Monday, August 17, 2009

ဂျစ်ပစီတစ်ယောက်၏ ရောက်တတ်ရာရာများ

မင်္ဂလာရှိသော တရားတော်နှင့်အတူ အရုဏ်ဦးကို မျက်နှာသစ်လိုက်ပါ။ မုန်တိုင်းပဲ ကြမ်းကြမ်း၊ မိုးပြင်းပဲကျကျ ၀မ်းတစ်ထွာကိစ္စကျွန်တော်တို့ ဖြေရှင်းကြရဦးမည်မဟုတ်လား။ ကုန်ဆုံးသွားခဲ့သောအချိန်များသည်ကား အဆင့်မြင့်သီချင်းအကြေအစများဖြင့်လည်းကောင်း၊ အဓိပါယ်မဲ့နေထိုင်ရခြင်းများဖြင့်လည်းကောင်း၊ စိတ်ပျက်ငြီးငွေ့ဖွယ်ရာများဖြင့်လည်းကောင်း ပြီးပြည့်စုံနေတော့၏။ စိတ္တဇမိုးမျှော်တိုက်ကြီး၏ လေဟာပြင်တွင် အချစ်နှင့်အတူ သီတင်းကျွတ်မီးပုံးလေးများကို ထွန်းညှိချင်မိသည်။ မီးပျက်သောညများတွင် သာတတ်သော လမင်း၏အလင်းရောင်လို သူ့အတွက် လိုအပ်နေသည့်အချိန်များမှာ ကျွန်တော်အလင်းပေးလိုသည်။ ၀ါးလုံးခေါင်းထဲသာသော လထက်စာရင် မီးပျက်ညမှာ သာသော လတစ်စင်းသာ အမှန်ဧကန်ဖြစ်ချင်၏။ မလိုလားအပ်သော ဒုက္ခအကျပ်အတည်းများ၏အဝေးဠ် အနုပညာကို ခံစားချင်သည်။ဖန်တီးချင်သည်။ ယခုမူကျွန်တော့်ခန္ဒာကိုယ်အတွင်း ခေါက်သိမ်းထားရသည်များမှာဒဏ်ရာအကျအရှုံးများသာ ဖြစ်နေသည်။
ရိုးရာဓလေ့သီတင်းကျွတ်ညများလို စိတ်ဓာတ်များကို အလှဆင်လို၏။ အသက်မွေးဝမ်းကျောင်း ပြုရွေ့ မရသော ကဗျာအနုပညာဖြင့် ကမ္ဘာလောကကို အလှဆင်လို၏။ ကျွန်တော့်နှလုံးသားကို ထိုးဆွနိုင် သော သီချင်းများ တွင် အဆိုတော်အယ်နောင်း၏ ဒုက္ခလမ်းမများ သီချင်းလည်းပါဝင်၏။ ခြေဆုပ်လက်နယ်မပြုစုလိုက်ရဘဲ ရုတ်တရက်ဆုံးရှုံးခဲ့ရသည့် ဖေဖေ့ကို ညအိပ်ရာဝင်ခါနီးတိုင်း ကျွန်တော်ရှိခိုးဦးချကန်တော့လေ့ရှိပါသည်။အနုပညာဖြင့် မိခင်ကို ကောင်းစွာ အလုပ်အကျွေးပြုနိုငသူတစ်ဦး ဖြစ်ရပါလို၏။ လူဆိုသည်မှာ ရသကို ခံစားတတ်ရမည်။ ပန်းလေးတွေကို ချစ်တတ်ရမည် မဟုတ်ပါလား။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုသည်မှာ လူသားထုတစ်ရပ်လုံးနှင့်သက်ဆိုင်သော တာဝန်ဖြစ်၏။ တစ်ယူသန် အတ္တများအတွက်ကိုယ်နေထိုင်ရာ ကမ္ဘာကြီးအား ဖျက်လိုဖျက်ဆီးမလုပ်သင့်ပေ။ကျွတ်ကျွတ်အိတ်များ၏အန္တရာယ်ကိုလည်း ဂရုတစိုက်ဖြေရှင်းသင့်ပေသည်။

အစွန်းရောက်မှု၊လီစယ်မှု၊လိမ်လည်မှု၊ အရှက်သိက္ခာမဲ့မှု၊နိုင်ထက်စီးနင်းမှု၊ တရားမျှတခြင်းကင်းမဲ့မှုများသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးအတွက် အဆိပ်အတောက်များသဖွယ် ဖြစ်သည်။ ငွေကြေးမတတ်နိုင်သောကြောင့် နေထိုင်မကောင်းဖြစ်မှာပင် တွေးကြောက်နေရသော ဘ၀မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏။ ဂျစ်ပစီဟုဆိုသော်လည်း ကျွန်တော်က လူရမ်းကားတော့မဟုတ်ပါ။အသိဥာဏ်ပညာသိမ်ဖျင်းကျဉ်းမြောင်းသူ မဟုတ်ပါ။အတွေးအခေါ်သေးငယ်နှေးကွေးသောသူ မဟုတ်ပါ။ သူရဲကောင်းတစ်ယောက်မဟုတ်သေးသလို သူရဲဘောကြောင်သူလည်းမဟုတ်ပါ။ ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး ကမျူး၏ မားဆိုးလို လူငယ်တစ်ယောက်လည်းမဟုတ်ပါ။ ကျွန်တော်ရင်ဆိုင်နေရသောအခြေအနေက မားဆိုးရင်ဆိုင်ခဲ့ရသော အခြေအနေထက် ပိုမိုဆိုးဝါးသည်ဟုတော့ တွေးတောမိပါသည်။ နျူကလီးယားပြသနာများကလည်း ကြီးမားစွာခြိမ်းခြောက်နေပေပြီ။ တကယ်ဆို လူသားတစ်ဦးချင်းစီ၏ အပြည့်အ၀ ကိုယ်ချင်းစာစိတ်တစ်ခုတည်းသာလျှင်ကမ္ဘာကြီးအသက်ရှည်ကျန်းမာနိုင်မည့်အခွင့်အလမ်းဖြစ်ကြောင်း ကျွန်တော်က လက်ခံယုံကြည်ထားမိပါသည်။

ဖိုးဆောင်း

No comments: