Wednesday, September 24, 2008

ညီ၊ ညီမလေးသို့ အိတ်ဖွင့်ပေးစာ (၁)

ညီလေး၊ ညီမလေးတို့ရေ….
ဘ၀မှာ ရှင်သန်မှုတွေကို တွေးပြီးစိတ်ပျက်နေကြသလား။ တစ်နေ့တော့ လောကဓံက မင်းတို့ငါတို့ကို မနေနိုင် လောက်အောင်တော့ နှိပ်စက်ညှင်းပန်းမှာ မဟုတ်ပါဘူး။ လက်ရှိရှင်သန်နေရတဲ့ ဘ၀များကို ကျေနပ်ပြီး အဆိုးဆုံး အနေအထား မရောက်တာကို ဂုဏ်ယူနေရမယ်ပေါ့။ မြည်တမ်းနေယုံနဲ့တော့ လောကကြီးက တို့ကိုကူညီ သွားမယ်တော့ မထင်ဘူး။ နေပျော်ပျော် သေပျော်ပျော်ဆိုတာ ကြားဖူးတယ်မဟုတ်လား။

မဖြစ်နိုင်တာကြီးတွေကို အတင်းပဲငြင်းဆန်းပြီး တွန်းလှန်နေယုံနဲ့တော့ မပြီးဆုံးနိုင်ဘူး။ ဘာကြောင့်မဖြစ်ရတာလည်းဆိုတာ အဖြေရှာ ကြည့်ဖို့တော့ လို မယ်ပေါ့ကွာ။ တွေးပြီးကြောက်နေယုံနဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာကို မှာချင်တာပါ။
တစ်ခါက ဂျာမန်တွေဟာ နာဇီတွေရဲ့လက်အောက်ကို ရောက်ရှိနေတဲ့အချိန်မှာပေါ့။ ဂျူးဓမ္မဆရာနှစ်ဦးဟာ အဲဒီမှာရှိတဲ့ ဂျူးလူမျိုးတွေကို နှစ်သိမ့်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့်လည်းဟာ မင်းတို့သိတဲ့အတိုင်း သူတို့လည်း ပု ထုဇဉ်လူသားတွေဆိုတော့ အကြောက်တရားကတော့ ရှိနေကြဆဲဆိုပါတော့။ ညီလေး၊ညီမလေးတို့ ကြားဖူးတဲ့အ တိုင်း ဟစ်တလာရဲ့ အင်မတန် နာမည်ကြီးတဲ့ ဂစ်စတာပိုတွေဆိုတာကလည်း တော်တော်ရက်စက်လူတွေ၊ ဒီတော့ သူတို့သာ တွေ့သွားရင် အဲဒီဓမ္မဆရာနှစ်ယောက်ရဲ့ အသက်ဟာလည်း တွေးဝန့်စရာတောင် ရှိမှာမဟုတ်ပါဘူး။

ထားပါတော့ နောက်ဆုံးသူတို့နှစ်ဦးကို ဂတ်စတာပိုတွေ ရှာတွေ့သွားပြီ။ ထောင်သွင်းအကျဉ်းချထားလိုက် တော့တယ်။ သူတို့နှစ်ယောက်ဟာ ရှေးဘာဖြစ်လာမယ်ဆိုတာ ကြိုတင်တွေးတောနေယုံနဲ့တော့ မလွယ်တော့ဘူး ဆိုပါတော့။ ဒီတော့ ပထမ ဓမ္မဆရာက သေရမှာတွေးကြောက်နေပြီး အချိန်ရှိသမျှဆုတောင်းနေတာနဲ့ အချိန်တွေ ကုန်လွန်နေတော့တယ်။ ဒုတိယ ဓမ္မဆရာကတော့ အချိန်ရှိသမျှ အိပ်နေခဲ့တယ်။

ဒီတော့ ပထမလူက မေးတာပေါ့။
“ မင်း ဘယ်လိုလုပ်နေတာလဲ“
ဒီတော့ ကျန်တဲ့တစ်ယောက်က. . .
“ ငါလား.. .ငါ့စွမ်းအင်ကို ချွေတာနေတာလေ၊အဲဒါတွေကို အသုံးချဖို့ လိုလာလိမ့်မယ်လို့ ငါသိနေတယ်” လို့ ပြောတယ်။ ဒီတော့ ပထမလူက ဆက်မေးတယ်။
“ မင်း မကြောက်ဘူးလား၊တို့ ဘာတွေဖြစ်ဦးမယ်ဆိုတာ မသိနိုင်ဘူး”
“ ငါတို့ ထောင်မကျခင် အချိန်ထိ သေရမှာကို ကြောက်လန့်ခဲ့တယ်။ အခုတော့ ငါတို့ ဟောဒီအချုပ်ခန်း လေးထဲ ရောက်နေကြပြီ၊ ငါတို့ကြိုတွေး ကြောက်ရွံ့ကြတဲ့ အတိုင်းလဲ ဖြစ်လာခဲ့ပြီ။ ဒီတော့ ကြောက်ရွံ့ရမယ့် အချိန် ဟာ ကုန်လွန်သွားပြီ။ အခုတော့ မျှော်လင့်ချက်ထားမယ့် အချိန်ဟာ စတင်ရောက်ရှိလာလေပြီ”
ညီလေး၊ညီမလေးတို့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာတွေပြောချင်သေးလဲ။

မေးစရာရှိတာ၊ပြောစ ရာရှိရင်လည်း စာလေးဘာလေးလှမ်းရေးလိုက်ကြဦးနော်။ အကိုတော့ ရန်ကုန်မြို့ကြီးထဲမှာ ယောင်လည်လည်နဲ့ ဒီ လိုပဲ နေထိုင်နေခဲ့ရတယ်။ ဘာမှတော့ ဖြစ်မလာသေးပေမယ့်။ အကို့ရဲ့ စိတ်ဓာတ်တွေကတော့ ခိုင်မာရှင်သန်နေဆဲ ပါ။ ဒေါင်ကျကျ ပြားကျကျတော့ နေထိုင်တတ်နေခဲ့ပါပြီ။ မင်းတို့လည်း နုနယ်သေးတော့ လောကဓံဆိုတာကို အမုန်း တရားအဖြစ် ခံယူနေကြလိမ့်ဆိုတာ အကိုသိပါတယ်။ ဒါကိုလည်း အကို အပြစ်မတင်ပါဘူး။

အမှန်က ဒီအကြောင်းအရာလေးဟာ တော်တော်လေးကို စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ မင်းတို့ စဉ်းစားကြည့်လေ။ ဆင်းရဲမှု ဒုက္ခ အ၀၀နဲ့ ရင်ဆိုင်နေရတိုင်း စိတ်ဓာတ်တွေအောက်ပြုတ်ကျတဲ့အထိ ပူပင်သောက ရောက်နေခဲ့မယ်ဆိုရင်။ ဘ၀မှာ နေရထိုင်ရတာ တော်တော်လေး ကျဉ်းမြောင်းသွားမယ် မဟုတ်လား။ ဒီလို အခြေ အနေမျိုးမှာ စိတ်ကိုအေးအေးထား၊ရှေ့ဘာဆက်လုပ်ရမယ်ဆိုတာ ကြိုတင်စဉ်းစားနေရမယ်။ လောကဓံကို ခါးသီး တဲ့ တရားအဖြစ် လက်ခံထားပြီး စိတ်ဆင်းရဲနေယုံနဲ့တော့ လောကဓံရဲ့ လှည့်စားမှု၊ဖြားယောင်းမှု၊နှိပ်စက်ညှင်းပန်းမှု၊ ဆိုတာတွေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မျှော်လင့်ချက်သက်သက်နဲ့ အချိန်ကုန်လွန်စေတာမျိုးလည်း မဖြစ်သင့်ဘူး။ မျှော်လင့်ထားတဲ့အတိုင်း ရှေ့ကိုဘယ်လို ဆက်လျှောက်ရမယ်ဆိုတာတွေကို ကြိုတင်စီမံကိန်းချပြီး နေရဲရဲ သေရဲရဲဆိုတဲ့ စိတ်ဓာတ်တွေမွေးမြူနိုင်ရမယ်။

ဒီအကြောင်းအရာ အဖြစ်ပျက်လေးထဲက ပထမဆရာရဲ့ ပြုမူဆောင်ရွတ်ချက်တွေကိုတော့ ဥပေက္ခာပြု ထားနိုင်ရမယ်။ ဒီလမ်းစဉ်ဟာ တော်တော်လေးကို စိတ်ပျက်စရာကောင်းတယ်လို့ အကိုတော့ ထင်မြင်မိတယ်။ မင်းတို့လည်း စဉ်းစားတွေးခေါ်တတ်တဲ့ အရွယ်ထဲကိုရောက်နေပြီပဲ။ ဒါမျိုးတွေကို ပြောနေစရာတောင် လိုမယ်မထင် ပါဘူး။ စဉ်းစားကြည့်လေ ။ တကယ့်အကျဉ်းအကျပ်ထဲရောက်နေမှတော့ ဆုတောင်းနေယုံနဲ့ ပြဿနာက ပြီးသွားပါ့ မလား။ ဆုတောင်းနေယုံနဲ့ ပြီးသွားမယ်ဆိုရင် အကိုတို့တတွေလည်း ဆုတောင်းသံတွေ မိုးလုံးညံနေအောင် ဆုတောင်းကြမှာပဲ။ ဆိုလိုတာကို သဘောပေါက်မယ်ထင်ပါတယ်။ လုပ်သင့်တာကို လုပ်ရမယ်၊ရင်ဆိုင်စရာရှိတာ တွေကို ရင်ဆိုင်ရမယ်။ ခါးသီးလှတဲ့ လောကဓံတွေပါလားလို့ ဒါကိုပဲမင်းမူနေရင်း စိတ်ဓာတ်တွေပဲ ကျနေခဲ့မယ်ဆို ရင်တော့ ဒီလောက်ပင်ပန်းဆင်းရဲမှုထက် အဆမတန်များပြားလာမယ့် လောကဓံဆိုးတွေကိုပဲ ရရှိမှာမဟုတ်လား။

ဒုတိယ ဓမ္မဆရာရဲ့ စိတ်ဓာတ်ကို အလေးတမူရှိရမယ်။ အတုခိုးရမယ်ပေါ့။ သူပြောတာတွေက မှန်နေ တယ်လေ။ အစကထဲက ဒါတွေတွေးကြောက်ခဲ့ပြီးပြီ။ အခုတော့ ဒီလိုတွေးကြောက်နေတာကြီးက မျက်ဝါးထင်ထင် ရင်ဆိုင်နေရပြီ။ ဒါကို မရင်ဆိုင်ဘဲ ဆုတောင်းနေယုံနဲ့ ပြဿနာကလည်း လမ်းကြောင်းပြောင်းသွားမှာမှ မဟုတ်တာ၊ ဒီတော့ သူပြောသလို အရင်ကလည်းတွေးကြောက်ခဲ့တဲ့ ပြဿနာတွေက အခုရင်ဆိုင်နေရပြီ။ အခုတော့ လုပ်သင့် တာကတော့ ဒီပြဿနာက ဘယ်လိုရုန်းထွက်သွားမယ်ဆိုတာ စဉ်းစားပြီး သူအားအင်တွေဖြစ်စေဖို့အတွက် စိတ် ဓာတ်ခွန်အားအဖြစ် အားမွေးနေတယ်။ ဒါဟာ ဖြစ်ချင်တာဖြစ် အိပ်နေမယ်ဆိုတာကို သူပြောတာမဟုတ်ဘူးနော်။ သူ့အယူအဆက ဒီထဲကနေလွတ်မြောက်ဖို့၊ရုန်းထွက်နိုင်ဖို့ ကိုယ်ကိုယ်တိုင် အသုံးချရတော့မယ်။

လွတ်လမ်းဆိုတာ ကလည်း ဂျူးတွေမုန်းတီးလှတဲ့ နာဇီတွေရဲ့ စိတ်ထားက ဒီလောက်တော့ သဘောထားမကြီးနေဘူးဆိုတာ ကြိုတင် မြင်ရောင်နေတာ မဟုတ်လား။ ဒီတော့ ရုန်းထွက်ဖို့ သူစိတ်ဓာတ်ခွန်အား၊ရုပ်ခွန်အားဖြစ်စေဖို့ အိပ်စက်အနားယူနေ ခဲ့ခြင်းသာဖြစ်ပါတယ်။

မင်းတို့ငါတို့ဟာ ဆင်းရဲမှုဆိုတဲ့လောကဓံရဲ့ အပြင်းစားရိုက်ချက်ကြီးကို တော်တော်လေးရက်စက်လွန်းပါ တယ်ဆိုပြီး။ အပြစ်တင်နေ၊ဆုတောင်းနေယုံနဲ့တော့ ဒီလောကဓံဆိုးရဲ့ လက်အောက်ကနေ ဘယ်လိုမှရုန်းထွက်နိုင် မှာ မဟုတ်ဘူး။ ဒီတော့ ရှေ့ဆက်ဘာလုပ်သင့်တယ်။ ဘယ်လမ်းကြောင်းကို လိုက်သင့်တယ်။ ဘယ်လိုလူတွေရဲ့ လျှောက်သွားခဲ့တဲ့ လမ်းစဉ်တွေကို အတုယူတတ်ရမယ်။ လောကဓံဆိုးကို ကြံ့ကြံ့ခိုင်နိုင်မှ လူတော်ဖြစ်လာမယ် မဟုတ်လား။ ဒီတော့ ခါးသီးလှတဲ့ ဘ၀၊ခက်ထန်ကြမ်းတမ်းလှတဲ့ လူ့အဖြစ်၊ဆိုတာတွေကို စဉ်းစားပြီး တွေးတောနေ ယုံနဲ့တော့ မလွန်မြောက်နိုင်ဘူးဆိုတာကို မှာချင်တာပါ။ ဘ၀မှာ အမြဲတန်းဒါမျိုးတွေကြီး ဖြစ်လာမယ်လို့ သဘော ထားပြီး ဘာမှမလုပ်ဘဲ၊မတွန်းလှန်ဘဲ နေနေဦးမယ်ဆိုရင်တော့ ဒါထက်အဆမတန်းပြင်းထန်လှတဲ့ ဘ၀ဆိုးတွေ၊ လောကဓံဆိုးတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရဦးမှာပဲ။

ဒါနဲ့ ပြီးခဲ့တဲ့ အပတ်က အမေနေမကောင်းဘူးလို့ ကြားတယ်။ သူလည်း မင်းတို့ငါတို့အတွက် လုပ်နေခဲ့တာ တော်တော်လေးကို ပင်ပန်းရောပေါ့။ သူ့အကြွေးတွေကို ကုန်စင်အောင်ဆပ်နိုင်ဖို့ လိုတယ်။ သူ့ကိုလည်း ဂရုစိုက်ကြ ဦး။ အဖေမရှိတော့တဲ့ နောက်ပိုင်းမှာ သူလည်းမင်းငါတို့အတွက် အဖေဆိုလည်းဟုတ်တယ်။ အမေဆိုလည်းဟုတ် တယ်။ သူ့ကို ဘယ်တော့မှ စိတ်ဆင်းရဲစရာတွေ မလုပ်ကြနဲ့ပေါ့။ သူ့စကားကို နားထောင်ကြပြီး သူ့လျှောက်ခိုင်းတဲ့ လမ်းကြောင်းတိုင်း တည့်မတ်မှန်ကန်အောင် လျှောက်လှမ်းနိုင်ဖို့ လိုတယ်။ မင်းတို့လည်း တစ်နေ့ဒီနေရာကို ရောက် လာကြမယ်မဟုတ်လား။ အမေရဲ့ လူတလုံးသူတလုံးဖြစ်စေချင်တဲ့ ဆန္ဒတွေဟာ မင်းတို့ငါတို့အပေါ်မှာ တော်တော် လေးကို ကြီးမားနေခဲ့တယ်မဟုတ်လား။ အမေ့လျှောက်ခဲ့တဲ့ လမ်းတွေဟာ ဈေးခြင်းပေါင်းများစွာ ပြောင်းလဲခဲ့ပေ မယ့် သူကတော့ မပြောင်းလဲသွားပါဘူး။ နေ့စဉ်နှင့်အမျှ တစ်အိမ်ဝင်တစ်အိမ်ထွက် ဈေးရောင်းခဲ့တာတွေကိုလည်း မင်းတို့သိတယ်မဟုတ်လား။ ဒါဟာ ဘယ်လောက်၊ဘာအတွက် ပင်ပန်းဆင်းရဲမှုတွေကို ခံခဲ့တာလည်းဆိုတာ တွေးပြီးသိသာလောက်ပါပြီနော်။

မင်းတို့ရဲ့ ချစ်ဆုံးအကိုကြီး….
မောင်မင်းစိုး(ရွှေနံ့သာ)

No comments: