Wednesday, February 3, 2021

တန်ခိုးရှင်သို့ ဦးညွှတ်ခြင်း


    ''ချစ်သား သင်ကိုယ်တိုင်သာ လွတ်အောင် ပြေးပါ၊
    ငါတို့ကို ဂရုမစိုက်ပါနဲ့။ ငါတို့က အသက်ကြီးပါပြီ''
    ကောလိတသည် သြွူကယ်ဘ၀၊ နဂါးဘ၀ဖြင့် အနောမဒဿီ ဘုရားရှင်၏အထံမှ ဗျာဒိတ်နှစ်ကြိမ်ခံခဲ့သူ။ စုန်ဆန်ပြေးသွား ဘ၀ခရီးလမ်းကား ကြမ်းတမ်းသည်လည်း ရှိ၏။ အဆင်ပြေသည်လည်း ရှိ၏။ အထက်တန်းကျကျ ရှင်သန်မှုများခဲ့သော်လည်း မှတ်တိုင်တစ်ခုအဆင်းမှားမှုကြောင့် ဆင်းရဲတွင်းသို့ ခုန်းဆင်းခဲ့ရဖူးသည်။ မည်သို့ဆိုစေ လက်၀ဲတော်ရံ အဂ္ဂသာ၀ကရာထူးဖြင့် ဘ၀ကို အဆုံးသတ်သွားခဲ့သည်။

    တောင်ငါးလုံးကာခို ရာဇဂြိုဟ်တွင် ကောလိတဆိုသည့် ရွာရှိ၏။ ရွာသူကြီးနှင့် မောဂ္ဂလိ ပုဏ္ဏေးမတို့မှ ဖွားမြင်သည့် သားတစ်ယောက် ရှိ၏။ သူ့အား ကောလိတသူကြီး၏ သားဖြစ်သောကြောင့် ကောလိတဟု နာမည် မှည့်ကြ၏။ ချမ်းသြွာကယ်၀သည့် ပုဏ္ဏာမျိုး၌ ဖြစ်သည်။ သူ့မှာ သူငယ်ချင်းကောင်းများစွာ ရှိပါ၏။ အခြံအရံလည်း ပေါပါ၏။ သို့သော် အားလုံးထဲမှာ သူငယ်ချင်းကောင်းပီသခဲ့သည် ဥပတိဿဆိုသည့် သူငယ်ချင်းကောင်း တစ်ယောက် လည်း ရှိပါ၏။ ဘ၀အတော်များများတွင် ထိုသူငယ်ချင်းနှင့် အတူတကွ ဖြစ်ခဲ့သည်။ ကျင်လည်ခဲ့သည်။ ကောင်းမှု အသီးသီး ပြုခွင့်ရခဲ့သည်။ နောက်ဆုံးဘ၀တွင်ပင် အတူတူဖြစ်သည်။

    ရာဇဂြိုဟ်သည် ေ၀ဘာရ၊ ပဏ္ဍ၀၊ ေ၀ပုလ္လ၊ ဂိဇ္စျကုဋ်၊ ဣသိဂိလဆိုသည့် တောင်ကြီးငါးလုံး ရှိသည်။ တောင်ကြားတွင် နေထိုင်ကြရသည်။ သူတို့သည် လပြည့်လကွယ်နေ့များတွင် တောင်ထိပ်ပေါ်တွင် တောင်စောင့်နတ် စသည့်များကို ပူဇော်ကြသည့် ပွဲလမ်းသဘင်မျိုးစုံ ကျင်းပလေ့ ရှိသည်။ ထိုပွဲလမ်းသဘင်တို့ ဥပတိဿနှင့် ကောလိတ တို့ အစဉ်အမြဲလိုလို နောက်ပါအခြံအရံများနှင့်အတူ ပွဲကြည့်လေ့ ရှိသည်။ တစ်ရက် သူတို့နှစ်ယောက်သည် ဇာတ်ထဲမှ ငိုခြင်း ရယ်ခြင်းဆိုသည့် လုပ်ဇာတ်တွေကို ဆက်လက်ကြည့်ရှုရန်အတွက် ငြီးငွေ့လာသည်။ စိတ်ပျက်လာသည်။ ပျော်ရွှင်မှုမရှိ။ ဘက်နှစ်ဘက်ကို တွေးသည်။ အကြောင်း+အကျိုးကို တွေးသည်။ သေခြင်းရှိလျှင်,မသေခြင်းလည်း ရှိမည်။ သို့ဖြင့် သူတို့သည် ပွဲလမ်းသဘင်မှ ပြန်လာလိုက်ကြသည်။ တရားရှာကြမည်။

    သိဉ္စည်းဆရာကြီးထံ ပရိဗိုဇ်လုပ်ကြသည်။ တရားစစ်ကို ရှာသည်။ မတွေ့။ လပိုင်းအတွင် သူတို့သည် တတ်အပ်သည့် အတတ်ပညာအရပ်ရပ်ကို တတ်ပါ၏။ ထင်ပေါ်ပါ၏။ ကျော်ကြားပါ၏။ ဆရာကြီးကလည်း မြှောက် စားပါ၏။ သို့သော် သူတို့သည် လမ်းလွှဲလိုက်နေသည်ကို ရိပ်မိ၏။ ဆက်လက်ရပ်တည်နေမည်ဆိုလျှင် တရားစစ်၊ တရားမှန်ရဖို့အရေး တွေး၍ပင် မမြင်။ သူတို့ထွက်လာခဲ့ကြသည်။ လမ်းခွဲလိုက်ကြသည်။ အရင်ဦးဆုံးတရားကို တွေ့သောသူသည် ပြန်လည်ပြီးတော့ ဟောပြောရမည်ဆိုသည့် ကတိက၀တ်ဖြင့် လမ်းကြောင်းနှစ်ခု ဖြာထွက်လိုက် ခြင်းပင်။

    အရှင်သာရိပုတ္တရာအလောင်း ဥပတိဿသည် ရာဇဂြိုဟ်တွင် အရှင်အဿဇိမထေရ်နှင့် တွေ့သည်။ အသွင် အပြင်ကြည့်လိုက်သည်နှင့် စစ်မှန်သည့်တရားနှင့် ပြည့်စုံသူဟူ၍ ထင်မှတ်၏။ သို့အတွက် အလုပ်အကျွေးပြုကာ ချဉ်းကပ်လျက် တရားဟောဖို့ တောင်းဆိုလိုက်သည်။ အရှင်အဿဇိမထေရ်၏ လေးပါဒရှိသော တရားတစ်ပုဒ်ကို နာယူ၍ မပြီးခင် နှစ်ပါဒလောက်ဖြင့် ဥပတိဿ သောတာပန်ဖြစ်သွားခဲ့သည်။ ထိုအတိုင်းပင် မိမိတွေ့ရှိသည့်တရား စစ်တရားမှန်ကို သူငယ်ချင်းဖြစ်သူ အရှင်မဟာမောဂ္ဂလာန်လောင်း ကောလိတကို ပြန်လည်ပြီးတော့ ဟောပြသည်။
    ယေဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
    တေသဉ္စ ယော နိရောဓော၊ ဧ၀ံ ၀ါဒီ မဟာသမဏော။
    ခန္ဓာငါးပါး ဒုက္ခသစ္စာတရားသည် အကြောင်းသမုဒယသစ္စာတရားကြောင့်သာ ဖြစ်သည်။  အကြောင်း တရားတို့၏ ချုပ်ရာချုပ်ကြောင်းဖြစ်သည့် နိရောဓ,မဂ္ဂသစ္စာဆိုသည့်သဘောလည်း ရှိ၏။ ထိုတရားများကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့သည်။ ယင်းအယူ၀ါဒကို စွဲကိုင်ထားသော ရဟန်းသည် ငါ့ဆရာပင်တည်း-ဟု အဓိပ္ပာယ်ရသည့် ဂါထာကို နာယူအပြီး ကောလိတသည် သောတာပန်ဖြစ်ခဲ့သည်။
    
    တရားစစ်ကို တွေ့ရှိပြီဆိုလျှင် စစ်မှန်မှု မရှိသည့်အယူ၀ါဒကို စွန့်လွှတ်ဖို့ လိုသည်။ မိမိ၏ စစ်မှန်သည့် အယူ၀ါဒအားဖြင့် ရပ်တည်ချက် ခိုင်မာပြီဆိုလျှင် ရှင်သန်လျက်ရှိသည့် နေရာကို စွန့်ခွါသင့်လျှင် စွန့်ခွါရလိမ့်မည်။ အမှားကို သိသူသည်။ အမှန်ကို ပြင်ဖို့ လိုသည်။ မိမိအတွက် ပတိရူပဒေသမဖြစ်လျှင် ထိုနေရာတွင်ဆက်လက်နေ ခြင်းဖြင့် အကျိုးမရှိပေ။ စွန့်မှ စွန်မည်။ စွန့်လွှတ်သင့်သည်ကို အပြီးပိုင်စွန့်လွှတ်ဖို့ လိုသည်။ သို့ဖြင့် သူတို့သည် ဆရာဖြစ်သူထံ သွားသည်။ သိဉ္စည်းဆရာကြီးကိုလည်း မှားယွင်းသည့် လမ်းကြောင်းပေါ်တွင် ဆက်လက်ရပ်တည်နေခြင်း မလုပ်ဘဲ မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ပြောင်းပြီးလျှောက်ရန် ပြောဆိုကြသည်။

    ''အမောတို့၊ လောကမှာ ပညာရှိသူနဲ့ ပညာမဲ့သူ ဘယ်သူက ပိုများသလဲ''
    ''ဆရာကြီး၊ လောကမှာ ပညာမဲ့သူကများပြီး ပညာရှိသူက ပိုများပါတယ်''
    ''အေး ဒီလိုဆိုရင်၊ ပညာရှိတဲ့သူက ပညာရှိတဲ့ ဂေါတမထံသွားပြီး၊ ပညာမဲ့တဲ့သူက ပညာမဲ့တဲ့ ငါ့ထံလာ ကြလိမ့်မယ်'' ခေါင်းမာလက်စဖြင့် ခေါင်းမာနေခဲ့သည့် ဆရာဖြစ်သူအတွက် စိတ်မကောင်းမိ။ မှားယွင်းမှုကို သိပါလျက် မှားယွင်းမှုကို ကိုင်စွဲပြီး အမှန်လမ်းကို မလျှောက်ချင်သည့်အတွက် ကျိုက်ကျိုက်ဆူသော သွေးများ ခွံတွင်းမှ ထွက်ခဲ့ပြီး သူသည် နှလုံးကွဲကျေလျက် သေရသည်။ ဆရာဖြစ်သူသည် အမြဲဆရာဖြစ်ရမည်ဆိုသည့် လမ်းစဉ်သည် အမှားဖြစ် သည်။ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သည့်ဆရာဖြစ်သူထံတွင် ဘ၀ကို ခပ်တုံးတုံးဖြင့် ရှင်သန်နေခြင်းသည် ကိုယ့် သေတွင်း ကိုယ်တိုင်တူးပစ်လိုက်ခြင်းနှင့် တူသည်။

    သို့ဖြင့် မြတ်ဗုဒ္ဓထံရောက် နောက်ပါတပည့်များနှင့်အတူ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိ။ တရားတော်နာကြား သဖြင့် တပည့်များအားလုံး ရဟန္တာဖြစ်။ ရဟန်းပြုပြီး (၇)ရက်တွင် အရှင်မဟာမောဂ္ဂလာန်၊ (၁၅)ရက်တွင် အရှင် သာရိပုတ္တရာတို့ အသီးသီးရဟန္တာ ဖြစ်ကြသည်။ မဟာသက္ကရာဇ်(၁၄၈)ခုနှစ်တွင် ရဟန်း၀ါအားဖြင့်(၄၄)၀ါတို့ ရောက်လာကြသည်။ ထိုနှစ်တန်ဆောင်မုန်းလကွယ်နေ့တွင် ဣသိဂိလိတောင်ယံ ကာဠသိလာမည်သော ကျော်ဖျာ ထက်တွင် အရှင်မဟာမောဂ္ဂလာန်သည် ခိုးသားငါးရာ၏ လက်ချက်ဖြင့် ပရိနိဗ္ဗာန်စံခဲ့ရသည်။

    ထိုအရှင်၏ ကျင်လည်ရာဘ၀များကို ခြေရာကောက်ကြည့်မိသည်။ သူသည် သာသနာတော်တွင် လက်၀ဲတော်ရံ အဂ္ဂသာ၀ကပီပီ အလုပ်များစွာ လုပ်ခဲ့သည်။ တန်ခိုးအရာတွင် ဧတဒဂ်ရရှိခဲ့သူပီပီ နတ်ပြည်၊ ဗြဟ္မာ့ပြည်၊ ငရဲပြည်သို့ ြွကလျက် တရားဓမ္မဟောပြသည်။ ဓမ္မကထိက အရှင်တစ်ပါးပင် ဖြစ်သည်။ သာသနာ့အန္တရာယ်များကို တွန်းလှန်ဖြေ ရှင်းရာတွင်လည်း တက်တကြွ်ကြွက ပါ၀င်ခဲ့သည်။ ဓမ္မစွမ်းအားဖြင့် ရရှိထားသည့် တန်ခိုးစွမ်းအားသည် ခိုင်မာသည်။ တိကျသည်။ မြန်ဆန်သည်။ အလုပ်ဖြစ်ခဲ့သည်။ စိတ်ဓာတ်မာကြောသည်။ စိတ်မြန်လက်မြန် ရှိသည်။ ထိုခိုင်မာ တိကျ မြန်ဆန် တကြွ်ကသော စိတ်ဓာတ်ဖြင့်ပင် သာသနာတော်ကို မိမိစွမ်းနိုင်သည့်ဘက်မှ ရပ်တည်လျက် စွမ်းအား ရှိသလောက် အလုပ်အကျွေးပြုသွားခဲ့ခြင်း ဖြစ်သည်။ မည်သည့်အခါကမျှ ကြောင့်ကြမဲ့ မနေခဲ့။
    
    တစ်ခါက ရဟန်းဖြစ်စ တပည့်များနှင့်အတူ အဂ္ဂသာ၀ကကြီးနှစ်ပါး နောက်ပါတပည့်များနှင့်အတူ စာတုမ ရွာတွင်သီတင်းသုံးနေသည့် မြတ်ဗုဒ္ဓထံသို့ ဘုရားဖူးထွက်ခဲ့သည်။ ကျောင်းရောက်သည့်အခါ ကျောင်းနေသံဃာများ နှင့် စကားပြောကြ၊ သပိတ်သင်္ကန်းစသည့် ပစ္စည်းဥစ္စာများကို နေရာချထားရာ၌ စကားပြောဆိုနေကြသည့် အသံများ သည် ငါးစိမ်သည် အသံများကဲ့သို့ ဆူညံနေခဲ့သည်။ မြတ်ဗုဒ္ဓ သိ၍ အဂ္ဂသာ၀ကနှစ်ပါးအပါအ၀င် သံဃာတွေအားလုံး ကို နှင်ထုတ်ပစ်လိုက်သည်။ ထို့နောက် ဒကာ၊ ဒကာမများနှင့် သဟမ္ပတိဗြဟ္မာမင်းကြီး၏ တောင်းပန်မှုကြောင့် ပြန်လည်လက်ခံတော်မူခဲ့သည်။ ထိုစဉ် မထေရ်မြတ်နှစ်ပါးကို သံဃာတော်တွေ နှင်ထုတ်ခြင်းနှင့် ပတ်သက်၍ ရင် ထဲမှာ ဖြစ်ပေါ်လာသည့် ခံစားချက်အသီးသီး သိရှိရန်အတွက် မြတ်ဗုဒ္ဓက မေးမြန်းတော်မူသည်။
    ''တပည့်တော်တို့ကို မြတ်ဗုဒ္ဓအနေဖြင့် နှင်ထုတ်တော်မူလိုက်ပြီ။ မြတ်ဗုဒ္ဓနှင့် အရှင်သာရိပုတ္တရာမထေရ် မြတ်တို့ အနေဖြင့် ကြောင့်ကြမဲ့ မျက်မှောက်သော ကိုယ်၏အဖြစ်ဖြင့် ချမ်းသာစွာ နေတော်မူလိုကြသည်။ ဒါကြောင့် တပည့်အားလုံးကို ခေါ်တော်မူပြီး သွန်သင်ဆုံးမလျက် နေမှဖြစ်တော့မယ်''ဟု ပြန်လည်လျှောက်ထားသည်။ ဤနေရာတွင် အရှင်သူမြတ်သည် မိမိအနေဖြင့် သာသနာ့အရေး မည်မျှလောက်တွေးပြီး ကြောင့်ကြမဲ့ မနေသင့်ဘူးဆိုတာ တွေးလျက် စိတ်ဓာတ်ခိုင်မာစွာဖြင့် ရပ်တည်ခဲ့သည်။ ယင်းသည် အတုယူလေးစားသင့်သည့် အချက်ဖြစ်သည်။ ငါချမ်းသာရေးထက် အများချမ်းသာရေးကိုသာ ဦးတည်ခဲ့သော အရှင်မဟာမောဂ္ဂလာန်၏ စိတ်ဓာတ်သည် သူတော် ကောင်းစိတ်ဓာတ်ပင် ဖြစ်သည်။ သို့သော် အရှင်မြတ်သည် စိတ်မြန်လက်မြန် ရှိသည်။

    သိကြားမင်း၏ တရားဓမ္မ၌ မေ့လျော့နေသည်ကို ထိတ်လန့်စေရန်အတွက် ေ၀ဇယန္တာပြသာဒ်အား သွက်သွက် ခါအောင် တုန်လှုပ်စေလျက် အကြောက်တရား ရစေခဲ့ဖူးသည်။ ပုဗ္ဗာရုံကျောင်းတွင် ဆူညံနေသည့် ရဟန်းငယ်များအား ထိတ်လန့်စေရန်အတွက် ပုဗ္ဗာရုံကျောင်းကြီးအား လဲပြိုလုမတတ် တန်ခိုးဖြင့် တုန်လှုပ်စေခဲ့သည်။ နန္ဒောပနန္ဒနဂါးမင်း အားလည်း လျင်မြန်သော ဈာန်သမာပတ်ကို ၀င်စားလျက် နဂါးမင်းထက် အဆပေါင်းများအောင် ဖန်ဆင်းလျက် ဆုံးမခဲ့ဖူးသည်။ ငရဲပြည်သွားလျက် ငရဲသားများအား တခဏဖြစ်ဖြစ် သက်သာရာကို ရစေခဲ့သည်။ နတ်ပြည်တွင်လည်း နတ်များ၏ စည်းစိမ်များအား ပြုလုပ်ခဲ့သည့်ကုသိုလ်ကောင်းမှုများကို မေးမြန်းလည်း တရားဓမ္မဟောပြပေးသည်။ တစ်ခါက မြတ်ဗုဒ္ဓအား တန်ခိုးပြာဋိဟာပြဖို့အတွက် သူလျှောက်ထားခဲ့ဖူးသည်။
    မြင်းမိုရ်တောင်ကို သွားကြားထိုးလျက် ၀ါးပြမည်။ မဟာပထ၀ီမြေကြီးကို ဖျာသို့လိပ်ပြီး လက်ကြားမှာညှပ် ထားမည်။ အောက်ထက်ပြောင်းပြန်လှန်မည်။ မြေဆီမြေလွှာမြေသြဇာတွေကို သတ္တ၀ါတွေကို ကျွေးမည်။ မြင်းမိုရ် တောင်ကို ထီးရိုးလုပ်မည်။ မြေကြီးကို ထီးရွက်လုပ်မည်။ လက်ဖြင့်ယူဆောင်ပြီး ကောင်းကင်မှာ စင်္ကြံသွားမည်။ စသဖြင့် တောင်းဆိုမှုပြုသည်။ မြတ်ဗုဒ္ဓအနေဖြင့် ခွင့်မပြုခဲ့ပေ။ ထိုကဲ့သို့ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် မည်မျှပင်ကြီးမား ခဲ့သော်လည်း ထိုအရှင်၏နောက်ဆုံး မြင်ကွင်းသည် ကြေကွဲစရာကောင်းလှသည်။

    တိတ္ထိများ၏ ခိုင်းစေမှုများဖြင့် ကာဠသိလာကျောက်ဖျာထက်တွင် သီတင်းသုံးနေစဉ် ခိုးသားငါးရာတို့၏ ဆန်ခွဲပမာဏရှိသည့် အရိုးများ ကျိုးကျေသည်အထိ ထုနှက်သတ်ဖြတ်ရိုက်ပုတ်မှုကို ခံရကာ ပရိနိဗ္ဗာန်စံတော်မူရခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်သည်လည်း မိမိ၏အတိတ်ဘ၀က ၀ဋ်ကျွေးတစ်ခုကြောင့်ဖြစ်သည်။ မိန်းမဖြစ်သူ၏ ခိုင်းစေချက်ဖြင့် မိမိ၏ကျေးဇူးရှင် မျက်စိမမြင်ကြသည့် မိဘနှစ်ပါးတို့ကို တောထဲခေါ်ကာ သူခိုးဓားပြအသွင် ဟန်ဆောင်လျက် ထု နှက်သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ မိဘများသည် သားသမီးအပေါ် အလွန်ပင် ချစ်မြတ်နိုးကြသည်။ မိမိတို့ အသက်ထက် မိမိတို့အား ခိုးသူဟန်ဆောင်လျက် ထုနှက်နေသည့်သား၏ အသက်ကိုသာ လွတ်အောင်ပြေးဖို့ ပြောဆိုကြ သည်။

    ''ချစ်သား သင်ကိုယ်တိုင်သာ လွတ်အောင် ပြေးပါ၊
    ငါတို့ကို ဂရုမစိုက်ပါနဲ့။ ငါတို့က အသက်ကြီးပါပြီ''ဟူသောအသံသည် အသည်းထိအောင် နာကျင်ရပါသည်။ သို့သော်လည်း ဖြစ်စဉ်အားလုံးသည် နှောင်းသွားခဲ့ချေပြီ။
    ထိုအတိတ်က အကုသိုလ်ကံကြောင့် ဘ၀ပေါင်းများစွာ ငရဲ၌ ဖြစ်ခဲ့ပြီး။ ဘ၀ပေါင်းများစွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးပစ္ဆိမဘ၀ိက ရဟန္တာဖြစ်သည်အထိ အကုသိုလ်ဆိုးကျိုးသည် ၀ိပါက၀ဋ်အနေဖြင့် ခံခဲ့ရရှာသည်။ မည်သို့ဆိုစေ မထေရ်၏နောက်ဆုံးဘ၀ ရပ်တည်မှုသည် သာသနာတော်အတွက် အကျိုးများခဲ့သည်။ ရဲ၀ံ့သည်။ ပြတ်သားသည်။ ကြောင့်ကြမဲ့မနေခဲ့။ လုပ်စရာရှိသည်များကို မနေမနား လုပ်ဆောင်ခဲ့သည်။ သို့အတွက် တန်ခိုးရှင် မထေရ်အား ချီးမွမ်းစကားဆိုလျက် ဦးညွတ်လိုက်ရပါတော့သည်။

 
မောင်မင်းစိုး

No comments: