Monday, August 17, 2009

ဥပေက္ခာစစ်တမ်း

အနောက်တောင်ဆီသို့ ငေးမျှော်ကြည့်တော့ နံရံမဲ့ကမ္ဘာ၏ အူကြောင်ကြောင် စစ်တမ်းကို တွေ့ရှိ လိုက်ရသည်။ ဆန့်ထုတ်ကြည့်လိုက်သော အတွေးများသည် ကယ်ရီကေးချား ဆွဲထားသော ခွေးတစ်ကောင်ပုံလို ကိုးရို ကားယားနိုင်လွန်သည်။ ဦးဆောင်မှုနောက်သို့ ငန်းဘဲများ စီတန်းစွာ သွားနေ ခဲ့ကြသည်။ အမှောင် သန်းလာနေသော ညနေခင်း အပျို နုနုလေးကို အဓိပ္ပါယ်မဲ့စွာ တွေးကြောက်တတ်သော လူသားတစ်ယောက်၏ ဗီဇစိတ်ကို ထုတ်ဖော်လာခဲ့သည်။ ထူးထွေ ဆန်းပြားသော အဝါရောင် နုနုများသည် ကောက်ကြောင်းမျိုးစုံနှင့် နိမိတ်ပုံမျိုးစုံကို ပုံသွင်း သယ်ဆောင်လာခဲ့သည်။ အရ မတော်လေသော ခိုလှုံစရာ လွင်ပြင်သည် ကြယ်ဝန်းသည်။ သို့သော် လေးလံသည်။ အတ္တကို ကိုယ်စားပြုသည်။ ဥပေက္ခာ-ဟူသည် ဘုရားဟော ကျမ်းစာများအရ စစ်တမ်းထုတ်သော် ကောင်းသောအဓိပ္ပါယ်ကို ဆောင်ကျဉ်းခဲ့သော်လည်း၊ ထိုစကား၏ အရင်းအမြစ်ကို မသိဘဲ စကားလုံး အငှါးသုံးလျှက် စစ်တမ်းသဖွယ် ဖွင့်ဆိုခြင်းသည် ခေါင်းပါး လာသော ဗြဟ္မစိုရ်များ၏ အမှန်သရုပ်ကို ဖုံးကွယ်လိုက်ခြင်းပင်ဖြစ်သည်။

ရေပြင်ပေါ်သို့ အလိုက်သင့် မျောပါနေသော ဗေဒါပန်းများ၏ ဘဝသရုပ်ဖော်များကို ဗေဒါလမ်း ကဗျာများဖြင့် ဖွင့်ဆိုခဲ့ကြပြီး ဖြစ်သည်။ မသိစိတ်များဖြင့် စီးကျလာသော မျက်ရည်စများကို သုတ်ပစ် လိုက်မိသည်။ ငေးမော ကြည့်နေသော မြစ်၏ အသံမျိုးစုံ၊ အကမျိုးစုံ၊ အတီးမျိုးစုံ၊ သင်္ကေတမျိုးစုံသည် မြစ်၏ မာယာအောက် အသီးသီး ပျောက်ကွယ်သွားကြလေသည်။ ရင်ထဲ၌ စီးဆင်းနေသော ပရိဒေဝမျိုးစုံ၊ ခံစားမှု မျိုးစုံသည် တော်တော်နှင့် ပျောက်ပျက်သွားရန် လွယ်ကူ နိုင်လိမ့်မည်မဟုတ်ပေ။ သူစိမ်းဆန်နေသော လူသားမျိုးနွယ်စု အသိုင်းအဝိုင်းမှ ပေါက်ဖွား ကြီးပြင်းစ ပြုလာနေသော နေရောင်ခြည်တစ်မှုံသည် လောကကြီး၏ လစ်ဟာနေသော အမှောင်ကျ တစ်နေရာ၌ အလင်းရောင် မှုန်မှုန်ဝါးဝါးကို ဖြန့်ခငး ပေးနိုင်လိမ့်မည်။ သို့သော် ထိုရောင်ခြည် နုနုသည် ကမ္ဘာမြေပေါ်သို့ ကျ မလာသေးခင် မြူများ၊ နှင်းများ၊ အခိုးအငွေ့ မျိုးစုံးနှင့် မိခင်နေရောင်ခြည်၏ နွေးထွေးသော ရောင်ခြည်နုနုကို ကူးစက်ခွင့်မရ ဖြစ်နေခဲ့ရလေသည်။

မောင်မင်းစိုး (ရွှေနံ့သာ)

No comments: