Saturday, September 27, 2008

ညီ၊ ညီမလေးသို့ အိတ်ဖွင့်ပေးစာ(၂)

ညီလေး၊ ညီမလေးတို့ရေ……

ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ နေရတာတော်တော်လေး အခက်ကြုံနေရတယ်လို့ပြောတယ်။ ဘာဖြစ်လို့လည်း သူတို့ ကဘာတွေလုပ်နေလို့လဲ။ ကိုယ်ကကော သူတို့ကိုဘာတွေ သွားလုပ်နေမိကြလို့လဲ။ အကိုရေးရေးလေး မြင်လိုက်တာကတော့ ငွေကြေးဆိုတဲ့ တံတိုင်းကြီးက ကာရံခံလိုက်ရတယ်လို့ထင်တယ်။ အေးလေ သူတို့က ငွေကြေးဆိုတဲ့ ပေတံနဲ့ လူ့ဘ၀ကို တိုင်းတာကြတာဖြစ်လိမ့်မယ်ထင်တယ်။ ဒီပေတံနဲ့ အတိုင်းခံရပြီး အကျဉ်ဖယ်ခံထားခံရလည်း ဘာဖြစ်လို့ အရေးလုပ်နေရမှာလည်း။ အဓိကကတော့ စိတ်ဓာတ်ကြီးမြင့်မှုဆိုတဲ့ ပေတံနဲ့တိုင်းတာခံရလို့ ကိုယ်က တော်တော်လေး နိမ့်ပါးနေရင်တော့ အကိုလက်ခံပါတယ်။ ဒီအတွက်တော့ ဘာအရေးမှ စိုက်မနေဖို့ မှာကြားလိုက်ပါတယ်။ အဓိကကျတဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘက်က လုပ်ဆောင်ရမယ့်၊ပြုမူရမယ့် လူသားဆန်တဲ့ လုပ်ရပ်တွေတော့ လုပ်ကိုလုပ်ရမယ်နော်။ ဒါကိုတော့ အကိုအရေးတကြီးကို မှာလိုက်ပါတယ်။

တကယ်တော့ကွာ လူလောကြီးမှာ လူသားတစ်ယောက် အသက်ရှင်နေထိုင်ရတဲ့အခါ အဲဒီလူဘာတွေလုပ် သွားသလဲဆိုတဲ့ ပေတံနဲ့တိုင်းတာတာက ပိုပြိးသဘာဝကျတယ်လို့ အကိုတော့ ခံယူထားတယ်။ ပစ္စည်းဥစ္စာမရှိတာလောက်နဲ့ လူရာမတွင်တာကိုတော့ သူတို့ဘက်က သေးသိမ်တာတကျလွန်းတယ်လို့ အကိုတော့ ထင်တယ်လေ။ ဆိုတော့ ဒီအတွက်လောက်နဲ့ ဘာမှအရေးစိုက်မနေပါနဲ့။ လျစ်လျူရှုထားလိုက်ပါ။ ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်ကြဖို့ အရေးကြီးတယ်။ လုပ်စရာတွေကတော့ အများကြီးပဲ ကိုယ့်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါလိုအပ်နေတဲ့ အရေးတကြီးလုပ်ဆောင်ရမှာတွေ ဒူးနဲ့ဒေးဆိုသလို ရှိနေခဲ့ပါတယ်။ တချို့ကတော့ အခု ပစ္စုပ္ပန်တည့်တည့်မှာ နေချင်သလိုနေရရင် ပြီးပြီထင်ကြတယ်။


တကယ်က သမိုင်းဆိုတာ၊ ရာဇ၀င်ဆိုတာတွေဟာ ဘယ်လိုလူအတွက်ပဲဖြစ်ဖြစ် ကျန်နေရစ်တယ် မဟုတ်လား။ ဒါပေမယ့် ကျန်ပုံခြင်းတော့ မတူဘူးပေါ့ကွာ။ အဲဒါတွေထားလိုက်ဦး အကိုတို့ ရွာ အဘကြီးဝင်းနဲ့ ဟိုတလောလေးက အေ့စ်ကိုက်လို့သေသွားတဲ့ ကိုထင်တို့ကိုပဲ ကြည့်လေ။ သူတို့ အကြောင်းတွေ လူတွေ ပြောနေကြတုန်းပဲမဟုတ်လား။ ဒါပေမယ့် ပြောဆိုကြပုံချင်းကတော့ မတူဘူးဆိုတာ ညီလေး၊ ညီမလေးတို့ ခွဲခြားသိနိုင်ကြမှာပါ။ အချို့က ဆိုကြသေးတယ် သေရင်ပြီးပြီတဲ့။ ဒါနဲ့ပတ်သက်လို့လည်း ပြောပြစရာလေး ရှိသေး တယ်။

အာဘင်အယ်စလာဟာ ငယ်ငယ်တုန်းက သူ့အဖေနဲ့ဓမ္မဆရာတစ်ဦးတို့ ပြောဆိုတဲ့ စကားစမြည်လေးကို ဘေးနားကနေ တစ်ဆင့်ကြားဖူးခဲ့တယ်တဲ့လေ။ ဒီတော့ သူဟာ လူငယ်ဆိုပေမယ့် ဖာသိဖာသာမနေခဲ့ပဲဖူးဆိုတာ သတိထားမိမှာပေါ့။ ဓမ္မဆရာကနေ သူ့အဖေကို ပြောတယ်…

“ခင်ဗျားရဲ့ အပြုအမူတွေကို သတိရှိရှိဆောင်ရွတ်ပါ။ ခင်ဗျားအပြုအမူတွေဟာ အနာဂတ်မျိးဆက်တွေ အပေါ် အကျိုးတစ်စုံတစ်ရာ သက်ရောက်နိုင်တယ်လို့ စဉ်းစားပါ”လို့ပြောတယ် ။ အဲဒါကို သူ့အဖေကလည်း ပြန်ပြော လိုက်တယ်ပေါ့။

“ ဘာကြောင့် အနာဂတ်မျိုးဆက်တွေအတွက် ကျုပ်က ပြုမူနေထိုင်ရမှာလဲ။ ကျုပ်က သူတို့ကို ဘယ်တော့ မှ တွေ့ရမှာ မဟုတ်ပဲ။ ကျုပ်သေသွားပြီးလို့ သားစဉ်မြေးဆက်တွေက ကျုပ်အကြောင်း ဘာတွေပြောနေနေ ကျုပ် ဟာ ဂရုမစိုက်“လို့ ပြန်ပြောလိုက်တယ်။ ဆိုတော့ ဒီစကားဝိုင်းလေးကို သားဖြစ်သူ အာဘင်အယ်စလာက ဘယ်တော့မှ မမေ့ဘူး။ သူ့ဘ၀တစ်လျှောက်လုံးမှာ သူဟာ အကောင်းဆုံးနေထိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ လူတွေကို အတတ်နိုင်ဆုံး ကူညီခဲ့တယ်။ စိတ်အားထက်သန်သန်နဲ့ အလုပ်တွေလုပ်ခဲ့တယ်။ တခြားလူတွေအပေါ် ဂရုတစိုက်ရှိသူအဖြစ် သူဟာ လူသိများလာခဲ့တယ်။ သူသေဆုံးသွားခဲ့တဲ့အခါ သူထူထောင်ခဲ့တဲ့ လူမှုကယ်ဆယ်ရေး စီမံကိန်းတွေ အများကြီးကျန်ခဲ့တယ်။ သူ့ရဲ့ ညွှန်ကြားချက်အရ သူ့အုတ်ဂူရှေ့မှာ ရေးထိုးထားတဲ့ သင်္ချိင်းစာတစ်ကြောင်းရှိ တယ်။

အဲဒါကတော့…..
“ သေလျှင်ပြီးပြီဆိုသော ဘ၀သည် အသက်ရှင်ရကျိုး မနပ်သော ဘ၀ဖြစ်သည်”တဲ့။

ဒီတော့ ကိုယ့်ကိုငွေကြေးဥစ္စာ မရှိလောက်ယုံနဲ့ လူရာမသွင်းခံရတာဟာ အရေးမကြီးပါဘူး။ ဒါပေမယ့် ကိုယ်လုပ်ရမယ့် လူမှုရေးလုပ်ငန်းတွေကိုတော့ ကိုယ်တတ်နိုင်သလောက် လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။ သူတို့ဘ၀တွေကိုတော့ ဒီငွေကြေးဥစ္စာက ဘယ်လောက်အာမခံချက်ပေးနိုင်မှာမို့လည်း။ ဆိုလိုတာက ငွေကြေးဥစ္စာတွေ ကျိကျိတက်ချမ်းသာနေပေမယ့် လူသားကောင်းကျိုးအတွက် ဘာမှမလုပ်ဆောင်နိုင်ရင်တော့ ဒီလူဟာ လူဖြစ်နေပေမယ့် အသက်ရှင်လျှက်နဲ့ သူ့ရဲ့အသက်ရှင်မှုဟာ သေဆုံးနေခဲ့ပါပြီ။ ညီလေး၊ ညီမလေးတို့ဟာ အဲဒီလူမျိုးထဲ မပါအောင်တော့ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရမယ်။ ဒါမှသာလျှင် ဘ၀မှာမြင့်မြတ်တဲ့ လူသားဖြစ်ခွင့်ရရှိမှာဖြစ်တယ်။

အခုဇာတ်လမ်းလေးကို ကြည့်လေ အာဘင်အယ်စလာဟာ သူငယ်ငယ်ကကြားဖူးခဲ့တဲ့ စကားလေးကို အမှုမည့်အမှတ်မဲ့ မထားခဲ့ဘဲ ဒီစကားလေးကို အလေးတမူထားပြီး သူလုပ်ဆောင်သင့်တာတွေကို လုပ်ဆောင် သွားခဲ့တယ်။ နောက် လုပ်ဆောင်တဲ့အခါမှာလည်း တကယ့်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခဲ့တယ်။ အခုတော့ သူသေပေမယ့် သူ စီမံကိန်းတွေက အခုထိဆက်လျှက်ရှင်သန်နေဆဲပဲ၊ သူဟာ လူသေသွားပေမယ့် သူ့နာမည်ဟာ အခုထိ မသေခဲ့ပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို လူတွေက သတိတရထားပြီး ပြောဆိုနေခဲ့ကြတယ်။ အမှန်တ ကယ်လည်း သူဟာ ရခဲတဲ့လူ့အဖြစ်ကို ထိုက်ထိုက်တန်တန် ရခဲ့တယ်မဟုတ်လား။

သူ့ ချန်ထားခဲ့တဲ့ နောက်ဆုံးစာတန်းလေးဟာလည်း တန်ဖိုးဖြတ်လို့မရအောင် ကျန်နေရစ်တယ်။ ဒီစာတန်းလေးကနေ လူဘ၀ပေါင်းများစွာ ဘယ်လောက် ပြောင်းလဲပေးနိုင်ဦးမယ်ဆိုတာ မှန်းဆလို့တောင် မရဘူးမဟုတ်လား။ ဟုတ်တယ် တချို့ကတော့ ပစ္စုပ္ပန် တည့်တည့်မှာ နေချင်သလိုနေရတယ်။ ၀တ်ချင်တာဝတ်ရတယ်။ စားချင်တာစားနေရတယ်။ အလိုရှိတာတွေ ရနေခဲ့တယ်ဆိုပြီး ကိုယ့်ကိုယ်ကို လောကနိဗ္ဗာန်ခံစားနေကြသယောင်ယောင် ပြောဆိုသံတွေကြားနေခဲ့ရတယ်။ ဒီတော့ လက်ရှိဘ၀မှာ နေချင်သလို၊ စားချင်သလို၊ ၀တ်ချင်သလို ၀တ်နေရတာကိုပဲ ဟုတ်လှပြီထင်နေကြတယ်။ တစ်ချို့ဆိုရင် သေရင်ပြီးပြီလို့တောင် ကြွေးကြော်သံတွေဟစ်အော်နေခဲ့တယ်။ သူ့စကားလေးကို ပြန်ပြောရရင် “ သေလျှင်ပြီး ပြီဆိုသော ဘ၀သည် အသက်ရှင်ရကျိုး မနပ်သော ဘ၀ဖြစ်သည်”တဲ့။

ညီလေး၊ ညီမလေးတို့ဟာ ဘ၀မှာဘာတွေ ပိုင်ဆိုင်နေချင်ကြတာလဲ။ ဘာတွေမရလို့ ပင်ပန်းနေခဲ့ကြတာလဲ ပစ္စည်းဥစ္စာ တစ်ခုတည်းလောက်နဲ့ ကိုယ့်အသိုင်းဝန်းက ကျဉ်ဖယ်ခံထားရတယ်ဆိုရင်တော့ ဘယ်တော့မှ စိတ်ညစ်မှုတွေ ဖြစ်မနေပါနဲ့။ စိတ်ကောင်း၊ စေတနာကောင်းထားပါ။ လုပ်သင့်တာကို စိတ်ပါလက်ပါနဲ့လုပ်ပါ။ သူတစ်ပါးကို ထိခိုက်သော အပြုအမူမျိုးကို ရှောင်ပါ။ သတိဝိရိယရှိပါ။ ကိုယ်လုပ်နေတဲ့ အလုပ်တိုင်းကို တန်ဖိုးထားပါ။ ဘယ်လိုသော အသေးဖွဲကိစ္စမျိုးကိုမဆို လျောတိလျောရဲ မလုပ်ပါနဲ့။ အကယ်၍ လူတိုင်းကို တန်ဖိုးထား လေးစားနေပေမယ့် သူတို့က ဒါကိုအသိမှတ် မပြုလို့ စိတ်ပျက်သွားမယ်ဆိုတဲ့ သဘောကို ဘယ်တော့မှ မဆောင်ပါနဲ့။ ဒီလိုဆိုရင် ညီလေး၊ညီမလေးတို့ဟာ လောကကြီးထဲမှာ လူသားတစ်ယောက် အသက်ရှင်နေထိုင်ရခွင့် နပ်သွားပါလိမ့်မယ်။

ဟိုတလောလေးက ဘီးလ်ဂိတ်ကတော့ သူပိုင်ဆိုင်ထားတဲ့ ငွေကြေးဘီလီယံပေါင်းများစွာကို လူသားဖွံ့ဖြိုးရေးအတွက်မှာ အသုံးချသွားမယ်လို့ ပြောဆိုသံကြားလိုက်ပါတယ်။ အကိုတော့ထင်တယ် နောက်ပိုင်း သူမရှိတဲ့ အချိန်မှာ ဒီဘီးလ်ဂိတ်ဆိုတဲ့ ကွန်ပျူတာပညာရှင်ကြီးရဲ့ ချန်ထားခဲ့တဲ့ ငွေကြေးတွေကို ဘီးလ်ဂိတ်ဖောင်ဒေးရှင်း အဖွဲ့ကနေ ဘယ်လိုဆုတွေ၊ ရွေးခြယ်ပြီး ချီးမြင့်သွားဦးမလည်းဆိုတာ ကြားလာရပါလိမ့်မယ်။ ဟို လွန်ခဲ့တဲ့ နှစ်များစွာကလည်း သူလှူဒါန်းတဲ့ ငွေကြေးပမာဏတွေကို ခေတ်သစ်ဝေဿန္တရာလို့ကို ခေါ်လောက်အောင် များပြားခဲ့တယ် မဟုတ်လား။ ဆိုလိုတာကတော့ အခုလက်ရှိထင်ရှားရှိနေဆဲမှာလည်း သူဟာ လူသားကောင်းကျိုးတွေကို ပုံဖော်နေခဲ့သလို၊ သူမရှိတော့တဲ့ နောက်ပိုင်းမှာလည်း သူထားခဲ့တဲ့ ငွေကြေးတွေနဲ့ လူသားဖွံ့ဖြိုးရေးဆိုတာတွေ ဘယ်လောက်ထိတောင် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့ကြဦးမလဲဆိုတာ ကြားရတာနဲ့ ၀မ်းသာပီတိ ဖြစ်ရပါတယ်။

ဒါကြောင့် သူရဲ့နာမည်ဟာ အခုလည်းထင်ရှားကျော်ကြားနေသလို၊နောက် သူမရှိတဲ့ နောက်ပိုင်းမှာလည်း သူဟာ ဘယ်တော့မှသူ့နာမည် သေမှာမဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။ ညီလေး၊ ညီမလေးတို့လည်း ကိုယ်စွမ်းဆောင်နိုင်တဲ့ဘက်ကနေ အားလုံးအတွက် မစွမ်းဆောင်နိုင်တောင် ကိုယ့်ရပ်ရွာအတွက်၊ ကိုယ့်ပတ်ဝန်းကျင် အသိုင်းဝန်းအတွက် ဘာတွေချန်ထားခဲ့မလဲ ဆိုတာကိုတွေးပြီး လုပ်သင့်တာတွေလုပ်ပါ။ တစ်နေ့တော့ ကိုယ့်စေတနာကို နားလည်းပြီး လူရာမသွင်းချင်လည်း အလိုလိုနေရာဆိုတာ ရလာပါလိမ့်မယ်။ နာမည်ကြီးဖို့ လူရာသွင်းခံရဖို့ဆိုတာ လုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး။ ဒီလောက်ဆိုရင် ညီလေး၊ ညီမလေးတို့ တော်တော်လေးတော့ နားလည်သဘော ပေါက်လောက်ပြီလို့ ယုံကြည်ပါတယ်။ သေရင်ပြီးပြီဆိုတဲ့ စိတ်မျိုးမွေးပြီး လုပ်ချင်ရာလျှောက်လုပ်မယ်ဆိုတဲ့ စိတ်မျိုးကိုတော့ အခုထဲက ရှောင်ရှားနိုင်ပါစေ။

မင်းတို့ရဲ့ ချစ်ဆုံးအကိုကြီး….

မောင်မင်းစိုး(ရွှေနံ့သာ)

No comments: