Wednesday, May 20, 2009

ပြန်ရောက်ပါပြီ

ဒီနှစ်တော့ လူမှုရေးလုပ်ငန်းလေးတွေ တော်တော်လေးလုပ်ဖြစ်ခဲ့တယ်။ သာဓုခေါ်စေချင်တာနဲ့ အကြောင်းအရာလေးတွေကို တင်ပြလိုက်ပါတယ်။







၁။ ပထမအနေနဲ့ကတော့ ကံကုန်းမှာ ကျောင်းသူ၊ကျောင်းသား (၃၁၆)ဦးအား ယဉ်ကျေးမှုသင်တန်းနဲ့အင်္ဂလိပ်ဂရမ်မာလေးတွေ ပို့ချဖြစ်ခဲ့တယ်။ ကလေးတွေကလည်း သိတဲ့ အတိုင်း ပညာလိုချင်တော့ တက်တက်ကြွကြွပါပဲ လာရောက်သင်ယူခဲ့ကြတယ်။ အချို့ဆို သင်တန်း ပိတ်တော့ ငိုတောင်ငိုကြတယ်။ အဲဒီမှာ သုံးနှစ်မြောက်၊သုံးကြိမ်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ် ချင်တာလေး လုပ်ရတော့ ကျေနပ်ပါတယ်။ သင်တန်းပြီးတော့လည်း လေးသိန်း ကျော်ကျော် တန်ဖိုးရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဆုချတဲ့အနေနဲ့ ချီမြှောက်ခဲ့ပါတယ်။













၂။ ဒုတိယအနေနဲ့ကတော့ နံ့သာကုန်းရွာမှာ ယဉ်ကျေးမှုသင်တန်း ဆက်တိုက်ဆိုသလိုပါ ပဲ ပို့ချပေးခဲ့ပါတယ်။ အဲဒီမှာတော့ (၂၅၀)ကျော် ကျောင်းသူ၊ကျောင်းသားတွေ လာရောက်ပြီး တက်ခဲ့ကြပါတယ်။ သင်တန်းပိတ်ပွဲပြီးတော့ ကလေးတွေပျော်ပွဲ၊ရွှင်ပွဲအဖြစ် ညဘက်ဇာတ်ခုံ ကို ခန်းခန်းနားနား ဆောက်ပြီး ကပွဲ၊ဆိုပွဲလေးတွေ နှစ်ညတိုင်တိုင် လုပ်ပေးခဲ့ပါတယ်။ အဲဒီမှာ ကတော့ ညီတော်လေးတွေလုပ်နေတာ လေးနှစ်ရှိသွားပါပြီ။ ဒီနှစ်တော့ အင်အားနည်းတာနဲ့ ၀ိုင်းဝန်း ကူညီခဲ့တာပေါ့လေ။ ကိုယ်ရေးတဲ့ စာအုပ်လေးတွေလည်း ဆုချဖြစ်ခဲ့တယ်။ ဒီလိုပါပဲ ကိုယ်တတ်နိုင်တာလေးတွေနဲ့ ဆုချပြီး ကလေးတွေ ပညာလည်းသင်၊ ပျော်လည်းပျော်ရွှင်စေခဲ့ ပါတယ်။ ပူတာကလည်း ၁၀၆-ဖာရင်ဟိုက်လောက်ထိ ရှိခဲ့တယ်။ မိုးကလည်းမရွာ၊ ချွေးသံတ လုံးလုံးနဲ့ အပူကို ဥပေက္ခာပြုပြီး သင်ပေးခဲ့ပါတယ်။

၃။ ဒီနှစ်တော့ စာကြည့်တိုက်က တစ်နှစ်ပြည့်ပြီလေ၊ ပထမကတော့ စာပေဟောပြောပွဲ လေးလုပ်ဖို့ပါပဲ။ ဒါပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငွေက တော်တော်လေး ကျပ်တယ်မဟုတ်လား။ စီးပွားရေးပျက်ကပ်ကြီးကလည်း ရွာထိကိုရောက်နေပြီလေ။ ဒါကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် စာကြည့်တိုက်မှူးနှစ်ယောက်ကို တစ်ယောက်ကို(၅၀၀၀၀)ကျပ်စီ ချီးမြှင့်ပြီး။ ရံပုံငွေကိုလည်း ထပ်မံပြီး(၆၅၀၀၀) ထည့်နိုင်ခဲ့ပါတယ်။ ရောက်လာတဲ့ စာချစ်ပရိတ် သတ်တွေကိုတော့ ကိုယ်တိုင်ပဲ ဟောပြောခဲ့ပါတယ်။ ဒီစာကြည့်တိုက်လေးက တစ်နှစ်ဆိုပေ မယ့် ကလေးဘ၀ကထဲက စုဆောင်းထားတဲ့ စာအုပ်လေးတွေနဲ့ ဖွင့်ခဲ့တာပါ။ အခုဆို (၃၀၀၀) ကျော်သွားပါပြီ။ စာအုပ်အသစ်(၃၀၀)လည်း ထပ်မံဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။ လုပ်ချင်တာ လေးလုပ်ရတော့ ကျေနပ်တာပေါ့။ ရှိလို့တော့မဟုတ်ပါဘူး။ စာအုပ်လေး ရေးထုတ်တော့ အမြတ်အစွန်းလေးလည်း မဖြစ်စလောက်ရခဲ့တယ်။ အဲဒါလေးတွေနဲ့ လုပ်နေခဲ့တာပါ။









၎။ “ရွှေဆံပင်တံတား” ဒီလမ်းကတော့ အလောင်းတော်ကဿပဘုရားနဲ့ အမေရေယဉ် နန်းရင်းသွားရာ လမ်းဖြစ်သလို၊ကျေးရွာပေါင်း(၆၀)ကျော်၊ လူဦးရေ(၅၀၀၀၀)ကျော် မှီခိုအား ထားရာလမ်းကြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထည်းက မိုးတွင်းဆို သွားလို့မဖြစ်ပါ ဘူး။ ဒါကြောင့် ဆရာတော်တွေ ဦးဆောင်ပြီး ပြန်လည်တည်ဆောက်နေခဲ့တယ်။ နှစ်နှစ်တာ ခရီးမှာ အလှူရှင်တွေ လှူဒါန်းထားတဲ့ ငွေသိန်း(၈၀၀)ကျော် ရှိသွားပါပြီ၊ လမ်းမိုင်အနေနဲ့က တော့ (၈)မိုင်လောက်၊တံတားအစင်း(၈)စင်းတိတိပြီးသွားခဲ့ပါပြီ။ အခုအကြီးဆုံးချောက်ကြီးမှာ တည်ဆောက်ဖို့ စိုင်းပြင်နေခဲ့ကြရင်း ငွေအင်အားမတတ်နိုင်တာနဲ့ အချို့ကလေးမတွေရဲ့ အကြံပေးချက်အရ ဦးခေါင်းပေါ်မှာ အထွတ်အမြတ်ထားတဲ့ ဆံပင်တွေဖြတ်လှူကြတယ်။ (ဒါတွေကို နောက်ဆိုရင် အတွေ့အကြုံတွေကို အကျယ်ရေးပါဦးမယ်) အဲဒါတွေကို တစ်ရွာဝင် တစ်ရွာထွက် လိုက်ပြီး အလှူခံပေးခဲ့ကြပါတယ်။ ပျော်စရာလည်းကောင်းပါတယ်။ အခုဆိုရင် လှူဒါန်းတဲ့ အလှူရှင်ပေါင်း(၅၀၀၀)ကျော်သွားပါပြီ။ ဆံပင်ကလည်း ပိဿာချိန်ပေါင်း (၁၇၀) ကျော်လောက်ရသွားပါပြီ။ ကျေးလက်နေ မိန်းကလေးတွေရဲ့ အလှူဒါနကတော့ တော်တော် လေးကို မွန်မြတ်ပါပေတယ်။ သာဓုလည်းခေါ်ထိုက်ပါပေတယ်။

No comments: