Wednesday, February 3, 2021

လူငယ်နဲ့ အပေးအယူ


ဟိုတလောလေးက လူငယ်တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ စကားတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် အဲဒီအများကြီးထဲက သူပြောသွားတာလေးက အတော်လေးကို အတုယူရမယ့် စကားလေးဖြစ်နေတော့ ပြန်လည်ပြီး တော့ မျှဝေလိုပါတယ်။ သူ့စကားလုံးကနေပဲ ဒီဆောင်းပါးလေးကိုလည်း အပေးအယူလို့ နာမည်တပ်လိုက်ပါတယ်။ အကြောင်းအရာကတော့ ပန်းချီကားလေးတစ်ကားကို သူကိုယ်တိုင်ဆွဲထားပြီးတော့ အမြတ်တနိုး သိမ်းထား ခဲ့တယ်။ အခုတကယ်လိုချင်တယ်ဆိုရင် သူပေးမယ်။ ဒါပေမယ့် ဒီပန်းချီကားလေးကို သူအမြတ်တနိုးထားပါတယ်တဲ့။ ဘာဖြစ်လို့ပေးချင်တာလဲဆိုတော့ ပေးလိုက်လို့ ယူတဲ့လူက တမြတ်တနိုးထားရင် အဲဒီအတွက်ရလိုက်တဲ့ စိတ်ကျေနပ် မှု၊ ပျော်ရွှင်မှု၊ ဝမ်းသာမှုပီတိလေးကို သူခံစားချင်လို့ပါတဲ့။ ဒါနဲ့ပတ်သက်ပြီးတော့ သူ့ကို အခြားလူတစ်ယောက်က ပြောခဲ့ဖူးတဲ့ စကားလေးနဲ့ အကြောင်းအရာလေးကို သူကပြောပြခဲ့ပါတယ်။ အခုအဲဒါလေးကိုလည်း ပြန်လည်ပြီးတော့ ပြောပြချင်ပါတယ်။ 

သူ့ရဲ့အမေလို ခင်မင်ရသူတစ်ယောက်က ငွေထုတ်ပေးပြီးတော့ ပန်းချီနဲ့ဆိုင်ရာ ဆေးတွေ၊ စုတ်တံတွေကို သူ့တူလေးအတွက်ဆိုပြီး ပြောကာ ဝယ်ခိုင်းလိုက်တယ်။ အဲဒါနဲ့ သူလည်း မြို့ထဲသွားဝယ်ပြီးတော့ အဲဒီပစ္စည်းတွေ ကို သွားပေးခဲ့တယ်။ ဟိုရောက်တော့ အဝယ်ခိုင်းတဲ့လူက လက်မခံဘူးတဲ့။ အဲဒါ နင့်အတွက်ဆိုပြီး ပြန်ပေးလိုက် တယ်တဲ့။ အမှန်ကတော့ ပန်းချီဝါသနာပါပါလျက်နဲ့ ဆက်ပြီးမလုပ်ဘဲ ဒီအတိုင်းနေနေခဲ့တဲ့ သူ့အတွက် ပြန်လည် ပြီးတော့ ရေးဆွဲစေလိုတာကြောင့် အခုလိုတစ်ဖက်လှည့်နဲ့ အဝယ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။

 ''တကယ်တော့ အခုလိုပေးလိုက်ရတာကြောင့် လက်ခံသူသာ ရတယ်လို့ မထင်ပါနဲ့၊ ပေးသူအနေနဲ့လည်း ပျော်ရွှင်မှုတွေကို ရတယ်၊ ဒါကြောင့် ပေးသူပျော်ရွှင်ဖို့အတွက် လက်ခံသူက လက်ခံပေးတယ်လို့ သဘောထားပေး ပါ''

 အဲဒီစကားလေးကို သူ့အမေလိုဖြစ်နေတဲ့ ပေးသူက ပြောလိုက်တယ်တဲ့။ မှန်ပါတယ်၊ တကယ်တမ်းကျတော့ ပေးသူဟာ ယူသူပါပဲ။ သူပေးလိုက်တဲ့ ပစ္စည်းလေးကို တဖက်လူက တကယ့်ကို ကြည်ကြည်နူးနူး လက်ခံလိုက်ရင် အဲဒီအပျော်ဟာလည်း ပေးသူအနေနဲ့ ထပ်မံပြီးတော့ ကြည်နူးမှုဆိုတဲ့ ပျော်ရွှင်ခြင်းတွေ ရလိုက်တာပါပဲ။ တရားသဘောနဲ့ ကြည့်ရင်လည်း ဒါဟာ လိုအပ်တဲ့နေရာကို ကူညီလိုက်တဲ့အတွက် ကုသိုလ်ပါပဲ။ ဒီကုသိုလ်ဟာ ပေးသူအနေနဲ့ ရရှိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပေးသူဟာလည်း သံသရာအတွက် ကုသိုလ်ကောင်းမှုဆိုတဲ့ ရိက္ခာထုတ်ကို ယူသွားသူဖြစ်ပါတယ်။ နိုင်ငံနဲ့အဝှမ်းမှာလည်း လိုအပ်တဲ့နေရာတွေ၊ လိုအပ်သူတွေ များပြားစွာ ရှိနေခဲ့ပါလိမ့်မယ်။ ဆိုတော့ ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ မျှဝေကြဖို့ လိုအပ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပြီးတော့ တစ်နေရာ ပြီး တစ်နေရာ ရန်သူမျိုး(၅)ပါးနဲ့ ရင်ဆိုင်နေကြရတဲ့လူတွေဟာလည်း အရမ်းပဲများပြားလှပါတယ်။ ဒါကြောင့် ဒီလို နေရာမျိုးတွေမှာလည်း ကိုယ့်စွမ်းဆောင်နိုင်တဲ့ဘက်ကနေ လိုအပ်သူတွေကို ကူညီပံ့ပိုးပေးရပါလိမ့်မယ်။ 

လိုအပ်သူတွေကတော့ သူတို့လိုအပ်တာတွေကို တောင်းကြမှာပဲပေါ့။ ဒါကို ပေးရမယ့်သူတွေကလည်း ပေး နိုင်အောင် စီစဉ်ဆောင်ရွက်ရမယ်ပေါ့။ ဥပမာ တိုင်းပြည်တိုင်းလိုလိုမှာလည်း လူတွေအလွှာအသီးသီးပါပဲ လမ်းတွေပေါ်ကို တက်နေခဲ့ကြတယ်။ လက်ထဲမှာ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီးတော့ သူတို့လိုအပ်တာတွေကို တာဝန်ရှိသူတွေက ပေးဖို့အတွက် ဆန္ဒပြပြီးတော့ တောင်းဆိုနေခဲ့ကြတာပါပဲ။ ဒါဟာ မိမိတို့တိုင်းပြည်မှာပဲလားဆိုတော့ မဟုတ်ပါဘူး။ ကမ္ဘာနဲ့အဝှမ်းပါပဲ။ ကျောင်းသားတွေက ပညာရေးနဲ့ပတ်သက်တာတွေ တောင်းဆိုကြမယ်၊ တောင်သူတွေက လယ်ယာမြေ သိမ်းခံရမှုနဲ့ ပတ်သက်တာတွေ တောင်းမယ်၊ ဘာသာရေးခေါင်းဆောင်တွေကလည်း ကိုးကွယ်မှုအကြောင်းအရာ နဲ့ ပတ်သက်တာတွေ တောင်းမယ်၊ လူတွေကလည်း နေ့တဓူဝ ရှင်သန်ဖြတ်သန်းနေရတဲ့ လူမှုရေး၊ နိုင်ငံရေး၊ ကျမ်းမာရေး၊ စီးပွားရေးစတဲ့ လိုအပ်တဲ့အရေးကိစ္စတွေကို တောင်းဆိုနေခဲ့ကြတယ်။ ဆိုတော့ ဒါတွေဟာ ပေးသူရှိ မှ၊ တာဝန်ရှိသူ ပေးမှ ရမှာဖြစ်တဲ့အတွက် အများသိအောင် တိုးတိုးတိတ်တိတ် တောင်းဆိုနေတာမျိုးမဟုတ်ဘဲ တစ်တိုင်းပြည်လုံးသိအောင် လမ်းပေါ်ထွက်ပြီးတော့ တောင်းဆိုနေခဲ့ခြင်း ဖြစ်ပါတယ်။

 ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ အလိုက်တသိ ပေးမှသာ ပြေလည်နိုင်မယ့် အနေအထားတွေ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်က ပြောဖူးတယ်။ တကယ်တော့ မိမိတို့နိုင်ငံက ခေါင်းဆောင်အဆက်ဆက်ဟာ ပြည်သူတွေကို ဘယ်လို ညှင်းဆဲပြီးတော့ ဗိုလ်ကျစိုးမိုး သိမ်းပိုက်ကာ မတန်တရာဈေးတွေနဲ့ တင်ပြီးတော့ ပြည်သူတွေ ထံက ဘယ်လိုခေါင်းပုံဖြတ်ပြီး ပြည်သူတွေကို စိတ်ဆင်းရဲအောင် လုပ်ရမလဲဆိုတာပဲ စဉ်းစားတယ်တဲ့။ အခြား တိုင်းပြည်က ခေါင်းဆောင်တွေကျတော့ အဲဒီလိုမဟုတ်ဘဲ ပြည်သူတွေကို ဘယ်လိုလုပ်ပေးရမယ်ဆိုတာနဲ့ ပြည်သူတွေ ပျော်ရွှင်အောင်၊ စိတ်ချမ်းသာအောင်ကို စဉ်းစားပြီးတော့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးလေ့ရှိတယ်တဲ့။ ဆိုတော့ သူ့စကားအတိုင်းဆိုရင် မိမိတို့နိုင်ငံရဲ့ခေါင်းဆောင်အဆက်ဆက်ဟာ မပေးဘဲနဲ့ အတင်းအဓမ္မ သိမ်းပိုက်ပြီးတော့ ခေါင်းပုံဖြတ်ပြီး ယူသူအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ပြည်သူတွေကတော့ တရားသည်၊ မတရားသည်ဖြစ်စေ၊ ပေးချင်သည် မပေးချင်သည်ဖြစ်စေ အစိုးရရဲ့ လက်ဝါးကြီးအုပ်မှုကို သိသိကြီးနဲ့ မရှောင်တာ တော့ ပေးသူအဖြစ်ကနေပဲ ရှိနေခဲ့တယ်။ အမှန်ကတော့ ပေးသူအနေနဲ့ ကြည်ကြည်ဖြူဖြူ ပေးလိုက်ရမှာသာ ဒီ ပေးခြင်းရဲ့ အကျိုးတရားဖြစ်တဲ့ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုဆိုတဲ့ ကုသိုလ်ပီတိကို ရရှိပြီးတော့ ယူသူဖြစ်ပါလိမ့်မယ်။ 

ဥပမာတစ်ခုပြောပြပါမယ်၊ ဆက်သွယ်ရေးအတွက် ဖုန်းဆင်းကတ်တွေကို ဈေးတွေအဆမတန်တင်ပြီးတော့ ထောင်တန်ကို သိန်းပေါင်းများစွာ တင်ပြီးတော့ မတန်တဆဈေးတွေနဲ့ လက်ဝါးကြီးအုပ်ခဲ့တာမျိုး၊ ထိုနည်းတူစွာ ကားတွေကိုလည်း ပါမစ်ဆိုတာလေးနဲ့ အဆမတန်တင်သွင်းပြီးတော့ လက်ဝါးကြီးအုပ် ဝါးမြိုခဲ့တာတွေ စသဖြင့် ပြောရရင် ကုန်နိုင်ဖွယ်တောင် ရှိမယ်မထင်ပါဘူး။

 အခုလည်း ဆက်သွယ်ရေးမှာ အခြားပြည်ပက ဝင်ရောက် လာတဲ့ ကုမ္ပဏီတွေနဲ့ တန်းတူမဟုတ်ဘဲ ရသလောက် မြိုဆို့နေချင်တာတွေဟာ စိတ်ပျက်စရာကောင်းလောက်အောင် ရှိနေခဲ့ပါတယ်။ ဒါတွေဟာ ယူသူပါပဲ၊ ဒါပေမယ့် သူတို့ယူသွားတာတွေက ပြည်သူတွေရဲ့ မျက်ရည်တွေ၊ သွေးတွေ၊ ချွေးတွေပါပဲ။ ဒီကနေတဆင့် ပြည်သူက ပေးလိုက်တဲ့ ချဉ်ဖတ်ဆိုတာတွေ၊ ဆဲရေးမှုတွေ၊ ကဲ့ရဲ့မှုတွေ၊ ရှုပ်ချမှုတွေဆိုတဲ့ မကောင်းမှုတွေကိုဘဲ သူတို့ ယူသွားရတာဖြစ်ပါတယ်။ ဆိုတော့ လူငယ်တွေအနေနဲ့ ပေးသူအဖြစ်ကို ရှိနေစေချင်ပါတယ်။ ပေးသူဟာလည်း အထက်ကပြောခဲ့သလို ယူသူပါပဲ။ အဲဒီလို ယူတဲ့အခါမှာ အခြားပတ်ဝန်းကျင်အတွက် ဘာလုပ်ပေးနိုင်မလဲ၊ ဘာလိုအပ်နေတာလဲဆိုတာ မျိုးကို သိအောင်လုပ်ပြီးတော့ သူတို့လိုအပ်တာတွေကို ဖြည့်ဆီးဆောင်ရွက်ပေးပြီးတော့ ကောင်းမွန်တဲ့ ပေးသူမှ ယူသူဖြစ်အောင် ကြိုးစားစေချင်ပါတယ်။ အထက်မှာပြောခဲ့သလိုပါပဲ လိုအပ်မှုတွေကတော့ နေရာအနှံ့အပြားမှာ ရှိနေခဲ့ပါတယ်။ ကိုယ်ဘာပေးနိုင်မလဲ ဆိုတာကိုပဲ စဉ်းစားပြီးတော့ ဖြည့်ဆီးပေးဖို့ပါပဲ။ 

အသိဉာဏ်နဲ့ ပေးနိုင်သူတွေက အသိဉာဏ်ဆိုတဲ့ ဉာဏအားကို ပေးနိုင်ရမယ်၊ အခြား ကိုယ့်ရှိတဲ့ ပစ္စည်းဝတ္ထုလေးတွေ၊ ခန္ဓာကိုယ်ကိုအသုံးချပြီးတော့ ကူညီပေးနိုင်တဲ့လူကတော့ ခွန်အားတွေနဲ့ ဖြည့်ဆီးပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေဟာ ဒီအားနှစ်ရပ်ကို ကိုယ်တိုင်တည်ဆောက် ထားပြီးတော့ မငြီးမငြူးဘဲ ကိုယ်စွမ်းဆောင်နိုင်တဲ့ဘက်ကနေ ကူညီပေးနိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ခါက ကလေးတစ်ယောက်က မိမိတို့ ဘေးနားက အိမ်မှာရှိတဲ့ အမျိုးသမီးကြီးတစ်ယောက် မိသားစု တွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးသွားတော့ အမြဲတန်းလိုလို ငိုနေခဲ့တယ်တဲ့။ အဲဒါကို သိတော့ ကလေးဟာ ခြံစည်းရိုးပေါက်ကနေ အဲဒီအိမ်ကို ဝင်ရောက်ပြီးတော့ အဲဒီအမျိုးသမီးကြီးရဲ့ ရင်ခွင်ထဲကို သွားသွားပြီးတော့ နေခဲ့တယ် တဲ့။ တစ်ရက်လည်းမဟုတ်တော့ အမေဖြစ်သူက သတိထားပြီး သူ့သားကို ဘာဖြစ်လို့ အဲဒီအိမ်ကို သွားသွားနေရ တာလဲဆိုတာကို မေးမြန်းရတာပေါ့။ 

''အမေကလဲ၊ အဒေါ်ကြီးက သူ့မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားလို့ ရင်ထဲမကောင်း ဖြစ်ပြီးတော့ တမ်းတမ်းတတနဲ့ နေ့တိုင်းလိုလို သတိရအမှတ်ရပြီးတော့ ငိုကျွေးနေတာကို သားတော့မကြည့်ရက်ဘူး၊ အဲဒါကြောင့် သူငိုနေတာကို သားက ကူညီတဲ့အနေနဲ့ သူ့ရင်ခွင်ထဲသွားသွားပြီး နေပေးတာပေါ့''တဲ့။

 ဒီလိုပါပဲ၊ နေရာတကာမှာ လိုအပ်မှုတွေ၊ လိုအပ်နေတဲ့ လူတွေကတော့ များပြားစွာ ရှိနေခဲ့ပါလိမ့်မယ်။ ကိုယ့်အနေနဲ့ ပေးသူဟာ ယူသူဖြစ်တယ်ဆိုတာ သိအောင်လုပ်ပြီးတော့ ပေးနိုင်သူတွေ ဖြစ်အောင်ကြိုးစားကြပါလို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ 

မောင်မင်းစိုး 

အတွဲ ၁. အမှတ် ၃၂. ၂၀၁၅

No comments: