆည်းကပ်ဖို့ရန် သင့်လျော်ချေတယ်'ဆိုပြီး အကြံဖြစ်သည်နှင့် ဝင်္ဂီသသည် မြတ်စွာဘုရားရှင်ထံကို ချည်းကပ်ခဲ့သည်။ မိမိနှင့်အတူပါလာသည့် ပုဏ္ဏားများကိုကား ကိုယ့်နေရာဌာန အသီးသီးသို့ ပြန်နှင့်ကြရန် တိုက်တွန်းခဲ့သည်။ ထိုကဲ့သို့ ရဟန်းဂေါတမထံသို့ ဝင်္ဂီသသွားရောက်ဖူးမြော်မည်ဆိုသည်ကြောင့် ပုဏ္ဏားများ မျက်ခုံးလှုပ်နေခဲ့ကြသည်။ အမျိုးမျိုးအဖုံဖုံ မသွားရန် တိုက်တွန်းခဲ့သည်။

    ''ဝင်္ဂီသ၊ မင်းအနေနဲ့ ဂေါတမထံ မသွားသင့်ဘူး။ ဂေါတမဟာ သူ့ဆီရောက်တဲ့လူတိုင်းကို မာယာအတတ်နဲ့ လှည့် ဖြားပြီးတော့ သူ့ဘက်ပါအောင် စည်းရုံးတတ်တယ်။ ဒါကြောင့် မသွားသင့်ဘူး''စသဖြင့် မသွားရောက်ရန် အတွက် ပြောဆိုခဲ့ကြသည်။ သို့သော် ဝင်္ဂီသသည် ပုဏ္ဏားများ၏စကားကို တော်လှန်လျက်  မြတ်ဗုဒ္ဓထံသို့ သွားရောက်ခဲ့သည်။

    လောကတွင် ဆရာများသည် မိမိလက်အောက်တွင်ရှိသည့် တပည့်များ တော်လျှင် အခြားနေရာသို့ ပြောင်း ရွှေ့ခြင်းကို သိပ်ပြီးဘ၀င်မကျဖြစ်တတ်ကြသည်။ ငါ့တပည့်ဆိုသည့် ဂုဏ်ပုဒ်ဖြင့် ရပ်တည်စေချင်ကြသည်။ ဤကား တပည့်အတွက် လုံး၀မကောင်းသည့် ကြီးမားသည့် အစွဲဖြစ်သည်။ ထိုနည်းတူစွာပင် အခြားအခြားသော နယ်ပယ် အသီးသီးတွင်လည်း ထိုကဲ့သို့ ရှိတတ်ကြသည်။ ဆရာနှင့်ခေါင်းဆောင်ဆိုသူများသည် မိမိထက် မိမိ၏တပည့် အောက်လက်ငယ်သားများက သာနေမှသာလျှင် ဆရာ၊ ခေါင်းဆောင်ဆိုသည့် ဂုဏ်ပုဒ်နှင့်ကိုက်ညီပေလိမ့်မည်။

    ''ဝင်္ဂီသ၊ မင်းတစ်စုံတစ်ခုသော အတတ်ပညာကို တတ်သိသလော''ဆိုပြီး မြတ်စွာဘုရားရှင်က ဝင်္ဂီသ လုလင်ကို မေးမြန်းလိုက်သည်။ သို့အတွက် မိမိအနေနဖြင့် 'ဆ၀သီသ မန္တာန်မည်သော မန္တာန်ကို တတ်သိကြောင်း ပြန်လျှောက်လိုက်သည်။ ဒီမန္တာန်ရဲ့ စွမ်းအင်ကို မြတ်စွာဘုရားကမေးတော့ သူ့အနေနဲ့ ဒီမန္တာန်ကို စုပ်မယ်၊ ရွတ် မယ်ဆိုရင် သုံးနှစ်အထက်က သေသောသူတွေရဲ့ ဦးခေါင်းခွံကို လက်သည်းနဲ့ ခေါက်ခြစ်ရုံဖြင့် လားရောက်နေ သည့် ဘုံဌာနကို သိမြင်ကြောင်း'ကို ပြန်လည်လျှောက်ထားလိုက်သည်။
 
    မြတ်စွာဘုရားရှင်သည် ဦးခေါင်းခွံလေးခုကို တန်ခိုးဖြင့် ယူဆောင်လျက် မေးမြန်းလိုက်သည်။ ဝင်္ဂီသ သည်လည်း မေးတိုင်းမေးတိုင်းသော ရှေးသုံးခုစလုံး၏ အဖြေကို တိကျမှန်ကန် ဖြေဆိုနိုင်သည်။ သို့သော် လေးခု မြောက် ဦးခေါင်းခွံကိုကား မည်သည့်ဘုံဌာန ရောက်နေသည်ကို မည်မျှလောက် ကြိုးစားပြီးကြည့်သော်လည်း အဖြေက မရခဲ့ချေ။ ခန္ဓာကိုယ်မှလည်း ချွေးများတဒီးဒီး ယိုကျနေခဲ့သည်။ မည်မျှပင် ကြိုးစားလျက် အဖြေထုတ်သော် လည်း လုံး၀မခန့်မှန်းနိုင်တော့ချေ။ သို့အတွက် လက်လျော့လိုက်ရသည်။

    ''ပင်ပန်းသွားပြီးလား ဝင်္ဂီသ''
    ''မှန်ပ၊ တပည့်တော် ပင်ပန်းလှပါပြီ၊ ဒီဦးခေါင်းခွံပိုင် ရှင်ရဲ့ လားရာဌာနဂတိကို ဘယ်လိုပင်အဖြေထုတ်ပေမဲ့ မသိ နိုင်ပါ၊ တကယ်လို့များ အရှင်ဘုရားအနေနဲ့ သိမယ်ဆိုရင် တပည့်တော်ကို ဖြေကြားပေးပါဘုရား'' ဤကဲ့သို့ လက်လျော့ပြီး တောင်းပန်စကား လျှောက်ထားလိုက်သည်။

    ''ချစ်သား၊ ဝင်္ဂီသ၊ ငါဘုရားဟာ ဒီသတ္တဝါကိုလည်း သိတယ်။ ဒါထက်အလွန်ပိုမိုပြီးတော့လည်း သိတယ်''

    ''ချစ်သား ဝင်္ဂီသ၊ ရဟန္တာပုဂ္ဂိုလ်ဟာ ခပ်သိမ်းသော လူအားလုံး၏ စုတိပြတြွေ်က သေလွန်ခြင်းကိုလည်း သိတယ်။ ဘယ်ဘ၀ ဘယ်ပဋိသန္ဓေ ကပ်ရောက်နေတယ်ဆိုတာကိုလည်း သိတယ်။ အာရုံငါးပါး ကာမဂုဏ် တရားတွေ မကပ်ငြိဘဲ ကျင့်၀တ်ပဋိပတ်မှန်ကန်စွာ ကျင့်ကြံတော်မူပြီး နိဗ္ဗာန်နန်းကို ဆိုက်ရောက်တော်မူပြီးသော၊ သစ္စာလေးပါးကို ထင်ထင်လင်းလင်း သိမြင်တော်မူတဲ့ ရဟန္တာပုဂ္ဂိုလ်ကို ငါဘုရားအနေနဲ့ 'ဗြာဟ္မဏ'လို့ ခေါ်တယ်''

    ''ချစ်သား ဝင်္ဂီသ၊ ဒီလို ရဟန္တာပုဂ္ဂိုလ်ရဲ့ လားရာဂတိကို ဘယ်နတ်ဒေဝါ တို့မှလည်း မသိနိုင်ဘူး။ ဘယ်လူသား ဂန္ဓဗ္ဗ ကချေသည်ဆိုသူများကလည်း မသိနိုင်ဘူး။ အဲဒီလို အာသေဝါလေးဖြာ ကုန်ခန်းလေပြီးသော၊ ကိလေသာတို့မှ ‌ဝေးကာတော်မူပြီးသော ရဟန္တာပုဂ္ဂိုလ်ကို'ဗြာဟ္မဏ' မည်၏ ဟူ၍ ငါဘုရား ဟောကြားတော် မူတယ်။

    ဤကဲ့သို့ဟောကြားလိုက်တော့မှ ရဟန္တာဖြစ်သူ၏ ဦးခေါင်းခွံကို ခေါက်ကြည့်ခြင်းသည် မည်သည့်ဌာန ဂတိတွင် လားရောက်ရသည်ကို မသိနိုင်ပေ။ သို့အတွက် သိနိုင်သည့် ပညာရပ်ကို မိမိတတ်သိထားသော ဆ၀သီ သမန္တာန်ဖြင့် အလဲအထပ်လုပ်ရန် မြတ်စွာဘုရားအား လျှောက်ထားလိုက်သည်။ မြတ်စွာဘုရားရှင်ကလည်း ဒီအတိုင်း လဲတာမျိုး မလုပ်ပါကြောင်း၊ မေတ္တာဖြင့်သာ သင်ကြားပေးကြောင်း ပြန်လည်ပြီး မိန့်တော်မူလိုက်သည်။ သို့အတွက် မေတ္တာစိတ်ထားကာ ထိုမန္တာန်ကို သင်ကြားပေးရန် တောင်းပန်လျှောက် ထားလိုက်လေသည်။

    ''ဝင်္ဂီသ၊ မင်းတို့ပုဏ္ဏားတွေထံကနေ အဖိုးထိုက်တဲ့ မန္တာန်ကိုပဲဖြစ်ဖြစ်၊ အဖိုးသိပ်မထိုက်တန်တဲ့ မန္တာကို ဖြစ်ဖြစ် သင်ယူတဲ့အခါ အလကားရတာမျိုး ရှိခဲ့သလား''

    ''မရှိပါ၊ တစ်ခုခုတော့ ဖြည့်ကျင့်ပေးရပါတယ်''ဆို ပြီး လျှောက်လိုက်သည်။
    ''အေး၊ ငါတို့မန္တာန်ကို သင်ယူမယ်ဆိုရင်လည်း တစ်ခုခုတော့ လုပ်ရလိမ့်မယ်''ဆိုပြီး မိန့်တော်မူလိုက်သည်။ မှန်ပါသည်။ ပုဏ္ဏားများသည် မန္တာန်ကို သူတို့အတွက် ပစ္စည်း ဥစ္စာအဖြစ် သတ်မှတ်ထားထားကြသည်။ သို့အတွက် မန္တာန် ရွတ်ခြင်း သင်ယူရခြင်းမှာ ရောင့်ရဲသည်ဆိုတာ မရှိပေ။

    ''အရှင်ဘုရား၊ ဒါဆိုရင်လည်း လိုက်နာရမည့် နည်းလမ်းစည်းကမ်းကိုသာ တပည့်တော်ကို ပြောပြပါ၊ တပည့်တော် ဖြည့်ကျင့်ပါမယ်''ဟု လျှောက်သည်။
 
    ''ဒီလိုဆိုရင် အသွင်တူအောင်အရင်လုပ်ပါ။ အရင်ဆုံး ရဟန်းပြုပါ''ဆိုပြီး မိန့်တော်မူလိုက်သည်။ သို့အတွက် ကြောင့် ဝင်္ဂီသသည် မန္တာန်ကို လုံး၀တတ်မြောက်အောင် သင်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက် မိမိနှင့် အရပ်တကာလှည့်လည်ရာတွင် ပါ၀င်သည့် ပုဏ္ဏားများအား မိမိတို့နေရာဌာနအသီးသီး ပြန်ကြရန် ပြောလိုက် သည်။

    ''သင်တို့အနေနဲ့ ငါရဟန်းပြုတာကို ဘာမှစိတ် အနှောက်အယှက် ဖြစ်မနေကြနဲ့၊ တကယ်လို့ ငါ့အနေနဲ့ ဗုဒ္ဓမန္တာန်ကို တတ်မြောက်ပြီဆိုရင် ဒီဇမ္ဗူဒိပ်တကျွန်းလုံးမှာ ဆရာကြီးဖြစ်ပြီ၊ ငါ့ထက်သာတဲ့သူလည်း မရှိတော့ဘူး။ ဒီလို ဆိုရင် သင်တို့အနေနဲ့လည်း ငါ့ကိုအမှီပြုပြီးတော့ ကောင်းမြတ်သည်သာ ဖြစ်ကြပါလိမ့်မယ်''ဆိုပြီး ပြော ဆိုလိုက်ကြသည်။

    မြတ်စွာဘုရားရှင်သည် အနီးအပါးမှာရှိနေသည့် အရှင်နိဂြောဓကပ္ပရဟန္တာမထေရ်ကို ရှင်ရဟန်းပြုပေး ခိုင်းလိုက်သည်။ ရဟန်းအဖြစ်သို့ ရောက်ရှိလာသည့် အရှင်ဝင်္ဂီသအား မန္တပရိ၀သ်အဖြစ် ဆောက်တည်စေရန် (၃၂)ပါးသော ကောဋ္ဌာ သကမ္မဋ္ဌာန်းကို သင်ကြားပေးလိုက်သည်။ ယင်းတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှုမှတ်ပွား များမှုကြောင့် ရဟန္တာအဖြစ်သို့ ဆိုက်ရောက်ခဲ့လေသည်။

    ပုဏ္ဏားများသည် ဝင်္ဂီသ၏အခြေအနေ သိလိုသည်ဖြစ်သည့်အတွက် ရောက်လာကြသည်။ ထိုအချိန်တွင် အရှင်ဝင်္ဂီသသည် ရဟန္တာဖြစ်နေခဲ့သည်။ မန္တာန်တတ်မြောက်မှုအခြေအနေကို မေးမြန်းသည်။ စုံစမ်းကြသည်။  အရှင်သူမြတ်ကလည်း သင်ယူပြီးကြောင်း တတ်မြောက်ပြီးကြောင်း ပြန်လည်ပြီးတော့ မိန့်ကြားလိုက်သည်။ ထိုသို့ဖြစ်လျှင် မူလကပြောဆိုထားသည့် အတိုင်း တတ်မြောက်ပြီဆိုပါက သူတို့နဲ့တစ်ပါးတည်း ပြန်လည် လိုက်ခဲ့ရန် ခေါ်ကြသည်။ သို့သော် အရှင်ဝင်္ဂီသသည် ငြင်းပယ်သည်။ လုံး၀မလိုက်နာကြောင်း ပြောဆိုလိုက်သည်။

    ''ငါတို့ အစကတည်းက ပြောခဲ့ပါတယ်။ ဒီရှင်ကြီး ဂေါတမဆိုတာ မိမိထံကို ရောက်လာတဲ့သူတွေကို မာယာနဲ့ လှည့်ဖြားတယ်။ သိမ်းသွင်းတယ်။ သူ့အယူ၀ါဒအောက် ပြားပြားမှောက်သွားအောင် လုပ်ဆောင်တတ် တယ်၊ အခု အဲဒီလို ဖြစ်နေပြီမဟုတ်လား''ဆိုပြီး ပုဏ္ဏားတွေဟာ အရှင်ဝင်္ဂီသကို အပြစ်တင်တဲ့လေသံနဲ့ ပြန်ပြောကြသည်။ မည်သို့ပင် ပြောပြောဆိုဆို အရှင်ဝင်္ဂီသသည် အယူဝါဒ မတူ၊ အသွင်အပြင်မတူသည့် အဖွဲ့ အစည်းတစ်ခုအောက်သို့ လိုက်မသွားခဲ့တော့ပေ။
 
    ဤသို့ဖြင့် အရှင်ဝင်္ဂီသမထေရ်သည် မြတ်စွာဘုရားထံတွင် ဆည်းကပ်ရန် သွားရောက်သည်ရှိသော် မြတ်စွာ ဘုရားရှင်ကို မြင်တွေ့ရာအရပ်မှ စတင်၍ လစန်းနှင့်လည်းကောင်း၊ နေမင်းနှင့်လည်းကောင်း၊ ကောင်းကင် နှင့်လည်းကောင်း၊ မဟာသမုဒ္ဒရာနှင့်လည်းကောင်း၊ ဆင်ပြောင်နှင့်လည်းကောင်း၊ ကေသရာဇာခြင်္သေ့ မင်းနှင့်လည်းကောင်း၊  ဂါထာပေါင်းမြောက် များစွာတို့ဖြင့် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော် တို့ကို ချီးကျူးဖွဲ့ဆိုလျက် သွားရောက်ဖူးမြော်ခဲ့လေသည်။ ထို့ကြောင့် နောင်တစ်ချိန်တွင် မြတ်ဗုဒ္ဓသည်-

    ရဟန်းတို့ ဆန်းကြယ်သောဉာဏ် ပဋိဘာန်ရှိသော အရာ၀ယ်(ဂါထာကဗျာကို စပ်ဆိုနိုင်ရာ၀ယ်) ဝင်္ဂီသ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေဟု မိန့်ဆိုလျက် ဧတဒဂ်ရာထူးဖြင့် ချီးကျူးတော်မူခဲ့လေသည်။

    ကဗျာဖွဲ့နွဲ့ခြင်းအား ဝါသနာပါသည်ဟု ဆိုရမည်ဖြစ်၏။ သို့သော် အကြောင်းအရာကို ထိုင်စဉ်းစားလျက် မိမိဖွဲ့နွဲ့ မည့်အကြောင်းအရာကို အချိန်ကုန်ခံပြီး စကားလုံးများကို တီ ထွင်နေခဲ့ခြင်းကား မဟုတ်ပေ။ သူ့အား ကဗျာဖွဲ့ခြင်း၌ နှစ်သက်သူဖြစ်၏-ဟု ရဟန်းအများ၏ ကဲ့ရဲ့မှုကိုလည်း ခံရသည်။ သို့သော် ထိုသို့ မဟုတ်။ လျပ်တပြက်ပေါ်လာသည့် စကားလုံးများဖြင့် လက်ရှိအခြေအနေကို ကဗျာဆန်ဆန် ဖွဲ့နွဲ့လျက် သီကုံး ရွတ်ဆိုခြင်းဖြစ် သည့်အတွက် မြတ်ဗုဒ္ဓကိုယ်တော်တိုင် ချီးကျူးရသည်။ ခိုင်းစေရသည်။ ဧတဒဂ်ဘွဲ့ထူးကို ပေးရသည်အထိ သူ၏လျပ်တပြက် ကဗျာဉာဏ်ပဋိဘာန်သည် ရွှင်ခဲ့သည်။

    သူအား အနီးကပ်နေ၍ အပြစ်ကြီးငယ်တို့ကို ကြည့်ရှုဆုံးမ ပေးတော်မူသော ဆရာသည် အရှင်ကပ္ပဖြစ် ပါသည်။ ပင်ညောင်ပင်အောက်တွင် အနေများသည့်အတွက် နိဂြောဓဆိုပြီး ရှေ့က ထပ်မံ၍ အပိုနာမည်ထည့်လျက် ခေါ်တွင်ကြသည်။ ထို့ကြောင့် သူ့ဆရာ၏နာမည်အပြည့်အစုံမှာ အရှင်နိဂြောဓကပ္ပ မထေရ်ဖြစ်သည်။ အရှင်ဝင်္ဂီသသည် ဆရာ့အပေါ် အလွန်လေးစားသည်ဟု ဆိုရမည်ဖြစ်သည်။ ဝင်္ဂီသသတ္ထေရဂါထာများတွင် မိမိ၏ ဆရာဖြစ် သူ၏ ဂုဏ်ပုဒ်အတော်များများကို တန်ဆာဆင်လျက် ဖွဲ့ဖွဲ့နွဲ့နွဲ့ အမွှမ်းတင်ကာ လျှောက်ထားရွတ်ဆို သည့် ဂါထာအတော်များများကို တွေ့ရပါမည်။ မြတ်ဗုဒ္ဓသာသနာတော်တွင်း၌ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး တို့သည်လည်း မိမိ၏ဆရာဖြစ်သူ အရှင်အဿဇမထေရ်ကို နေ့စဉ်ဦးချပြီးမှ အိပ်လေ့ရှိသည်။ ထိုကဲ့သို့ အရှင်မြတ်များ၏ ထုံးကိုနှလုံးမူလျက် ဆရာသမားများအား ရိုသေလေးစားမှု ရှိကြသည်ဟု ဆိုချင်ပါသည်။

    ဘ၀ကို ကမ္ဘာပေါင်းများစွာ ချီတက်ကျော်ဖြတ်ခဲ့ရာတွင် အိပ်မက်ဆန်ဆန်ဖြင့် မရ၊ စိတ်ကူးယဉ်ဆန် ရုံဖြင့် မပြီး။ အမှန်တကယ်ပင် ပါရမီတွေကို ဖြည့်ကျင့်ရမည်။ လိုက်နာရမည်။ ကျင့်သုံးရမည်။ လွယ်လွယ်ကူကူတော့ ရလိမ့်မည် မဟုတ်။ ဆုတောင်းရုံဖြင့်လည်း ပြည့်လိမ့်မည်မဟုတ်။ ယောက်ျားတစ်ယောက်၏ တည်ကြည်သော ခိုင်မာသော တိကျသော ပြတ်သားသော မယုတ်လျော့သော အကျင့်သီလ ဝီရိယများကို တည်ဆောက်မှသာ ရမည်ဖြစ်သည်။ ယခု အရှင် ဝင်္ဂီသသည်လည်း ထိုကဲ့သို့ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူသည် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ ဖြစ်သည်။ ဤဘ၀သည်လည်း နောက်ဆုံးဘ၀ပင် ဖြစ်ပါ၏။ သူ၏ လာခြင်းကား ကောင်းသော လာခြင်းပင်ဖြစ်ပါသည်။ သို့အတွက် ထိုကဗျာအရာဧတဒဂ်ရှင် မထေရ်အား ဦးညွတ်လိုက်ရပေတော့သည်။

မောင်မင်းစိုး

No comments: