Friday, December 12, 2008

ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ (၅)



ညီလေး၊ ညီမလေးတို့ရေ……

မမြင်နိုင်တဲ့ အနာဂတ်ဆိုတာကြီးကို တမ်းတပြီး ပင်ပန်းဆင်းရဲမှုဆိုတာတွေဟာ တစ်ခါတစ်လေ ၀င်လာ တတ်တယ်။ ကြိုတင်မှမမြင်ရပဲ။ ဒါကိုတွေးပြီး စိတ်ပျက်နေယုံနဲ့တော့ အလုပ်မဖြစ်သေးဘူး။ လျှောက်ရမယ့်လမ်း တွေ အဝေးကြီးလိုသေးတယ်။ ကြုံတွေ့ရဦးမယ် လောကဓံလှလှတွေကိုလည်း နဖူးတွေ့ဒူးတွေ့ဆိုသလို ရင်ဆိုင်ရ ဦးမယ်မဟုတ်လား။ ခေတ်သစ်တက္ကနိုလော်ဂျီတွေကတော့ သိကြတဲ့အတိုင်း အရမ်းကိုတိုးတက်လွန်းနေတယ်။ ဒါကိုလိုက်နိုင်ဖို့ကတော့ ဒီတိုင်းထိုင်နေယုံနဲ့တော့ ဖြစ်မယ်မထင်ဘူး။ လေ့လာစရာ၊ သင်ယူစရာတွေကတော့ တော် တော်များတယ်။ မလိုက်နိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျနေယုံနဲ့တော့ အလုပ်မဖြစ်ဘူးပေါ့။ ဒီတော့ကွာ ဟိုတစ်ပတ် ကပြောခဲ့သလို မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးကိုခေါင်းထဲထည့်ပြီး လက်မှိုင်ချတာမျိုးနဲ့ အရှုံးပေးသွားတာမျိုးကိုတော့ မလိုချင်ဘူး။ လုပ်တော့လုပ်ကြည့်၊လိုက်တော့လိုက်ကြည့်ပေါ့။ လုံးဝမဖြစ်နိုင်တော့မှ အရှုံးပေးသွားရင် မဖြစ်နိုင်ခြင်း ရဲ့ ဇာစ်မြစ်ကိုလိုက်ကြည့်သင့်တယ်။ အဲဒီထဲ့ကနေ ဘယ်လိုသင်္ခန်းစာတွေ ယူရမလည်းဆိုတာတွေ ထည့်စဉ်း စားပြီး ရှောင်သင့်တာရှောင်၊ဆောင်သင့်တာဆောင်ဖို့ မှာချင်တာပါ။

နပိုလီယံဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးကတော့ မဖြစ်နိုင်ဘူးဆိုတာ ငါ့အဘိဓမ္မာမရှိဘူးတဲ့လေ။ ဆိုလိုတာက မဖြစ် သေးတာပဲ ရှိတယ်လို့ဆိုလိုတယ်။ ဒီစကားကိုတော့ အကိုတော့တော်တော်လေးကို ကြိုက်တယ်။ ဒါပေမယ့် ရေ လိုက်ငါးလိုက်တော့ မလွဲစေဖို့လိုတယ်။ ဟုတ်တယ် အဲဒီလိုမဟုတ်ဘဲနဲ့ သူ့လိုစစ်ကိုဆာလောင်နေပြီး လိုက်တိုက် ခိုက်နေယုံနဲ့တော့ သူ့အယူအဆကိုတော့ လက်ခံလို့မဖြစ်ဘူး။ ဒီတော့ ကိုယ်က ဒီစကားလုံးကို အားကျနေပေမယ့် သူ့လို မကောင်းတဲ့ဘက်မှာ မဖြစ်နိုင်တာမရှိဆိုတာမျိုးတော့ ရှောင်ပေါ့။ ကိုယ်နဲ့တော်မယ့် ၊ကိုယ်နဲ့အံဝင်ခွင်ကျ ဖြစ်မဲ့ အလုပ်မျိုးကို လုပ်တော့မယ်ဆိုပါတော့ အဲဒီလိုအလုပ်မျိုး လုပ်တော့မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိစေရဘူး ဆိုပြီး လက်ခံထားရင်း ရှေ့ကိုဆက်လျှောက်ရဲတဲ့ သတ္တိတွေမွေးဖို့ မှာချင်တာပါ။

မနေ့က ရောက်လာတဲ့ ညီလေး၊ညီမလေးတို့ရဲ့ စာထဲမှာရေးရေးလေး ရေးပြထားတဲ့ စာလေးတွေကို ဖတ် ပြီး အကိုသိပ်ပြီး အားမရဘူး။ မရောက်သေးတဲ့ အနာဂတ်ဆိုတာကြီးကို မရင်ဆိုင်ရဲသလိုလို ဖြစ်နေတယ်လို့ နောက်ဆုံးကောက်ချက်ချလိုက်တယ်။ အကို့အနေနဲ့တော့ ဒီစကားမျိုး၊အပြုအမူမျိုး၊စိတ်ဓာတ်မျိုးကိုတော့ အားမ ပေးချင်ဘူး။ မဖြစ်နိုင်သေးတဲ့၊မမြင်ရသေးတဲ့ အနာဂတ်ကိုတွေးပြီးကြောက်နေတာဟာ လူပျော့လူညံ့တွေရဲ့ အလုပ် လို့ အကိုတော့ထင်တယ်။ မင်းတို့ကတော့ အမေမရှိတော့တယ့်နောက်ပိုင်း ဘာလုပ်ကြမလဲတဲ့ ။ အခုလောလော ဆယ်တော့ အမေရှိနေတာပဲ သူ့ကိုအစွမ်းကုန် ဖြည့်ဆီးပေးပေါ့။ နောက်တစ်ခုက အမေမရှိတော့တဲ့နောက်ပိုင်း ဆို တာ ရောက်မှမလာသေးတာပဲ ။ ဒါကိုတွေးပြီးကြောက်နေလို့ကတော့ နေဖို့တောင်မကောင်းတော့ဘူးကွာ။ မင်းတို့ ဒီ လောက်တော့ သတ္တိမနည်းပါဘူးဆိုတာ အကိုယုံကြည်ပါတယ်။

ဒီတော့ လုပ်စရာတွေကတော့ အများကြီးပဲ ဆီးကြို နေတယ်။ ဘာတွေလုပ်သင့်တယ် ဆိုတာ စဉ်းစားပြီး လုပ်ကြရမှာပေါ့။ အခုတော့ အဲဒါကြီးကို မေ့ဖျောက်ထားလိုက် ပါဦး။ စာမေးပွဲလည်း နီးလာပြီဆိုတော့ စာကြိုးစားဖို့က အဓိကပေါ့။ အဲဒါကိုပဲလုပ်ပါ။ ဒါနဲ့ အကြောင်းအရာ၊ အဖြစ်
အပျက်လေးတစ်ခုကို ပြောပြလိုက်ဦးမယ်။

ဧကရာဇ်မင်းဖြစ်တဲ့လူက ပညာရှိဖြစ်တဲ့ ရက်ဘီကို တစ်ခါက ဒီလိုပြောခဲ့တယ်။ “ မင်းတို့ရဲ့ ဘုရားသခင် ကို ငါသာမြင်ရရင် တော်တော်ဝမ်းမြောက်မိမှာပဲ” ဒီတော့ ရက်ဘီက ပြန်ပြောတယ်။

“ ဒီကိစ္စဟာ မဖြစ်နိုင်ပါဘူး အရှင်မင်းမြတ်” ဒါနဲ့ ဘုရင်က …
“ မဖြစ်နိုင်ဘူး ဟုတ်လား။ ဒါဆိုရင် ကျုပ်က မမြင်တောင်မမြင်ဖူးတဲ့ လူတစ်ယောက်ဆီမှာ ကျုပ်ဘ၀တစ်ခု လုံးကို ဘယ်လိုလုပ် အပ်နှံရမှာလဲ ” ဆိုတော့ ရက်ဘီက
“ အရှင်မင်းကြီးရဲ့ အိတ်ထဲမှာ ထည့်ထားတဲ့ မိဖုရားကြီးရဲ့ အချစ်တွေကို ကျွန်တော်မျိုးကို ခဏလောက်ပြ စမ်းပါ၊ သူ့အချစ်တွေ ဘယ်လောက်ကြီးမားတယ်ဆိုတာ သိရအောင် ချိန်တွယ်ကြည့်ချင်လို့ပါ “ ဆိုတော့ ဘုရင်က
“ မင်းရူးနေသလား။ ဘယ်သူက တခြားသူတစ်ယောက်ရဲ့ အချစ်ကို အိတ်ထဲထည့်ထားနိုင်မလဲ“ ဆိုတော့
“ သင်ဟာ အချစ်ကိုတာကို မမြင်နိုင်ပါဘူး။ ဒါပေမယ့် မိဖုရားကြီး သင့်ကိုချစ်တယ်ဆိုတာ ယုံကြည်ပြီး ဘ၀တစ်ခုလုံး အပ်နှံရဲပါတယ်။ ကျွန်တော်တို့ မမြင်ရတဲ့အရာတွေဆိုတာ ယုံကြည်ပြီး သင့်ရဲ့ဘ၀တစ်ခုလုံးကို အပ်နှံရဲပါတယ်။ ကျွန်တော်တို မမြင်ရတဲ့အရာတွေကို ယုံကြည်တယ်ဆိုတာ သဘာဝမကျတဲ့ ကိစ္စမဟုတ်ဘူး” လို့ ရက်ဘီက ပြန်ပြောလိုက်တယ်။ ကဲ ဘယ်လိုသဘောရလဲ။ အဖြစ်ပျက်လေးကို သေချာပြန်ဖတ်ကြည့်လိုက်ဦး။ နားထဲရူပ်သွားမှာစိုးလို့။ ရှင်းရှင်းလင်းလင်း ဖတ်လို့နားလည်သွားရင် ဘယ်လိုလဲဆိုတာ ပြောပြစရာတောင် မလို ပါဘူး။

ကိုသိန်းဇော်ရဲ့ ကဗျာတစ်ပုဒ်လည်း ရှိသေးတယ်။ ပန်းတိုင် လို့ခေါင်းစီးပေးထားတယ်။
မရောက်သေးရင် ရောက်အောင်သွား
ရောက်ရင် တစ်ထောက်နား
ပြီးရင်ရှေ့ဆက်သွား
အဲဒီမှာ ဘာမှမရှိဘူး။
ဘယ်လောက်လှတဲ့ ကဗျာလေးလည်း ။ ကဗျာဆရာကတော့ နောက်ဆုံးအန္တိမပန်းတိုင် ထိကိုပြောသွားတယ်။ ထားပါ။ ဒါကိုအကျယ်ချဲ့နေရင် ကဗျာရဲ့အလှ၊အဓိပ္ပါယ်တွေ ပျက်နေလိမ့်မယ်။ ကိုယ် တိုင်ခံစားကြည့်ဖို့ လိုပါတယ်။ ဆိုလိုချင်တာကတော့ ဘ၀မှာဘာမှဖြစ်မလာသေးခင် ကြိုတင်မမြင်နိုင်တာကိုတွေးပြီး စိတ်ပျက်ဝမ်းနည်းမှုတွေဖြစ်မ နေဖို့ မှာချင်တာပါ။ ရက်ဘီ ရဲ့စကားတွေကို ပြန်လည်စဉ်းစားကြည့်ပါ။
ဟုတ်တယ် ဘယ်သူမှကြိုတင်မှန်းဆလို့မရတာတွေကို မဖြစ်လောက်ပါဘူးကွာဆိုပြီး တွေးနေတာလောက် နဲ့ အချိန်ကုန်ခံနေမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ အဲဒီမမြင်နိုင်တာကိုပဲ ပုံအပ်ပြီးတော့ လုပ်နေကြတယ်။ ဒါကို ငြင်းချက်ထုတ်ချင်ရင်တော့ ဘ၀မှာအရှုံးကို ရင်မဆိုင်ရဲတာနဲ့ သေနေသလိုဖြစ်နေပြီ။

ဒီတော့ နောက်ဆုံးမှာချင်တာ ကတော့ ညီလေး၊ညီမလေးတို့အနေနဲ့ စိတ်ပျက်အားလျော့နေတဲ့ အနာဂတ်ဆိုတာကြီးကို မလှမ်းဘဲ၊ မရင်ဆိုင်ဘဲနဲ့ တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာကိုပဲ မှာချင်တာပါ။

မင်းတို့ရဲ့ ချစ်ဆုံးအကိုကြီး….

မောင်မင်းစိုး(ရွှေနံ့သာ)

No comments: