Wednesday, February 3, 2021

ဓုတင်ရှင်သို့ ဦးညွတ်ခြင်း


    ''အရှင်ဘုရား၊ တပည့်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ဖွားဘက်တော်ဖြစ်ပါတယ်။ အသက်အားဖြင့်လည်း ရှစ်ဆယ်ရှိပါပြီ။ ဦးခေါင်းမှာလည်း ဆံပင်တွေ ဖြူကုန်ပါပြီ။ ယခုလို အိုမင်းရင့်ရော်နေသော်လည်း အရှင်ဘုရား မဟာကဿပအနေနဲ့ ဘာဖြစ်လို့ တပည့်တော်ကို ''သူငယ်၊ သူငယ်''ဆိုပြီး ခေါ်ဝေါ်နေရတာလဲဘုရား''

  ဧဝံ မေ သုတံ-ဆိုသည့်စကားကို ကြားတိုင်း အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးကို ပြေးမြင်ကြပါလိမ့် မည်။ သာသနာတော်တွင် ပင်ပန်းစွာ အလုပ်လုပ်တော်မူသွားသည့် မထေရ်မြတ်ကြီး ဖြစ်သည်။ တတိယသာ၀ကဖြစ် သည့်အားလျော်စွာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က အခြားသူများထက် အရှင်မဟာကဿပ ကိုယ်တော်မြတ်အား မိမိနှင့်တန်းတူ အနေအထားကို ထားခံခဲရခြင်းကပင် ထိုအရှင်မြတ်၏ ထူးခြားမှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။ အလို နည်းခြင်း၊ ရောင့်ရဲခြင်း၊ ခေါင်းပါးစွာ ကျင့်ခြင်းစသည်တို့ဖြင့် နာမည်ကျော်ကြားသည်။

 
    အရှင်မြတ်လောင်းလျာ ပိပ္ပလိလုလင်သည် မာဂဓတိုင်း၊ မဟာတိတ္တပုဏ္ဏားရွာ၊ ကပိလပုဏ္ဏားကြီး၏ သူဌေး ကတော်မှ မွေးဖွားလာသူ။ (၈၇)ကုဋေ ကြွယ်၀ချမ်းသာသည့် သူဌေးသား။ အရွယ်ရောက်လာသော် မဒ္ဒတိုင်း၊ သာဂလမြို့၊ ကောသိယအနွယ် ပုဏ္ဏားကြီး၏ သူဌေးကတော်မှ မွေးဖွားလာသည့် ဘဒ္ဒါကာပိလာနီနှင့် လက်ထက်ခဲ့သည်။ ရုပ်ရည်အဆင်း လှပတင့်တယ်ကြသည်။ ပစ္စည်းဥစ္စာချမ်းသာသော်လည်း လောကီအာရုံကာမဂုဏ်တို့၌ မွေ့လျော်ပျော် ပါးခြင်း အလျဉ်းမရှိကြ။ အဘယ့်ကြောင့်ဆိုသော် သူတို့နှစ်ယောက်စလုံးသည် ဗြဟ္မာ့ပြည်မှ ဆင်းသက်လာကြသူများ ဖြစ်သောကြောင့်ပင်ဖြစ်သည်။
 
    ပိုးကောင်လေးများ၏ သေကြေပျက်စီးသည့်အရေးကို မြင်လျက် သတိသံဝေဂရကြသည်။ သို့အတွက် နှစ်ဦးသား တိုင်ပင်မထားသော်လည်း အကြံတူစွာဖြင့်ပင် ရဟန်းအသွင်ပြုကာ တောထွက်ဖြစ်ကြသည်။  တစ်နေရာ အရောက်တွင် အများ၏ ကဲ့ရဲ့မှုဒဏ်မှလွတ်ရန် လမ်းခွဲလိုက်ကြသည်။ ထိုစဉ် ဘဒ္ဒါသည် ပရိဗိုဇ်တို့၏ အာရာမ်သို့ ရောက်ရှိသွားပြီး။ ပိပ္ပလိသည်ကား မြတ်ဗုဒ္ဓနှင့် တွေ့ခဲ့သည်။ တွေ့ခဲ့သည်ဆိုသော်လည်း မြတ်ဗုဒ္ဓသည် အနာဂတ် သာသနာတော်အရေးကို တွေးပြီး သွားရောက်ကြိုနေခဲ့ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သြဝါဒပေးကာ ရဟန်းအဖြစ်ကို ရရှိခဲ့သည့် သာသနာ့သမိုင်းတွင် တစ်ပါးတည်းသာရှိသော ''သြဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ''ဖြင့် ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည့် မထေရ်မြတ်ဖြစ်သည်။ ရဟန်းအဖြစ်တွင် ပုထုဇဉ်သက်တမ်းအနေဖြင့် (၇)ရက်အထိသာ နေရပြီး (၈)ရက်မြောက်နေ့တွင် ရဟန္တာဖြစ်ခဲ့သည်။

    ထိုအရှင်မြတ်၏ ထူးခြားမှုကား မြတ်ဗုဒ္ဓကိုယ်တော်တိုင် မိမိအသုံးပြုစဲဖြစ်သည့် ပံသကူသင်္ကန်းတော်ဖြင့် အရှင်မြတ်၏ ဒုကုဋ်သင်္ကန်းတော်ကို လဲလှယ်၀တ်ရုံဆင်မြန်းခွင့် ရရှိခဲ့သူဖြစ်သည်။ ထို့အပြင်လည်း မြတ်ဗုဒ္ဓသည် ရဟန်းတော်များအား ကဿပအား စံနမူထား၍ ပြောဆိုဆုံးမခဲ့ရသည်လည်း များစွာရှိသည်။ မိမိနှင့်ထပ်တူပြု၍ ဟောတော်မူခဲ့သည်လည်း များစွာ ရှိခဲ့သည်။ ထိုအရှင်မြတ်သည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံ၀င်တော်မူပြီးသည့်နောက် ပထမသင်္ဂါယနာကို ဦးဆောင်လျက် တင်တော်မူခဲ့သည့် သာသနာတော်အတွက် ကျေးဇူးများလှသည့် မထေရ်မြတ် ဖြစ်သည်။ သက်တော်(၁၂၀)ရောက်တော်မူမှ ပရိနိဗ္ဗာန်၀င်စံတော်မူခဲ့သည်။ ထိုမထေရ်မြတ်၏ ဘ၀ဇာတ်ကြောင်းများကို ခြေရာကောက်ကြည့်မိသည်။
    အရှင်မြတ်၏ ဘ၀ကျင်လည်မှုသည် ချမ်းသာကြွယ်၀သည့် မျိုးရိုးတွင်ဖြစ်လေ့ရှိသည်က များပြားသည်။ အလှူဒါန ရက်ရောသည်။ ပစ္စည်းဥစ္စာများအပေါ် မက်မောခြင်းမျိုး အလျဉ်း မရှိ။ သူသည် ကမ္ဘာတစ်သိန်းထက် ပဒုမုတ္တိုရ်ဘုရားရှင်ထံတွင် ရဟန်းတော်ပေါင်း ခြောက်သန်းခြောက်သိန်းတို့ကို ကြီးကျယ်ခမ်းနာစွာ ပြင်ဆင်လျက် အလှူဒါနပြုခဲ့သူ။ ထိုစဉ် ဓုတင်အကျင့်ကျင့်သူ တတိယသာ၀က မဟာနိသဘကို အားကျလျက် မိမိသည်လည်း ဓုတင်အရာတွင် မဟာနိသဘမထေရ်ကဲ့သို့ ဆုပန်ခဲ့သူ။ ထို့ပြင် ၉၁ ကမ္ဘာထက်တွင် ပွင့်တော်မူခဲ့သည် ၀ိပဿီ ဘုရားရှင်အား ဧကသာဋကပုဏ္ဏားဘ၀ဖြင့် အ၀တ်အထည်ပေါင်း များစွာလှူဒါန်းခဲ့သူ။ ဗုဒ္ဓန္တရခေတ်၌ ဗာရာဏ သီပြည်တွင် သြွူကယ်ဖြစ်ပြီး ပစ္စေကဗုဒ္ဓါအား အ၀တ်အပိုင်းအစလှူဒါန်းခဲ့သူ။ ကဿပဘုရားရှင်လက်ထက်၊ ဗာရာဏသီပြည်၌ ကုဋေ(၈၀)ကြွယ်၀သည့် သူကြွယ်ဖြစ်ခဲ့သူ။ ရွှေးသားစတိသွန်းခုတ်အပ်သည့် အဖိုးတစ်သိန်းတန် ရွှေနီဖံအုတ်ဖြင့် တယူဇနာအမြင့် စေတီတည်ထားမှု၌ လှူဒါန်းပါ၀င်ခဲ့သူ။ နန္ဒရာဇ်မင်းအဖြစ် ရရှိခဲ့သူ။ ပစ္စေဗုဒ္ဓါငါးရာတို့အား ပစ္စည်းလေးပါးဖြင့် လှူဒါန်းထောက်ပံ့ခဲ့သူစသဖြင့် သူဌေးသူကြွယ်မျိုးတွင်ဖြစ်လျက် အလှူဒါန ရောက်ရောမှုများကို တွေ့ရသည်။

    သံသရာကိုကျင်လည်ရာတွင် ဘ၀မျိုးစုံတွင် ဖြစ်ခဲ့ကြသူများသည် မိမိတို့၏ဓလေ့ စရိုက် အထုံများ ဘ၀အဆက် ဆက် ပါလာတတ်သည်။ ဥပမာအားဖြင့် ယောက်ျားဖြစ်သူသည် ဘ၀အတော်များများတွင် ယောက်ျားဘ၀ကိုသာ ရရှိခဲ့သည်။ ထိုနည်းတူစွာပင် မိန်းမဖြစ်သူသည်လည်း မိန်းမဘ၀ဖြင့် ကျင်လည်ခဲ့ရသည်ကား များသည်။ သူတော် ကောင်းသည် သူတော်ကောင်းဘ၀တွင် ဖြစ်ခဲ့ပြီး၊ သူယုတ်မာသည်လည်း သူယုတ်မာဘ၀ဖြင့် ကြီးပြင်းခဲ့ရသည်က များသည်။ ယခု အရှင်မြတ်သည်ကား သံသရာကျင်လည်ရာတွင် အလှူဒါန၏စွမ်းအားကြောင့် အကျိုးတရားများ ပြန်လည် ခံစားရခြင်းအနေဖြင့် ချမ်းသြွာကယ်၀သည့် အမျိုး၌ အဖြစ်များခဲ့သည်။

    နောက်ဆုံးဘ၀တွင်လည်း ချမ်းသြွာကယ်၀သူ ဖြစ်ခဲ့သည်။ သို့သော် လောကီစည်းစိမ်ဥစ္စာအပေါ်တွင် တွယ်တာ တပ်မက်မှု နည်းပါးသည်။ ခေါင်းပါးသည်။ ရောင့်ရဲသည်။ စည်းစိမ်ပုံပေါ်ထိုင်လျက် မောက်မောက်မာမာပြုမူ ခဲ့ခြင်းမျိုး မရှိ။ အရှင်မြတ်၏ တမူထူးခြားမှု တစ်ခုလည်း ရှိသည်။ ကရုဏာရှင်ဖြစ်သည့်အားလျော်စွာ ဆင်းရဲသူများ ကို ချီးမြှောက်လိုသူ ဖြစ်သည်။ မိမိအတွက် စည်းစိမ်ပုံပေါ်တွင် မသာယာခဲ့သော်လည်း ဆင်းရဲသူများအရေးအတွက်  ဘ၀ကို အကျိုးရှိရှိ အသုံးချသွားခဲ့သူဖြစ်သည်။

    တစ်ခါက ဆင်းရဲသူများကို ချီးမြှောက်လိုသည့်အတွက် နိရောဓသမာပတ်မှ ထပြီး ဆွမ်းခံထွက်ခဲ့သည်။ ထိုစဉ် သိကြားမင်းသည် ဆင်းရဲသည့်ပုဏ္ဏားအသွင် ဖန်ဆင်းလျက် အလှူ၏အကျိုးကို မလိုလောဘဖြင့် လုယူခဲ့သည်။ အရှင်မြတ်သည် ဆွမ်းခံမြွကမီ သမာပတ်၀င်စားလေ့ရှိပြီး၊ သမာပတ်မှထပြီးလျှင် အဆင်းရဲဆုံးရပ်ကွက်၊  လူနေမှု အဆင့်အတန်း နိမ့်ကျသည့်နေရာသို့ သွားရောက်၍ ဆွမ်းခံလေ့ ရှိသည်။ ယင်းသည် အရှင်မြတ်၏ ကရုဏာစိတ် ကြီးမြတ်မှုပင်ဖြစ်သည်။ တစ်ခါက နူနာတစ်ယောက်၏ အနာမှ အရည်ရွှဲရွှဲ ယိုစီးလျက် ထိုလက်ဖြင့် နယ်၍ လောင်းလှူလိုက်သော ဆွမ်းကို အားပါးတရ ဘုဉ်းပေးတော်မူသည်။ ယင်းသည်လည်း ဆင်းရဲသူအား ချီးမြှောက်လို ခြင်းကြောင့်ပင် ဖြစ်သည်။ သူဌေးနှင့်ပေါင်းမှ သူဌေးဖြစ်မည်၊ ဆင်းရဲသူနှင့်ပေါင်းက မည်သို့ချမ်းသာမည် နည်းဆိုသည့် စိတ်ဓာတ်မျိုး အရှင်မြတ်အား မရှိပေ။

    ထိုအရှင်မြတ်၏ ကြီးကျယ်မှု၊ မြတ်ဗုဒ္ဓ၏ အရေးပေးမှုများသည် ချီးမြှောက်ထိုက်၍ ချီးမြှောက်ခဲ့ခြင်းသာ ဖြစ်သည်။ ဓုတင်အကျင့်ကို ကျင့်ဆောင်သည့်အရှင်မြတ်၏ အကျင့်စရဏ၊ ဉာဏ်ပညာကြီးမားမှု၊ အများ၏အတုယူ လေးစားမှုများကို ဥပမာမျိုးစုံဖြင့် ခိုင်းနှိုင်းလျက် မြတ်ဗုဒ္ဓသည် တခန်းတနားအနေဖြင့်ပင် ချီးမွမ်းတော်မူခဲ့သည်။ ထိုအကြောင်းခြင်းရာများကို နိဒါန၀ဂ်၊ ကဿပသံယုတ်တွင်လာသည့် သန္တုဋ္ဌသုတ်၊ အနောတ္တပ္ပီသုတ်၊ စန္ဒူပမသုတ်၊ ကုလူပက သုတ်၊ ဇိဏ္ဏသုတ်၊ သြဝါဒ(၃)သုတ်၊ ဈာနာဘိညသုတ်၊ ဥပဿယသုတ်၊ စီ၀ရသုတ်၊ ပရံမရဏသုတ်၊ သဒ္ဓမ္မပ္ပတိရူပကသုတ်တို့ကို လေ့လာကြည့်လျှင် တွေ့နိုင်ပေသည်။ ထိုသုတ္တန်များကို ဖတ်ရှုလေ့လာကြည့်လျှင် အရှင်မြတ်၏ အံ့သြစရာကောင်းသည့် အကျင့်မြတ်၊ ဉာဏ်ပညာတို့ကို တွေ့ရပေလိမ့်မည်။

    ''ရဟန်းတို့၊ သင်တို့သည် မဟာကဿပကြီးကဲ့သို့ ကျင့်ကြကုန်လော့''စသဖြင့် ရဟန်းတော်များအား စံအဖြစ်ထားစေကာ အတုယူနိုင်ရန် မကြာခဏ ဆုံးမပေးခံခဲ့ရသည်။ မြတ်ဗုဒ္ဓသည် မိမိနှင့်ထပ်ပြုလျက် ရဟန်းတော် များအား ဆုံးမရန် တိုက်တွန်းခဲ့သူ ဖြစ်သည်။ အနာဂတ်သာသနာ့အရေးကို မျှော်တွေးလျက်လည်း မိမိ၏ပံ့သကူ သင်္ကန်းကိုလည်း လှဲလှယ်၀တ်စေခဲ့သည်။ အမှန်ပင် နောင်တစ်ချိန် မြတ်ဗုဒ္ဓမရှိခဲ့သည့်နောက်ပိုင်း အရှင်မြတ်ဦးဆောင်ပြီး သင်္ဂါယနာတင်ခြင်းအမှုကို ပြုလုပ်လျက် ပိဋကတ်ခြင်းတောင်းများကို စံနစ်တကျ တည်ဆောက်သွားခဲ့သည်။ အသက်အရွယ် ကြီးရင့်နေသော်လည်း မိမိ၏ကိုယ်ဆင်းရဲမှုကို ပဓာနမထား။ သာသနာ့အရေးအတွက် အားသွန်ခွန်စိုက် မနေမနား အလုပ်လုပ်တော်မူသွားခြင်း ဖြစ်သည်။ အမှန်အားဖြင့် ပုထုဇဉ်ဘ၀ဖြင့်သော်လည်း ထင်ပေါ်ကျော်ကြားမှုမျိုးကို အလိုမရှိခဲ့။ ထိုအတွက်လည်း မကျင့်ကြံခဲ့။ ရဟန္တာဖြစ်ခဲ့ပြီးသော်ကား ပြောဖွယ်ရာပင် မရှိပေ။ တောတွင်နေသည်။ ဆွမ်းခံစားသည်။ ထိုနှစ်ချက်လောက်ဖြင့်ပင် မည်မျှကြည်ညိုစရာကောင်းသည်ကို တွေးကြည့်သင့်သည်။ တိစီ၀ရိတ် ဓုတင်၊ ပံသကူဓုတင်စသည့် ဓုတင်(၁၃)မျိုးကို ကိုယ်တိုင်သော်လည်း ကျင့်တော်မူ၍ အခြားသူများအားလည်း လိုက်နာ ကျင့်ဆောင်ခြင်း၏ အကျိုးကျေးဇူးကို ဟောတော်မူခဲ့သည်။


    အသက်အရွယ်ကြီးရင့်လာသူသည် မိမိခန္ဓာကိုယ်ကိုပင် ပြည်လည်သယ်ဆောင်ခြင်းငှာ မစွမ်းဆောင်နိုင်ကြ။  မြတ်ဗုဒ္ဓသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် မိမိ၏သားတော်ကြီး မဟာကဿပ၏ လေးလံလှသည့် ပံသကူ သင်္ကန်းဟောင်းကြီးကို ဆောင်လျက် ဆွမ်းခံကြွခြင်း၊ တောကျောင်း၌နေရခြင်းကို တွေ့မြင်တော်မူကာ သနားကြင် နာမှုများစွာဖြင့် ထိုကိစ္စတို့မှ ပယ်စွန့်ရန်၊  မိမိအတွက် အကျိုးကိစ္စအားလုံးကို ပြုလုပ်ပြီးဖြစ်သည့်သူအနေဖြင့် မည်သို့မျှ အကျိုးထူးတရားများ ရရှိနိုင်တော့မည့်အခွန်းအလန်းမရှိတော့၍ စွန့်လွှတ်ရန် မိန့်တော်မူသည်။

    ''ချစ်သားကဿပ၊ သင်သည် အသက်ကြီးပြီ။ အိုမင်းရင့်ရော်နေပြီ။ ပိုက်ဆံလျော်နဲ့လုပ်ထားသည့် ပံသကူ သင်္ကန်းကြီးကို ဆောင်ရသည်မှာ လေးလံလှသည်။ ထိုဟောင်းနွမ်းသည့်သင်္ကန်းကြီးကို စွန့်ပြီး ဒါယကာများ လှူဒါန်းတဲ့ သင်္ကန်းကို ဆောင်ပါ။ ဟိုဟိုဒီဒီက ပင့်ဖိတ်သည့် ဆွမ်းကိုလည်း လက်ခံပါ။ တောထဲမှာ နေရခြင်းထက် ငါဘုရားရဲ့ အနီးအနားမှာ လာနေခြင်းက သင့်အတွက် အဆင်ပြေလိမ့်မည်။ သို့အတွက် ငါ့ရဲ့အနီးအနားတွင် လာနေပါ''

    ''အရှင်ဘုရား၊ တပည့်တော် နှစ်ပေါင်းများစွာ တောကျောင်းမှာပဲ နေခဲ့ပါ၏။ ထိုသို့တောကျောင်းနေခြင်း အကျိုးကိုလည်း ဟောပြောပါ၏။ ဆွမ်းခံ၍လည်း စားပါ၏။ ဆွမ်းခံ၍ စားခြင်း၏အကျိုးကိုလည်း ဟောပြောပါ၏။ ပံသကူဓုတင်ကိုလည်း ဆောင်ပါ၏။ ဆောင်ရခြင်းအကျိုးကျေးဇူးတို့ကိုလည်း ဟောပြောပါ၏။ တိစီ၀ရိတ်ဓုတင်ကို လည်း ဆောင်ပါ၏။ ဆောင်ရခြင်းအကျိုးကျေးဇူးတို့ကိုလည်း ဟောပြောပါ၏။ ထိုသို့နေရခြင်း၏ အကြောင်းသည် အချက်နှစ်ချက်ရှိပါသည်ဘုရား။ ပထမတစ်ချက်နေဖြင့် တပည့်တော်ကိုယ်တိုင် မျက်မှောက်ဘ၀ချမ်းသာမှုကို မြင်ရ ခြင်းက တစ်ကြောင်း၊ ဒုတိယတစ်ချက်အနေဖြင့် တပည့်တော်ကဲ့သို့ နောင်လာနောက်သားများ အတုလိုက်၍ ကျင့်တော် မူလိုသည်က တစ်ကြောင်း၊ ထိုသို့ကျင့်တော်မူသည်ရှိသော် ချမ်းသာစီးပွား များခြင်းအတွက်ဖြစ်ပါသည်ဘုရား''

    သူတော်ကောင်းသည် အများအတွက် မိမိ၏ကျင့်စဉ်များကို စံအဖြစ်သတ်မှတ်နိုင်ရေးအတွက် အလေးတမူ ရှိကြသည်။ မိမိအရေးထက် သူတစ်ပါးအရေးကိုသာ ကျင့်တော်မူကြသည်။ ကိုယ်ချမ်းသာရေးသည် ပဓာနမဟုတ်၊ သူတစ်ပါးချမ်းသာရေးသည်သာ ပဓာနကျသည်ဟု အတ္တကို ချိုးနှိမ်ခဲ့ကြသည်။ အမှန်အားဖြင့် အရှင်မြတ်သည် ကြွယ်ဝချမ်းသာသည့်အမျိုးမှ ရဟန်းပြုလာသည်။ အဆင်းရူပကာအားဖြင့်လည်း လှပတင့်တယ်လွန်းသည်။ သို့အတွက် ချမ်းသာမှုမာန်၊ ကျော်ကြားမှုမာန်၊ အဆင်းလှမှုမာန်၊ ဉာဏ်ပညာကြီးမားမှုမာန်များဖြင့် ၀င့်ထည်ချင်တိုင်း၀င့်ထည်လို့ ရသည်။ သို့သော် ထိုလမ်းစဉ်များကို ခ၀ါချထားခြင်း ဖြစ်သည်။ မိမိရဟန်းဖြစ်စဉ်က မြတ်ဗုဒ္ဓပေးခဲ့သည့် သြဝါဒ သုံးပါးအတိုင်းပင် မတိမ်းစောင်းအောင် ကျင့်ကြံတော်မူခဲ့သည်။ ထိုသုံးပါးသည်-

    ၁။ မိမိထက် အသိက္ခာအားဖြင့် ကြီးသူ၊ ငယ်သူ၊ ရွယ်တူများအပေါ် အရှက်အကြောက်ဖြင့် ကျင့်ရခြင်း။ ဇာတိမာန်ကို ပယ်ရန် ဆုံးမမှုဖြစ်သည်။
    ၂။ အပြစ်ကင်းသောတရားကို တရားနာနေစဉ် စိတ်မပြန့်လွင့်ဘဲ အစ အလယ် အဆုံး သုံးပါးစလုံး၌ စူးစူး စိုက်စိုက်နားထောင်ခြင်း။ ဉာဏ်ပညာဗဟုသုတနှင့် ပြည့်စုံသူဖြစ်၍ ပညာမာန်မတတ်ရန် ဆုံးမမှုဖြစ်သည်။
    ၃။ ကာယဂတာသတိ၊ အာနာပါနအာရုံတို့၌ ပထမဈာန်ကို မိမိသန္တာန်မှ စွန့်ခွါမသွားအောင် ကျင့်ရခြင်း။ ရုပ်အဆင်းအင်္ဂါနှင့်ပြည့်စုံသူဖြစ်၍ မိမိကိုယ်ကိုယ် ချစ်ခင်တွယ်တာမှု တဏှာလောဘ ပယ်ရန်အတွက် ဆုံးမမှုဖြစ်သည်။ ထိုကဲ့သို့သော ဆုံးမမှုများကြောင့်လည်းကောင်း၊ ကိုယ်တိုင်သော်ကလည်း ဘ၀အဆက်ဆက် မောက်မာခြင်း မရှိခြင်းကြောင့်လည်းကောင်း နေထိုင်မှုပုံစံသည် ရိုးသားသည်။ အေးသည်။ တည်ငြိမ်သည်။ ငြိမ်သက်သည်။ မောက်မာခြင်း မရှိ။  သို့သော် တစ်ခါကတော့ ငရုပ်သီးနှင့်ရော၍ အထောင်းခံရမှုမျိုးတော့ ရှိသည်။

    ဘိက္ခုနီမတို့ထံတွင် အရှင်အာနန္ဒာ၏ဆွဲဆောင် စည်းရုံးမှုနောက် ပါသွားသည်။ ဘိက္ခုနီမတို့အား တရားဓမ္မ ဟောပြောဆုံးမသည်။ ထိုစဉ် အရှင်အာနန္ဒာကဲ့သို့ တရားဘဏ္ဍာစိုးကြီးရှေ့တွင် တရားဟောရသလားဆိုသည့် ထုလ္လတိဿာ ဘိက္ခုနီမ၏ အပြစ်တင်မှုကို ခံခဲ့ရသည်။ အမှန်အားဖြင့် ထိုနေရာမျိုးကို မထေရ်မြတ်သည် သတိထားပြီး ရှောင်ခဲ့သည်။ သို့သော် အရှင်အာနန္ဒာ၏ သုံးခါလောက် မရ ရအောင်ဆွဲခေါ်မှုကြောင့် ပါသွားခြင်းပင်။ ထိုနည်းတူစွာပင် အရှင်အာနန္ဒာကို ''သူငယ် သူငယ်''ဟု ခေါ်သည့်စကားနှင့် ဆက်စပ်၍လည်း ထုလ္လနန္ဒာဘိက္ခုနီမ၏ အပြစ်တင်မှုကို ခံခဲ့ရသည်။ သူတို့သည် အရှင်မဟာကဿပ၏ အစွမ်းအစကို မသိနားလည်ဘဲ အရှင်အာနန္ဒာအပေါ်တွင် ပုဂ္ဂိုလ်ရေး ခင်မင်မှုကြောင့် တဘက်လူကို အပြစ်တင်မှုဖြစ်ကြခြင်း ဖြစ်သည်။

    မည်သို့ဆိုစေ၊ အရှင်မဟာကဿပမထေရ်၏ ဂုဏ်ပုဒ်များကား ရေးဖွဲ့၍မကုန်နိုင်ပေ။ အနှစ်ချုပ်၍ ဦးညွတ်ခြင်း မျှသာဖြစ်၍ ဤမျှလောက်ဖြင့်ပင် အရှင်မဟာကဿပမထေရ်ကြီးအား ကြည်ညိုနိုင်ကြပေလိမ့်မည်ဟု ယုံကြည်ရင်း ဓုတင်များရှင်ထေရ်အရှင်အား ဦးညွတ်လိုက်ရပေသည်။

မောင်မင်းစိုး

No comments: