Monday, March 11, 2013

ခေတ်မှီ နိုင်ငံရေးဝေါဟာရ အဘိဓာန်

မက္ကသီဝါဒ = McCarthyism -------------------------------------------------------
 အမေရိကန် အထက်လွှတ်တော်အမတ် ( ဆီနေတာ ) ဂျိုးဇက် မက္ကာသီကို အစွဲပြု၍ ပေါ်ပေါက်လာခဲ့ သော စကားလုံးဖြစ်သည်။ သူသည် ၁၉၄၆ မှစ၍ ၁၉၅၇ ကွယ်လွန်သည်အထိ ၀စ္စကွန်ဆင်ပြည်နယ်၏ ဆီနေ တာ ဖြစ်ခဲ့သည်။ ၁၉၅၀ မှ ၁၉၅၄ အတွင်း အမေရိကန်အစိုးရ ၀န်ထမ်းများထဲတွင် ခြေကုတ်ဝင်ယူနေသည် ဟု သင်္ကာမကင်းဖွယ် လူပုဂ္ဂိုလ်များကို မြေလှန်စစ်ဆေးခဲ့သူအဖြစ် ထင်ရှားသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ဆိုဗီယက်ယူနီယံ သြဇာနယ်ပယ် ချဲ့ထွင်လာခြင်း၊ အရှေ့ဥရောပတွင် ကွန်မြူနစ်နိုင်ငံများ ပေါ်ပေါက်လာခြင်း၊ ကိုလိုနီနိုင်ငံများမှ အမျိုးသားရေး လွတ်မြောက်ရေး လှုပ်ရှားမှုများကို ဦး ဆောင်သူအများစုမှာ လက်ဝဲအယူအဆရှိသူများ ဖြစ်နေခြင်း စသည်တို့ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ကွန်မြူနစ်တစ္ဆေ ခြောက်နေခဲ့သည်။ အမေရိကန်တွင် ကွန်မြူနစ်များ ခြေကုတ်ရသွားပါက တစ်နေ့တစ်ချိန်တွင် မိမိတို့အတွက် အန္တရာယ်ကြီးစွာ ကျရောက်နိုင်သည် ဟု အရင်းရှင်းကြီးများက စိုးရိမ်ပူပန်ခဲ့ကြသည်။ ယင်းတို့၏ ကိုယ်စားလှယ်မှာ ဆီနေတာ မက္ကာသီ ဖြစ်သည်။ မက္ကာသီသည် ဆီးနိတ်၏ အစိုးရလုပ်ငန်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် ရရှိထားသော အခွင့်အာ ဏာများကို သုံးစွဲကာ အစိုးရ၀န်ထမ်းများ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများ အပါအ၀င် အလွှာပေါင်းစုံမှ နိုင်ငံ သားများစွာတို့အား ဆင့်ခေါ်၍ ကွန်မြူနစ်လိုလားသူ ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် တစ်မျိုးသားလုံး သွေးရူးသွေးတမ်း ( national hysteria ) ဖြစ်ကုန်ကြသည် ဟူ၍ပင် ပြောစမှတ် တွင် ခဲ့သည်။ ဆင့်ခေါ်စစ်ဆေးခံရသူများသည် အနိုင်ကျင့်ခံရခြင်း၊ စိတ်ဓာတ်ရေးရာ ညှဉ်းဆဲခံရခြင်း၊ အရှက်တကွဲ ဖြစ်ရခြင်းတို့နှင့် ကြုံခဲ့ရကြရလေသည်။ နောက်ဆုံးတွင် မက္ကာသီသည် စစ်တပ်ကိုပါ ဝေဖန်တိုက်ခိုက်သည်အထိ အလွန်အကျွံဖြစ်လာရာ ဆီး နိတ်မှ သူ၏လုပ်ဖော်ကိုင်ဖက်များကိုယ်တိုင်က သူ့ကို ပြန်လည်တားဆီးခဲ့ကြရသည်။ သူ၏ စုံစမ်းစစ်ဆေးမှုများ ကိုလည်း ရပ်တန့်လိုက်ရသည်။ မက္ကာသီသည် မတရားစွပ်စွဲမှုများကြောင့် လူမုန်းအလွန်များခဲ့ပြီး သူ့ဘ၀၏ နောက်ဆုံးနေ့များတွင် အထီးကျန်ဖြစ်ခဲ့သည်။ မည်သို့ရှိစေ မက္ကာသီဟူသော နိုင်ငံရေးဝေါဟာရတစ်ခုကား တွင်၍ကျန်ခဲ့သည်။ ကွန်မြူနစ်တစ္ဆေ ခြောက်ပြီး လူဆိုးလူကောင်းမရွေး သိမ်းကျုံးကာ တရားခံများသဖွယ် မသင်္ကာဖြစ်ခြင်းကို မက္ကာသီဝါဒ ဟု ခေါ် သည်။ အမေရိကန်တွင် ၂၀၀၁ စက်တင်ဘာ ၁၁ အရေးခင်း ကြုံခဲ့ရပြီးနောက် နိုင်ငံခြားသားများ အားလုံးကို အမေရိကန်တို့က မသင်္ကာစိတ်ဖြင့် တင်းတင်းကျပ်ကျပ် စစ်ဆေးလာခဲ့ရာ ခေတ်သစ်မက္ကာသီဝါဒ ကျင့်သုံးလာမှု လော ဟု ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
 ( မောင်ဝံသ၊ ခေတ်မှီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )


လစ်ဘရယ်ဝါဒ = Liberalism
 ---------------------------------------------
 ၁၉ ရာစုနှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့သော လူမှုရေးနှင့် နိုင်ငံရေးသဘောထားများအပေါ်တွင် အခြေံခံ၍ လစ်ဘရယ်ဝါဒထွန်းကားလာသည်။ ဥရောပတိုက်တွင် မြေရှင်ပဒေသရာဇ် အကြွင်းအကျန်များနှင့် ဘုရင်စနစ်၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေးအတွက် လူလတ်တန်းစားများက လှုပ်ရှားတွန်းလှန်ရာမှ လစ်ဘရယ်ဝါဒ အခြေတည်ခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးတွင် အစိုးရက လုံးဝ စွက်ဖက်ခြင်း မပြုဘဲ လေဇယ်ဖဲယား ခေါ် လွပ်လပ်စွာ ကူသန်းရောင်း ၀ယ်ခွင့်၊ နိုင်ငံရေးတွင် ပြည်သူ့လွပ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။ လစ်ဘရယ်ဝါဒ သည် တရားဥပဒေစိုးမိုးရေးကို အထူးအလေးထားသည်။ တရားဥပဒေအထက်တွင် ရှင်ဘုရင်သော၊ သူကောင်း မျိုးသော၊ လူချမ်းသာသော မည်သူမျှ မရှိစေရ ဟု တောင်းဆိုသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်သူများအား ဆန္ဒမဲပေး ရွေးချယ်ပိုင်ခွင့်တို့ကို လိုလားသည်။ နိုင်ငံရေးတွင် ယေဘုယျအားဖြင့် လူတန်းစားတိုက်ပွဲကို ယုံကြည်ပြီး အစိုးရက ထိန်းချုပ်သည့် စီးပွား ရေးမူဝါဒများကို ကျင့်သုံးလိုသော လက်ဝဲသမားနှင့် လူတစ်ဦးချင်း၏ လွပ်လပ်ခွင့်ကို အားပေးသော လက်ယာ သမားဟူ၍ ရှိရာ လစ်ဘရယ်ဝါဒီများသည် နှစ်မျိုးစလုံးဆီမှ ကောင်းသော အချက်များကို လက်ခံကျင့်သုံးသည်။ လူလူချင်း တန်းတူညီမျှခွင့် တူညီမှုဖြစ်စေရမည် ဟူသော လက်ဝဲယုံကြည်ချက်ကို လစ်ဘရယ်ဝါဒက လက်ခံ သည်။ သို့သော် ချမ်းသာသူများကို ပျက်စီးစေပြီး ဆင်းရဲသူများကို အနိုင်ရစေမည် ဟူသော သဘောထားမျိုးကို လက်သင့်မခံချေ။ တနည်းအားဖြင့်ဆိုသော် တော်လှန်ရေးနည်းလမ်းဖြင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲရမည် ဟူ သော အယူအဆကို လက်မခံချေ။ ထို့အတူ လူတစ်ဦးချင်း၏ အရည်အချင်းအလျောက် ကြီးပွားတိုးတက်အောင် စွမ်းဆောင်နိုင်သော အခွင့်အလမ်းရှိရမည် ဟူသော လက်ယာသမား ( ၀ါ ) အရင်းရှင်စနစ် ယုံကြည်သူများ၏ အယူအဆကို လစ်ဘ ရယ်ဝါဒက လက်ခံသည်။ ဗြိတိန်နိုင်ငံ၌ လစ်ဘရယ် ဟု ဆိုလျှင် လစ်ဘရယ်ပါတီဝင်များကိုသာ ရည်ညွှန်းသော် လည်း နိုင်ငံတကာ၌မူ ပုဂ္ဂလိက လူတစ်ဦးချင်း၏ အခွင့်အရေးများကို ခုခံကာကွယ်သော အယူဝါဒတစ်ခု အဖြစ် အသိအမှတ်ပြုကြသည်။ လူတစ်ဦးတစ်ယောက်အား လစ်ဘရယ်ဆန်သည် ဟု ဆိုခြင်းသည် တရာဥပဒေစိုးမိုးမှု အောက်၌ ပုဂ္ဂလိကလွပ်လပ်ခွင့်များကို ကျင့်သုံးလိုသူ ဟူသော အဓိပ္ပါယ်ဖြင့် ပြောခြင်းဖြစ်သည်။ ( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )

No comments: