အောင်မြင်မှု သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစု အသစ်တစ်ခုရှိနေရဲ့
မိန်းမတစ်ယောက်က ကျွန်တော့်ကိုစောင့်နေတာလား
ကျွန်တော်က မိန်းမတစ်ယောက်ကို စောင့်နေတာလား
ခြေလှမ်းတွေမှာ အပြစ်မရှိ

သိပြီးသား ကိစ္စတွေပါ
လိုအပ်နေတာက ခရက်ဒစ်ကဒ်လည်းမဟုတ်
ဇိမ်ခံကားလည်းမဟုတ်
ကွန်ဒိုမီဒီယမ်လည်းမဟုတ်
ဒီနေ့လိုအပ်နေတာက
လွတ်လပ်မှုနဲ့ ထိမ်းမြားလက်ထပ်ဖို့သာ
ဒါပေမယ့် စေ့စပ်ကြောင်းလမ်းခြင်းတောင် မအောင်မြင်
ခက်တာက
ဘုရားသခင်ကလည်း ကိုယ့်ဘက်မှာမရှိ
ရာသီဥတုကလည်း ကိုယ့်ဘက်မှာမရှိ
ဖြစ်နေပုံက မချိမဆန့်
ဒါပေမယ့် လိပ်ပြာသန့်ခဲ့ပါတယ်
ရထားက ဘူတာကိုလိုက်ရှာနေတာလား
ဘူတာရုံက ရထားကိုလိုက်ရှာနေတာလား
သံလမ်းတွေမှာ ခံစားချက်မရှိ
ပူပြင်းတဲ့ ခေါင်းစဉ်ကို သယ်ထမ်းရင်း
ဘယ်နှစ်ယောက်လောက် ကျွမ်းခဲ့ပြီလဲ
ကိန်းဂဏန်းအတိအကျ ဖော်မပြနိုင်
“ပြုတ်မကျစေနဲ့
ပြုတ်မကျစေနဲ့”တဲ့
ငါ့ကို ဆွဲမထားတဲ့အရာက ဘာများပါလိမ့်
ငြီးငွေ့မှုတွေက စခဲ့တာလား
တက်မက်မှုတွေက စခဲ့တာလား
ဒီဘ၀မှာ မလေးရှားမှာ ကားရေဆေးတယ်
နောက်ဘ၀အတွက် ကဗျာရေးတယ်
ဒါဟာ ကျွန်တော်နဲ့ လောကကြီးရဲ့ ဆက်ဆံရေးပါပဲ
သွေးကြောထဲက ကြေငြာချက်မှာ
လက်ရှိပွဲတော်တွေကို ငြင်းတယ်
လက်ရှိဆိုင်းပုဒ်တွေကို ငြင်းတယ်
လက်ရှိဦးထုပ်တွေကို ငြင်းတယ်
ရှင်းရှင်းလေးပါပဲ
အနာဂတ်ကို သင်မစဉ်းစားခဲ့ရင်
သင့်ကိုယ်လည်း အနာဂတ်က စဉ်းစားမှာမဟုတ်ဘူး။
လှသန်း
No comments:
Post a Comment