Friday, June 1, 2012

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းရွာအ၀င် ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပဘုရားသို့ သွားရာလမ်းနယ်နိမိတ်အနီးမှာ တည်ရှိနေတဲ့ မိမိတို့ရွာကလေးဟာ အိမ်ခြေစုစုပေါင်း(၁၈၀)ခန့်မျှရှိပီး ရွာနာမည်အနေနဲ့ ဟိုယခင်က ထန်းတောများ ၀န်းရံကာဆီးထားမှုကို အစွဲပြုခါ ထန်းတောကုန်းဂါမဟု အမည်ရခဲ့သော်လည်း ရွာဦးကျောင်းဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် ရနံ့များ တစ်နေ့တစ်ခြား မွှေးပျံ့လာမှု၊ဆရာတော်ဘုရားကြီး၏ တပည့်သား သံဃာတော်(၇၄)ပါးတို့၏ ပရိယတ္တိစာမေးပွဲ အောင်မြင်မှုဂုဏ်သတင်းရနံ့များ ကျော်စောသင်းပျံ့လာမှု၊ ကျေးရွာသူ ရွာသားများ၏ ဘာသာရေးကိစ္စများ ဆောင်ရွက်လုပ်ကိုင်ရာ၌ သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပ ဟူသော သူတော်ကောင်းတရား(၇)ပါးကို လက်ကိုင်ထား ဆောင်ရွက်မှု ဂုဏ်သတင်းများ ပျံ့နှံ့ကျော်စောလာမှုများကြောင့် ထန်းတောကုန်းဂါမမှသည် နံ့သာကုန်းဂါမသို့ တဖြည်းဖြည်း ပြောင်းလဲခေါ်ဝေါ်လာခဲ့ကြခြင်းဖြစ်ပေသည်။ထိုစကားမှန်၏။
ရွာဦးကျောင်းဆရာတော်ဘုရားကြီး၏ လက်ထက်၌ တပည့်များစွာမွေးထုတ် ပေးနိုင်ရုံသာမကပဲ ပိဋကတ်နှစ်ပုံခွဲအောင် သာသနာ့အာဇာနည်အရှင်မြတ် (၂)ပါး၊ပိဋကတ်နှစ်ပုံအောင် အရှင်မြတ်(၂)ပါး၊သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ အရှင်မြတ်(၁၇)ပါး၊သာမဏေကျော်လင်္ကာရဘွဲ့ရ(၆)ပါးနှင့် အခြားသော ပထပမငယ်၊ပထမလတ်၊ပထမကြီးတန်းအောင်၊နိကာယ်စာမေးပွဲအောင် သာသနာ့အာဇာနည်အရှင်မြတ်များစွာကိုလည်း ထူးခြားစွာမွေးထုတ်ပေး ခဲ့ပြီဖြစ်၏။ ဤကဲ့သို့သော ဂုဏ်သတင်းရနံ့များ သင်းပျံ့နေလျှက်ရှိသော ရွာကလေး၏လိုအပ်ချက် ကွက်လပ်တစ်ခုကို တစ်ဒေါင့်တစ်နေရာကနေ ဖြည့်ဆည်းသောအားဖြင့် "သင်သေသွားသော် သင်ဖွားသောမြေ သင်တို့ မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏"ဆိုတဲ့ ဆရာဇော်ဂျီ၏ သတိပေးကဗျာလေးကို ဦးထိပ်မှာ ပန်ဆင်၍
ဆရာတော် ဘဒ္ဒန္တသိက္ခိတနှင့် ခမည်းတော် ဦးထွန်းခင်+မယ်တော်(ဒေါ်ခင်လှ)မိသားစုတို့၏ လှူဒါန်းမှုဖြင့် နံ့သာကုန်းရွာအ၀င်ဆိုင်းဘုတ်ကြီးအား ကျေးရွာစံပြစပါးစိုက်ခင်းထိပ်၌ မြန်မာကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ကဆုန်လပြည့်ကျော်(၁)ရက်၊တနင်္ဂနွေနေ့ (6-5-2012)တွင် နံ့သာကုန်းရွာ ဆရာတော်သံဃာတော်များ၊ရပ်မိရပ်ဘများနှင့် လူငယ်မောင်မယ်များ၊ စုပေါင်းညီညာစွာဖြင့် စည်ကားသိုက်မြိုက်စွာ စိုက်ထူခဲ့ကြပါသည်။ ၄င်းဆိုင်းဘုတ်စိုက်ထူသည့်နေ့တွင် ဆိုင်းဘုတ်အလှူရှင် ဦးသိက္ခိတမှ ဧည့်ပရိသတ်များအား အဖျော်ရေအာဟာရများတိုက်ကျွေးခြင်း၊နံ့သာမောင်တီးဝိုင်းအား ဆုတော်ငွေ-၁၅၀၀၀ (တစ်သောင်းခွဲ)ကျပ်နှင့် ညီတော် ဦးဓမ္မ၀ရမှ -၅၀၀၀(ငါးထောင်ကျပ်) ချီးမြှင့်ခြင်း. ဦးသိက္ခိတ၊ဦးရာဇိန္ဒ(မောင်မင်းစိုး)နှင့် ဦးနန္ဒသာမိတို့က၊ရောက်ရှိလာသော ပရိသတ်များအား ရွှေမိုးငွေမိုးများရွာသွန်းဖြိုးခဲ့ကြပါသည်။ စုစည်းတင်ပြသူ-ဆန်းသစ်အောင်

No comments: