Friday, January 27, 2012

ဗုဒ္ဓ၏သင်ကြားမှုဖြင့်.... စာအုပ်အဆက်

လာဘ်စားသော မင်း

ဘရုတိုင်း၌ ဘရုမင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားအလောင်းသည် အဘိညာဉ်သမာပတ်နှင့် ပြည့်စုံသော ဂိုဏ်းဆရာ ရသေ့ကြီးဖြစ်နေသည်။ ချဉ်၊ ဆားမှီဝဲလိုသဖြင့် နောက်ပါ ရသေ့ငါးရာတို့နှင့်အတူ ဟိမဝန္တာမှ ထွက်၍ ဘရုမြို့၏ မြောက်တံခါးအနီး ညောင်ပင်ကြီးအောက်တွင် နေထိုင်နေခဲ့သည်။ အဆိုပါရသေ့များ နေ၍ ၁၅ရက်လောက်အကြာမှာပင် အခြားသော ရသေ့တစ်ပါးခေါင်း ဆောင်သည့် ရသေ့ငါးရာတို့သည်လည်း ဘရုမြို့၏ တောင်ဘက်တံခါးအနီး ညောင်ပင်ကြီးအောက်တွင် အခြေချနေထိုင်ခဲ့ကြသည်။ အချိန်ကျ၍ ပြန်ချိန်ရောက်သောအခါ ရသေ့နှစ်ဖွဲ့စလုံးပင် ဟိမဝန္တာသို့ ပြန်လာခဲ့ကြသည်။
ရသေ့များ ပြန်သွား၍ မကြာသေးခင်ပင် တောင်ဘက်တံခါးအနီးရှိ ညောင်ပင်သည် ခြောက်သွေ့ကာ သေသွားသည်။ သို့အတွက် နောက်တစ်ခေါက်ရောက်လာသောအခါ သူတို့သည် မြောက်တံခါးအနီး ညောင်ပင်အောက်သို့ ပြောင်းရွှေ့ကာ နေထိုင် ခဲ့ကြသည်။ ပထမလာရောက်နေထိုင်သော ရသေ့ငါးရာသည်လည်း မိမိတို့အရင်နေထိုင်ခဲ့သော မြောက်တံခါးအနီးရှိ ညောင်ပင်သို့ ရောက်လာခဲ့ကြသည်။ သို့အတွက် သူ့အပင်၊ ငါ့အပင်၊ ငါတို့ရှေးဦးစွာ နေခဲ့ဖူးသည်၊ ငါတို့ယခုအရင်ဦးရောက်သည် စသည်ဖြင့် ရသေ့တို့ အငြင်းအခုံဖြစ်ကြသည်။ နောက်ဆုံး မင်းထံ ဝင်ပြီး အဆုံးအဖြတ်ခံကာ မင်းသည် အရင်နေဖူးသည့် ရသေ့တို့အား အနိုင်ပေးလိုက်သည်။
မကျေနပ်ဖြစ်သွားသော ဒုတိယရောက်လာသည့် ရသေ့များအနေဖြင့် အရှုံးမပေးလိုပေ။ ဒါကြောင့်ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုကာ ယခင်က စကြဝတေးမင်းတစ်ပါးအသုံးပြုခဲ့သော ရထားချိုင့်တစ်ခုကို တွေ့ရ၍ ထုတ်ယူပြီး မင်းကြီးအား တံစိုးလက်ဆောင်အဖြစ် လာဘ်ထိုးကာ ပေးခဲ့ကြသည်။ မင်းသည် ရှုံးနိမ့်သွားသော အဖွဲ့ကို တစ်ဖန်ထပ်၍ ပိုင်ဆိုင်ခွင့်ပေးလိုက်ပြန်သည်။ ထိုအကြောင်းကို သိသော ပထမရသေ့အဖွဲ့သည် ရထားချိုင့်၏ ရထားလှည်းဘီးတို့ကို ထုတ်ယူကာ မင်းကြီးအား ပေးပြီး မိမိတို့တစ်ဖွဲ့တည်းသာ ပိုင်ဆိုင်မှုအဖြစ်ပေးရန် တောင်းဆိုကြသည်။ မင်းကလည်း တံစိုးလက်ဆောင်လာဘ်ထိုးမှုကို အကြောင်းပြုပြီး ရသေ့တို့အလိုကျ ပိုင်ဆိုင်ခွင့် သီးသန့်ထုတ်ပေးလိုက်ပြန်သည်။
ထိုအခါဘရုတိုင်းမှ နတ်များသည် သီလရှိသော ရသေ့များကို အငြင်းပွားမှုဖြစ်စေခဲ့သော ဘရုမင်းအား အမျက်ထွက် ကြသဖြင့် ယူဇနာသုံးရာရှိသော ဘရုတိုင်းကို သမုဒ္ဒရာဒီလှိုင်းများဖြင့် နှစ်မြှုပ်ဖျက်ဆီးလိုက်ရာ ဘရုတိုင်းသည် သမုဒ္ဒရာရေအောက်သို့ ရောက်သွားတော့သည်။ သည်ဒေသနာ၊ သင်ကြားချက်ကို သိတော့မှ ပသေနဒီကောသလမင်းကြီးသည် တိတ္ထိတို့၏ တည်ဆောက်ဆဲ ကျောင်းများကို ဖျက်ဆီးပစ်ရန် မင်းမှုထမ်းများအား စေလွှတ်လိုက်သည်။
မှန်သည်။ အထက်အစိုးရခေါင်းဆောင်များ၊ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ တစ်သီးပုဂ္ဂလပိုင်အသင်းများအနေဖြင့်၊ ခေါင်းဆောင်များအနေဖြင့် ဒါကို အထူးသဖြင့် အလေးဂရုပြုရန် လိုအပ်ပါသည်။ အခြားသူများ မသိဘူးဟု ထင်သော်လည်း အကျင့်ပျက်ခြစားမှုများသည် ပထမဦးဆုံး မိမိကိုယ်တိုင်နှင့် အခြားလာဘ်ပေးသူဆိုသည့် နှစ်ဦးတို့အနေဖြင့် သိမည်။ ထို့နောက် မိမိတို့၏ ကိုယ်စောင့်နတ်များ၊ အနီးအနားရှိအဆောက်အအုံ၊ ခြံစောင့်နတ် စသူများ သိမည်သာ ဖြစ်သည်။ လာဘ်ပေးလာဘ်ယူ ဒို့ရန်သူဆိုသည့် ဆောင်ပုဒ်ပါအတိုင်း လိုက်နာဖို့သည်လည်း တိုင်းပြည်တစ်ခုတည်ထောင်ရာမှာ အရေးကြီးသော သင်ကြားချက်များ ဖြစ်သည်။ ဒါကိုလည်း ထိရောက်စွာ အရေးယူဖို့ လိုသည်။ အရေးယူနေသည်ဟုလည်း ကြားရသည်။ ကောင်းမွန်သော လုပ်ရပ်များ ဖြစ်ပါသည်။
ဖွံ့ဖြိုးတိုးတက်ချင်သည်ဆိုလျှင်၊ တစ်ဦးတစ်ယောက်တည်း၏ စွမ်းဆောင်မှုများဖြင့်တော့ မလွယ်ကူပေ။ အားလုံး ဝိုင်းဝန်းအဖြေရှာကြဖို့ အရေးကြီးပါသည်။ မိမိလက်အောက်ရှိ တာဝန်ရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများအားလည်း တိကျသော၊ တာဝန်ကျေသော၊ စိတ်ကောင်းရှိသော၊ ဝေဖန်ပိုင်းခြားနိုင်သော၊ ကြင်နာမှု၊ စာနာမှုတရားဖြင့် ဖွဲ့စည်းထားသော လူကောင်းတစ် ယောက်ကို တာဝန်ပေးဖို့ အရေးကြီးပါသည်။ သို့မဟုတ် မိမိတို့ မသိဘဲ အောက်ခြေမှာ ဖြစ်ချင်သလို ဖြစ်နေမှုများကို အာရုံမထား လျှင်တော့ တမြည့်မြည့်တိုက်စားလာကာ တိုင်းပြည်တစ်ခုလုံးသည် ဆင်းရဲမွဲတေမှုဒဏ်ရာဒဏ်ချက်များကို ဘယ်လိုမျှ မကုစားနိုင်ဘဲ ဆင်းရဲတွင်း နက်သထက် နက်နေဦးမည်သာ ဖြစ်သည်။



ပညာရှိစကား နားထောင်လျှင် ချမ်းသာစမြဲ

သည်နေရာမှာလည်း ပညာရှိစကားကို နားထောင်၍ ချမ်းသာရခြင်း၊ ပညာရှိတို့သည်သာ အမှန်တရားကို သိမြင်နိုင်သည် ဆိုသည့် အကြောင်းလေးကို ဇာတ်လေးတစ်ပုဒ်အနေဖြင့် အတုယူနိုင်ရန် တင်ပြလိုပါသည်။
တစ်ခါက ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်း ထီးနန်းအုပ်ချုပ် မင်းလုပ်နေချိန်ဖြစ်သည်။ ထိုစဉ်အခါ၌ ဘုရားအလောင်းသည် လှည်းကုန်သည်ဖြစ်ပြီး လှည်းငါးရာတို့ဖြင့် ကုန်သွယ်ခြင်းကို ပြုသည်။ တစ်ခါက သူတို့အဖွဲ့အနေဖြင့် တောအုပ်ကြီးတစ်ခုတွင် ရောက်ရှိသွားကြသည်။ အဲသည်တောအုပ်အနီးတွင် ရွာငယ်တစ်ခုကို တွေ့ရသည်။ ထိုရွာ၏ တံခါးဝတွင် ထူးဆန်းသည့် ကိံဖလ ဆိုသည့် အပင်တစ်ပင် ရှိသည်။ ထိုပင်သည် သရက်ပင်နှင့် တူသလို အသီး၏ အနံ့နှင့် အရသာများသည်လည်း သရက်သီးအတိုင်းပင် ဖြစ်သည်။ သို့သော်အထူးဆန်းဆုံးက သည်အသီးကို စားမိသူအား လတ်တလော သေစေနိုင်ခြင်းဖြစ်သည်။
တောအုပ်ကြီးအဝရှိ ရွာငယ်မှ ရွာသားများသည် ထိုအပင်ကို မှီပြီး စီးပွားဖြစ်နေကြသည်။ ယခင်က အချို့သော ခရီး သွားများသည် ထိုအပင်မှ အသီးကို သရက်သီးအမှတ်ဖြင့် စားပြီး သေဆုံးခဲ့ကြဖူးသည်။ ဒါကို အကြောင်းပြုပြီး ကျန်ရှိခဲ့သည့် လှည်း၊ နွား၊ ကုန် စသော ဥစ္စာပစ္စည်းများကို ရွာသားများ ရရှိနေကျဖြစ်သည်။ ယခုလှည်းအဖွဲ့ရောက်လာသည်ကိုလည်း ရှေ့အတိုင်း ထင်ထားခဲ့ကြသည်။ နံနက်အရုဏ်ရောက်လျှင် ပစ္စည်းများကို ကောက်ယူရန် ရောက်လာကြသည်။ သို့သော်သည်အဖွဲ့အနေဖြင့် သူတို့ထင်သည့်အတိုင်းမဟုတ်ဘဲ အားလုံးကျန်းကျန်းမာမာရှိနေကြသည်ကို တွေ့ကြရသည်။ ရွာသားများသည် လှည်းမှူးကြီးအား ''ဒီအပင်ဟာ အဆိပ်ပင်ဖြစ်ကြောင်း ဘယ်လိုသိသလဲ'' ဆိုသည့် မေးခွန်းကို မေးကြသည်။ ''ငါ့အနေနဲ့ကတော့ အဆိပ်ပင်ဖြစ်ကြောင်း အကြောင်းနှစ်ချက်ကြောင့် သိသည်'' ဟု ပြန်ဖြေလိုက်သည်။ အဲသည်အကြောင်းနှစ်ချက်ကတော့ ပထမဆုံးအနေဖြင့် သည်အပင်သည် နိမ့်နေပြီး ခူးဆွတ်သူ မရှိခြင်း၊ ဒုတိယတစ်ချက်ကတော့ ရွာနှင့် နီးသော်လည်း အသီးမျာြး>ွပတ်သိပ်နေခြင်းဆိုသည့် အကြောင်း နှစ်ချက်ကြောင့် ဖြစ်ပါသည်ဟု ပြောလိုက်သည်။ မှန်သည်။ ပညာရှိသည် အရာအားလုံးကို သိမြင်နားလည်သည်။ အရာရာကို ဝေဖန်ပိုင်းခြားနိုင်သည်။ သို့အတွက် လူပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ဒါသည် ပညာရှိကို ရရှိခြင်းကြောင့်ဖြစ်သည်။ တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတိုင်းမှာပဲ ဖြစ်ဖြစ် ပညာရှိရဖို့ အလွန်လိုအပ်ပါသည်။ ပညာရှိသူသည်သာလျှင် အရာရာကို ဝေဖန်ပိုင်းခြားသိမြင်နိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

No comments: