Saturday, March 31, 2012

ချုံခိုတိုက်ခိုက်ခြင်း

တအားပင်ပန်းတယ်။ ရေအေးလေးတစ်ခွက်လောက် တိုက်ပါ။ အကြောအချဉ်များ
တဗျစ်ဗျစ်ဆွဲဆန့်လိုက်တော့ သွေးစိမ်းများဂမူးရှူးထိုး ပန်းထွက်လာတယ်
သေသလား၊ ရှင်သလားမသိ၊ တဆိတ်လောက် သည်းခံပေးပါ၊ ငါ့မှာ တအား
ပင်ပန်းလို့၊ ဟက်ကာသမားတစ်ယောက်မဟုတ်ရပါ၊ အကြောင်းမဲ့ တိုက်ခိုက်ခြင်းလည်း
မဟုတ်ရပါ၊ ပြာလဲ့နေတဲ့ အလွမ်းနုနုလေးလည်း ကြေကွဲဖြာထွက်သွားတယ်။
ခေတ်တစ်ခေတ်ကို ကိုယ်စားပြုပါတယ်၊ ကင်းမဲ့ဇုန်များမှာ ကင်မရာတစ်လုံးရဲ့ အလုပ်ဟာ
မိုးပေါ်မှာ ချိပ်ဆွဲထားမယ့် ကောက်ကြောင်းများဟု ခေါ်သည်။ အဆင့်တစ်ဆင့်ကို
ကျော်ဖြတ်သွားခဲ့သော လူလုပ်အခင်းအကျင်းများလည်း ပီပြင်မှုမရှိသေး
အရသာများ၊ ချိုချဉ်ငံစပ်များ၊ အဟာရများ၊ တစ်မျိုးတည်းဟုခေါ်ဆိုရန် မဖြစ်နိုင်သေး
ရေလွှာချောစီးပြီး တစ်ကိုယ်လုံးယဉ် ဘေးငဲ့စွာ ထိုင်နေတတ်သော သူမကိုပြောပေးပါ
မဖြစ်မနေ လာရောက်ပါ၊ သိုက်တူးသမားများ အလုပ်မှာ မပျော်မရွှင်ဖြစ်နေပါသည်
ချုံခိုတိုက်ခိုက်ခံရသော စိတ်အလုပ်များဖြင့် နှင်းဆီများ အရည်မရွှမ်းနိုင်တော့ပါ
ဆူးခင်းသောလမ်းဟု သတ်မှတ်ထားသော်လည်း မြေပြင်ပေါ် ဆင်းသက်နိုင်ရန်
အာကာသလွန်းပျံယျာဉ်တစ်စီးမှာ သံဖိနပ်များ တပ်ဆင်ထားပြီး ဖြစ်ပါသည်
အဖူးဖူးအယောင်ယောင် စို့ထွက်နေသော အနာမှ အိုင်းရည်များသည် တစိမ့်စိမ့်
ပျော်ကျလာအပြီး၊ အဆိပ်များ၊ ဖောယောင်မှုများ၊ အန်ဖတ်များ၊
ခံတပ်များအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။
စပ်ဆုပ်စရာ၊ မနာလိုစရာ၊ အော့အန်စရာ၊ ခံပြင်းစရာ
မအောင်မြင်မှုများ၊ မလုပ်ဆောင်မှုများ၊ မောင်းနှင်လာသော ကားတစ်စီးပေါ်သို့
ပြေးတက်သွားသည်။ ဘယ်သူဘယ်ဝါ မသည်းကွဲ။ အယောင်ဆောင်မှုများကို
ကျီးဟုခေါ်သော်၊ ပကတိဖြတ်သန်းသွားသော ငှက်တစ်အုပ်၏ ဆူညံပေါက်ကွဲမှုကို
သင်မည်သို့ နာမည်တပ်လိုက်သလဲ၊ အရေးအသားများဖြင့် စကားလုံးသူရဲကောင်းများ
ကမ္ဘာမြေပေါ်သို့ နေရာအနှံ့ ပြန်ကျဲနေသော်လည်း၊ ကျစ်လစ်သော အသွင်ဆောင်မှုမျိုး
မဖြစ်တော့။ ချုံခိုတိုက်ခိုက်လိုက်သော ဒီကဗျာသည်၊ စာသားများဟုခေါ်သည်။
ထို့နောက်၊ စိတ်လိုက်မာန်ပါ ဒီကဗျာကို ရေးသားခြင်းဖြင့် ချုံခိုတိုက်ခိုက်လိုက်သည်။
မောင်မင်းစိုး


တစ်ခါတလေတော့လည်း လွမ်းမိပါတယ်
ဟိုအရင်ကဆို မုဆိုးသားကောင် ချောင်းသလို ချောင်းနေရတယ်
ချောင်ချောင်လည်လည်မရှိဘဲကို ချောင်းဆိုးရင်ကျပ် သလိပ်ကပ်တာကို ခဏဖယ်ထားရတယ်
အများလည်း မိုးခါးရေသောက်ပါတယ်၊ မိုးကဘာဖြစ်လို့ ခါးသွားရတာလဲ ခါးသီးမှုကြောင့်လား
ခါထုတ်လိုက်တဲ့ အမနာပတွေကို အမောတကော လိုက်ဖမ်းမိပြန်တယ်၊ ဘေးမှာ ရောင်နီသန်း
အနောက်မှာ မှိုင်းပြာလဲ့နေတဲ့ စစ်မုန်တိုင်းလည်း အရှေ့အလယ်ပိုင်းကို ဖြတ်တိုက်လာတယ်
မပူပါနဲ့၊ မဆူပါနဲ့၊ လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံတစ်စုံဟာ သူ့အားရှိသရွေ့တော့ ပျံသန်း
မိုးမျှော်သလို ဇောက်ထိုးကျလာတဲ့ ပုတ်သင်ညိုတွေလည်း သူ့အရေး သူဆိုပါစေ
အမျှအတန်းပေးဝေလိုက်တော့ မကျွတ်လွတ်သေးဘဲ နံရံမှာ ကပ်နေတဲ့ မိစ္ဆာနတ်ဆိုးက
ထအော်တယ်၊ နာတယ်၊ ကျင်တယ်၊ ဒါလည်း ၀ဋ်ဒုက္ခတစ်ခုပဲပေါ့၊ ချောင်းကြား၊ မြောင်းကြား
ချုံကြားမှာ ကိန်းဝပ်နေတဲ့ စေတန်လည်း လက်ပန်းကျပြီ၊ အနေမမှန်တော့လည်း အကျင့်ဆိုးနဲ့
မိုးထိအောင်ထောင်ခဲ့ပေမယ့် အခုတော့ အ၀ီစိအထိ လဲပြိုကျလို့
တစ်ခါတလေတော့လည်း လွမ်းမိပါတယ်။
အနေခက်အောင် ကူညီသူများကိုလည်း အားနာပါတယ်၊ ခါတော်မီ ဖားကြီးလည်း နူနာစွဲလို့
အမူအရာမလှတော့တဲ့ ဖြစ်ရပ်မှားနဲ့ လူလည်းဘေးကျပ်နံကျပ် အရပ်တကာမှာ ပွဲဆူဖို့
တခစ်ခစ်ရယ်သံမှာ ပျော်ကျသွားဖို့ မင်းလည်း မင်းဒုက္ခပေါ့
နေညိုပြန်တော့ တိမ်တွေပြိုကျလာတယ်၊ တိမ်ပြိုတွေရဲ့ အူသံက မစဲတော့ဘူး
လာပါ၊ သွားစို့။
မတ်တပ်ရပ်လို့ လမ်းမှာ ငိုနေလည်း မျက်ရည်တွေအတွက် တာဝန်ယူဖို့လိုတယ်။
အသက်လည်းကြီးပြီ၊ နှာစေးရင် ဆေးသောက်၊ မူးဝေ အော့အန် ရင်တုန် ပန်းတုန် ဓာတ်ကျလာ
ခါးနာမယ်၊ လေဖြတ်မယ်၊ ကျိန်စာသင့်နေတဲ့ အိုကြီးအိုမဟာ အသက်မှန်မှန် ရှူသွင်းလို့
ကြိမ်ကုလားထိုင်ကြီးပေါ်မှာ ပက်လက်၊ အသက်ဆက်နေရှာတယ်။
မိုးတိုးမတ်တပ် ရပ် ကြည့် သွားရင်း စဉ်းစားမိတယ်
တစ် ဇွတ်ထိုး တဇောက်ကန်း
ခါ တိုင်းလိုပဲနော် ဘာမှ ထူးမလာသေးဘူး
တ ရားမရတဲ့ များလှသံသရာထဲ လည်နေတုန်းပဲလား
လေ ဆင်နှာမောင်း ဒုန်းစိုင်းနေတုန်း အူယားဖားရားကြီးနဲ့
တော့ လည်း ဘာမှ အလိုမကျနိုင်သေးဘူးပေါ့နော်
လည်း ကောင်းနောက် စိတ်များ မခံမရပ်ဖြစ်ပြီး
လွမ်း ရက်ရှည်ကြာ မနေသာတော့ အသေအချာကို
မိ အောင်ဖမ်းရတော့မှာပေါ့
ပါ ပမိစ္ဆာ လူယုတ်မာကြီးရေ
တယ်… ပြောကို မပြောချင်တော့ပါဘူး
အော်………………………………………
တ စ် ခါ တ ေ လ ေ တ ာ့ လ ည်း လွ မ်း မိ ပါ တ ယ် ။
မောင်မင်းစိုး

No comments: