Wednesday, February 3, 2021

ပညာရှင်သို့ ဦးညွတ်ခြင်း

 ''ငါ၏ကိုယ်သည် ငါမဟုတ်ဟု ငါမှတ်ယူ၏။ နင်းနှယ်စရား ခြေသုတ်ပုဆိုးကဲ့သို့၊ သူတစ်ပါးတို့ ညှဉ်းဆဲ စရာ ဒွန်းစဏ္ဍားလို မှတ်ယူပါ၏။ နှိမ့်ချပါ၏။ အစွယ်ကျိုးသော မြွေ၊ ဦးချိုကျိုးသော နွားကဲ့သို့ သီတင်းသုံးဖော်တို့အား ရိုသေ မြတ်နိုးစွာ ငါနှိမ့်ချပါ၏''

 အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ရာဇဂြိုဟ်ပြည်၊ ဥပတိဿရွာတွင်၊ သာရီပုဏ္ဏေးမကြီးမှ ဖွားမြင်ခဲ့ သည်။ ငယ်နာမည်ကား ဥပတိဿ အမည်ရ၏။ မွေးချင်း(၇)ယောက်ရှိသည်။ ညီသုံးယောက်နှင့် ညီမသုံးယောက် ရှိသည်။ အားလုံးသာသနာတော်တွင် ၀င်ရောက်လျက် ရဟန်းပြုခဲ့ကြသည်။ ရဟန္တာများဖြစ်ခဲ့ကြသည်။ ထူးခြားမှုတစ်ခုကား သူတို့၏မယ်တော်သည်ကား သားသမီးများနှင့် ဆန့်ကျင်ဘက် မိစ္ဆာဒိဋ္ဌိအယူ ရှိသူဖြစ်သည်။ အရှင်မြတ်သည် အရှင်အဿဇိမထေရ်ထံမှ ''ယေ ဓမ္မာ ဟေတုပ္ပဘဝါ''အစရှိသောဂါထာကို နာကြားပြီး သော တာပန်ဖြစ်ခဲ့သည်။ သူငယ်ချင်းဖြစ်သူ ကောလိတ(အရှင်မဟာမောဂ္ဂလာန်)နှင့်အတူ သာသနာတော်သို့ ၀င်ရောက် ခဲ့သည်။ ပညာဉာဏ်ကြီးမားသည့် အရာတွင် ဧတဒဂ်ရသည်။ မိမိ၏တူဖြစ်သူ ဒီဃနခပရိဗိုဇ်အား ေ၀ဒနာပရိဂ္ဂဟ သုတ်ကို မြတ်စွာဘုရားဟောကြားစဉ် ယပ်ခတ်ရင်းနာယူကာ ရဟန္တာဖြစ်ခဲ့သည်။ (၄၄)ဝါအရတွင် မိမိမွေးဖွားရာ တိုက်ခန်းသို့ ပြန်ကြွလျက် မိခင်ကြီးအား ကျေးဇူးဆပ်တရားဟောပြီး သောတာပန်တည်စေလျက် ပရိနိဗ္ဗာန်၀င်စံ တော်မူခဲ့သည်။ အရှင်မြတ်၏ အကြောင်းများကား ပြောဆို၍ကုန်နိုင်မည် မဟုတ်သည့်အတွက် အများအတွက် လေးစား အတုယူစရာများကို အဓိကထားပြီးတော့ ပြောပြလိုပါသည်။ အတိတ်ဘ၀ဇာတ်ကြောင်းများကာ ပါရမီဖြည့် ဘက်ချင်းတူသည့်အတွက် အရှင်မဟာမောဂ္ဂလာန်နှင့် ထပ်တူမှတ်ရန် ဖြစ်သည်။ သို့အတွက် ဤနေရာ၌ မပြော လိုတော့ပေ

 အရှင်မြတ်သည် သာသနာတော်တွင် အလွန်ပင်တန်ဖိုးကြီးမား၊ ကျေးဇူးကြီးမားလှသည့် လက်ျာတော်ရံ အဂ္ဂသာ၀ကမထေရ်ဖြစ်သည်။ သည်းခံမှု အားကောင်းသည်။ ဉာဏ်ပညာထက်မြက်သည်။ သနားကြင်နာမှု အားကြီးသည်။ သာသနာတော်တွင် တကယ့်စံပြခေါင်းဆောင်ကြီး ဖြစ်ပေသည်။ အရှင်မြတ်၏ဟောပြော ဆုံးမမှု၊ သွန် သင်မှုတို့ကြောင့် သာသနာတော်သို့ ၀င်ရောက်လျက် အရိယာဖြစ်သွားခဲ့သည့် သူတော်စင်များစွာ ရှိသည်။ ကျွတ်တမ်း၀င်သွားကြသည့် ဝေနေယျသတ္တဝါများသည်လည်း အလွန်ပင်များပြားခဲ့သည်။
 ထိုအရှင်မြတ်ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များသည်လည်း အလွန်ပင်များပြားပါသည်။ အထူးအားဖြင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်-မဟာနိဒ္ဒေသပါဠိတော်-စူဠနိဒ္ဒေသပါဠိတော်တို့မှာ အရှင်သာရိပုတ္တရာ ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များ ဖြစ်ပါသည်။ အဘိဓမ္မာ(၇)ကျမ်းတွင်လည်း အလွန်ပင်ခက်ခဲ နက်နဲသော မဟာပဋ္ဌာန်းကျမ်းကြီးသည်လည်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော အကျဉ်းသင်္ခေပနည်းကို မကျဉ်း မကျယ်သောနည်းအားဖြင့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် မိမိ၏ လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့် ရဟန်း(၅၀၀)တို့အား ပြန်လည်ဟောကြားတော်မူခဲ့သော အဘိဓမ္မာကျမ်းကြီးလည်း ဖြစ်ပါသည်။ ဝိနည်းသိက္ခာ ပုဒ်တော်များ ပညတ်ရန်အတွက်လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ် ဗုဒ္ဓ၀င်ဒေသနာတော်အား ဟောတော် မူရန်လည်းကောင်း တောင်းပန်လျှောက်ထားခဲ့သည့် မထေရ်မြတ်ဖြစ်သည်။  

 အရှင်သာရိပုတ္တရာသည် သစ္စကပရိဗိုဇ်တို့ မောင်နှမများ၊ ကုဏ္ဍလကေသာစသူတို့နှင့်  ယှဉ်ပြိုင်ဖြေရှင်း ခဲ့ရသော ဝါဒပေါင်းများစွာလည်း ရှိခဲ့ပါသည်။ အမှန်အားဖြင့် ကိုယ်ခန္ဓာ၏ ပင်ပန်းမှုကို ပဓာနမထားဘဲ ကိုယ်တော် မြတ်သည် လက်ျာတော်ရံအဂ္ဂသာ၀ကကြီး ပီသစွာဖြင့် မာန်မာနကင်းမဲ့လျက် နှောင်းခေတ် လူသားများ၊ ရဟန်းတော် များအား အတုယူအား ကျစရာအဖြစ် နေထိုင်ကျင့်ကြံ လုပ်ကိုင်ဆောင်ရွက်သွားခဲ့သည်သာ ဖြစ်သည်။ သူတို့သည် အမှန်တကယ်ပင် ဗုဒ္ဓဘာသာ၀င်များ၏ စံပြပုဂ္ဂိုလ်ကြီးများ ဖြစ်ပါပေ၏။ ထို့ကြောင့် ဆုတောင်းသူများအနေဖြင့် ပညာနှင့်ပတ်သက်လျှင် အရှင်သာရိပုတ္တရာကဲ့သို့ ဉာဏ်ပညာကြီးမားသူ ဖြစ်ရပါလို၏ဟု အမြတ်တနိုးထား၍ စံပြအဖြစ်ထားလျက် ဆုတောင်းခဲ့ကြသည်။ အရှင်မြတ်၏ လေးစားအတုယူစရာ၊ ကြည်ညို စရာအကြောင်း အရာများစွာမှ အနည်းငယ်သော အကြောင်းအရာများကို ပြန်လည်ပြီး ပြောပြလိုပါသည်။  

 အရှင်မြတ်သည် သာသနာတော်အား အခြားသူများ၏ ကဲ့ရဲ့မည့်အရေးကို အထူးဂရုစိုက်တော်မူခဲ့သည်။ သို့အတွက် ရဟန်းတော်များ ဆွမ်းခံကြွချိန်တွင် နောက်ချန်ရစ်ပြီး အမှိုက်လှည်းသည်။ အမှိုက်ကျုံးသည်။ အမြင်မတော် သည်များကို သန့်ရှင်းလျက် နေရာတကျ ပြန်ထားသည်။  သောက်ရေဖြည့်သည်။ ထိုကဲ့သို့သော အရေးကိစ္စများကို ပြုလုပ်ပြီးမှသာ နောက်ကျမှ ဆွမ်းခံထွက်လေ့ ရှိသည်။ ဤကား ခေါင်းဆောင်ပီသခြင်း ပင်ဖြစ်သည်။ မှန်သည်။ ခေါင်းဆောင်သည် မိမိအဖွဲ့အစည်းအား မျက်ခြေမပြတ် သတိထား စောင့်ကြည့်ရမည်။ အသေးအမွှားကိစ္စလေးများ မှအစ အများအတွက် စံပြဖြစ်ရန် အစေခံတစ်ယောက်လို့ ပြုလုပ်သင့်သည်။ ယင်းသည် ခေါင်းဆောင်၏ အရည်အချင်း ပင်ဖြစ်သည်။
 အရှင်မြတ်သည် မကျန်းမာသည့် ဂိလာနရဟန်းများအားလည်း အမြဲစောင့်ရှောက်သည်။ ‌ဆေးဝါးဓာတ်စာ ဖန်တီးပေးသည်။ ကျောသားရင်သား မခွဲခြားပေ။ မိမိလက်အောက်တွင် ရှိသည့် ရဟန်းသာမဏေများ၏အရေး ကိုလည်း ဂရုတစိုက်စောင့်ကြည့်သည်။ ဝေဖန်သည်။ သွန်သင်သည်။ ဆုံးမသည်။ ဟောပြောသည်။ အရှင်မြတ်၏ လက်အောက်၌(၇)နှစ်သားကိုရင်လေးများပင် ရဟန္တာအဖြစ်သို့ ရောက်စေခဲ့သည်ကား များပြားလေသည်။
 အရှင်မြတ်သည် မိမိဆရာဖြစ်သည့် အရှင်အဿဇိမထေရ်ရှိသည့်ဘက်သို့ နေ့စဉ်ဦးခေါင်းချလျက် ရှိခိုး အိပ်၏။ မည်မျှပင် ငယ်ရွယ်သည့် ကိုရင်ငယ်လေးကပင်ဖြစ်စေ အပြစ်ပြ၍ ဆုံးမခဲ့သည်ရှိသော် လက်အုပ်ချီ၍ ခံယူ၏။ မာန်မာန မရှိပေ။ (၇)နှစ်အရွယ်ကိုရင်လေး၏ သင်္ကန်းမညီမညာ ၀တ်ရုံခဲ့သည့်အရေးကို ထောက်ပြဝေဖန်မှုကို ကျိုးနွံစွာ လက်ခံခဲ့သည်။ သည်းခံမှု အားကောင်းသည်။ စိတ်ဆိုးခြင်းအမျက်ထွက်ခြင်း အလျဉ်းမရှိပေ။ဤနေရာတွင် နှိမ့်ချပုံလေး ကြုံတုန်းပြောပြချင်ပါသေးသည်။

 ''ငါ၏ကိုယ်သည် ငါမဟုတ်ဟု ငါမှတ်ယူ၏။ နင်းနယ်စရား ခြေသုတ်ပုဆိုးကဲ့သို့၊ သူတစ်ပါးတို့ ညှဉ်းဆဲ စရာ ဒွန်းစဏ္ဍားလို မှတ်ယူပါ၏။ နှိမ့်ချပါ၏။ အစွယ်ကျိုးသော မြွေ၊ ဦးချိုကျိုးသော နွားကဲ့သို့ သီတင်းသုံးဖော်တို့အား ရိုသေ မြတ်နိုးစွာ ငါနှိမ့်ချပါ၏''ထိုကဲ့သို့ သဘောထားလျက် နှိမ့်ချစွာ နေထိုင်တော်မူပါသည်။ ထိုနှိမ့်ချမှုအသံကို ကြားရသည်ရှိသော် ပုထုဇဉ်ရဟန်းတော်များအနေဖြင့် မျက်ရည်ကျသည် အထိပင် ဖြစ်သည်။ သည်းခံမှုမည်မျှ အားကောင်းသည်သည်ကို အောက်ပါ အကြောင်းအရာများကို ကြည့်လျှင် သိနိုင်ပေလိမ့်မည်။  
 ပုဏ္ဏားတစ်ယောက်၏ ကျောကုန်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းဖြင့် သည်းခံမှုအတွက် အစမ်းသပ်ကို ခံခဲ့ရဖူးသည်။ မိစ္ဆာဒိဋ္ဌိအယူရှိသည့် မယ်တော်ကြီး၏ ပြင်းထန်သည့် စကားလုံးများနှင့် ထိုးနှက်မှုကိုလည်း ခံခဲ့ရသည်။ မိမိ၏ ရဟန်းသာမဏေများအတွက် သင်္ကန်းအလှူဒါနတစ်ခုနှင့်စပ်၍လည်း အပြစ်တင်ခြင်းကို ခံခဲ့ ရသည်။ ဆဗ္ဗဂ္ဂီရဟန်းများ၏ နေရာလုမှုဖြင့် လက်ျာတော်ရံအဂ္ဂသာ၀ကကြီး ဖြစ်သော်လည်း တစ်ညလုံးအိပ်ရာ နေရာမရသည့်အတွက် သစ်ပင်ရင်းတွင် နေထိုင်ခဲ့ရသည်။ ဘီလူးတစ်ကောင်၏ ပြင်းထန်လှသည့် ရိုက်နှက်ချက်ဖြင့် ဦးခေါင်းတော်အား ရိုက်ပုတ်ခံခဲ့ရသည်။ တစ်ခါကလည်း ရဟန်းငယ်တစ်ပါးသည် အရှင်မြတ်အား မိမိနာမည်မခေါ် သည့်အရေးအတွက် မကျေမနပ်ဖြစ်ကာ ရန်ငြိုးဖွဲ့လျက် မြတ်ဗုဒ္ဓအား လိမ်ညာ၍  အရှင်သာရိပုတ္တရာသည် မိမိ အား ရိုက်နှက်ပုတ်ခတ်သည်ဆိုပြီး အစွပ်စွဲခံရခြင်းမျိုးလည်း ရှိခဲ့သည်။ သို့သော် အရှင်သာရိပုတ္တရာမထေရ်သည် မည်သို့မျှ ဒေါသအာဃာတ မရှိ။ စကားဖြင့်ပင် ပြန်လည်ထိုးနှက်တိုက်ခိုက်မှုမျိုးကို ပြုလုပ်ခြင်း အလျဉ်းမရှိ။အရှင်မြတ်သည် ချီးမြှောက်ထိုက်သူကို ချီးမြှောက်ရန်လည်း ၀န်မလေးပေ။

 ရှင်သုခ၊ ရှင်တိဿ၊ ရှင်ရာဟုလာ၊ ရှင်ပဏ္ဍိတ၊ ရှင်သံကိစ္စ,စသည့် ကိုရင်လေးများအား ငယ်ရွယ်စဉ်ကပင် ရဟန္တာအဖြစ်သို့ ရောက်အောင် ကြည့်ရှုစောင့်မပေးခဲ့သည်။ ကိုရင်ပဏ္ဍိတ၏ အကြောင်းကို လေ့လာကြည့်လျှင် အဘယ်မျှလောက် ဖခင်တစ်ယောက်လို မိမိနေဖြင့် ဆရာပီသမှုကို  ပြခဲ့သည်ကို သိရှိရမည်ဖြစ်သည်။ ဆွမ်းစားချိန် မမီမှာစိုးသည့်အတွက် ကျောင်းတွင်ကျန်ရစ်သည့် တပည့်ဖြစ်သူကိုရင့်အတွက် ဆွမ်းခံအပြန်နောက်ကျနေ၍ ခပ်သွက်သွက် ခပ်မြန်မြန်ပြန် ကြွခဲ့ခြင်းမျိုးသည် ရဟန္တာတစ်ပါးအနေဖြင့် မဖြစ်သင့်ဟု ထင်ပါက ထင်ပါလိမ့်မည်။ သို့သော် မည်မျှအထိ မိမိတပည့်အတွက် ကြောင့်ကြစိတ်သည်။ မေတ္တာစိတ်ကြီးမားသည်ကို သိရှိရလျှင် အံ့သြစရာ၊ ကြည်ညိုစရာ၊ အတုယူစရာပင် ဖြစ်ပေလိမ့်မည်။ ကျေးဇူးတရားကိုလည်း မည်သို့မျှ မမေ့သည့် အရှင်မြတ်ဖြစ်သည်။
 မိမိအား တစ်ခါက ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဒါန်းခဲ့သည့် ရာဓအား ရဟန်းခံပေးခဲ့သည်။ မိခင်ကြီးအား သောတာပန် အရိယာဖြစ်သည်အထိ မိမိမွေးဖွားသည့်တိုက်ခန်းသို့ ကြွလျက် ပရိနိဗ္ဗာန်ပြုကာ ကျေးဇူးဆပ်ခဲ့သည်။ လူဆင်းရဲဖြစ်သည့် မောင်ပုဏ္ဏတို့အား နေ့တွင်းညတွင်း ချမ်းသာအောင် နိရောဓသမာပတ်၀င်စားပြီး ဆွမ်းခြွံကခြင်းဖြင့် ချီးမြှောက်ပေးခဲ့သည်။ အရှင်လကုဏ္ဍကဘဒ္ဒိယအား ရဟန္တာဖြစ်ပြီးသော်လည်း မဖြစ်သေးဘူးအထင်ဖြင့် တရားတော်များကို များပြားစွာ ဟောကြားခဲ့သည်။ အိပ်ရာထဲပက်လက်ဖြစ်နေသည့် အနာထပိဏ်သူဌေးကြီးအား တရားဓမ္မ သွားဟောပေးခဲ့သည်။  ဒေ၀ဒတ်ထံတွင် ပါရှိသွားသည့် ရဟန်းများအား တရားဟောလျက် ရဟန္တာအဖြစ် သို့ ရောက်အောင်ပြုလုပ်ပေးခဲ့သည်။ ကုဏ္ဍလကေသာနှင့် သစ္စာ,လောလာ,အ၀ဓာရိကာ,ပဋိစ္ဆာဆိုသည့် ပရိဗိုဇ်မတို့အား ရဟန္တာဖြစ်အောင် ဝါဒကိုချိုးနှိမ်လျက် စွမ်းဆောင်ပေးခဲ့သည်။

 တပည့်ဖြစ်သူ တောကျောင်းနေ ကိုရင်တိဿထံသို့ အသီတိမဟာသာ၀ကတို့ ဦးဆောင်လျက် အခြား ရဟန်းများစွာဖြင့် ကြွရောက်ကာ ချီးမြှောက်တော်မူခဲ့သည်။ လှူစရာမရှိသည့် မိမိဖခင်ကြီး၏ သူငယ်ချင်း ဖြစ်သူ မဟာသေန ပုဏ္ဏားကြီးအား ဈာန်သမာပတ် ၀င်စားလျက် ဈာန်မှထကာ ဆွမ်းအလှူခံပေးခြင်းဖြင့် သူဌေး ဘ၀သို့ရောက်ရန်နှင့် တရားထူးရအောင် ချီးမြှောက်ပေးခဲ့သည်။ အယူမှားနေသည့် သူငယ်ချင်းကိုလည်း မြတ်ဗုဒ္ဓထံသို့ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ အယူမှားနေသည့် တူဖြစ်သူအားလည်း မြတ်ဗုဒ္ဓထံသို့ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ အယူမှားနေသည့် ဦးလေးဖြစ်သူအားလည်း မြတ်ဗုဒ္ဓထံသို့ရောက်အောင် ပို့ဆောင်ပေးခဲ့ပြီး အရိယာများဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည်။

 ဤကား သိသာထင်ရှားသည့် အကြောင်းအရာမျှသာ ဖြစ်သည်။ အခြားအခြားသော မထေရ်မြတ် ဟော ပြောပြသည့် အဆုံးအမ တရားဓမ္မတို့ကြောင့်လည်း ဝေနေယျများစွာ ကျွတ်တမ်း၀င်ခဲ့ကြသည်။ အစဉ်ထာ၀ရနှိမ့် ချလိုသည့် စိတ်ထားရှိခြင်းသည် အရှင်မြတ်၏ ဂုဏ်ပင်ဖြစ်သည်။ အကျင့်သိက္ခာတို့နှင့် ပြည့်စုံတော်မူလှသည်။ တစ်ခါက လေနာရောဂါဖြစ်နေသည့်အခါ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် အလှူခံခဲ့သည့် နို့ဃနာဆွမ်းကို ပင် နတ်၏ ပယောဂပါနေသည့်အတွက် မဘုဉ်ပေးဘဲ စွန့်ပစ်တော်မူခဲ့သည်။ အသက်ပင် စတေးရသော်ငြားလည်း ဘုရားဟော ဝိနည်းဥပဒေကို မချို့ဖောက်သည့် မထေရ်မြတ်ပင်ဖြစ်သည်။ ဤနေရာ၌ မထေရ်မြတ်၏ ထူးခြားမှု ဖြစ်စဉ်တစ်ခုကို သိပ်မသိသေးသည့်အတွက် မျှေ၀ပေးလိုက်ပါသည်။

 တစ်ခါက မြတ်စွာဘုရားရှင်နှင့်အတူ သာ၀တ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်။ လူသားများသည် မုန့်ခဲဖွယ်စသည်များကို များစွာပြုလုပ်လျက် လာရောက်လှူကြသည်။ အားလုံးဘုဉ်းပေးပြီးသော်လည်း မုန့်များ များစွာ ကျန်ရှိနေခဲ့သည်။ ကျန်ရှိသည့်မုန့်များအား မြို့ထဲရွာထဲရောက်နေသည့် သံဃာတော်များအတွက် အလှူခံ ထားရန်ပြောသည့်အတွက် အလှူခံထားလိုက်ကြသည်။ ထိုတွင် အရှင်သာရိပုတ္တရာ၏ တပည့်တစ်ပါးသည်လည်း ရွာထဲတွင် ရောက်နေခဲ့၏။ ထိုရဟန်းငယ်၏ ဝေစုအတွက် ရဟန်းတို့ ယူခဲ့ကြသည်။ ထိုရဟန်းငယ်သည်လည်း အလွန်နေမြင့်သည်အထိ ပြန်ရောက် မလာပေ။ သို့အတွက် အရှင်သာရိပုတ္တရာအား လှူလိုက်ကြသည်။ အရှင်မြတ် သည် မိမိအား ပေးလှူသည့်မုန့်အား ဘုဉ်းပေးလိုက်သည်။ ထိုစဉ်ရဟန်းငယ်ပြန်လာသည့်အခါ အခြားရဟန်းများ၏ ပြောပြချက်အရ ရဟန်းငယ်သည် မိမေိ၀စုအား အရှင်သာရိပုတ္တရာ ဘုဉ်းပေးလိုက်သည်ဆိုသည့်အချက်ကို ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
 ''အရှင်ဘုရားတို့၊ အဘယ်သူက ကောင်းမြတ်တဲ့ ခဲဖွယ်ဘောဇဉ်ကို မနှစ်သက်ဘဲ ရှိပါအံ့နည်း''ဟူသော လေသံဖြင့် ပြောလိုက်သံကို ကြားပြီး အရှင်မြတ်သည် သတိသံဝေဂရသည်။ အရှင်မြတ်သည် ထိုနေ့မှစ၍ မုန့် ခဲဖွယ်ကို နောင်သောအခါ ပရိနိဗ္ဗာန်စံသည်အထိ မစားတော့ကြောင်း အဓိဋ္ဌာန်လျက် ဆုံးဖြတ်ချက် ချလိုက်သည်။  ထိုအကြောင်းအရာနှင့် ပတ်သက်၍ မြွေဘ၀တွင် ဖြစ်ခဲ့ပုံကို ဟောတော်မူ၏။ ထိုမြွေဘ၀တွင်လည်း ထိုကဲ့သို့ ရဲရဲတောက်စကားကို ပြောဆိုခဲ့ဖူးသည်။ (ဝိသ၀န္တဇာတ်)

 ''အသက်ပင် သေသွားပါစေ။ ထွေးအန်ပြီးသည့် မြွေဆိပ်ကိုမူ ပြန်၍ မမျိုနိုင်''ဆိုသည့်စကားအတိုင်းပင် ယခုလည်း အသက်ပင်သေပါစေ၊ နောင်အခါ မုန့်ခဲဖွယ်ကို မစားတော့အံ့ဟု ဆုံးဖြတ်ချက်ချတော်မူလိုက်သည်။ မထေရ်မြတ်သည် အများ၏ ဝေဖန်ပြစ်တင်မှုများကို ရှက်ကြောက်နိုးမှု၊ ပြတ်သားသည့်ဆုံးဖြတ်ချက်ချမှု များသည်လည်း အတုယူလေးစားစရာပင် ဖြစ်သည်။ ယင်းသည် အဖွဲ့အစည်းများအနေဖြင့် မိမိထုတ်ပြန်ထားသည့် ဥပဒေသ များကို  မိမိကိုယ်တိုင်လိုက်နာကျင့်သုံးလျက် ရဲ၀ံ့ပြတ်သားစွာ ဆုံးဖြတ်ချက်ခိုင်မာစွာချဖို့ သင်္ခန်းစာ ကောင်းဖြစ်သည်။  အမှန်အားဖြင့်လည်း အရှင်မြတ်သည် လာဘ်လာဘတို့၌ တပ်မက်တွယ်တာမှု မရှိပေ။

 တစ်ခါက ပုဏ္ဏားတစ်ယောက်သည် တရားတော်ကို ပူဇော်ချင်သည့်အတွက် အခြားရဟန်းများ၏ ညွှန်ကြား ချက်အရ တိပိဋက ဓမ္မဘဏ္ဍာဂါရိက တရားဘဏ္ဍာစိုးဖြစ်သည့် အရှင်အာနန္ဒာအား လှူဒါန်းခဲ့သည်။ သို့သော် အရှင်အာနန္ဒာသည် ထိုသင်္ကန်းကို ဓမ္မသေနာပတိ တရားစစ်သူကြီးဖြစ်သည့် အရှင်သာရိပုတ္တရာ လှူဒါန်းလိုသည်။ ဝိနည်းပညတ်ချက်အရ အချိန်မမီတော့သည့်အတွက် အနုပညတ်ချက်ထားကာ အရှင်သာရိပုတ္တရာ၏ ခရီးလွန်နေမှုကို  စောင့်ဆိုင်းလျက် ပြန်ရောက်သည့်အခါမှ လှူဒါန်းခဲ့သည်။ အရှင်သာရိပုတ္တရာသည် ထိုသင်္ကန်းသည် ဓမ္မရာဇာ တရားမင်းဖြစ်တော်မူသည့် မြတ်စွာဘုရားရှင်အား ပြန်လည်လှူဒါန်းခဲ့သည်။ ထိုကဲ့သို့ လေးစားကြည်ညိုစရာ ဂုဏ်ပုဒ်များနှင့် ပြည့်စုံတော်မူသည့် အဂ္ဂသာ၀ကဖြစ်သော 'ပညာအရာ ဧတဒဂ်'ရ ပညာအရှင်ဖြစ်သည့် လကျာ်တော်ရံ အရှင်သာရိပုတ္တရာအား ဦးညွတ်လိုက်ရပါသည်။

မောင်မင်းစိုး

No comments: