Wednesday, November 14, 2012

ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အဖြေ


ငါလည်းလူလည်တစ်ယောက်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တာ အခုတော့
နှာတစ်ဖျားသာတာမဟုတ်ဘူး နှာနုကို ထုချေသွားတဲ့ ဖြစ်စဉ်တစ်ခု
ခပ်ယဲ့ယဲ့ကျန်တော့တဲ့ စိတ်ကစားကွင်းမှာ ကြီးနိုင်ငယ်ညှင်းတာမဟုတ်ဘူး
ပိုးစိုးပက်စက်ပါပဲ တကယ့်ကို သွေးပျက်ဖွယ်နေ့ရက်တွေနဲ့ လူလည်း အလည်လွန်နေခဲ့ပြီး
အလဲလွန်မသွားအောင် ထိန်းထားရတယ်။ ဖြစ်ပုံက မြွေပွေးခါးပိုက်ထဲ ထည့်သွင်းမိတဲ့ဖြစ်စဉ်
အရေခွံတွေလဲတယ်။ အူသံတွေပေးတယ်။ ခေါင်းထောင်လာတယ်။ တကယ်ပြဿနာက အဲဒါမဟုတ်ဘူး
ချိပ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကို နံ့သာရေပက်ဖြန်းပြီး လန်းဆန်းတက်ကြွနေတဲ့ မြင်ကွင်းကြီးတစ်ခုပါ
ဒါဟာ လူသားတွေရဲ့ ဆိုးသွမ်းမှုထဲက တစ်စွန်းတစ်စပါပဲ အပြာရောင်သုတ်လိမ်းထားတဲ့ ဆိုရိုးတစ်ခုထဲကို
ဘ၀တွေနင်းလို့ပြားသွားရတဲ့ နင်းပြားအဖြစ် ထုချေထိုးသိပ် သွပ်သွင်းလိုက်မှုဟာ ပြီးဆုံးသွားခြင်းရဲ့
လက္ခဏာလား ဘာလား ဝေခွဲရခက်နေတုန်း ဆံဖြူလာတယ် ထိပ်ပြောင်လာတယ် ယိုင်နဲ့လာတယ်
ထူထူပျစ်ပျစ် လိမ်းခြယ်ထားတဲ့ သနပ်ခါးဟာလည်း အိုမင်းမှုကို မဖုံးကွယ် တစ်နေ့တခြားကြီးကြီးလာတဲ့
အကုသိုလ်တွေ တောင်ပုံရာပုံ ဒီလိုနဲ့ လမ်းပေါ်မှာ လူတွေ ပြန်ကျဲ့လို့ မြင်ကွင်းက မရှင်းလင်းနိုင်တဲ့
ပုစ္ဆာအတွက် တိုက်ပွဲခေါ်သံ လမ်းတွေကို လမ်းတွေဖြန့်ခင်း လမ်းတွေက လမ်းပေါ်ကို လမ်းလျှောက်လို့
လာလမ်းအတိုင်း လမ်းသလားကြဦးမယ် ဒီလိုနဲ့  ဆံဖြူသွားကျိုးလို့ ဆိုးရွားဟောင်းနွမ်းလာတဲ့ ငွေစက္ကူတွေလို
သုံးရမှာ မသန့် ကိုင်ရမှာမသန့် သိမ်းရမှာမသန့် ပေးရမှာမသန့် ယူရမှာမသန့်နဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့
လူလည်လည်း လူမလည်နိုင်တော့ လူလဲမသွားအောင် ထိန်းကျောင်းနေရင်း လူးနေရတဲ့ လူ့ဘ၀ဇာတ်ခုံထဲ
ပြီးပါပြီဆိုတဲ့ စာတန်းလေး မထိုးခင်လေးမှာ အဖြေလေး ရှင်းရှင်းလင်းလင်း ရှိစေချင်
တကယ်ပါပဲ လူသားတစ်ယောက်ရဲ့ ခက်ခက်ခဲခဲ ရှင်သန်မှုဖြစ်စဉ်။
(ထွက်ကျလာတဲ့ စကားလုံးတွေကို ချရေးကြည့်တယ် ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အဖြေ)
မောင်မင်းစိုး

No comments: