Friday, September 5, 2008

စက်တင်ဘာ တမ်းချင်း

ငြိမ်းချမ်းရေး ငှက်တွေရဲ့ ဆုတောင်းသံတွေနဲ့
တစ်ကမ္ဘာလုံး
မေတ္တာပို့သံတွေ ပြန့်လွင့်ခဲ့တယ်။

မိစ္ဆာနတ်ဆိုးတွေရဲ့
အကြမ်းဖက်ပြစ်ခတ် သတ်ဖြတ်မှုတွေနဲ့
လမ်းတွေပေါ်
အပြစ်မဲ့ ရဟန်းရှင်လူများစွာရဲ့သွေးတွေ
သွေးစိမ်းနီနီ ဖြာကျလို့
တဒင်္ဂအိပ်မက်တွေ အရေပျော်ခဲ့ပြီ။

ညည
စစ်ဖိနပ်သံတွေနဲ့ ခြိမ်းခြောက်လို့
တဖြောင်းဖြောင်း သေနတ်သံတွေဟာ
ဝိညာဉ်များများစွာရဲ့ဘ၀တွေကို ယူဆောင်သွားခဲ့တယ်
ကျောင်းကန်ဘုရားတွေဟာ
စစ်တလင်းနယ် ညစ်ပတ်လို့
သေနာကောင်တွေရဲ့လက်တွေ ချွန်မြနေခဲ့တယ်။

သူတော်ကောင်းတွေရဲ့ အရိုးတွေ
ဘယ်တော့မှ ဆွေးမြေ့သွားမှာ မဟုတ်ပါဘူး။
စိတ်ဓာတ်ကို တင်းတင်းဆုပ်ကိုင်လို့
ကမ္ဘာကို တုန်ဟည်းစေခဲ့တယ်။

မေ့မရဘူး
ဘယ်တော့မှ မေ့မရဘူး. . . .စက်တင်ဘာ
မင်းအတွက်ကျခဲ့တဲ့ မျက်ရည်စတွေ
မင်းအတွက် ခခဲ့တဲ့ သွေးတွေ
မင်းအတွက် တခဲ့တဲ့ အလွမ်းတွေ
မင်းအတွက်တူးဖော်ခဲ့တဲ့ အမှန်တရားတွေ
မင်းအတွက် ရေရွတ်ခဲ့တဲ့ တမ်းချင်းတွေ
စိတ်ဆာလည်း
ဆာနေတဲ့စိတ်တွေနဲ့ ကုစားနေခဲ့ရတယ်။

စက်တင်ဘာ
ငါတို့ရဲ့ရွှေရောင် အိပ်မက်တွေ
ဘယ်တော့လင်းလက်လာမှာလဲ
ပေးဆပ်မှုများများ
တုန့်ပြန်မှုမရှိတဲ့ မိစ္ဆာတွေရဲ့ အူသံတွေအောက်
ဘ၀တွေပြားပြားမှောက်လို့
ငါတို့ဘယ်တော့ နိုးထနိုင်မှာလဲ
ငါတို့ဘယ်တော့ ငြိမ်းချမ်းရေးသီးချင်းတွေ သီဆိုနိုင်မှာလဲ
တစ်ရက်မှ မေ့မရဘူး .. . .စက်တင်ဘာ။

(စက်တင်ဘာ နှစ်ပတ်လည်ကို ဂုဏ်ပြုပါသည်)

ရာဇာစိုး၊ ရန်ကုန်။

No comments: