Tuesday, January 22, 2013

စာမျက်နှာတွေကိုကျော်ဖတ်လိုက်တဲ့အခါ ..



အခန်း(၁)
ပြကွက်တွေက နည်းနည်းမှိန်တယ် .. အလင်းအားမကောင်းဘူး .. မကြာခင် မိုးလင်းမယ်အထင်နဲ့
အရုဏ်ဦးပါတဲ့ ပန်းချီကားတစ်ချပ်ကို ဈေးကောင်းပေးမဝယ်ခဲ့မိသူလို .. နောင်တတွေ အားကောင်း ချိုလွင်နေခဲ့
ဘာ ဘာသာစကားနဲ့ ရေးထားမှန်းတောင် မသိမှတော့ စာကြွင်းစာကျမသိနိုင်သလို ဘာသာပြန်လည်း မှားနေလိမ့်မယ်
အဲဒီမှာ သတ္တိရှိရှိ ခဏ ရပ်ထားလိုက် တချို့ ခြေလှမ်းတွေမှာက နောက်ဆုတ်ရဲတဲ့ သတ္တိလိုတယ် ..


အခန်း(၄)
မပြောဖြစ်ပဲ မျိုသိပ်ထားတဲ့ စကားလုံးတွေက ဘဝမှာ ပိုပြီး ဆူညံ ပွက်လောရိုက်နေတတ်သတဲ့လား  ..
သိမ်းထားလိုက်တဲ့ အရောင်တွေကို အဖော်ပြုပြီး ဒိုင်ယာရီ တစ်ကြောင်းလောက်ရေး ကာလာတွေ အပျင်းပြေစပ် ..
ပြန်မတ်တပ်ရပ်လိုက်တဲ့အခါ  .. ထိုင်နေအကောင်းသားလို့ တွေးမိစေမယ့် ထီလက်မှတ်တွေ …ပြုတ်ကျလာမယ်
ခပ်ဟဟ ရယ်သံတချို့ကိုတော့ နည်းနည်း ခံနိုင်ရည်ရှိဖို့  လိုလိမ့်မယ် …

အခန်း(၆)
ကိုယ်သင်ပေးတဲ့ အကွက်နဲ့ ကိုယ့်ကို အရူးကွက်လာနင်းနေတာမျိုးလောက်ကို ခံရခက်မနေနဲ့ ရယ်ပစ်လိုက် …
စိတ်ရောဂါအထူးကု ဆေးရုံက လူနာစစ်မှန်ကြောင်းလက်မှတ်ကျ ခင်ဗျားလည်း လိုချင်တိုင်း ရနိုင်မှာမှ မဟုတ်ပဲ
တချို့ အလဲအထပ်တွေက အမြတ်မရှိပေမယ့် တချို့ကတော့ အရှုံးချည်း သက်သက်  …


အခန်း(၁၁)
နေကြာပွင့်တွေရဲ့ သန်းခေါင်ယံ မျှော်ငေးမှုဟာ သစ္စာတရားလား .. သံသရာလည်နေတဲ့ ဝဋ်ကြွေးလား ..
ဗန်ဂိုးရဲ့  အဝါတွေချယ်ထားတဲ့ ပန်းချီကားကိုတော့ သစ္စာတရားလို့ နာမည်တပ်ကြည့်လိုက်တယ် ..
ပြက္ခဒိန်တွေ လွင့်ကြွေရင့်ရော်သွားတဲ့ ကာလဟာ ဇာတ်ဝင်ခန်းတစ်ခန်းစာ ရှိခဲ့သလား ..(သံသယ)
စိတ်အာရုံတွေလွင့်တိုင်း စာမျက်နှာတွေကို ခပ်မြန်မြန် လှန်ဖတ်နေတတ်တာ စိတ္တဇတစ်ခုလို …

ဇာတ်သိမ်း
အလင်းပွင့်တွေ ငြိမ်သက်သွားတဲ့အခါကျတော့မှ အမှောင်နဲ့ စကားစမြည်ပြောခွင့်ရတော့တဲ့ သူတစ်ယောက်လို
အထိတ်တလန့် ပြိုကျလာတဲ့ ကျီးကန်းတွေကိုပဲ သိမှတ်မဲ့စိတ်နဲ့ အဝါရောင်တွေ လှမ်းခြယ်ပေးနေမိ  .. …
မျက်တောင်မခတ်တမ်း သတိလက်လွတ် ကြည့်လာခဲ့လျက်က ဘာတွေမှန်း မသိလိုက်တော့  … ..

မနော်ဟရီ
နိုဝင်ဘာ ၂၀၁၂ … ၂.၁.၂၀၁၃

No comments: