Wednesday, October 8, 2008

ညီလေး၊ ညီမလေးသို့ ပေးစာများ (၃)

ညီလေး၊ညီမလေးတို့ရေ……

ဟိုတလောလေးက မင်းတို့ရေးတဲ့စာထဲက အကြောင်းအရာကို ထပ်မံပြီးဆွေးနွေးလိုပါတယ်။ အမေ့အ တွက်အလုပ်လုပ်ဖို့ကိုတော့ အကိုလက်ခံပါတယ် ဒါပေမယ့် ညီလေးတို့က ဘာအလုပ်ပဲရရ အကြောင်းကြားဖို့ ပါနေတယ်မဟုတ်လား။ အေး ပြောချင်တာကတော့ အလုပ်တွေကတော့ တော်တော်များတယ်။ ဒါပေမယ့် အကို့အနေနဲ့ ရန်ကုန်ကို လာပြီးလုပ်ဖို့တော့ မခေါ်ချင်သေးဘူး။ ရန်ကုန်မြို့ကြီးမှာ အသက်ရှင်နေထိုင်ဖို့ဆိုတာ တော်တော်နဲ့လွယ် ကူတဲ့ ကိစ္စမဟုတ်ဘူး။ ဒါကို လက်ခံနိုင်ဖို့ သက်သေပြရရင် အကိုထွက်လာတာတော်တော်ကြာပြီ ဘာတွေပြန်ပို့နိုင်လို့လဲ။ အကိုလဲ ဟော့ဟော့ရမ်းရမ်းနေပြီး သောက်စားမူးယစ် ပျော်ပါးတတ်တဲ့တာ မဟုတ်ဘူးဆိုတာ မင်းတို့သိတာ ပဲ။ အကို့အနေနဲ့တော့ ကျောင်းပြီးအောင် ဆက်တက်စေချင်တယ်။

စားဖို့သောက်ဖို့လောက်တော့ ဘယ်လိုရှာရှာရပါတယ်။ အေး ဒါပေမယ့် မတရားသောနည်းနဲ့တော့ မရှာဖွေ ဖို့လိုတယ်။ အမေလည်း အသက်အရွယ်ကရလာပြီ တော်တော်လည်းကျသွားပြီ။ သူလည်း ငါတို့လူလားမြောက်ဖို့ဆို ပြီး တော်တော်ရုန်းကန်ခဲ့ရတော့ ပင်ပန်းမှုဒဏ်တွေရတယ်ဆိုပါတော့။ ဒါပေမယ့် အမေ့အတွက်ဆိုပြီး ဘာလုပ်လုပ် ငွေရပြီးရောဆိုတဲ့ သဘောနဲ့တော့ မလုပ်စေချင်ဘူး။ ညီလေး၊ညီမလေးတို့သိတဲ့အတိုင်း ငွေရဖို့အလုပ်ဆိုတာက တော့ သူတစ်ပါးမျက်ရည်ကျမှ ရမယ့်အလုပ်ဆိုတာတွေနဲ့ မတရားသဖြင့် စီးပွားရှာနေသူတွေလည်း ရှိနေတော့ သူတို့နဲ့ ပေါင်းသင်းပြီး မလုပ်သင့်တာတွေ လုပ်မှာကိုတော့ အကိုတော့မလိုလားဘူး။

အကိုလည်း လာမယ့်အပတ်လောက်တော့ ငွေလေးဘာလေး ပို့နိုင်လိမ့်မယ်လို့ထင်ပါတယ်။ ချွေတာသုံး နေရပေမယ့် အကိုကတော့ ၀င်ငွေထက်ထွက်ပိုက တစ်ခါတစ်လေ ပိုပိုနေတယ်။ ငွေဆိုတာကလည်း သိတဲ့အတိုင်း လေ အသုံးခံတာမဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နိုင်အောင်တော့ ပို့ပေးလိုက်ပါမယ်။ ဒါနဲ့ မလေးသွားချင်တဲ့ ဒေါ်အေးရဲ့ သား အောင်မြင့်ကော ဘယ်တော့သွားမှာလည်း ။ အခုလောလောဆယ်တော့ အေးဂျင့်တွေက လိမ်လို့ခံလိုက်ရတဲ့ စာတွေ အကိုမေးလ်ထဲတော်တော်လေးကို ရောက်နေတယ်။ ဟိုကျလည်း အလုပ်ရှင်နဲ့အဆင်မပြေတာတို့၊အလုပ် ရှင်က ခြိမ်းခြောက်တာတို့ ခံနေရတယ့်လူတွေလည်း တော်တော်များတယ်။ ကဲပါထားပါတော့။ အခုနယ်က စကား ကို ဆက်ကြရအောင်။ မင်းတို့အတွက် မှတ်သားသင့်တဲ့ အကြောင်းအရာလေး တစ်ခုလောက်တော့ ပြောပြလိုက်ဦး မယ်။ ဒီ အဖြစ်ပျက်လေးတွေကိုလည်း မှတ်သားထားပါ။ လောကကြီးမှာ ကျင်လည်တဲ့အခါ တော်တော်လေးကို လို အပ်နေတယ်လို့၊ဒါထက် ပိုပြောရရင် အသုံးဝင်နေတဲ့ အကြောင်းအရာလေးတွေမို့ အကိုပြောပြနေရခြင်းပါ။

တစ်ခါက ဆရာလုပ်တဲ့လူဟာ တပည့်တွေနဲ့စုပေါင်းပြီး ခရီးသွားကြတယ်။ တစ်နေရာရောက်တော့ စားဖို့ သောက်ဖို့ ရှာခိုင်းတယ်ပေါ့။ တပည့်တွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘာစားစရာရရ ရှာဖွေဖို့ အသီးသီးထွက် သွားကြတယ်။ တော်တော်လေး အချိန်နှောင်းသွားတော့ ပြန်ရောက်လာကြတယ်။ တစ်ချို့ဆီမှာတော့ လူတွေက ပေးကမ်းစွန့်ကျဲလိုက်တဲ့ စားစရာသောက်စရာ မျိုးစုံလည်းပါတယ်။ ပုပ်နေတဲ့သစ်သီး၊သိုးနေတဲ့ ပေါင်မုန့်တွေ၊ချဉ်တူး နေတဲ့ ၀ိုင်တွေလည်းပါတယ်။ တော်တော်များတယ် ဆိုပါတော့။

နောက်တပည့်တစ်ယောက် ပြန်ရောက်လာတဲ့ အခါမှာတော့ အိတ်တစ်လုံးအပြည့် စားဖို့အသင့် ၀င်းမှည့်နေတဲ့ ပန်းသီးတွေပါလာတယ်။ ဒါနဲ့ ဆရာလုပ်သူက တပည့်ကို မေးတာပေါ့ .. .။

“ မင်း အဲဒါတွေကို ဘယ်လိုလုပ်ရလာတာလဲ”မေးတော့

“ ကျွန်တော် ခိုးခဲ့တာ။ လူတွေကဗျာ ကျွန်တော်တို့ကို သူတို့ရဲ့ စားကြွင်းစားကျန်လောက်ပဲ ပေးချင်ကြ တယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ နုတ်ကပါဌ်တော်တွေကို ပြန်ဟောကြားနေရတဲ့ သူတွေဆိုတာ သူတို့သိရဲ့ သားနဲ့၊ ကျွန်တော်ဟာ ဆရာနဲ့ ညီအစ်ကိုတော်တွေကို အမြဲတန်းကူညီတတ်တဲ့သူပါ ” လို့ တပည့်လုပ်သူက ပြန်ဖြေ လိုက်ပါတယ်။ အဲဒီ စကားလည်းကြားရော ဆရာလုပ်တဲ့လူက . . . . . . .

“ မင်းပန်းသီးတွေကို မင်းယူပြီး အခုချက်ချင်း ထွက်သွားတော့၊နောင်လဲ ဘယ်တော့မှ ပြန်မလာနဲ့၊ကောင်း မှုကုသိုလ်ရဲ့ တန်ဖိုးဆိုတာ အဆုံးစွန်တိုင်အောင် ဘယ်လောက်စောင့်ထိန်းနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အကယ်၍ ဒီနေ့ မင်းက(ငါ့အတွက်) ခိုးခဲ့တယ်ဆိုရင် မနက်ဖန်ကျရင် (ငါ့ဆီက) ခိုးမယ့်ကောင်းဖြစ်လိမ့် မယ်”တဲ့။

ဟုတ်တယ်တချို့က ငါ့အတွက်၊ ငါ့မိဘအတွက်၊ ငါ့ညီကိုမောင်နှမတွေအတွက်၊ ငါ့ဆွေမျိုးအတွက်၊ ငါ့ဆရာအတွက်ဆိုပြီး။ မလုပ်သင့်တာလုပ်ပြီး စီးပွားရှာကြတယ်။ ဒါကိုတော့ အတုမယူသင့်ဘူးပေါ့ကွာ။ ကိုယ့်ဝမ်းအတွက်ဖူ လုံးရေးဆိုပြီး မသမာသောနည်းတွေနဲ့ လိမ်လည်ကြတယ်။ခိုးယူကြတယ်။တိုက်ခိုက်ပြီးလုယူကြတယ်။ နောက်ပြီး ကုန်မသွယ်သင့်တဲ့၊ရောင်းဝယ်ဖောက်ကားမူမလုပ်တဲ့တဲ့ အလုပ်တွေနဲ့ စီးပွားရှာကြတယ်။ ဒါမျိုးတွေတွေ့ရင်း ဝေးဝေးရှောင်နိုင်ဖို့ မင်းတို့ကို အကိုအခုကထဲက မှာကြားချင်တာပါ။

စိတ်အလိုလိုက်လို့မရတာတွေ အများကြီးပဲ။ တစ်ခါတစ်လေကြရင် ပုထုဇဉ်ပဲ ဒီလောက်တော့ရှိမှာပဲဆိုပြီး ကိုယ့်ကိုယ်ကို အချောင်စိတ်ဓာတ်တွေ သွင်းပြီးလုပ်လာချင်ကြသေးတယ်။ အဲဒီလို မလုပ်သင့်တာလုပ်မှရတဲ့ ငွေမျိုး ကိုတော့ အမေ့အတွက်ပဲဖြစ်ဖြစ် ဘယ်လိုသောနည်းနဲ့မှ မလုပ်သင့်ဘူး။ ကမ္ဘာနဲ့အ၀ှမ်း ကုန်တံဆိပ်အမျိုးမျိုးတပ်ပြီး ပစ္စည်းတွေကို ဓာတုဗေဒမစမ်းသပ်ပဲနဲ့ ထုတ်လုပ်ရောင်းချ၊အချို့ဆိုရင် နာမည်ကြီးသရုပ်ဆောင်တွေ၊အဆိုတော် တွေ၊အားကစားအကျော်မော်တွေနဲ့ တီဗွီကနေကနေ ကြော်ငြာပြီး ထုတ်လုပ်ရောင်းချကြတယ်။ ဟိုတလောလေးက ကြားလိုက်လားတော့မသိဘူး။ တရုတ်နိုင်ငံထုတ် နို့မှုန့်တွေဟာ ကလေးတွေကို ကြောက်ကပ်အန္တရာယ်ဖြစ်စေပြီး။ တစ်ချို့ကလေးငယ်တွေ ဒီနို့မှုန့်သောက်မိပြီး သေတာတို့၊အကြီးအကျယ်ခံစားနေရတာတို့ စတဲ့သတင်းတွေ ကမ္ဘာနဲ့ အ၀ှမ်းတော်တော်လေး လှုပ်ခတ်သွားသေးတယ်။ ဆိုလိုတာက ကိုယ်ကျိုးအတွက်မကြည့်ဖို့၊စားသုံးသူတွေကို စိတ် ချလက်ချ သုံးစွဲနိုင်ဖို့ဆိုပြီး အာမခံချက်တွေပေးနိုင်တဲ့ ပစ္စည်းတွေကိုသာ ထုတ်လုပ်ရောင်းချသင့်တယ်။

ညီလေး၊ညီမလေးတို့လည်း အနာဂတ်မှာ ကြော်ကြားတဲ့ စီးပွားရေးသမားတွေ ဖြစ်လာနိုင်တာပဲ။ အဲဒီလို ဖြစ်လာခဲ့မယ်ဆိုရင် ဒါမျိုးတွေကို ဘယ်တော့မှမလုပ်မိဖို့ပေါ့။ တစ်ချို့ကျတော့လည်း အလုပ်ကိုအားရအောင်ခိုင်းပြီး လုပ်အားတန်ဖိုးနဲ့ မညီမျှတဲ့အဖိုးအခတွေနဲ့ လူတွေတော်တော်လေးလုံးပန်းနေကြတာကိုလည်း တွေ့မြင်နေရတာပဲ။ ဒါတွေဟာ ကုန်လွန်ဖို့၊ဘယ်တော့မှ ရောက်မလာသင့်တဲ့ ဓနရှင်စိတ်ဓာတ်မျိုးတွေပေါ့။ ဆိုလိုတာက အကယ်၍ ကိုယ်ဟာ တစ်နေ့တစ်ချိန်ချိန်မှာ လုပ်ငန်းခွင်တစ်ခုမှာ ဦးစီးဦးဆောင်မှုပြုရပြီး နေရမယ်ဆိုရင် ကိုယ့်လက်အောက် မှာရှိကြတဲ့ အလုပ်သမားတွေကို မနှိပ်ဖို့၊လူသားမဆန်တဲ့ အပြုအမူ အပြောအဆိုဆက်ဆံတာတို့၊နောက်ပြီး အလုပ် သမားခွင့်ရေးဆိုတာတွေကို သိနားလည်ဖို့၊လုပ်အားခ တန်ဖိုးဆိုတာတွေကိုလည်း နားလည်ပြီး မဆုတ်မနစ်ပေးနိုင် ဖို့ ဆိုတာတွေကလည်း တရားသောနည်းလမ်းနဲ့ ကျင့်သုံးနေထိုင်တဲ့ လူ့အဖွဲ့စည်းတစ်ခုရဲ့ အခွင့်ရေးတွေဖြစ်တဲ့ အ တွက် ဒါမျိုးတွေကို အခုကထဲကနားလည် သဘောပေါက်ထားဖို့လိုတယ်။

အေး ပြောစရာတွေကတော့ တော်တော်များတယ်။ ညီလေးက အိမ်ကထွက်လာချင်တယ်။ဘာအလုပ်ပဲ ရရလုပ်ချင်တယ်လို့ပြောလာတော့ အကိုလည်းရတဲ့ အလုပ်တဲ့လုပ်စေချင်ပေမယ့် လက်ဝါးကြီးအုပ်ပြီး ဓနရှင်စိတ်နဲ့ ကြီးပွားနေတဲ့ လူတွေရဲ့လက်ထဲကိုတော့ ၀ကွပ်မအပ်လိုက်ချင်ဘူးကွာ။ နောက်ပြီး မသမာသောနည်းမျိုးနဲ့ ကြီးပွား နေတဲ့ လူတွေရဲ့လက်ထဲကို အပြစ်မရှိသေးတဲ့ ညီလေးရဲ့ စိတ်ဓာတ်တွေ ရိုက်ချိုးခံရပြီး အဲဒီမတရားတဲ့ စိတ်ဓာတ် တွေ ၀င်ပြီး အမေ့အတွက်၊ကိုယ့်ညီအကိုမောင်နှမတွေအတွက် ငွေရပြီးရော ဆိုတဲ့စိတ်ဓာတ်တွေ ၀င်လာပြီး မလုပ် သင့်တာတွေ လုပ်လာမှာမျိုးကိုတော့ အကိုဘယ်လိုသောနည်းနဲ့မှ မလိုလားဘူးလေ။ ညီလေး အနေနဲ့အလုပ်လုပ် ချင်တာကိုတော့ အကိုဂုဏ်ယူပါတယ်။ အမေကလည်း သိပ်မလုပ်နိုင်တော့ မင်းတို့လည်း ချို့ချို့တဲ့တဲ့တော့ နေနေ ရမယ်။ အကိုလည်း ငွေပို့နိုင်အောင်တော့ တော်တော်လေးကို ချွေတာနေပါတယ်။ အလုပ်မျိးစုံကိုလည်း တရား သောနည်းနဲ့ဆိုရင် လုပ်နေပါတယ်။

လာမယ့်အပတ်လောက်ဆိုရင်တော့ ပို့နိုင်မှာပါ။ အလုပ်လုပ်ဖို့တော့ ရန်ကုန်ကို တက်ခဲ့ဖို့ ညီလေးကို လောလောဆယ်တော့ မတိုက်တွန်းချင်သေးဘူး။ နောက်နှစ်ကျောင်းပြီးရင်တော့ လာနိုင် အောင်စီစဉ်ထားပါမယ်။

မင်းတို့ရဲ့ ချစ်ဆုံးအကိုကြီး….

မောင်မင်းစိုး(ရွှေနံ့သာ)

No comments: