Friday, February 15, 2013

သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာ(၄)


    ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီစ ပါပကန္တိ။
    သူတော်ကောင်းဆိုရင် ကုသိုလ်ကောင်းမှုကို ပြုလုပ်ပြီး၊ သူယုတ်မာဆိုရင်တော့ မကောင်းမှုကို ပြုလုပ်တတ်တယ်။
    မှန်ပါတယ်။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူဟာ မိမိရဲ့ စိတ်ဓာတ်မြင့်မြတ်မှုကို ထုတ်ပြရာမှာ ကောင်းတဲ့လုပ်ရပ်နဲ့ ဘဝကို ပုံဖော်တတ်ပြီး။ သူယုတ်မာကတော့ မကောင်းတဲ့ လုပ်ရပ်နဲ့ မိမိရဲ့ဘဝကို ပုံဖော်မှာဖြစ်ပါတယ်။ အခုတလောမှာတော့ လူမှုရေးလုပ်ငန်းနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ အားပေးကူညီနေတဲ့ Miss Internation 2012  ပြိုင်ပွဲကနေ မြန်မာတွေရဲ့ စိတ်နှလုံးကို ဖမ်းစားထားတဲ့ တိုင်းပြည်ချစ်တော်လေး နန်းခင်ဇေယျာရဲ့ သတင်းလေးတွေ၊ လုပ်ဆောင်ချက်လေးတွေဟာ နေရာအတော်များများမှာ တွေ့လိုက်ရပါတယ်။ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှုနဲ့ သေသပ်လှပစွာ ဝတ်ဆင်ထားပြီး နာရေးကူ ညီမှုအသင်း(ရန်ကုန်)မှာ အချိန်ပိုင်းအဖြစ် ကူညီပေးနေတဲ့ သူရဲ့ပုံရိပ်တွေဟာ အတော်လေးကို ကျက်သရေရှိလှပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဆင်ခြင်ဖွယ်ရာထက် အတုယူဖွယ်ရာ သတင်းလေးကို ဦးစွာတင်ပြလိုပါတယ်။ ဒါဟာ သူတော်ကောင်းတစ်ယောက် ရဲ့ လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းမျိုးဆိုတာတွေဟာ ဟိုယခင်ကဆို အတိတ်နိမိတ်မကောင်းတာတို့၊ ကျက်သရေ မရှိတဲ့ လုပ်ငန်းဆိုပြီး အယူသီးစွာနဲ့ ခါးခါးသီးသီး ငြင်းပယ်ရင်း နိုင်ငံကျော်သရုပ်ဆောင်မင်းသား ဦးကျော်သူကြီးကိုယ်တိုင် အခြားသော အနုပညာသည်များရဲ့ နှာခေါင်းရှုံ့မှုမျိုး၊ ကျက်သရေးမရှိသူစသဖြင့် ငြင်းပယ်မှုကို ခံခဲ့ရသူဖြစ်ခဲ့ပါတယ်။
    မည်သို့ဆိုစေ သူတော်ကောင်းမှန်ရင်တော့ သူတော်ကောင်းအလုပ်ကို လုပ်ဆောင်မှာဖြစ်ပါတယ်။ အခုလည်း သူတော်ကောင်း မလေးအဖြစ် နန်းခင်ဇေယျာဟာလည်း သူတတ်နိုင်တဲ့ဘက်ကနေ ကူညီတဲ့အနေနဲ့ ဒီလိုနာရေးကူညီမှုလို ပရဟိတလုပ်ငန်းတွေမှာ တွေ့လာရတော့ လူငယ်များအနေနဲ့ အတုယူရမဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကောင်းတာလုပ်ဖို့ထက် အစပြုခြင်းသည် ဘယ်သော အခါမှ စောသည်ဟု မထင်ရဆိုသလိုပါပဲ ကောင်းတာလုပ်ဖို့ဆိုတာတွေကို တွန့်ဆုတ်မနေဘဲ ရှေ့ကနေမားမားမတ်မတ်ရပ်တည်ကြ ပြီး လုပ်ဆောင်နိုင်တာတွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ သူတော်ကောင်းလုပ်ရပ်ဆိုတာ ကြီး၊ ငယ်မရွေးပါဘူး။ လူသားအားလုံးက လက်ခံတဲ့လုပ်ရပ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်စွမ်းဆောင်နိုင်တာတွေကို ဦးစားပေးပြီး ပရဟိတလုပ်ငန်းကို အကောင် အထည်ဖော်ရင်း မိမိတို့ရဲ့ ဘဝများကို သူတော်ကောင်းစိတ်ကလေးတွေနဲ့ ပုံဖော်ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နန်းခင်ဇေယျာ တွေများစွာ ထွက်ပေါ်လာဖို့ အတုယူဖွယ်ရာအဖြစ် တင်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။
    သူတော်ကောင်းဆိုတာ သူတော်ကောင်း အလုပ်ကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူတော်ကောင်းဆိုတာတွေလည်း များစွာလိုအပ်နေပါတယ်။ အထူးသဖြင့်တော့ လုပ်ဆောင်ရမဲ့ လုပ်ငန်းဆောင်တာတွေကလည်း များပြားစွာ တည်ရှိနေပါတယ်။ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ကူညီပါဝင်ဆောင်ရွက်နိုင်ဖို့ မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။
    ခတ္တိယာ စ နာမ ဗဟုမာယာ၊
    မနုဿာ နာမ ဗဟုမာယာ၊
    ဘိက္ခူ နာမ မုဒုဟဒယာ-ဆိုပြီး အဌကထာဆရာဖွင့်ပြမှုကို သတိရမိပါတယ်။ မင်းတို့၊ လူတို့မည်သည် မာယာအလွန် များပြားတယ်။ ရဟန်းတို့မည်သည် နှလုံးသားပျော့ပြောင်းတယ်လို့ ဆိုပါတယ်။ သတင်းများကပြောတဲ့ ဆင်ခြင်ဖွယ်ရာအဖြစ်ပဲ ထုတ်ပြခြင်းဖြစ်တဲ့အတွက် အားလုံးဆင်ခြင်နိုင်ဖို့ နောက်ထပ်သတင်းကိုလည်း လူတိုင်းသိပြီးဖြစ်သော်လည်း ထုတ်ဆောင်ပြချင်ပါ တယ်။ ဒါကတော့ အထူးအထွေမဟုတ်ပါဘူး။ သတင်းအနေနဲ့ အားလုံးသိပြီးလို့ အထူးအထွေမဟုတ်ဘူးဆိုပေမယ့် အဖြစ်အပျက် ကတော့ အလွန်မှပဲထူးထွေ ဆန်းပြားလှပါတယ်။ လောလောလတ်လတ်မှာတော့ ထိပ်ဆုံးရောက်နေတဲ့ သတင်းဆိုတော့ အားလုံး သိပြီးဖြစ်တဲ့ လက်ပံတောင်းတောင် ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကိုမင်းကိုနိုင်က သူရဲ့ရင်ထဲကို နင့်နေအောင် ထိခိုက်ခံစား သွားရတဲ့ အဖြေလေးဆိုပြီး ဂျာနယ်တစ်စောင်ရဲ့ မျက်နှာဖုံးမှာ တွေ့လိုက်ရပါတယ်။
    - ဦးဇင်း ဘယ်လိုခံစားနေရပါသလဲဘုရား။
    - ကျုပ် ဘယ်လိုခံစားနေရလဲဆိုတော့ ဒကာကြီး ကျုပ်အမြန်ဆုံးသေချင်တာပဲ။ ဆက်မခံစားချင်တော့ဘူး။ ဆိုတဲ့အမေး အဖြေလေးပဲ ဖြစ်ပါတယ်။ အထက်ကပြောခဲ့သလို မင်းတို့၊ လူတို့ဆိုတာ အလွန်မှ မာယာများပါတယ်။ ရဟန်းတွေကတော့ အလွန်မှပဲ စိတ်နှလုံးနူးညံ့ကြပါတယ်။ ဒီဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် ဒါဟာ နိုင်ငံရေးမဟုတ်ပါဘူး။ အမျိုးသားရေး၊ သဘာဝပတ် ဝန်းကျင်အရေးဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးလူမဆန်စွာ နှိမ်နင်းဖြိုခွဲမှုဟာ အတော်လေးကို လူသားမဆန်တဲ့ တုန့်ပြန်မှုဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာက ဘယ်လိုလာမယ်ဆိုတာ မသိသေးပေမယ့် ဒါဟာ အစိုးရအဖွဲ့အတွက် နောက်ထပ်စိန်ခေါ်မှု တစ်ရပ်ဖြစ်သွားပါပြီ။ ဒါကိုတော့ နိုင်ငံရေးဆန်တယ်ဆိုရင် ခဏထားလိုက်ပါ။ အဓိကပြောချင်တာကတော့ လူသားမဆန်မှုကို ပြောချင်ပါတယ်။ ဒီလုပ်ရပ်အတွက် ဘယ်သူ့ရဲ့ခိုင်းစေမှုဆိုတာ အခုအထိ ဘယ်သူကမှ ထုတ်ဖော်ဝန်ခံထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဒီလုပ်ရပ်ဟာ တာဝန်ရှိသူတွေအနေနဲ့ အရေးစိုက်ဖို့ လိုအပ်ပါတယ်။
    မင်းတို့၊ လူတို့ဆိုတာ မာယာများတယ်။ ဟုတ်ပါတယ်။ ဒီကိစ္စမှာလည်း မင်းနဲ့လည်းဆိုင်ပါတယ်။ ဘာဖြစ်လို့လည်း ကိုယ် ဦးဆောင်ပြီး နိုင်ငံရဲ့အရွေ့တစ်ခုကို သွားနေချိန်မှာ ဒါမျိုးတွေဖြစ်တယ်ဆိုတာ မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ ကျူးလွန်သူများကို ထိရောက်စွာအရေးယူဖို့တော့ လိုအပ်ပါလိမ့်မယ်။ အမြန်ဆုံးလည်း ဖော်ထုတ်နိုင်ဖို့ လိုအပ် ပါတယ်။ မင်းတို့ရဲ့ မာယာများမှုမျိုး မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။
    မနုဿာ နာမ ဗဟုမာယာ-လူတို့မည်သည် မာယာများကုန်၏လို့ ဆိုပါတယ်။ ဒါဟာ လောကီလူသားတွေရဲ့ အရေးလို့ ဆိုရပေမယ့် နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ရဟန်း ရှင်လူများ အားလုံးနဲ့ဆိုင်ပါတယ်။ ခုနကပြောသလို ဒါဟာ အမျိုးသားရေး၊ သဘာဝပတ်ဝန်းကျင်အရေး ဖြစ်နေလို့ပါပဲ။ ဒီနေရာမှာတော့ လူတို့ဆိုတာ ဦးပိုင်နဲ့ ဝမ်ပေါင်တို့ကို ဆိုလိုပါတယ်။ အရင်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အသက်ဝင်နေတယ်ဆိုရင် ဆက်လုပ်မှာပဲဆိုတဲ့ ဆင်ခြေလောက်နဲ့တော့ ဒီလိုအခြေအနေမျိုးမှာ ထင်ရာ စိုင်းဝါဒကို ဆုပ်ကိုင်ထားလို့ မဖြစ်တော့ပါဘူး။ ဒါကို အမျိုးသားရေး၊ သဘာဝပတ်ဝန်းကျင်အရေးကို အခြေခံပြီး ဘာသာရေးမှာလည်း အထင်ကရနေရာအဖြစ် လယ်တီဆရာတော်ကြီးရဲ့ အရေးကို အခြေခံတာဟာ နိုင်ငံရေးမဟုတ်ပါဘူး။ ဆိုလိုတာကတော့ နိုင်ငံရေး ဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အရေးမှန်သမျှဟာ နိုင်ငံရေးဆိုပေမယ့် ရဟန်းတော်များဟာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သပိတ်စခန်းဆင်နွဲတာဟာ တိုက်ရိုက်နိုင်ငံရေးအဖြစ် မထည့်သွင်းချင်ပါဘူး။ ဒါပေမယ့်လည်း နိုင်ငံရေးအဖြစ် ထည့်စဉ်းစားမယ် ဆိုရင်လည်း ဒီနိုင်ငံရေးမျိုးဟာ လုပ်ဆောင်သင့်တယ်လို့ပဲ သဘောထားပါတယ်။ ဒါကတော့ မိမိတစ်ဦးရဲ့ အမြင်ပါ။ ဘုရားရှင်က လည်း ဝိနည်းဥပဒေအဖြစ် ဆန္ဒပြသင့်ရင်ပြဖို့ ပတ္တနိကုဇ္ဇကံဆိုတာ ဟောထားတာရှိပါတယ်။ ပညတ်ထားတာရှိပါတယ်။ ဒီနေရာမှာ လယ်တီဆရာတော်ရဲ့ အရေးကို လျစ်လျူရှုထားလို့မရပါဘူး။ ဆိုတော့ အထူးသဖြင့်ပြောချင်တာကတော့ နူးညံ့တဲ့စိတ်ထားတွေနဲ့ လုပ်ဆောင်သင့်တာကို လုပ်ဆောင်နေတဲ့ ရဟန်းတော်များကို လူမဆန်ဘဲ အတင်းအဓမ္မဖြိုးခွင်းလိုက်တာဟာ ကြားလို့မှမတော်ပါ ဘူး။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေကို နောက်နောင်မဖြစ်စေဖို့ ဒီသတင်းလေးကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။ ဆင်ခြင်ဖွယ် ရာအဖြစ်၊ သင်္ခန်းစာယူစရာအဖြစ် လောလောလတ်လတ်အရေးလေးကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
    အထက်အောက်ဆိုတဲ့ နေရာမှာ အထက်က လူကတစ်မျိုး အောက်က လူကတစ်မျိုးဆိုရင်တော့ နောက်ဆုံး အားလုံးဒုက္ခ ရောက်သွားနိုင်ပါတယ်။ အထက်ကမခိုင်းဘဲ အောက်ကလုပ်တာလား။ သို့မဟုတ်ရင် အထက်ကပဲ တကယ်ခိုင်းစေတာလား ဘာမှ မရေးရာသေးတဲ့ ပြဿနာမြစ်ပွားနာကြီးပါပဲ။ ဒီနေရာမှာတော့ ပုံပြင်လေးတစ်ပုဒ်ကို ပြောပြလိုပါတယ်။
    '' တစ်ခါက မြွေအမြီးဟာ သူရဲ့ဦးခေါင်းနဲ့ ရန်ဖြစ်နေခဲ့တယ်။ အမြီးက “မင်းဦးဆောင်နေတာကြာပြီ၊ ဒီတစ်ခါ မင်းကိုငါ ဦးဆောင်ရမယ့် အလှည့်ပဲလို့ ပြောပါတယ်။ ဦးခေါင်းကလည်း “ ငါသာ ဦးဆောင်သင့်တယ်။ ငါ့မှာ မျက်စိနှင့် ပါးစပ်ရှိတယ် လို့  ပြန်ပြောပါတယ်။
    အမြီးကလည်း “ မင်းရွေ့လျောသွားနိုင်ဖို့ ငါ့ကို လိုတယ်။ ငါမရှိရင် မင်းဘယ်ကိုမှ သွားလို့မရဘူးဆိုပြီး ပြောပြန်တယ်။
အဲဒီနောက် အမြီးဟာ သစ်ကိုင်းတစ်ခုကို ဖမ်းဆွဲရစ်ပတ်ပြီး မလွှတ်ဘဲထားလိုက်တယ်။ ဦးခေါင်းက အလျှော့ပေးလိုက်ပြီး အမြီးကို
ဦးဆောင်စေတယ်။ ဒါပေမယ့် မြွေဦးခေါင်းဟာ အမြီးကို မကူညီလိုဘူး။ ဒါကြောင့် အမြီးဟာ ဘယ်ကိုသွားနေတယ်ဆိုတာကို မမြင်ဘူး။ အဲဒီနောက်မှာတော့ မြွေဟာ မီးတွင်းထဲသို့ ပြုတ်ကျပြီး မီးလောင်သေဆုံး သွားခဲ့ပါတယ်'' ဒီနေရာမှာ အထူးပဲဆင်ခြင် ဖွယ်ရာ ပုံပြင်လေးဖြစ်ပါတယ်။ လုပ်ချင်တာကို အတင်းရမ်းပြီး လုပ်မယ်ဆိုရင်တော့ မထင်မှတ်ဘဲ အားလုံးသေတွင်းထဲ ထိုးကျ သွားနိုင်ပါတယ်။ တချို့ကိစ္စတွေမှာ အထက်မခိုင်းဘဲ၊ သို့မဟုတ် အထက်နဲ့အောက် မသင့်မြတ်ဘဲ လုပ်ဆောင်နေမယ်ဆိုရင်တော့ ဒီလိုပဲ ဒုက္ခလှလှတွေ့ရနိုင်ပါတယ်။ ဆင်ခြင်နိုင်ပါစေ။
    နောက်သတင်းတစ်ပုဒ်ကတော့ အနုပညာသမားအချင်းချင်း ပြောရတာဆိုတော့ မကောင်းလှပါဘူး။ ဒါပေမယ့် ပြောစရာ ရှိတာကိုတော့ ပြောရမှာပဲပေါ့။ ပြောသင့်တာကို မပြောရင် လူမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ပြောဖို့ဝန်လေးနေပေမယ့် ပြောပြချင်သေးတဲ့ သတင်းတစ်ပုဒ်ကတော့ ရန်ကုန်မြို့နေရာအနှံ့အပြား လူမြင်ကွင်းတွေမှာ Graffiti   ရေးဆွဲတာတွေနဲ့ ပတ်သက် ပြီးတော့ ပြောချင်ပါတယ်။ တချို့ကတော့ ဒါကိုလက်ခံပါတယ်။ တချို့ကတော့လည်း လက်မခံနိုင်ကြပါဘူး။ အဲဒီနှစ်မျိုးထဲမှာတော့ လက်မခံနိုင်တဲ့ဘက်ကနေ ရပ်တည်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာလည်း မလုပ်သင့်တာတွေကို လုပ်ဆောင်လို့လို့ သာမန်ပြောလိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာအနုပညာပဲ ဖန်းတီမှုပဲဆိုပြီး အနုပညာကို ဘယ်လိုပုံဖော်ဖော် လက်ခံရမှာ ပဲဆိုတာ မဖြစ်သင့်ဘူး။ ဒါမျိုးတွေကို အရေးမယူဘူးဆိုရင်တော့ တံတိုင်းရှိသမျှဟာ ဒီလိုလူတွေရဲ့ စိတ်ကြိုက်ရေးဆွဲမှုနဲ့ ဖြစ်ချင် တိုင်းဖြစ်ပြီး ညစ်ပတ်နေတော့မှာ ဖြစ်ပါတယ်။ အနုပညာတိုင်းရဲ့ လွတ်လပ်မှုဆိုတာ လူသားဆန်တယ်လားဆိုတာ စဉ်းစားရမယ့် အချက်ပဲဖြစ်ပါတယ်။ အနုပညာတိုင်းလက်ခံမယ်ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ မဆီလျော်တဲ့ ပုံတွေဟာ လူမြင်ကွင်းတွေမှာ လွှမ်းမိုးလာမယ်ဆိုရင် လက်ခံကြမလား။ ဒါကို လျစ်လျူရှုထားလို့တော့ မဖြစ်ဘူး။ ဒီလိုတာ လျစ်လျူရှုထားမယ်ဆိုရင်တော့ ဘုရား ကျောင်းကန်တွေအထိ တက်မလာနိုင်ဘူးဆိုတာ ဘယ်သူကတာဝန်ခံမှာလဲ။ ဒီလိုအနုပညာသည်တိုင်းဟာ ဗုဒ္ဓဘာသာတွေချည်းပဲ လား။ အခြားဘာသာဝင်တွေကော မပါနိုင်ဘူး။ မဖြစ်နိုင်ပါဘူးဆိုတဲ့ သာမညအပြောလောက်နဲ့တော့ အနုပညာပဲဆိုတဲ့အနေနဲ့ လက်ခံသင့်သလား။ စဉ်းစားပါ။ မိမိလည်း အနုပညာသမားတစ်ယောက်ပါ။ ဒါကို ကန့်ကွက်ခြင်းကြောင့် အနုပညာသည်မဟုတ် တော့ဘူးလား။
    ဒီတော့ ရပ်တန်းကရပ်ကြဖို့ လိုအပ်ပါတယ်။ ဟုတ်ပြီ ဒီလိုရပ်စေချင်ရင် ဘာလုပ်ပေးရမှာလည်း။ နေရာသတ်မှတ်ပေးဖို့ သူတို့တောင်းဆိုနေတယ်။ ဖြစ်နိုင်ရင် လိုက်လျောပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဆိုဘယ်နေရာတွေမှာ သွားဆွဲရမှာလည်း အများအတွက် အနှောက်အယှက်မဖြစ်တဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ဆိုင်တဲ့ နေရာမှာ ရေးဆွဲပေါ့။ နေရာမရှိဘူးဆိုရင်ရော။ မရေးဆွဲနဲ့ပေါ့။ ဒီလိုပဲ ပြောဆို ချင်ပါတယ်။ ဘယ်သူ့ကိုမှ စော်ကားလို့ ဒီလို ခါးခါးသီးသီး ငြင်းပယ်နေတာ မဟုတ်ပါဘူး။ ကိုယ့်နဲ့သိကျွမ်းတဲ့ လူတွေလည်း တစ်ယောက်မှ မပါသလို၊ ကိုယ်နဲ့ မသင့်မြတ်တဲ့လူလည်း တစ်ယောက်မှ မပါပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှု၊ ဘာသာရေးကိုပဲ မြင် ယောင်ပြီး ဒါမျိုးတွေကို မလုပ်ဆောင်သင့်ကြောင့် ကိုယ့်အမြင်ကိုသာ ရေးပြလိုက်ခြင်းဖြစ်ပါတယ်။ လက်ခံ၊ မခံကတော့ သူတို့အရေး ပြောရမှာက ကိုယ့်အရေး။ ဒီလိုမတူညီတဲ့ အမြင်ဟာလည်း လှပတဲ့အနုပညာပါပဲ။
မောင်မင်းစိုး
(စတိုင်သစ်မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂ဝ၁၃)

No comments: