Monday, January 21, 2013

ရိုက်ခတ်ဖြာထွက်လာရာ ဗဟိုအတွင်းဘက်အခြေအနေ


လိုအပ်ချက်တွေကမ်းမကပ်နိုင်သေးသမျှ
ဘ၀တွေအစုန်အဆန်ရွက်လွှင့်နေရဆဲ
မြစ်ကူးချောင်းဖျားသွားမိပြန်တော့ နွံနစ်ခံရတာသဘာဝ
လောကမှာဆေးချလို့မရနိုင်တဲ့ အစွန်းအထင်းတွေပေကျံလို့
ကိုယ်မရွေ့ပဲရောက်ခဲ့တဲ့ဒီလှိုင်းတွေကြား အနည်ထိုင်မွန်းကျပ်
ပြောင်စင်ဖို့အားထုတ်ကြိုးပမ်းလေ ဂယက်ထနောက်ကျိလေ
ရေဆန်ဖြတ်ကူးချင်တဲ့လက် ရေစုန်မျှောလိုက်ချင်တဲ့လက်
တက်မရှိလဲအစားဝင်လှော်ခတ်ပေးမယ့်လက်
လက်မျိုးစုံသင်္ကေတ ရွေးချယ်မှုမှာမျက်နှာစည်းထားဖို့လိုမယ်
လေပြေ ၊ လေပွေ ၊ လေညင်း ၊ လေပြင်း ၊ လေဖိအားနည်းရပ်ဝန်း
လေထဲကစကားသံတစ်ချို့အတွက် စိတ်ဟာကပ်ကြေးတစ်လက်လိုထက်ရှ
အလဲအထပ်ပြုလုပ်နိုင်မှုမှာ ကူးပြောင်းလွယ်ခြင်းကရိုက်ချက်ပြင်းတယ်
ဘယ်သီအိုရီတွေနဲ့မှ ရင်ဘက်တွေကိုဖွင့်မကြည့်ခဲ့ဘူး
ကိုယ်မော့သောက်လိုက်တဲ့အဆိပ်တစ်ခွက်ဟာ ကိုယ့်ယုံကြည်မှုရဲ့သစ္စာ
နေပူထဲဖြတ်သန်းချင်ယုံသက်သက် ကျွန်တော့်ကိုမစိုးမိုးခိုင်းပါနဲ့
အဖြေမထုတ်နိုင်တဲ့ပုံသေနည်းတွေထဲ တိုးဝင်ငြိတွယ်ငြိမ်သက်
ရာသီဥတုကအမြဲကိုယ့်ဘက်မှာမရှိခဲ့တော့လဲ
မာကြောခြင်းနဲ့ပဲပုံဆောင်ပြတတ်ခဲ့
မရွာနဲ့တော့မိုး....။ စကားလုံးတွေရှေ့ခေါင်းမော့ဖြတ်လျှောက်ချင်တယ်
ကြေမွအက်ထနေတဲ့ အသံတိတ်ပြတ်ရာတွေနက်ရှိုင်း
ဘာမြူဒါစက်ဝိုင်းထဲက နောက်ဆုံးသူဟာကိုယ်..။ ။

သွယ်လေး

No comments: