Friday, February 15, 2013

ဘ၀ကို ခပ်ပါးပါးလေး ပုတ်ကြည့်ခြင်း


တစ်ချိန်လုံး အလူးအလဲခံခဲ့ရတဲ့ ဒဏ်ရာများ နာကျင်မှုများ ဝေဒနာများ
အဆာများ အထာများ အရာများ ရှောရှောရှူရှူ လက်ထိုးအန်ချလိုက်တော့
အစိုင်အခဲတွေ တစ်တစ်ရစ်ရစ် တစ်တုံးပြီးတစ်တုံး ကြွေကျလာခဲ့တယ်
ဘ၀သံသရာ ရှည်လျား ထွေပြား မနေမနား တသွားတည်း သွားကြတဲ့အခါမှာ
နေရာတွေ ငွေသပြာတွေ ထွေလာတွေ ဖွေရှာလို့ အသေအချာ ရင်သပ်ရှုမောကြည့်တော့
တိမ်စိုင်ခဲတွေနဲ့အတူ မိုးပေါ်မှာ အပြာရောင် ကောက်ကြောင်းတွေက ရီးလေးခို ထီးကလေးစို
မပြီးသေးတဲ့ ငြီးငေးစရာတွေက ပိုပို ထိုထို လိုလို မျက်နှာပေါ်က သွေးကြောတွေက မျက်ဝန်းရဲ့
ငြင်းပယ်လို့မရတဲ့ အသွေးအရောင်တွေပါပဲ ကြည့်ပါ ရှုပါ တောင်ကမူမှာ ချိပ်ဆွဲထားတဲ့ ကာလာစုံ
စိတ်ဆန်းတွေက ရိပ်သိမ်းချိန်အတွက် လမ်းပြဖြစ်လိမ့်မယ် နောက်တစ်ရက် နောက်တစ်လ နောက်တစ်နှစ်ဆိုသလို
နောက်တွေက စိတ်နောက်ခြင်း အာရုံနောက်ခြင်း နောက်ပြောင်ခြင်းတွေနဲ့ ထပ်မလာချင်တော့တဲ့ နောက်ဘ၀အတွက်
နောက်တစ်ခုကို ချရေးလိုက်တော့ နောက်ကြောင်းမပြန်ခြင်းဟာ အကောင်းဆုံး
ဆုံးပါးသွားတဲ့ အလွမ်းတွေနဲ့ ရယ်ဖွယ်မဖွဲ့ချင်တော့ပေမယ့် အလွမ်းဓာတ်ခံကောင်းတဲ့ လူတစ်ယောက်အတွက်တော့
ခရီးရောက်မဆိုက် လွမ်းမိုးတွေ ရွာချမိတယ် တစ်ခါတလေတော့လည်း လွမ်းမိပါတယ် သီချင်းကို ငြီးတွားရင်း
ဆိုက်ရောက်လာမယ့် တောင်ကမ်းပါးထိပ်မှာ လက်ကလေးပြလို့ နှုတ်ဆက်နေတဲ့ နေ၀န်းနီနီကြီးရဲ့
နှုတ်ဆက်သီချင်းဟာ နောက်တစ်ခေါက်လောက် လည်ပြန်ငေးစေပြန်တယ်
အမေရယ်၊ တကယ်တော့ လောကကြီးက လူသူလေးပါး ပေါက်ရောက်လာတဲ့ တောအုပ်ကြီးတစ်ခုရယ်ပါ
မောရတယ်၊ ကြောရတယ်၊ လောရတယ်၊ ဖောရတယ်၊ ပြောစရာတွေလည်း မပြီးဆုံးပါဘူး
ထားလိုက်တော့မယ်ဆိုတော့ စောဘဂ၀ါဘုန်းရဲ့ နှုတ်မြွတ်သံက
“အပ္ပမာဒေထ သမ္ပာဒေထ“တဲ့ ကိုယ့်ဘ၀ကို မမေ့နဲ့တဲ့ ဒါကို ကျုပ်တို့ မောင်ချောနွယ်က
ကိုယ့်ဒဏ်ရာကို မမေ့နဲ့တဲ့လေ၊ မမေ့နိုင်တဲ့ ဘ၀သံသရာမှာ ၀ဲလည်နေရတဲ့ ဘ၀အမောတွေက
မပြီးဆုံးနိုင်၊ ခရီးဆုံးမရောက်သေးသမျှတော့
ဒီလိုလေဒ ဘ၀ကို ခပ်ပါးပါးလေး ပုတ်ပုတ်ကြည့်မိတယ်။

မောင်မင်းစိုး

No comments: