Saturday, August 25, 2012
ရေတွေ . . .
အပေါ်ကကြည့်တော့ ရေတွေပဲမြင်တယ် နေရာအနှံ့အပြား ရေတွေလွှမ်းလို့
ပွက်လောဆူညံ ပေါက်ကွဲမှုတွေနဲ့ တဒင်္ဂပဟာန်အတွက် ရေတွေနေရာတကာပေါ့
ရေပူ/ရေအေး ဖြည်းဖြည်းလေး တွန်းရွှေ့လိုက်တော့ နံရံပေါ်က ရေတွေစီးကျ
ခေါင်မိုးပေါ်က ရေတွေရွာချ ကြမ်းပြင်ပေါ်က ရေတွေ ပန်းထွက်
စိုးထိတ်နေသလား ကြောက်ရွံ့နေသလား ပူလောင်နေသလား ရေတစ်ခွက်လောက် ဖြန်းလိုက်ပါ
လင်ဆိုးမယား တဖားဖား သားဆိုးမအေ တပေပေ ကျားကြောက်လို့ ရှင်ကြီးကိုးဖို့ ရေတွေလိုတယ်
နောက်လာတဲ့ မောင်ပုလဲအတွက်လည်း ရေတွေလိုတယ် အမ်ဆီးကွက်ရှင်တွေ ပရက်မီဒီယာတွေ
ကလင်းဂါးဗားမင့်တွေ ခရိုနီတွေ လယ်ယာမြေတွေ မီဒီယာလောတွေ ပါတီတွေ အိုးပိုင်အိမ်ပိုတွေ
ဆက်သွယ်ရေးတွေ ကမ္ဘာကြီးနှင့် ချိပ်ဆက်ဖို့အရေးတွေ အရာရာဟာ ရေတွေလွှမ်းနေတယ် ရေတွေ
လိုအပ်နေတယ် ရေတွေနဲ့ တည်ဆောက်ထားတဲ့ မြို့ပြဟာ တုန်လှုပ်ချောက်ခြားဖွယ် ရေတွေ အဆက်
မပြတ် စီးဆင်းနေဆဲပေါ့ အဆို့ အပိတ် အတား အဆီး ထွက်ပေါက်/၀င်ပေါက်အတွက် ရေတွေလိုတယ်
စိတ်မချရဘူး ရေလွှာလျှောစီးတွေကို ဂရုစိုက် သားလေးလည်း အရွယ်မရောက်သေးဘူး မိခင်ဖြစ်သူလည်း
ရေလိုတယ် အသုံးလုံးခေတ်မဟုတ်ဘူး အိုင်သုံးလုံးခေတ် အိုင်တီ အိုင်ပက် အိုင်ဖုန်းအတွက်လည်း ရေလိုတယ်
ဒဏ်ရာရ ငှက်တစ်ကောင်ဟာ သူ့အသိုက်ရဲ့ ၀ပ်ကျဉ်းမှာ ခါးသီးတဲ့ မုန်းတီးမှုတွေနဲ့ နာနာကျင်ကျင် ဟစ်
အော်လို့ ရေတွေ မလာဘူး ဓာတ်ကြီးလေးပါ အပါဝင်ဖြစ်တဲ့ ရေဟာ နေရာတကာမှာ မပါလို့မဖြစ်ဘူး
မသောက်လို့လည်း မဖြစ်ဘူး မခပ်လို့လည်း မရဘူး ရေတွေ လာနေဖို့ အလဟဿဖြစ်နေတဲ့ ရေတွေကို
ကာကွယ်ဖို့ ဒါလည်းပဲ ရေလိုတာပဲ ရေသန့်အတွက် ရေသန့်ဗူးက တာဝန်ယူနိုင်သလား ဂျိုးဖြူက စီးဆင်း
လာတဲ့ ရေတွေ ဘယ်လို သန့်စင်ကြမလဲ မင်္ဂလာဒုံမှာ ၁၀၆မင်္ဂလာကန်ပေါင် ကျိုးပေါက်သွားပြီတဲ့
ရေတွေဟာ ကွင်းလုံးပြည့် ရေတွေဟာ ဖွေးဖွေးလှုပ်လို့ ရေတွေ ဒလဟော စီးဆင်းဖို့ ရေတွေလိုတယ်
စီးဆင်းနေတဲ့ မလိုအပ်တဲ့ ရေတွေကို ကာကွယ်ဖို့ ရေတွေလိုတယ် ရေ အသက် တစ်မနက်တဲ့
သုံးစရာ ငွေတွေရဲ့ ခေါင်းနဲ့ပန်းမှာ ရေတွေ ပန်းထွက်နေဆဲ။
မောင်မင်းစိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment