Thursday, January 28, 2021


လက်ညှိုးပန်းသို့ ဦးညွတ်ခြင်း
====================


    ''ရဟန်း...ရပ်...ရပ်။
    ငါက ရပ်နေတယ်။ သင်ကသာ ရပ်ပါ''

    မြတ်ဗုဒ္ဓသည် သာ၀တ္ထိပြည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်။ ပသေနဒိကောလသမင်း၏ တိုင်းပြည်သည်  မငြိမ်းချမ်း။ စိုးရိမ်ကြောင့်ကြမှုဖြင့် အသက်ရှင်နေကြရသည်။ အကြောင်းကား နာမည်ကျော် သူခိုးလူဆိုးဗိုလ်၏ ရန်ကြောင့် ဖြစ်သည်။ သူနာမည်ကား အဟိံသက။ မညှင်းဆဲသူ။ မသတ်ဖြတ်သူဟု အဓိပ္ပာယ်ရသည်။ သူ့ကို မွေး စဉ်ကတည်းက နိမိတ်ပြအဖြစ် လက်နက်တွေ အရောင်တလက်လက် လင်းလက်သည်။ တစ်ကိုယ်တော်သူခိုးအဖြစ် ရှင်သန်ဖို့အရေးအကောင်အထည်မဖော်ခင် အစောပိုင်းကတည်းက သုတ်သင်ရှင်းလင်းလို့ ရသည်။ သို့သော် မရှင်းခဲ့ကြ။ နှမ်းတစ်စေ့ဖြင့် ဆီဖြစ်လာမှာမဟုတ်ဟူသော အတွေးဖြင့် အသာတကြည်ပင် အသက်ရှင်ခွင့်ပေးခဲ့သည်။

    အသက်အရွယ်ရောက်လာသည့်အချိန် တက္ကသီလာသို့ ပညာတော်သင်ခွင့်ရသည်။ အဟိံသကသည် လူလိမ်မာ ဖြစ်သည်။ တရားသဖြင့် ဆရာထံ ချည်းကပ်သည်။ ကပ်ဖားရပ်ဖားမျိုး မလုပ်။ လုပ်ကျွေးသည်။ ဉာဏ်ပညာ ထက်သည်။ တော်သည်။ အလိုက်သိသည်။ အလိုက်သိလျှင် ချစ်စရာကောင်းသည်ဆိုသည့်အတိုင်း ဆရာသမား၏ အခွင့်အရေးပေးမှုကို ခံရသည်။ သို့သော် လူသားများသည် ကိုယ့်ထက်သာ မနာလိုချင်ကြ။ ကိုယ့်ထက်အစွမ်းအစ ရှိသူကို လက်ခုပ်တီး၍ အားမပေးချင်။ မည်သို့နှိပ်ကွက်ရမည်ဆိုတာကို တွေးကြသည်။ တွေးကြသည့်အတိုင်း အကောင် အထည်ဖော်တတ်ကြသည်။

    မလိုနာမှုအားကြီးသည့်အတိုင်း ဆရာဖြစ်သူအား ကုန်းချောစကားဆိုကြသည်။ မယုံမကြည်ဖြစ်မည်ကို သိ၍ အစုသုံးစု ခွဲလိုက်သည်။ တစ်စုပြီးတစ်စု ကုန်းချောစကားဆိုသည်။ ပထမတော့ မယုံကြည်။ သို့သော်  တစ်စုပြီးတစ်စု ပြောသည့်အခါ စိတ်ယိုင်သွားသည်။ ယိုင်ချင်စရာလည်း ကောင်းအောင် လိမ်ညာမှုကို ပီပြင်အောင် ဖန်တီးလိုက်ခြင်းပင်။ ဆရာ့ကတော်နှင့် အဟိံသကတို့ ဖောက်ပြန်သည့်အကြောင်းဖြင့် စွပ်စွဲလျက် လုပ်ဇာတ်ခင်းလိုက်ခြင်းဖြစ်သည်။ သို့အတွက် ဆရာသည် စိတ်ယိုင်သွားသည်။ တွေေ၀သွား၏။ သို့အတွက် မိမိအနားတွင် တပည့်ဖြစ်သူ အဟိံသကကို မထားချင်တော့။ ဒီအတိုင်း သတ်ပစ်လိုက်လျှင်လည်း တပည့်ဖြစ်သူအား အမျက်ဒေါသဖြင့် သတ်ဖြတ်လိုက်သည်ဆို သည့်သတင်း ထွက်သွားမည်ဆိုလျှင် နောက်ထပ်လာမည့် တပည့်များအား ရနိုင်တော့ မည်မဟုတ်။ သို့အတွက် အဟိံသက အသက်ရှင်သန်မှု မရှိတော့အရေးကို နည်းလမ်းကြံဆရတော့သည်။

    လူတို့၏ စိတ်ဓာတ်များသည် ယုတ်ညံ့ပြီဆိုလျှင် အသိဉာဏ်မရှိသည့် တိရစ္ဆာန်များထက် သာသည်။ အထူး သဖြင့် ကိုယ့်ထက်သာ မလိုနာခြင်းကြောင့်ဖြစ်သည့် မစ္ဆရိယစိတ်သည် ကြောက်စရာကောင်းလွန်းသည်။ လုပ်ကြံမှု များဖြင့် ကိုယ့်ဘ၀ရပ်တည်ရေးအတွက် ကိုယ်ကျင့်သိက္ခာကို စတေးပစ်လိုက်ကြသည်။ အင်မတန်ပင် ကြောက်မက် ဖွယ်ကောင်းလှချေသည်။ ဆရာသည် အြွကင်းမဲ့ ယုံကြည်မှုအား လက်ခံလိုက်သည်။ မိမိ၏အညှာကို သိသည့် တပည့်များ၏ လိမ်ညာမှုအောက်တွင် အသိဉာဏ်ကို နှလုံးသားအရေးအတွက် ထိုးကျွေးပစ်လိုက်သည်။ ခံစားမှုကို ရှေ့တန်းတင်လိုက်ပြီးသည့်နောက် မလုပ်သင့်သည်များကို လက်ရဲဇက်ရဲ လုပ်ပစ်သည်။ ယင်းသည် နေရာတိုင်းတွင် ရှိတတ်ပေသည်။

    အတတ်ပညာ၏ အဆုံးသို့ရောက်ရန်၊ ဆုံးခန်းတိုင်အောင် တတ်စေရန်အတွက် ပညာလိုချင်သူအား ပညာဖြင့် မျှားသည်။ သို့သော် ယုတ်မာမှုဖြင့် ဖြားယောင်းမှုကို အဟိံသက မသိ။ သူ့အား လူပေါင်းများစွာ၏ အသက်ကို သတ်၍ လက်ညှိုးပေါင်းတစ်ထောင်ဖြတ်၍ ယူခဲ့ရန် ပြောသည်။ ငြင်းဆန်သည်။ မရ။ မိမိ၏ အမည်နှင့်ဂုဏ်ဒြဗ် လိုက်ဖက်အောင် သူတစ်ပါးအသက်သတ်ဖြတ်မှုကို မပြုလိုကြောင်း ငြင်းသည်။ အတတ်ပညာ၏ ဆုံးခန်းသည် သူတစ်ပါးတို့၏ အသက်ပေါ်မူတည်၍ သတ်ဖြတ်ရန်ကိုသာ ဆရာက တိုက်တွန်းသည်။ သို့ဖြင့် လက်နက်များယူ ဆောင်လျက် တောအုပ်တစ်ခုဆီသို့ အဟိံသက ထွက်လာခဲ့သည်။

    လူတွေကို သတ်သည်။ လက်တွေကို ဖြတ်သည်။ အမှတ်မထားမိ။ စုပုံထားသည့် လက်ချောင်းလေးများသည်  တိရစ္ဆာန်များ၏ ထိုးချီကိုက်ခဲမှုကြောင့် ပျောက်ပျက်သွားရသည်။ သို့ဖြင့် လူတစ်ယောက်ကို သတ်သည်။ လက်ကို ဖြတ်သည်။ ထိုဖြတ်တောက်လိုက်သည့် လက်ချောင်းလေးအား ပျောက်ပျက်သွားမည်စိုး၍ အပေါက်ဖောက်လျက် လည်ပင်းတွင် ချိပ်ဆွဲထားလိုက်သည်။ ထိုအချိန်မှစ၍ အဟိံသကဆိုသည့် မူလနာမည် ပျောက်သွားသည်။ အင်္ဂု လိမာလ=လက်ညှိုးတွေကို ပန်းကဲ့သို့ သီကုံးလျက် ဆင်မြန်းထားသူဆိုသည့် နာမည်ရရှိလာခဲ့သည်။ သူသည် တောတွင် သတ်စရာ လူမရှိသည့်အတွက် ရွာတွေအထိ ဆင်းသည်။ နိဂုံးတွေအထိ ဆင်းသည်။  ညဘက်တွင် အိပ်ကောင်းခြင်းဖြင့် မအိပ်ကြရ။ အင်္ဂုလိမာလ၏ ရန်ကို စိုးရိမ်နေကြရသည်။ အင်အားများသည့်နေရာ မြို့ပြကြီးဆီသို့ ပြောင်းရွေ့နေကြရသည်။ ရွာတွေ၊ နိဂုံးတွေ ကင်းဆိတ်လာခဲ့ရသည်အထိ ဖြစ်လာခဲ့သည်။

    ပြည်တင်းလာခဲ့သည်။ မင်းလည်း မခံနိုင်တော့ပေ။ နန်းတော်တွင် စုရုံးလျက် အော်ဟစ်ကာ ဆန္ဒပြတောင်း ဆိုလာကြသည်။ ''အင်္ဂုလိမာလ ရှင်းလင်းပေးရေး'' ကြွေးကြော်သံဖြစ်သည်။ သို့အတွက် ကောသလဘုရင်သည် ကိုယ်တိုင်ပင် အင်္ဂုလိမာလအား ရှင်းလင်းပေးရန် ထွက်ခွါလာရသည်အထိ ဖြစ်သည်။ တစ်ပါတီအာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်သည့် ဘုရင်များသည်လည်း လူထုညီညာလျှင် ဖြုတ်ချပစ်နိုင်စွမ်းရှိသည်ကို ရှေးပေ၀သဏီကတည်းကပင် ရှိခဲ့သည်။ ပြည်သူ မကြိုက်လျှင် လမ်းပေါ်ထွက်ကြမည်။ လျစ်လျူရှုထား၍ မရ။ ယင်းသည် ပြည်သူ၏ အင်အားနှင့် ညီညွတ်မှု ပြယုဂ်ဖြစ်သည်။

    အင်္ဂုလိမာလ၏ လည်ပင်းတွင် ချိပ်ဆွဲထားသည့် လက်ညှိုးပန်းတို့သည် တစ်ထောင်ပြည့်ရန်အတွက် တစ် ချောင်းသာ လိုတော့သည်။ သို့အတွက် မည်သူ့ကိုမျှ အသက်ရှင်ချမ်းသာခွင့် ပေးမည်မဟုတ်။ မိဘအားသော်လည်း ကောင်း၊ ရဟန်း ပုဏ္ဏားအားသော်လည်းကောင်း အသက်ရှင်ခွင့်ပေးမည်မဟုတ်။ တွေ့သည်လူသည် သူ၏အင်အားကြီး သည့်၊ အားအစွမ်းဖြင့်ပြည့်သည့် ရမ်းကားပုတ်ခတ်မှုအောက်မှ ရုန်းထွက်ရန် မလွယ်ကူလှ။ လူပေါင်းများစွာ အစုအဖွဲ့ဖြင့် သွားကြသော်လည်း သူရှိသည့်တောအုပ်မှ ကျော်ဖြတ်နိုင်သူဟူ၍ မရှိသလောက်ပင်။

    တစ်နေ့ မြတ်ဗုဒ္ဓသည် ထိုနေရာသို့ကြွသွားသည်။ အင်္ဂုလိမာလ၏အမေသည်လည်း ထိုတောအုပ်သို့ တစ်ကိုယ် တော် ချီတက်သည်။ အင်္ဂုလိမာလသည်ကား မည်သူ့ကို အလွတ်ပေးမည်မဟုတ်။ တွေ့သမျှလူသည် သူ၏သတ်ဖြတ်မှုကို ခံရပြီး လက်စွဲတော်သန်လျက်ဖြင့် လက်ညှိုးဖြတ်ခံရမည်ဖြစ်သည်။ မြတ်ဗုဒ္ဓသည် ထိုတောအုပ်သို့ တစ်ပါးတည်း ၀င်ခဲ့သည်။ နွားကျောင်းသားများက တားသည်။ သို့သော် မရ။  အင်္ဂုလိမာလသည် အံ့သြသွားသည်။ သူနေသည့် တောအုပ်တွင် တစ်ယောက်တည်းလာဖို့ဆိုသည်မှာ နည်းသည့်သတ္တိမဟုတ်ဟု တွေးသည်။ ထို့နောက် မြတ်ဗုဒ္ဓ၏ ဖန်ဆင်းထားသည့် ဟင်းလင်းပြင်တွင် ရင်ဆိုင်တွေ့ကြသည်။ အင်္ဂုလိမာလသည် မောပန်းကြီးစွာဖြင့် မြတ်ဗုဒ္ဓအား သတ်ဖြတ်ရန် လိုက်သည်။ ချွေးများ အဆမတန် ထွက်လာသည်။ အာခေါင်မှ တံတွေးခန်းခြောက်လာသည်။ ပင်ပန်းမှု အားကြီးစွာဖြင့် မတတ်နိုင်သည့်အဆုံး အော်ပြောလိုက်သည်။

    ''ရဟန်း၊ ရပ် ရပ်။
    အင်္ဂုလိမာ၊ ငါက ရပ်နေတယ်။ သင်ကသာ မရပ်ဘဲ ပြေးနေတယ်'' ဒီစကားတော်သည် လိမ်ညာပြီးပြော သည့်စကား ဖြစ်တန်ရာသည် မဟုတ်။ မြင်နေရသည်ကား ထိုသို့မဟုတ်။ သို့အတွက် ထိုစကားလုံးတွင် အင်္ဂုလိမာလ၏ စိတ်သည် တန့်သွားသည်။ အကျိုးကြောင်း သိလိုသည်။ မေးလိုသည်။ မှန်ပါသည်။ အင်္ဂုလိမာလသည် ဒေါသအမျက်ဖြင့် ပြေးသွားနေခဲ့သည်။ ထိုဒေါသအမျက်သည် ဤဘ၀တွင်မဟုတ် သံသရာအထိ ပြေးသွားရခြင်း၏ အကြောင်း ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓသည် အမျက်ဒေါသများကို သတ်ဖြတ်ထားသူဖြစ်သည်။ ကရုဏာရှင်ဖြစ်သည်။ မေတ္တာ ရှင်ဖြစ်သည်။ သည်းခံနိုင်သူဖြစ်သည်။ သတ္တ၀ါတို့အား မည်သည့်အကြောင်းကြောင့်မျှ ညှင်းပန်းခြင်း နှိပ်စက်ခြင်း မရှိ။ သို့အတွက် ဤဘ၀သည် နောက်ဆုံးဘ၀ပင်ဖြစ်သည်။ ရပ်နေသူပင်ဖြစ်သည်။ အင်္ဂုလိမာလသည် ကြီးမားသည့် သေံ၀ဂဉာဏ်ကို ရရှိလိုက်သည်။ ရဟန်းပြုသည်။ မြတ်ဗုဒ္ဓနှင့်အတူ သာ၀တ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ ပါသွား ခဲ့သည်။ သူအား မြင်ရသည့်လူသားများသည် ကြောက်လန့်ကြသည်။ ထွက်ပြေးကြသည်။

    အင်္ဂုလိမာသည် အမိုက် တကာတို့၏ ထိပ်ခေါင် သူခိုးဓားပြဗိုလ်အား ရဟန်းပြုပေးသည်ဆိုသည် ကဲ့ရဲ့ဒဏ် ကြောင့် သူခိုးဓားပြ ဗိုလ်တို့အား ရဟန်းမပြုပေးရ။ ပြုပေးလျှင် ဒုက္ကဋ်အာပတ်သင့်စေဆိုပြီး ၀ိနည်းပညတ်ချက်ထားခဲ့ ရသည် အထိပင် ဖြစ်သည်။ ကောသလမင်း၏ အသဒိသဒါနအလှူတွင် ဆင်ဆိုးအား အင်္ဂုလိမာလမထေရ်ထံတွင် ထားရသည်အထိ တိရစ္ဆာန်များပင် ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရသူပင် ဖြစ်သည်။ 

    ကံတရား၏ အတုံ့အလှည့်သည်ကား ဆန်းကြယ်သည်။ ကင်းလွတ်ခွင့် မပေး။ နောက်ဆုံးပစ္ဆိဘ၀ိကသမားပင် ဖြစ်လင့်ကစား ဒိဋ္ဌဓမ္မေ၀ဒနိယကံအဖြစ် ခံစားရမည် ဖြစ်သည်။ ဆွမ်းခံထွက်သည်။ ဆွမ်းလောင်းမည့်သူ မရှိ။ အစားအစာအတွက် ရှင်သန်မှု ခက်ခဲသည်။ သူ့ကို မြင်သော်လည်း ရဟန်းအသွင်ဖြင့်ဖြစ်သော်လည်း ကြောက်ရွံ့ကြသည်။ ထိုထိုပစ္စည်းကိရိယာများဖြင့် တစ်စုံတစ်ခုသို့ ပစ်လွှတ်လိုက်သော လက်နက်ခဲယမ်းများသည် အင်္ဂုလိမာလ၏ ဦးခေါင်းသို့ ထိမှန်သည်။ သို့အတွက် နေ့စဉ်နှင့်အမျှ သူ့ဘ၀သည် သွေးစိမ်းရှင်ရှင် ပမ်းထွက်နေသည်။ သင်္ကန်းသွေးစွန်းသည့် နေ့ရက်များကိုသာ ပိုင်ဆိုင်ထားရသူ ဖြစ်သည်။ ယင်းကား သူလုပ်သည့်ကံအားလျော်စွာ ပြန်လည် လက်ခံရခြင်းပင်ဖြစ် သည်။

    သံသရာကျင်လည်ရာတွင် သူ့ဘ၀၏ ဖြစ်စဉ်တို့အား လေ့လာကြည့်လျှင်လည်း ရက်စက်ကြမ်းကြုတ် သူတစ်ယောက် အဖြစ် ရှင်သန်ခဲ့ရသည်ကား များသည်။ မဟာသုတသောမဇာတ်တွင် လူသားစား ပေါရိသာဒအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ သုတနုဇာတ်တွင်လည်း လူသားစားဘီလူးအဖြစ် ရှင်သန်ခဲ့ရသည်။ ပဉ္စာဝုဓ ဇာတ်တော်တွင်လည်း လူသားစားဘီလူးအဖြစ် ရပ်တည်ခဲ့သည်။ ဘဂ္ဂဇာတ်တွင်လည်း လူသားစားဘီလူးအဖြစ် ရှင်သန်ခဲ့ရသည်။ သို့အတွက် သူ့ဘ၀သည် ကြမ်းတမ်းခက်ထန်သူအဖြစ် ရှင်သန်ခဲ့ရသည်သာ ဖြစ်သည်။ 

    မထေရ်မြတ်သည် တစ်ရက် ဆွမ်းခြွံကသည်။ သားမဖွားနိုင်သည့် မိန်းကလေးတစ်ယောက်၏ ငြီးငြူးသံကို ကြားရသည်။ ရဟန်းဆိုသည့်အသွင်အပြင်ဖြင့် ဓမ္မရေစီးသံကြောင့် နှလုံးသားသည် အလိုလို နူးညံ့သွားသည်။ သိမ်မွေ့သွားသည်။ သို့အတွက် ထိုအမျိုးအား ကူညီလိုသည့် ကရုဏာစိတ် ဖြစ်ပေါ်လာသည်။ သို့အတွက် မြတ်ဗုဒ္ဓအား လျှောက်ထားသည်။  မြတ်ဗုဒ္ဓသည် ''ယတောဟံ ဘဂိနိ (အရိယာယ) ဇာတိယာ ဇာတော''စသော သစ္စာပြုပုံကို သင်ကြားပေးလိုက်သည်။ ထိုသစ္စာစကားဖြင့် သစ္စာပြုဆုတောင်းလိုက်သည်နှင့် မိခင်နှင့်ကလေးပါ လွယ်ကူစွာဖွားမြင် သွားသည်။ ထိုနေရာသည် ကမ္ဘာတည်သမျှ ကပ္ပဋ္ဌိတိ အရပ်အဖြစ် တည်ရှိနေမည့် နေရာဖြစ်သည်။ အရှင်မြတ်၏ မေတ္တာဓာတ်၊ ကရုဏာဓာတ်၊ သစ္စာဓာတ်များသည် ကမ္ဘာတည်နေသမျှ တည်ရှိလျက် အကျိုးသက်ရောက်မှုရှိနေမည့် အရပ်ဌာနဖြစ်ပေသည်။

    ကြမ်းတမ်းသောဘ၀သည် အဆုံးသတ်ခဲ့ပေပြီ။ ငြိမ်းချမ်းမှု သန္တိသုခမြို့တော်သို့ ကြွလှမ်းတော်မူသွားပေပြီ။ ထိုအရှင်၏ ကြမ်းတမ်းသော ဘ၀မှ နူးညံ့သောဘ၀သို့ ချိန်းပစ်လိုက်ခြင်းဖြင့် သတ္တ၀ါများအပေါ်ထားရှိသည့် မေတ္တာ, ကရုဏာ,သစ္စာတရားတို့သည် ပြောင်မြောက်လှသည်။ အတုယူ သင့်လှသည်။ သို့အတွက် လက်ညှိုးပန်းပိုင်ရှင် မထေရ်အား ညီးညွတ်လိုက်ရပေသည်။

မောင်မင်းစိုး

No comments: