Thursday, February 2, 2012

စာအုပ်အဆက် . . . ၂။ သီလပါရမီ

သီလကို မြန်မာမှုပြုရမည်ဆိုလျှင် ကိုယ်ကျင့်တရားဟု လွယ်လွယ်ပြန်လျှင် အတိုချုပ်အနေဖြင့် ပြီးပြည့်စုံသော အချက်ဟု ထင်ပါသည်။ လူတိုင်းသည် ကိုယ်ကျင့်တရားကို မြတ်နိုးတတ်သည်။ လူတိုင်းကိုလည်း ကိုယ်ကျင့်တရားဆိုသည့် ပေတံများနှင့် တိုင်းတာမှုများ ရှိသည်။ ဗုဒ္ဓဘာသာများအနေဖြင့် သီလဆိုသည် လူ့ဘဝ၏ အခြေခံအဆောက်အအုံဖောင်ဒေးရှင်းဖြစ်သည်။ အခြေခံအဆောက်အအုံဖြစ်သည့် ဖောင်ဒေးရှင်းခိုင်မာမှသာလျှင် ဘဝအတွက် အထွတ်အထိပ်သို့ တက်ရောက်ရာမှာ အဆင်ပြေ ချောမွေ့နေပါလိမ့်မည်။ ဒါသည် အလွန်အရေးကြီးသည်။ အရာရောက်သည်ဟု ဆိုရမည်ဖြစ်သည်။ ဗုဒ္ဓအနေဖြင့်လည်း မျှော်မှန်းထား သည့် ပန်းတိုင်ကို ရောက်ရှိဖို့ သီလတည်းဟူသော ဖောင်ဒေးရှင်းကို အခိုင်မာဆုံးဖြစ်အောင် တည်ဆောက်ခဲ့သည်။ အသက်နှင့်ပင် လဲပြီး အတုယူစရာ ကောင်းလောက်အောင် တည်ဆောက်ခဲ့သည်။ သို့အတွက်ခိုင်မာသော တိကျသော၊ သေချာသော၊ မပျက်မစီးသော နိဗ္ဗာန်တည်းဟူသော မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။
သီလကိုတော့ စာရိတ္တ၊ ဝါရိတ္တစသည်အားဖြင့် အမျိုးမျိုးအပြားပြားရှိခဲ့သော်လည်း အများနှင့် ဆိုင်သော ငါးပါးသီလ လောက်ကိုပဲ ပြောလျှင် လုံလောက်မည်ဟု ထင်ပါသည်။ ဗုဒ္ဓအနေဖြင့်တော့ ငါးပါးသီလလောက်သည် ခါးဝတ်ပုဆိုးကဲ့သို့ ခိုင်မာ ခဲ့သည်။ မြဲမြံခဲ့သည်။ ဘုရားရှင်အနေဖြင့် အလောင်းတော်ဘဝမှာပင် အလိုနည်းသည်။ ရောင့်ရဲလွယ်သည်။ လျှပ်ပေါ်လော်လည်မှုမျိုး မရှိ။ သန့်စင်သော၊ ကြည်လင်သော ဣနြေ္ဒများနှင့် ပြည့်စုံသည်။ စိတ်ကောင်း နှလုံးကောင်းကိုလည်း ဘဝတိုင်း တည်ဆောက်သည်။ ပြည့်စုံသည်။ မတရားသော အသက်မွေးဝမ်းကျောင်းမျိုးစုံကို ဖယ်ရှောင်သည်။ ရွံမုန်းသည်။ မိမိအနေဖြင့် သူတစ်ပါးဆိုသည့် ပရ ဟိတအတွက် အကျိုးရှိမည်၊ ကောင်းမွန်မှုများ ဖြစ်မည်ဆိုလျှင် မိမိအသက်ကိုပင် ပဓာနမထားဘဲ ပြုမူဆောင်ရွက်တတ်သည့် အလေ့ရှိသည်။ နူးညံ့သည်။ သိမ်မွေ့သည်။ သူတစ်ပါးအပေါ်မှာ ဘယ်တော့မျှ ဖျံမကျတတ်မှုများသည်။ ဘုရားအလောင်း၏ စစ် မှန်သော စိတ်ဓာတ်ဖြင့် လုပ်ဆောင်ချက်များဖြစ်သည်။ ဒါကို အတုယူရမှာလည်း ဖြစ်သည်။
သီလစောင့်ထိန်းခဲ့မှုများနှင့် ပတ်သက်၍လည်း ဇာတ်တော်များစွာ ရှိခဲ့သည်။ ထိုများစွာထဲမှ အလီနသတ္ထုဇာတ်တော်သည် အလွန်ထင်ရှားသည်။ အတုယူစရာလောက်ကိုသာ ပြောပြလိုသည့်အတွက် ဒါလေးကိုပဲ မိတ်ဆက်အနေဖြင့် ပြန်လည်ပြောပြလို ပါသည်။ မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုသည့် စကားသည် အလွန်ပင် ရေပန်းစားကာ အသုံးတွင်ကျယ်လှသည်။ ရွှေသမင် ဘယ် က ထွက်၊ မင်းကြီးတာ ထွက်ဆိုသည့် စကားပုံသည် အလီနသတ္ထုဇာတ်တော်ကို ညွှန်းဆိုထားဟန် တူပါသည်။ ဇယဒိသမင်းကြီးအနေ ဖြင့် တောကစားထွက်ရာမှာ ဘီလူး၏ ပိုင်နက်ကို ရောက်သွားပါသည်။ အပိုင်စားရထားသော နေရာဖြစ်၍ ဘီလူးအနေဖြင့် ဇယ ဒိသမင်းကြီးအား စားခွင့်ကြုံသည်။ သို့အတွက် ဖမ်းဆီးလိုက်သည်။ ဆရာဖြစ်သူ၏ အဆုံးအမကို ခံယူလိုမှု၊ အလှူအတန်းပေး လှူလိုမှုများကြောင့် ဘီလူးထံမှ ပြန်လာပြီး အစားခံမည်ဟူသော ကတိစကားဖြင့် မြို့တော်ကို ပြန်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်အင်ကို သားဖြစ်သူ ဘုရားအလောင်း အလီနသတ္ထုမင်းသားသိ၍ ဖခမည်းတော်အစား ဘီလူးထံသို့ အစားခံယူ သွားမည်ဆိုပြီး ခွင့်ပန်ခဲ့သည်။ သွားခဲ့သည်။ သို့သော်လည်း မင်းကြီးနှင့် သားတော်အလီနသတ္ထုမင်းနှစ်ပါးတို့၏ သီလဖြူစင်မှု၊ လေးစားစရာ ကောင်းလောက်သော ကတိသစ္စာတည်မှုတို့ကြောင့် ဘီလူးသည် မင်းသားကို မစားရဲဘဲ ပြန်လွှတ်လိုက်သည်။ မှန် သည်။ ပုထုဇဉ်လူသားတိုင်းသည် သေခြင်းတရားကို ကြောက်ရွံ့သည်။ သေရမှာ မကြောက်သော ပုထုဇဉ်ဟူ၍ မရှိ။ သို့အတွက် ဘုရားအလောင်း အလီနသတ္ထုအနေဖြင့်လည်း သေခြင်းတရားကို ကြောက်မှာတော့ သေချာသည်။ သို့သော်လည်း သေခြင်းတရားကို ကြောက်သည်မှန်သော်လည်း ကိုယ်ကျင့်တရားပျက်ယွင်းမှာကို ပိုပြီး ကြောက်သည်။ ကိုယ်ကျင့်တရားပျက်ယွင်းမှုကို သေခြင်းတရားထက် ပိုပြီး ကြောက်စရာ အကောင်းဆုံးဟု ခံယူထားသည်။ သို့အတွက်ကိုယ်ကျင့်တရားဖြစ်သည့် ကတိသစ္စာကို ပျက်ကွက်လို့ ရသော်လည်း မပျက်ကွက်ခဲ့ပေ။ သည်ကိုယ်ကျင့်တရားပျက်ကွက်ခွင့်သည် အသက်နှင့် ဆိုင်၍ အရေးကြီးသည်။ ဘီလူးအား အစားခံယူရန် သွားသည်ဆိုသည်မှာ အသက်ကို စတေးထားခြင်းဖြစ်သည်။ သို့သော်ဘုရားအလောင်းအနေဖြင့် ဓမ္မသဘောတရား၊ သဘာဝ သဘောတရား၊ နိယာမသဘောတရား၊ ကံသဘောတရား စသည်တို့ကို နားလည်သည်။ သိသည်။ ဓမ္မတာအရ ယခုလိုသေခြင်းအတွက် သွားပြီး အသက်ကို စတေးခြင်းသည် တစ်ဘဝအတွက်သာ ဖြစ်သည်။ သို့အတွက် တစ်ဘဝအတွက်ဖြစ်သော သေခြင်းတရားဆိုသည့် ဒုက္ခကို ခံယူခဲ့သည်။ ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှုသည်ကား သံသရာနှင့် စပ်ဆိုင်သည်။ သံသရာတစ်လျှောက်လုံးအတွက် ဒုက္ခ ဖြစ်စေသည်။ သို့အတွက်တစ်ဘဝအတွက် ဒုက္ခတရားကို ပဓာနမထား၊ တစ်သံသရာလုံးအတွက် ဒုက္ခကို အလေးဂရုပြုခြင်းဖြစ်သည်။ ဒါသည် လူတိုင်းလိုလို အလွန်အရေးကြီးသော အချက်ဖြစ်သည်။ နိုင်ငံအသီးသီးရှိ ခေါင်းဆောင်းများအနေဖြင့်လည်း ပိုပြီး ဂရု စိုက်ရမည့် အချက်ဖြစ်သည်။ ယခုခေတ်သည် ကတိသစ္စာများဖြင့် အရာရာကို ထိန်းချုပ်လာသည်။ ကိုင်တွယ်လာသည်။ ဆက်ဆံ လာခဲ့ကြသည်။ ဥပမာ နျူကလီးယားလက်နက်မစမ်းသပ်ရေး၊ မပြုလုပ်ရေး စသည်တို့ကို ကတိများဖြင့် ထားခဲ့ပြီး ပြုလုပ်မည်၊ စမ်းသပ်မည်ဆိုလျှင် ဘဝပေါင်းများစွာကို သေခြင်းတရားဆီသို့ ပို့ဆောင်လိုက်သည်နှင့် တူပေလိမ့်မည်။ နိုင်ငံတိုင်းလိုလို ရှိနေသေးသော အကျင့်ပျက်ခြစားမှုများသည် ကိုယ်ကျင့်တရားများဖြစ်သည်။ မတရားသဖြင့် လိုချင်တပ်မက်မှုများ၊ တွယ်တာမှုများ၊ ပိုင်ဆိုင်လို မှုများသည် ကိုယ်ကျင့်တရားများပင်ဖြစ်သည်။ နယ်နိမိတ်ကျူးကျော်မှု၊ ပိုင်နက်ကျူးလွန်မှု၊ ရန်လိုမှုများစွာသည် ကိုယ်ကျင့် တရားများပင်ဖြစ်သည်။ အဓိကအကျဆုံးသော ကိုယ်ကျင့်တရားများကတော့ ငါးပါးသီလကို လူတိုင်း လုံခြုံမည်ဆိုလျှင် ကမ္ဘာကြီးသည် ပိုမိုစိတ်ချရသော၊ လုံခြုံမှုရှိသော၊ အေးချမ်းသာယာသော အသွင်အပြင်ကို ဆောင်စေမှာ ဖြစ်သည်။ သို့အတွက် ကိုယ်ကျင့်တရားသည် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသလို နိုင်ငံအတွက်၊ တိုင်းပြည်အတွက်၊ တစ်ကမ္ဘာလုံးအတွက် အလွန်အရေးကြီးသော အချက်အလက်များဖြစ်သည်။ ပါရမီအတွက် မဟုတ်သော်လည်း ငါးပါးသီလကို လူတိုင်း ခါးဝတ်ပုဆိုးကဲ့သို့ မြဲကြရန် သီလပါရ မီအခန်းမှလည်း လူသားအားလုံးကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်ပေလိမ့်မည်။

No comments: